Switch Mode

Chapter – 177

ခင်ဗျားဘယ်သူလဲ

Chapter – 177
“ခင်ဗျားဘယ်သူလဲ”

ဆောင်ဂျုသည် အားရကျေနပ်ဟန်ဖြင့် –
“ဟုတ်ပြီ။ အစ်ကိုကြီးဆီက ဒီလိုစကားမျိုး ကြားရတာ ဝမ်းသာတယ်။ ဒီကောင်လေး ပြန်လာလို့ ကတော့ မှတ်လောက်သားလောက်အောင် ဆုံးမပစ်လိုက် . . .”
ရဲရှောင် အရိုက်ခံရမည့်အရေးကို ဝမ်းသာနေသည့် ဆောင်ဂျုအား ကြည့်ရင်း ရဲနန်ရှန် ဆွံ့အသွား သည်။ သူ၏ စိတ်ထဲတွင်လည်း –
(မင်းက ဘယ်လိုကောင်မျိုးလဲ . . . ဒါက ဦးလေးတစ်ယောက် ထားရမဲ့ စိတ်ထားလား။ ကမ္ဘာပေါ်မှာတောင် မင်းလိုကောင်မျိုး ရှိမယ် မထင်ဘူး . . .)
သို့သော် သူသည် ရဲရှောင် ဆောင်ဂျုအား အချိန်အတော်ကြာ နှိပ်စက်ခဲ့သည့် အဖြစ်ကို မသိရှိခဲ့ချေ။ ဆောင်ဂျုသည် ရဲရှောင်၏ လုပ်ရပ်များကြောင့် စိတ်ရောလူရော ပင်ပန်းခဲ့ရသည်။ ဦးလေးတစ်ယောက်အနေဖြင့် မဆုံးမနိုင်ခဲ့သည့် အတွက်လည်း အရှက်ရခဲ့ရ၏။
သူ၏ စိတ်ထဲတွင် –
(အစ်ကိုကြီးရဲ့ သားက တကယ့် ဉာဏ်နီဉာဏ်နက်များတဲ့ကောင်။ အံ့သြဖို့လည်း ကောင်းတယ်။ တစ်ခါမှ သူ့လို နတ်ဆိုးလေးမျိုး မတွေ့ဖူးခဲ့ဘူး။ ကျုပ်ထက်တောင် ပိုပြီး အတွေ့အကြုံ ရင့်ကျက်နေသေး တယ်ဗျ။ ကျုပ်ထက်လည်း ဉာဏ်ကောင်းတယ်၊ ပိုပြီးတော့လည်း ကလိမ်ကျတယ်။ ပိုပြီးတော့တောင် အစွမ်းထက် . . . အင်း အစွမ်းထက်တယ်ဆိုတာ အခုကို ပြောတာ မဟုတ်ဘူး ဒါပေမဲ့ ကျုပ်ထက်ကို အများကြီး အစွမ်းထက်တဲ့ ကောင်ကို အလွယ်တကူ ဖမ်းနိုင်ခဲ့တယ်။ နောက်ပြီး လူတွေ အားလုံးကို အရူးလုပ်နိုင်ခဲ့တယ်။ အချိန်တစ်ခု ရောက်လာရင် ကျုပ်ထက်ပိုပြီး အစွမ်းထက်သွားမှာ သေချာသလောက် ပဲ။
အစ်ကိုကြီးရဲ့သား စေခိုင်းသမျှကို ကျုပ်က မငြင်းနိုင်ပဲ လိုက်လုပ်ခဲ့ရတာပါဗျာ . . . အစ်ကိုကြီးရဲ့ သားက တကယ့်ကို စေတန်နတ်ဆိုးလေး . . . ကျုပ်သူ့ကို ထိန်းမရဘူး ဆိုတာတော့ ဝန်ခံပါတယ် . . .
အခုဖြစ်နေတဲ့ ပြဿနာတွေ အကုန်လုံးကိုလည်း သူပဲ လုပ်ခဲ့တာလေ။ ကျုပ်လည်း မဖြေရှင်း နိုင်တော့ဘူး။ ကျုပ်က သူ့ကို ကူညီပေးနေတာပဲ ရှိတာပါ . . .)
ဆောင်ဂျုသည် ထိုစကားလုံးများကို စိတ်ထဲတွင်သာ ရေရွတ်နေမိခြင်း ဖြစ်သည်။ ထုတ်ဖော် ပြောဆိုရမှာကိုမူ ရှက်ရွံ့နေပေ၏။
ထို့အပြင် ရဲနန်ရှန် မည်ကဲ့သို့ ပြုမူလာမလဲ ဆိုတာကိုလည်း သိနေလေ၏။ ရဲနန်ရှန်မှ ပြောလာနိုင်သည့် စကားလုံးများကိုလည်း စိတ်ထဲ ကြားယောင်နေမိ၏။
(မင်းဘာတွေ ပြောနေတာလဲ . . . ငါ့သား ရှောင်ရှောင်က စေတန်နတ်ဆိုး ဟုတ်လား။ ဟမ့် . . . မင်းကလည်း မထိန်းနိုင်ဘူး ဟုတ်လား။ မင်းက ငါ့သားထက် အများကြီး ကြီးတဲ့ လူတစ်ယောက်။ မင်းနေထိုင်ခဲ့တဲ့ ဘဝတစ်လျှောက်လုံး ခွေးတစ်ကောင်လို နေခဲ့ရလို့လား။ ဒီလို ၁၆ နှစ်အရွယ် ကောင်လေး တစ်ယောက်ကိုတောင် မထိန်းနိုင်ဘူးပေါ့။ မင်းကတော့ကွာ . . .)
ထိုမျှမကသေးပဲ –
(နောက်ပြီး မင်းက သူ့ထက် အများကြီး ပိုအားကြီးတယ်လေ။ အဲဒါတောင် မထိန်းနိုင်ဘူးတဲ့လား။ မင်းထမင်းစားပြီး ကြီးလာတာရော ဟုတ်ရဲ့လား။ ချေးစားပြီးများ ကြီးလာသလားကွာ။ မင်းကတော့ ရူးများ နေသလား . . .)
ရဲနန်ရှန်သည် ထိုစကားများကို သေချာပေါက် ပြောဆိုမည် ဖြစ်သည်။
ထို့ကြောင့်ပင် ဆောင်ဂျုသည် ဘာမှ မပြောခဲ့ခြင်း ဖြစ်၏။ သူ၏ စိတ်ထဲတွင် –
(သူက အစ်ကိုကြီးရဲ့ သားလေ။ ကျုပ်သားမှ မဟုတ်တာ။ အစ်ကိုကြီး ကိုယ့်သားရဲ့ အခြေအနေကို သိရတဲ့ အခါမှသာ ချောင်ထဲ ကြိတ်ငိုမနေနဲ့လို့ ဆုတောင်းပါတယ် . . .)
ရဲနန်ရှန်သည် မျက်နှာပျက်ယွင်းလျက် ရှိနေသည်။ ရဲရှောင်အခန်းထဲတွင် ထိုင်နေရင်း လေးပင်စွာ အသက်ရှူနေ၏။
ရူးချင်သလိုလည်း ဖြစ်နေသည်။
သူ့လို စစ်နတ်ဘုရားတစ်ဦးမှ ယခုလို အခြေအနေမျိုး ဖြစ်နေမည်ဟု မည်သူကမျှ တွေးထင်မိမည် မဟုတ်ချေ။
ညအချိန်သို့ ရောက်ရှိလာပြီးနောက် ညဥ့်နက်သည့်တိုင် ရဲရှောင်သည် ပြန်မလာသေးချေ။
ရဲနန်ရှန်မှာမူ အသက်ကို လေးလေးပင်ပင် ရှူလျက် ရှိနေတုန်းပင်။ ဆောင်ဂျုသည် အသက်ပင် ရဲရဲမရှူရဲဘဲ ထောင့်တစ်ထောင့်တွင် ကျောက်ရုပ်တစ်ရုပ်အလား ကပ်လျက် ရှိနေ၏။ သူသည် ရဲရှောင် မြန်မြန်ပြန်လာစေရန်သာ ဆုတောင်းနေမိ၏။ စိတ်ထဲတွင်လည်း –
(မင်းအဖေရဲ့ အေးစက်စက် မျက်နှာကြီးကို ငါမကြည့်ချင်တော့ဘူး။ ကောင်စုတ်လေးကလည်း အခုထိကို ပြန်မလာနိုင်ဘူး။ မင်းလာမှ ငါ့အပေါ် ပိနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေလည်း လျော့သွားမှာ။ ဒီလိုသာ ဆက်ပြီး နေရရင် ငါတော့ ရူးရချည်သေးရဲ့ . . .
ငါ့ဘဝကတော့ မင်းအဖေရှေ့ အသက်တောင် ရဲရဲမရှူရဲဘူး။ အခုမှ အယောင်ဆောင်စရာ မလိုဘဲ တကယ့်အလောင်းတစ်လောင်းလို ဖြစ်တော့မယ် . . .)
ထိုအချိန်တွင် ရဲရှောင်သည် လင်းပါအို ခန်းမ၏ ဧကရာဇ်အဖြစ် ပျော်ရွှင်စွာ ရှိနေခဲ့ပြီးနောက် အိမ်ပြန်လာခဲ့သည်။ အခန်းထဲသို့ တိတ်တဆိတ် ခိုးဝင်လာခဲ့ပြီး သူ့အခန်း တစ်ခန်းလုံး မှောင်မည်းနေသည်ကို တွေ့လိုက်ရသည်။
သူပြုံးလိုက်မိ၏။ သူ၏ စိတ်ထဲတွင်လည်း –
(ဦးလေးဆောင်ကတော့ တကယ့်ကို ဟန်ဆောင်တဲ့နေရာမှာ ပီပြင်တာပဲ။ အကြာကြီးကို ဟန်ဆောင်ပြီး အိပ်နေနိုင်တယ်။ ငါတောင် လေးစားမိသွားပြီ . . .)
ထို့နောက် လေသံတီးတိုးဖြင့် –
“ဦးလေးဆောင် . . . ကျုပ်ပြန်ရောက်ပြီဗျ။ ဒီနေ့ ကောင်းကောင်း အနားယူရရဲ့လား . . .”
မည်သူမျှ ပြန်လည်ဖြေကြားခြင်း မရှိချေ။
ထိုအချိန် ရဲရှောင်လည်း အခန်းထဲ တစ်ယောက်ယောက် ရှိနေသည်ကို သတိထားမိသွား၏။ တစ်ယောက်ထက်ပင် ပိုနေသည်ဟုပါ ရိပ်စားမိလိုက်သည်။ ထို့ကြောင့် သတိအနေအထား ဖြစ်သွားရင်း –
“ဦးလေးဆောင် . . .”
သူထိုကဲ့သို့ ခေါ်လိုက်သည့်အချိန် သူ၏ ခန္ဓာကိုယ်သည် မူလ ရပ်နေသော နေရာတွင် မရှိတော့ဘဲ ဘေးဘက်သို့ ရုတ်တရက် ရွှေ့သွားလိုက်၏။
ထိုအချိန် သူရပ်နေခဲ့သည့် နေရာသို့ တစ်ယောက်ယောက် လှုပ်ရှားသွားလိုက်သည့် အသံကို ကြားလိုက်ရသည်။
ရဲရှောင် တုန်လှုပ်သွားပြီး –
“ဘယ်သူလဲ . . .”
အနည်းငယ်သော လှုပ်ရှားမှုကပင် အတွေ့အကြုံရှိသူအဖို့ အချက်အလက်များစွာကို သိမြင်နိုင်ပေသည်။ တစ်ဖက်မှ လှုပ်ရှားမှုအရ အဆင့်မြင့် ထိပ်တန်းပညာရှင် တစ်ဦးဆိုတာကို ရဲရှောင် သိလိုက်သည်။ သူယခုဘဝတွင် ပြန်မွေးဖွားလာကတည်းက မြင်တွေ့ခဲ့ရသည့် လူများအားလုံးထက် ပို၍ အစွမ်းထက်သည်ဟုလည်း ရိပ်စားမိလိုက်၏။ ဆောင်ဂျုပင် ထိုလူကို ယှဉ်နိုင်မည် မဟုတ်ပေ။ အိမ်ရှေ့မင်းသားအိမ်တော်မှ ကွမ်ဇန်းဝမ်၊ နံပါတ် ၁ လုပ်ကြံသတ်ဖြတ်ရေး ပညာရှင် နင်ဘီလျူတို့သည်လည်း ယှဉ်နိုင်မည် မဟုတ်ချေ။
ထိုလူသည် ဆောင်ဂျုအား ဖမ်းဆီးမိသွားခြင်း ဖြစ်မည်ဟု ရဲရှောင် တွက်ဆလိုက်မိသည်။ ဦးလေးဆောင် အနေဖြင့် ယခုကဲ့သို့ ပညာရှင်မျိုးအား တုံ့ပြန်ချိန်ပင် ရခဲ့မည် မဟုတ်ပေ။ ရဲရှောင် ၂ ကြိမ် တိုင်အောင် ဆောင်ဂျုအား အော်ခေါ်ခဲ့သော်လည်း ပြန်ထူးသံ မကြားသဖြင့် စိတ်ထဲ စိုးရိမ်သွား၏။
(ဒီရန်သူ လက်ချက်ကြောင့် ဦးလေးဆောင်များ သေသွားခဲ့တာလား . . .)
ထိုအချက်ကို စဉ်းစားမိလိုက်သောအခါ ရဲရှောင်၏ သတ်ဖြတ်လိုသော ဆန္ဒများ ထွက်ပေါ်လာ၏။ ထို့နောက် လက်ဝါးနှစ်ဖက်ကို လက်ခုပ်တီးလိုက်သောအခါ ရုတ်တရက် ရွှေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အေးစက်သော ချီဓာတ်များလည်း ထွက်ပေါ်လာသည်။ ၎င်းတို့သည် သူ၏ ခန္ဓာကိုယ်အား ပတ်ချာလည်နေလေ၏။ သူ၏ နောက်ဘက်သို့ သေချာစွာ စစ်ဆေးကြည့်နေသည့်အခိုက် တိုက်ခိုက်မှုတစ်ခု တိုးဝင်လာသည်ကို ခံစားလိုက်ရသည်။
အမှောင်ထဲတွင် လက်ကြီးတစ်ဖက်မှ လျင်မြန်စွာဖြင့် ရဲရှောင်၏ လည်ပင်ကို လာရောက်ချုပ်ကိုင် လိုက်ခြင်း ဖြစ်သည်။ သို့သော် ရဲရှောင်သည် ချက်ချင်းပင် နောက်သို့ ဆုတ်လိုက်ပြီး သွက်လက်စွာ ကိုယ်ကို တစ်ပတ်လည်လိုက်သည်။ ထို့နောက် ကျယ်လောင်သော အသံဖြင့် –
“ကျုပ်ဦးလေးဆောင် ဘယ်မှာလဲ။ ခင်ဗျားကရော ဘယ်သူလဲ . . .”
ထိုလူသည် နှုတ်ဆိတ်၍သာ နေလေသည်။ သူ၏လက်မှာလည်း ပို၍ လျင်မြန်စွာဖြင့် ရဲရှောင် လည်ပင်းအား ချုပ်ကိုင်နိုင်ရန် ကြိုးစားပြန်သည်။
ပထမအကြိမ်တုန်းကထက် ပိုမိုပြန်ဆန်လှပြီး ရဲရှောင်လည်း ရှောင်တိမ်းနိုင်ခြင်း မပြုနိုင်တော့ချေ။ သို့သော်လည်း သူသည် ပါးနပ်သော လူတစ်ဦး ဖြစ်သည့်အတွက် သူ၏ ရွှေရောင်အလင်းများ ထွက်ပေါ်နေသည့်လက်ဖြင့် ရန်သူ၏ လက်ကောက်ဝတ်အား ရိုက်ချပစ်လိုက်သည်။
“ဖုန်း . . .”
ထိထိမိမိ ရိုက်ချနိုင်လိုက်ခြင်း ဖြစ်သည်။
ထိုကဲ့သို့ ကာကွယ်နိုင်လိုက်သည့်အတွက် ပျော်ရွှင် သွားမိသော်လည်း ရုတ်တရက် သူ့လက် နာကျင်သွားသည်ကိုလည်း ခံစားမိလိုက်၏။ ထိုကဲ့သို့ မခံစားဖူးသဖြင့် အလန့်တကြား နောက်ကို ဆုတ်ခွာ လိုက်သည်။
ရဲရှောင်သည် ရန်သူအား အထင်မသေးဝံ့တော့သလို အထင်လည်း မကြီးသေးချေ။ သူ၏ ရွှေရောင်လက်သည် ရေခဲချီဓာတ်များဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်ပြီး ထိုတိုက်ကွက်သည် ရဲရှောင်၏ အဆုံးစွန်သော လုပ်နိုင်စွမ်းပင် ဖြစ်၏။ သူ၏ ထိုရိုက်ချက်အား ကောင်းကင်အဆင့်၏ ဆရာသခင်အဆင့် ပညာရှင်ပင် တောင့်မခံနိုင်လောက်ဟု ရဲရှောင်သည် ယုံကြည်မှု ရှိခဲ့၏။ အတော်ကို ပြင်းထန်သည့် တိုက်ခိုက်မှု တစ်ခုပင် ဖြစ်လေသည်။ သို့သော် တစ်ဖက်လူမှာမူ ပြင်းပြင်းထန်ထန် ထိခိုက်သွားဟန် မရှိချေ။ တိုက်ခိုက်လိုက်သည့် သူ့လက်ပင် နာကျင်သွားခဲ့ရပြီး လက်ကျိုးသွားမတတ် ခံစားလိုက်ရ၏။ အလွန်အစွမ်းထက်သည့် တစ်ဖက်လူ၏ အဆင့်ကိုလည်း အလွန်သိချင်သွားမိလေသည်။
အနည်းဆုံးတော့ ကောင်းကင်အဆင့် အထက်တွင် ရှိနေမည်မှာ သေချာ၏။
“ဟင် . . .”
တစ်ဖက်လူသည် အံ့သြသွားဟန်ပင်။ သို့သော် ရပ်တန့်ခြင်း မရှိဘဲ ရဲရှောင်၏ လည်ပင်းအား ချုပ်ကိုင်နိုင်ရန်သာ ကြိုးစားနေလေ၏။
လုံးဝ အလွတ်ပေးမည့် ပုံစံမျိုး မရှိချေ။
ရဲရှောင်၏ ရွှေလက်တိုက်ကွက်သည် သိပ်ပြီး အလုပ်မဖြစ်လှသော်လည်း တစ်ဖက်လူ၏ တိုက်ခိုက်မှုများအား အနည်းငယ် နှေးကွေးသွားစေခဲ့သည်။ အချိန်တိုအတွင်း ရဲရှောင်သည် ပြိုင်ဘက်၏ တိုက်ခိုက်မှုများအား ရှောင်တိမ်းနည်းပေါင်း ၁၈ နည်းဖြင့် ရှောင်တိမ်းနိုင်ခဲ့၏။ ထို့အပြင် ရေခဲချီဓာတ်များ ကိုလည်း အပြည့်အဝ အသုံးချနေတာ ဖြစ်ပြီး တခဏအတွင်းမှာပင် လက်ဝါးရိုက်ချက် ၁၈ ချက်နှင့် လက်သီး ၁၈ ချက် အသုံးပြုခဲ့ပြီး ဖြစ်၏။
ရဲရှောင်သည် သူ၏ ရွှေလက်နှင့် ရေခဲချီဓာတ်များသည် ရန်သူအား အလုပ်မဖြစ်ဟု သိရှိလိုက်၏။ သို့သော်လည်း ရေခဲချီဓာတ်ကိုသာ ဖိသုံး၍ တစ်ဖက်တိုက်ခိုက်မှုများ နှေးကွေးအောင် လုပ်နေလိုက်သည်။ ရန်သူ၏ တိုက်ခိုက်မှုများမှာ အလွန်မြန်ဆန်လှပြီး သူ၏ လည်ပင်းအား အမိအရ ချုပ်ကိုင်နိုင်ရန် ကြိုးစား လျက် ရှိ၏။ ရဲရှောင်သည်လည်း အကောင်းဆုံး ခုခံကာကွယ် ရှောင်တိမ်းရုံသာ တတ်နိုင်လေ၏။
ထိုလူသည် မယုံနိုင်စရာ ကောင်းလောက်အောင်ပင် ကျင့်ကြံမှုအဆင့် မြင့်လှသည်ကို ရဲရှောင် ရိပ်စားမိလာသည်။ ရေခဲချီဓာတ်များသည် တစ်ဖက်လူအတွက် ထူးခြားမှု မရှိသလိုပါပင်။
ရဲရှောင်၏ တိုက်ခိုက်မှုများအား လုံးဝရှောင်တိမ်းခြင်းပင် မရှိဘဲ သူ၏ လက်ဖြင့်သာ ရဲရှောင်လည်ပင်းအား တရစပ်တိုက်ခိုက်ရင်း ကိုင်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်၏။
မမျှတသည့် ပွဲတစ်ပွဲပါပင်။
ရဲရှောင်လည်း တခဏမျှ စဉ်းစားလိုက်ပြီးနောက် ကြမ်းပြင်ကို ဆောင့်ချလိုက်သည်။ သူ၏ ခန္ဓာကိုယ်သည်လည်း လျှပ်စီးလက်လိုက်သကဲ့သို့ လျင်မြန်စွာဖြင့် ရွေ့သွား၏။
တစ်ဖက်ရန်သူမှာ အလွန်အစွမ်းထက်လှသဖြင့် ရင်ဆိုင်နိုင်ရန်မှာ မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် လတ်တလောတွင် ထွက်ပြေး၍ နောက်မှသာ အကြံထုတ်မည်ဟု တွေးလိုက်မိခြင်း ဖြစ်လေသည်။
ယခုအချိန် သူသာ ရူးမိုက်စွာ အကြာကြီး ခုခံနေမည် ဆိုပါက အားအင်ကုန်ဆုံးကာ ပြေးဖို့ပင် မဖြစ်နိုင်လောက်တော့ချေ။ ထို့ကြောင့် တုံ့ဆိုင်းမနေတော့ခြင်း ဖြစ်၏။
“ကောင်စုတ်လေး . . . တော်တော် မြန်တာပဲ . . .”
ထိုလူသည် ကျေနပ်သည့် လေသံဖြင့် ရေရွတ်လိုက်ပြီး လက်များကို လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ လျင်မြန်လွန်းသဖြင့် လေဟာနယ်ပင် တုန်ခါသွားခဲ့ပြီး ရဲရှောင် အခန်းထဲမှ မထွက်နိုင်ခင်မှာပင် ရဲရှောင်၏ ခြေထောက်အား ဖမ်းဆုပ်မိသွားလေ၏။
အလင်းထက်ပင် ပို၍ လျင်မြန်သည့် လှုပ်ရှားမှုမျိုးပင်။
ရဲရှောင်လည်း တုံ့ပြန်ချိန်ပင် မရတော့ချေ။
သူသည် ဖမ်းဆီးခြင်း ခံလိုက်ရသည့်တိုင် တုန်လှုပ်ခြင်း မရှိဘဲ ခန္ဓာကိုယ်ကို တစ်ပတ်လည်၍ မည်သည့်နေရာမှ ထုတ်လိုက်မှန်းမသိသော ဓားတိုတစ်ချောင်းအား တစ်ဖက်ရန်သူ၏ လည်မျိုနေရာကို ပစ်လွှတ်လိုက်၏။
တစ်ချိန်တည်းမှာပင် ခေါင်းကို အနည်းငယ် စောင်းလိုက်ကာ အပ်တိုနှစ်ချောင်းကိုပါ ရန်သူ၏ မျက်လုံး ၂ လုံးရှိရာသို့ ပစ်လိုက်ပြန်သည်။
သူ၏ ရေခဲချီဓာတ်များအား အကုန်အစင် ထုတ်သုံး၍ ဖမ်းမိထားသော ခြေထောက်သို့ ပို့လွှတ်လိုက်သည်။ သူ၏ ခြေထောက်သည် ရုတ်တရက် နှစ်ထောင်ပေါင်းများစွာ အေးခဲနေသည့် ရေခဲထက်ကို ပို၍ အေးစက် သွားလေသည်။ သာမန်လူအဖို့ ချက်ချင်းပင် တစ်ကိုယ်လုံး ခဲသွားစေမည် ဖြစ်ပါသည်။
တစ်ဖက်လူမှ –
“ဒီလို မကောင်းတဲ့အကျင့်တွေ ဘယ်က သင်လာတာလဲ ပြောစမ်း . . .”
ထို့နောက် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး ပြင်းထန်စွာ မှုတ်ထုတ်လိုက်သည်။
ပြင်းထန်လှသော လေများသည် မုန်တိုင်းတစ်ခုလို ထွက်ပေါ်လာပြီး သူ့ထံလာနေသည့် အပ်များနှင့် ဓားတိုအား သူ့ဆီ မရောက်ခင်မှာပင် လွင့်ထွက်သွားစေ၏။ ထို့နောက် ရဲရှောင်အား ဆွဲချလိုက်ပြီး လည်ပင်းအား မိမိရရ ဖမ်းဆုပ်ကိုင် လိုက်ပါတော့သည်။
ရဲရှောင်လည်း မတတ်သာတော့သဖြင့် သက်ပြင်းချကာ အရှုံးပေးလိုက်ရပါတော့သည်။
သူသည် အစွမ်းကုန် ကြိုးစား၍ လျင်မြန်စွာ ထိုးစစ်ရော ခံစစ်ပါ ပြုလုပ်ခဲ့သော်လည်း တစ်ဖက် ရန်သူမှာ အလွန်အားကြီးနေသည့်အတွက် မတတ်နိုင်တော့ချေ။
တစ်ဖက်ရန်သူသည် မော်တယ်ကမ္ဘာကျင့်ကြံမှုအဆင့်ထက် များစွာ သာလွန်နေပေ၏။
ချင်းယန်နယ်ပယ်မှာပင် ထိပ်တန်း ပညာရှင်များစာရင်းတွင် ပါဝင်နိုင်ပေသည်။
မူလဝိညာဉ်တော်အဆင့်ထက်ပင် သာလွန်နေနိုင်ပြီး မူလအိပ်မက်အဆင့်ပင် ဖြစ်နိုင်သေး၏။
မော်တယ်ကမ္ဘာတွင် ထိုလူအား မည်သူမျှ အနိုင်တိုက်နိုင်မည် မဟုတ်ချေ။
ရဲရှောင်သည် ထိုကဲ့သို့ ပညာရှင်မျိုးဖြင့် ကြုံရသည့်အခါ ပြန်လည် တိုက်ခိုက်ရန် မဆိုထားနှင့် ခုခံရန်ပင် မစွမ်းသာခဲ့ချေ။ ထိုလူမှ ရဲရှောင်အား စိတ်ကြိုက် တိုက်ခိုက်ခွင့်ပေးပြီး လက်ပိုက်ကြည့်နေလျှင် ပင် ရဲရှောင်သည် ထိုလူနာကျင်သွားအောင် လုပ်နိုင်မည် မဟုတ်ချေ။
ထိုလူသည် ဂုဂျင်လုံလောက် အဆင့်မမြင့်သည့်တိုင် မော်တယ်ကမ္ဘာရှိ လူများအားလုံးထက်တော့ သာလွန်နေပေသည်။
ရဲရှောင်၏ စိတ်ထဲတွင်လည်း ထိုလူ မည်သူဖြစ်သနည်း ဆိုသည့် မေးခွန်းသာ အကြိမ်ကြိမ် အဖန်ဖန် ပြန်မေးနေမိလေတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset