Chapter – 176
“ကုလားမနိုင်ရခိုင်မဲ”
မြင်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့်ဆောင်ဂျု၏ မျက်နှာတွင် သွေးမရှိတော့သည့်အတိုင်း ဖြူဖတ်ဖြူရော်ပင်ဖြစ်သွားလေသည်။
ထိုနည်းတူ ရဲနန်ရှန်သည်လည်းဆောင်ဂျုအားကြောင်ငေး၍ ကြည့်နေမိသည်။
တုန်လှုပ်မှုများနှင့်အတူ ဆောင်ဂျု၏ စိတ်ထဲတွင် –
[သေလိုက်ပါတော့ကွာ . . . အကိုကြီး ရဲနန်ရှန်ပါလား။ ဒုက္ခလှလှတော့ရောက်ပြီ။ ဘယ်ကနေ ဘယ်လို စရှင်းပြရမလဲတောင်မသိတော့ဘူး . . .]
ဆောင်ဂျုသည်ရဲရှောင်အဖြစ်ဟန်ဆောင်နေသည့်အချိန်မှပင်ရဲနန်ရှန်သည်တိုက်တိုက်ဆိုင်ဆိုင်ဖြင့်ရောက်ရှိလာခြင်းဖြစ်သည်။
ယခုကဲ့သို့ လက်ပူးလက်ကြပ်မိသွားလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ကြောက်ရွံ့စိတ်များနှင့်အတူ သူ၏ စိတ်ထဲတွင်လည်း –
[ငါကတော့ ကံဆိုးမ သွားလေရာ မိုးလိုက်လို့ ရွာသလိုကို ဖြစ်နေပြီ။ သေသာ သေလိုက်ချင်တော့တယ်ကွာ . . .]
ရဲနန်ရှန်သည်ဆောင်ဂျုအား ရုတ်တရက်မြင်လိုက်ရ၍ အံ့ဩမိသွားသော်လည်း သူ၏ စိတ်အား တည်ငြိမ်အောင်အမြန်ပြန်ထိန်းလိုက်သည်။ ထို့နောက်ဆောင်ဂျုအား မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။
အတွေ့အကြုံရင့်ကျက်ပြီး ပါးရည်နပ်ရည်ရှိလှသည့်စစ်သူကြီးတစ်ဦးပီပီ ဖြစ်ကြောင်းကုန်စင်အား ခရေစေ့တွင်းကျ မသိသေးသော်လည်း ယခုကိစ္စသည်တစ်စုံတစ်ေယာက်မှ အကွက်ချ စီစဉ်ထားသည့် လှည့်ကွက် တစ်ခု ဖြစ်ကြောင်း ကောင်းစွာ သဘောပေါက်လိုက်သည်။ထို့ပြင်သားဖြစ်သူ ရဲရှောင်သည်ဘေးအန္တာရယ်ကင်းရှင်း၍ လူကောင်းပတိ ရှိနေသည်ကိုပါ သိလိုက်သည်။
ထိုကဲ့သို့ မဟုတ်ပါက ဆောင်ဂျုသည် ယခုကဲ့သို့ စိတ်အေးလက်အေးဖြင့်အိပ်နေနိုင်မည် မဟုတ်ပေ။
ရဲနန်ရှန်သည်အံကိုတင်းတင်းကြိတ်လိုက်ရင်း –
“တော်တော်လေး အိပ်လို့ ကောင်းနေတယ်ပေါ့လေ . . . ဟုတ်လား . . .”
ဆောင်ဂျုလည်း မျက်စိမျက်နှာပျက်ပျက်ဖြင့်-
“ဟို . . . ဟိုလေ . . . အစ်ကိုကြီး . . .”
ဆောင်ဂျုသည်မည်သည့်နေရာမှစ၍ပြောရမှန်းကိုပင်မသိ ဖြစ်လျက်ရှိသည်။ စကားအစပင်ရှာမရလောက်အောင်အခက်တွေ့နေလေသည်။
ရဲနန်ရှန်၏ မျက်နှာသည်အေးစက်မာကြောလျက်ရှိပြီးအလွန်အမင်းဒေါသထွက်နေသည့်လေသံဖြင့်-
“ငါ့ကို လိမ်ရတာ တော်တော် ကျေနပ်နေတယ်ပေါ့ . . .”
“ကျုပ် . . . ကျုပ်. . .”
ကြောက်ရွံ့စိတ်ကြောင့်ဆောင်ဂျု၏ နဖူးမှ ချွေးသီးချွေးပေါက်များပင်တလိမ့်လိမ့်ဖြင့်ကျလာပြီး စိတ်ထဲတွင်လည်း –
[ဟိုခွေးကောင်လေးကလည်း ဘယ်ရောက်နေလဲ မသိဘူး။ သူ့အဖေရဲ့ ဒေါသတွေက ငါ့အပေါ် ပုံကျလာတော့မယ်။ သေလိုက်ပါတော့ကွာ . . .]
ရဲနန်ရှန်သည်ဆောင်ဂျုအား ကြည့်ရင်းစိတ်မရှည်တော့သည့်လေသံဖြင့်-
“ဘယ်လိုတွေ ဖြစ်နေကြတာလဲ။ ငါ့ကို ပြောစမ်း . . .”
ဆောင်ဂျုလည်းအထစ်အထစ် အငေါ့ငေါ့ဖြင့် –
“အစ် . . . အစ်ကိုကြီး . . .”
ကြောက်ရွံ့စိတ်ကြောင့်ဆောင်ဂျုသည်စကားကိုပင်ရှေ့ဆက်၍ မပြောနိုင်တော့ချေ။
ယခုကဲ့သို့ အထစ်အထစ်ငေါ့ငေါ့ဖြင့်ကြောက်ရွံ့နေသည့်သူ့အား အခြားလူများသာ မြင်ပါက ဟားတိုက်မြင်မှာသေချာပေါက်ပင်။
သို့သော် လက်ရှိအချိန်တွင် သူတို့ ၂ ဦးတည်းသာ ရှိနေ၍တော်သေးသည်ဟုဆိုရပေမည်။
“မင်းတို့က ဒီလို ဟန်ဆောင်နေကြမှတော့ လုပ်စမ်းပါဦး . . . ဆက်လိမ်လိုက်ကြပါဦး . . .”
ရဲနန်ရှန်သည်သူ၏ဒေါသများအား ထိန်းနိုင်ခြင်း မရှိတော့သည့်အတွက်ဆောင်ဂျု၏ ဗိုက်အား ခြေထောက်ဖြင့်ပင်အားရပါးရ ကန်ပစ်လိုက်လေသည်။ထို့နောက် ဒေါသတကြီးဖြင့်-
“ဆောင်ဂျု . . . မင်းလုပ်လိုက်တာ ဘယ်လောက်ထိ အကျိုးသက်ရောက်သွားလဲဆိုတာ မင်း သိလား။အေးကောင်းတယ်. . . လုပ်ကြ . . . မင်းတို့ စိတ်ကြိုက်သာ လုပ်ကြဟ . . .”
ရဲနန်ရှန်၏ ကန်ချက်ကြောင့်ဆောင်ဂျုသည်ပစ်လဲကျသွားလေသည်။ အရှိန်ပြင်းသည့်အတွက်ချက်ချင်းပင်ပြန်မထနိုင်ချေ။ ထို့နောက်တုန်ယင်သော အသံဖြင့်-
“အစ် . . . အစ်ကိုကြီး . . . ကျုပ် ရှင်းပြပါရစေဦး။ အမှန်တော့ . . .”
“မင်းက ငါ့ကို အသက်ကြီးပြီ ထင်နေတယ်ပေါ့။ မင်းလှည့်ချင်သလို လှည့်လို့ရမယ့်အဖိုးကြီးလို့ ထင်နေတာလား . . . ကလိမ်ကကျစ်ကောင် . . .”
ရဲနန်ရှန်သည် ဆောင်ဂျုအား စကားဆက်ပြောခွင့်ပင် မပေးဘဲ ဒေါသတကြီးဖြင့် ထိုးလိုက်ပြန်သည်။
“ဘုန်း . . .”
“အား . . .”
ဆောင်ဂျုသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် သူ၏ မျက်လုံးတစ်ဖက်သည်လည်း ညိုမည်းသွားသည်။
“အစ်ကိုကြီး . . .”
“ဘုန်း . . .”
နောက်ထပ်တစ်ချက် ထပ်မံအထိုးခံလိုက်ရပြန်သည်။
“မင်းတို့တွေ ငါ့ကို လန့်ပြီးသေအောင် လုပ်ကြတယ်။ ခွေးမသားတွေ . . .”
ရဲနန်ရှန်သည်ဒေါသအလွန်အမင်းပင်ထွက်နေခြင်း ဖြစ်သည်။ ဆောင်ဂျုထံမှ ရရှိခဲ့သည့် စာကြောင့် စိတ်ဓာတ်များကျကာ ရင်ကွဲမတတ်ပင်ခံစားခဲ့ရသည်။ သားဇောဖြင့်မိုင်ပေါင်း ၂၃၀၀ ခန့်အား မရပ်မနားပင်ခရီးနှင်လာခဲ့ရသည်။ သာမန်လူများအဖို့ ထိုခရီးအား သွားမည်ဆိုပါက ၁ နှစ်ကျော်လောက်ပင် ကြာနိုင်မည် ဖြစ်သော်လည်း သူ့အဖို့မူ ၇ရက်တည်းဖြင့်အိမ်အရောက်ပြန်လာခဲ့ခြင်း ဖြစ်သည်။
နေ့နေ့ညည မရပ်မနား ခရီးနှင်လာခဲ့ရရုံသာမက လမ်းတစ်လျှောက်တွင်လည်း မရေမတွက်နိုင်သောထောင်ချောက်များ နှင့်လုပ်ကြံသတ်ဖြတ်သူများအား ရင်ဆိုင်ခဲ့ရသည်။
သူ၏ အိမ်ပြန်လမ်းသည် သွေးခင်းသောလမ်းပင် ဖြစ်ခဲ့ရသည်။
ထိုကဲ့သို့ ခက်ခက်ခဲခဲဖြင့်အိမ်အပြန်ခရီးလမ်းအား ဖြတ်သန်းလာခဲ့ရသော်လည်း အိမ်သို့ရောက်ရောက်ခြင်း သူ့အား ဆီးကြိုလိုက်သည့်အရာမှာ သားဖြစ်သူနှင့်သွေးသောက်ညီတို့၏ လိမ်ညာမှုပင်။ ရင်ဝအား ဖနောင့်ဖြင့်ဆီး၍ ကန်ခံလိုက်ရသကဲ့သို့ပင်ခံစားလိုက်ရသည်။
ယခုကဲ့သို့သော အခြေအနေမျိုးအား မည်သူကမျှ ဒေါသမထွက်ဘဲ နေနိုင်လိမ့်မည် မဟုတ်ပေ။
ထို့ပြင်သားဖြစ်သူသည်လည်း အိမ်တွင် ရှိမနေချေ။
ရဲရှောင်အစား ဆောင်ဂျုသည်သာ စောင်ထဲတွင် ရှိနေလေသည်။
ရဲနန်ရှန်အဖို့ ကြုံတွေ့နေရသော အခြေအနေများသည်ဒေါသထွက်လည်း ထွက်ချင်စရာပင်ဖြစ်သည်။ ဆောင်ဂျုအား အားရအောင် ရိုက်နှက်ပြီးသည့် အခါမှသာ သူ၏ စိတ်များသည်အနည်းငယ်ပြေလျော့သွားသည်။ ထို့နောက်ဆောင်ဂျုအား ဂုတ်မှကောက်မလိုက်ရင်း –
“ပြောစမ်း . . . ဘာတွေ ဖြစ်နေကြတာလဲ။ မင်းက ဘာရည်ရွယ်ချက်နဲ့ ဒီလောက်ထိ လုပ်ရတာလဲ။ မင်းတို့ လုပ်လိုက်တဲ့ ကိစ္စက ဘယ်လို အကျိုးဆက်မျိုး ဖြစ်သွားမလဲ ဆိုတာကို မင်းတို့ မသိကြဘူးလား။ ပြသာနာကို မီးခွက်ထွန်းရှာတဲ့ကောင်တွေ . . .”
ဆောင်ဂျုသည် ညည်းတွားလိုက်ရင်း –
“အစ် . . . အစ်ကိုကြီး . . . ကျုပ်ကို အောက်ချပေးပါဦး။ ကျုပ် . . . ကျုပ်အသက်ရှူ . . . မရတော့ဘူး . . .”
. . .
ဆောင်ဂျု ရှင်းပြနေသည်ကို နားထောင်နေသော ရဲနန်ရှန်သည်ပါးစပ်အဟောင်းသားပင်ဖြစ်နေလေသည်။ ကြားလိုက်ရသည့်စကားများကြောင့်သူ၏နားပင်သူမယုံနိုင်ဘဲ အံ့ဩမိလျက်ရှိသည်။
သူ၏ ချစ်လှစွာသော သားဖြစ်သူသည်ယခုကဲ့သို့ အချိန်တိုအတွင်းတွင်ပြဿနာပေါင်းသောင်းခြောက်ထောင်ရှာခဲ့လိမ့်မည်ဟု မထင်မှတ်ထားမိချေ။
လိမ်လည်မှု အကြီးစား တစ်ခုအား ကျူးလွန်လိုက်ခြင်းပင် ဖြစ်သည်။
ရဲနန်ရှန်သည်ဆောင်ဂျုအားကြောင်ငေး၍ပင်ကြည့်နေမိသည်။
ခရေစေ့တွင်းကျ ရှင်းပြနေရသောဆောင်ဂျုသည်လည်းမောပန်းလာဟန်ဖြင့်-
“အဲဒါပါပဲ အစ်ကိုကြီးရယ် . . . တကယ်တော့ ဒီကိစ္စက ကျုပ်နဲ့ ဘာမှ မဆိုင်ပါဘူးဗျာ။ အစ်ကိုကြီး နားလည်မှာပါ . . .”
ဆောင်ဂျု၏ စကားကြောင့်ရဲနန်ရှန်လည်းဒေါသပြန်ထွက်သွားရင်း –
“ဒီကိစ္စက မင်းနဲ့ ဘာမှမဆိုင်ဘူး ဟုတ်လား။ အဲ့ဒီတော့ မင်းကို အပြစ်မတင်ရဘူးပေါ့လေ။ ဟုတ်ပြီ မင်းကို အပြစ်မတင်ဘူးပဲ ထားလိုက်။ ဒါဆို ငါက ဘယ်သူ့ကို သွားပြီး အပြစ်တင်ရမှာလဲ . . .”
“အဲ . . . အဲဒီလို သဘောနဲ့ပြောတာ မဟုတ်ပါဘူး။ ကျုပ်က ပြောပြရုံပါ . . .”
ဆောင်ဂျုလည်း အထိတ်တလန့်ဖြင့်ပင်ပြောလိုက်သည်။ ရဲနန်ရှန်၏ ရိုက်နှက်မှုများကြောင့်သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း နာကျင်နေပြီ ဖြစ်သည်။
နှစ်ယောက်သား စကားကောင်းနေသည့်အချိန်တွင်အပြင်ဘက်မှ ဆူညံသံများ ကြားလိုက်ရသည်။
မြောက်ပိုင်းမှ သွေးသောက်ကိုယ်ရံတော်များ အိမ်တော်သို့ ရောက်ရှိလာကြခြင်းပင် ဖြစ်သည်။
မြောက်ပိုင်းတပ်ဖွဲ့မှကိုယ်ရံတော် ခေါင်းဆောင်သည် ရဲအိမ်တော်၏ အစောင့်များအားဒေါသတကြီးဖြင့်-
“သောက်သုံးမကျလိုက်တဲ့ကောင်တွေ . . . မင်းတို့က ဒီမှာ သခင်လေးကို ကာကွယ်ရမှာလေ။ မင်းတို့လုပ်ပုံကို မင်းတို့ ပြန်ကြည့်။ ခွေးကောင်တွေ . . . ငါတို့သခင်လေး ဒီလို ဖြစ်နေတာတောင် မင်းတုိ့က ဘယ်လိုများ နေနိုင်နေကြတာလဲ . . .”
ရဲအိမ်တော်၏ အစောင့်ရဲမက် ၃၀ သည် မည်သည့်စကားမျှ ပြန်မပြောနိုင်ဘဲ ရှက်ရွံ့စိတ်ကြောင့်ခေါင်းများကိုသာ ငုံ့ထားကြသည်။
ကိုယ်ရံတော်များသည် အစောင့်များအား မကျေမနပ်ဖြင့် ဝါးစားမတတ်ပင်ကြည့်နေကြသည်။
ထိုစကားများအား ကြားလိုက်ရေသာအခါ ရဲနန်ရှန်ကိုယ်တိုင်ပင်ရှက်ရွံ့မိသွားသည်။
ရဲရှောင်နှင့်ဆောင်ဂျု နှစ်ယောက်ပေါင်းလောင်းကျော်၍ လုပ်ထားသည့်လိမ်ညာမှုကြီးအား သူကိုယ်တိုင်ပင်ယုံကြည်ခဲ့မိသည်မဟုတ်ပါလော။
အပြင်ဘက်မှ ခြေသံများ အဆက်မပြတ်ထွက်ပေါ် လာပြန်သည်။ ရဲမက်များ အားလုံးသည် ခြံထဲတွင် ရဲနန်ရှန်၏ အမိန့်အား စောင့်ဆိုင်းနေလျက် ရှိသည်။
အခန်းဝသို့ ရောက်လာသော ကိုယ်ရံတော်များသည် ကျယ်လောင်သော အသံဖြင့် –
“ခေါင်းဆောင် ကျုပ်တို့ ဘာလုပ်ပေးရမလဲ။ ခေါင်းဆောင်ရဲ့ အမိန့်ကို စောင့်နေပါတယ်. . .”
“ခေါင်းဆောင် အမိန့်ပေးလိုက်တာနဲ့ ကျုပ်တို့ ဘယ်နေရာဖြစ်ဖြစ် ဘာပဲလုပ်ရလုပ်ရ အကုန်လုပ်ပါ့မယ်။ မီးပင်လယ်ကိုပဲ ကျော်ရကျော်ရ ဓားတောင်ကိုပဲ ဖြတ်ရဖြတ်ရ ကျုပ်တို့ လိုက်နာဖို့ အသင့်ပါပဲ”
“လက်ယာအမတ်မင်း အိမ်တော်က ခွေးသူတောင်းစားတွေကို ကျုပ်တို့လည်း ကြည့်မရတာ အတော်ကြာပြီ . . .”
“အမိန့်ပေးပါ ခေါင်းဆောင် . . .”
စစ်သည်တော်များ အားလုံးသည်အပြင်ဘက်မှနေ၍ ကျယ်လောင်စွာပင်သံပြိုင်အော်လိုက်ကြသည်။
ရဲနန်ရှန်လည်း ဆောင်ဂျုအား ကြည့်လိုက်ရင်း –
“ကြည့် . . . မင်းတို့ လုပ်ခဲ့တာ ဘာတွေ ဖြစ်ကုန်လဲ မြင်လား။ ငါဘာပြောရမလဲ။ အခု ငါဘာ ဆက်လုပ်ရတော့မလဲ . . .”
ဆောင်ဂျုသည် ဝမ်းနည်းပက်လက်အမူအယာဖြင့် –
“နတ်ဘုရားတွေဆီမှာ ကျိန်ဆိုရင် ကျိန်ဝံ့ပါ့တယ်။ အခုလို အခြေအနေတွေထိ ရောက်လာမယ်လို့ ကျုပ်တကယ်ကို မထင်ထားခဲ့မိဘူး . . .”
ရဲနန်ရှန်လည်း လေသံခပ်အုပ်အုပ်ဖြင့် –
“မင်းက မထင်ခဲ့မိဘူး ဟုတ်လား . . . မင်းသိတာ ဘာရှိလဲ ပြောစမ်း ခွေးမသား . . . ရှောင်ရှောင် ဒဏ်ရာရနေတဲ့ အချိန်မှာ မင်းလည်း ဆောက်တည်ရာမရနဲ့ စိတ်ထိခိုက်နေမယ် မှတ်ခဲ့တာ။ မင်းဆီက စာရလို့ ငါလည်း မိုင်ပေါင်းများစွာ ကျော်ဖြတ်လာခဲ့ရတယ်။ အခု ပြန်ရောက်တော့ မင်းကတောင် ကူပြီး ဟန်ဆောင်ပေးနေလိုက်သေးတယ်။ မင်းပြောတာတွေ အားလုံးကလည်း တကယ့်ပြဿနာတွေ ချည်းပဲ။ အရူး . . . ဦးနှောက်မရှိတဲ့ကောင် . . . မင်းရဲ့ဦးနှောက်ထဲ ချေးတွေနဲ့ ပြည့်နေတာ နေမယ်။ ပုစွန်ဦးနှောက်လိုကောင်. . .”
ဆောင်ဂျုသည်ခေါင်းကိုသာ ငုံ့ထားရင်း –
“ကျုပ် တကယ်မသိတော့ပါဘူး . . .”
ရဲနန်ရှန်လည်း သက်ပြင်းတစ်ချက် ချလိုက်ရင်း –
“ငါ့သားက မင်းကြောင့် အကျင့်ပျက်နေပြီ . . .”
ဆောင်ဂျုသည် ခေါင်းကို မော့လိုက်ရင်း –
“အစ်ကိုကြီး အဲဒီလိုတော့ မပြောပါနဲ့ . . . နည်းနည်းလောက် စဉ်းစားပါဦး။ အစ်ကိုကြီးရဲ့ သားက လည်လွန်းလို့ ဂျင်ပေါ်ကထုံး ဖြစ်နေပြီ။ ကျုပ်ကိုတောင် သူက ပြန်သင်ပေးနေတာဗျ . . .”
ဆောင်ဂျု၏ စကားကြောင့်ရဲနန်ရှန်သည်ပို၍ပင်ဒေါသထွက်သွားလေသည်။ ထို့ကြောင့်ဆောင်ဂျုအား လက်ညှိုးငေါက်ငေါက်ထိုးလိုက်ရင်း –
“မင်း . . . မင်း . . . ခွေးကောင် . . . မင်းနဲ့ငါ မပြီးသေးဘူး။ မင်းစောင့်နေဦး . . .”
ဆောင်ဂျုလည်းလေသံ ခပ်တိုးတိုးဖြင့်-
“မပြီးသေးဘူးတဲ့လား . . . ငါ့မွေးထားတဲ့အမေတောင် ငါ့ကို မမှတ်မိတော့လောက်အောင် ရိုက်ပြီးပြီ။ အဲဒါတောင် ထပ်ပြီး ဘာလုပ်ချင်နေသေးတာလဲ။ အခုလို ရိုက်ခံနေရတာကိုက မဟုတ်သေးတာ။ သူတို့ သားအဖ နှစ်ယောက်ကြောင့် ငါလည်း စိတ်ညစ်တယ်။ သားဖြစ်တဲ့ကောင်ကလည်း တော်တော်ကို ဉာဏ်များတယ် လည်လိုက်တာမှ မွှတ်လို့။အဖေကလည်း ဒေါသအိုး . . . ငါဘာကြောင့် ဒီလောက်ထိ ကံဆိုးနေရလဲ မသိပါဘူး။ ငါ့ဘဝက ဆူးကြားက ဘူးခါးလိုပါပဲလား . . . ”
ရဲနန်ရှန်သည်သက်ပြင်းအကြိမ်ကြိမ်ချမိလိုက်သည်။ သူ၏ စိတ်များအား အတတ်နိုင်ဆုံးတည်ငြိမ်အောင်ကြိုးစား၍ ထိန်းလိုက်သည်။ ထို့နောက်အပြင်ဘက်တွင်သူ၏ အမိန့်အားစောင့်နေသော စစ်သည်တော်များအား –
“ညီနောင်တို့ . . . မင်းတို့နေရာ မင်းတို့ ပြန်ပြီး ငါ့ညွှန်ကြားချက်ကို စောင့်နေကြ။ ငါအချိန်မီ ရောက်လာတာကြောင့် ကုသပေးနိုင်မယ် ထင်တာပဲ။ အခု ငါစပြီး လုပ်တော့မယ်။ မင်းတို့တွေ တာဝန်ကျေခဲ့ကြပါတယ် ညီနောင်တို့ . . .”
ထင်ရှားကျော်ကြား၍ ဂုဏ်သိက္ခာ ကြီးမြတ်လှသော စစ်သူကြီးသည်လည်းနောက်ဆုံးတွင်မတတ်သာ၍ မုသားစကားသုံးလိုက်ရသည်။ သူ၏ ဘဝတွင် ပထမဦးဆုံး အကြိမ်အဖြစ် လိမ်လည် ပြောဆိုလိုက်ရခြင်းပင်ဖြစ်သည်။
ထိုကဲ့သို့ ပြောဆိုလိုက်ရသည်မှာလည်း သူ၏ သားနှင့် ညီဖြစ်သူတို့ကြောင့်ပင် ဖြစ်သည်။ မုသားစကားသုံးရုံမှတပါး အခြားနည်းလမ်းလည်း မရှိတော့ချေ။
ရဲနန်ရှန်၏ စကားအား ကြားလိုက်ကြရသောအခါ စစ်သည်တော်များသည်ဝမ်းမြောက်သွားကြပြီး စိတ်ထဲတွင်လည်း –
[သခင်လေးကို ကုသနိုင်မယ်တဲ့လား . . . ဒါ သတင်းကောင်းပဲ . . .]
“သခင်လေးကို ကျုပ်တို့လည်းလာပြီး အားပေးဂရုစိုက်လို့ ရမလား ခေါင်းဆောင် . . .”
ကိုယ်ရံတော်များသည်အားတက်သရော အော်ပြောလိုက်ကြသည်။
ရဲနန်ရှန်လည်း ကမန်းကတမ်းပင် –
“မရဘူး မရဘူး . . . စောင့်ကြပါဦး။ ငါအရင်ဆုံး သူ့ကို ကောင်းအောင် လုပ်ရဦးမယ် . . .”
ရဲနန်ရှန်၏ စကားကြောင့်ကိုယ်ရံတော်များ၏ စိတ်ထဲတွင် –
[ဟုတ်သားပဲ။ ငါတို့က တကယ်ကို အလိုက်မသိတာပဲ။ ခေါင်းဆောင်က သခင်လေးကို ကြိုးစားပမ်းစားနဲ့ ကုသနေတဲ့ အချိန်မှာ ငါတို့က နှောင့်ယှက်သလို ဖြစ်နေတယ် . . .]
ထိုကဲ့သို့တွေးမိလိုက်သည့်အတွက်စစ်သည်တော်များသည့်မည်သည့်စကားမျှ ထပ်မပြောကြတော့ပေ။ အိမ်တော်တစ်ခုလုံးသည်လည်း အပ်ကျသံပင် မကြားရတော့လောက်အောင် တိတ်ဆိတ်သွားလေသည်။
အခန်းထဲရှိ ရဲနန်ရှန်သည်သူ၏ နဖူးမှကျလာသော ချွေးများအား သုတ်လိုက်သည်။ ထို့နောက်
ကုလားထိုင်ပေါ်တွင်ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး ဆောင်ဂျု၏ တင်ပါးအား လှမ်းကန်လိုက်ကာ –
“တွေ့လား . . . မင်းလုပ်လိုက်တဲ့ လုပ်ရပ်ရဲ့ အကျိုးဆက်တွေကို မြင်လား . . .”
ဆောင်ဂျုသည် နာကျင်သွားသော သူ၏ တင်ပါးအား ကိုင်လိုက်ရင်း –
“အစ်ကိုကြီးကလည်း . . . အဲ့ဒါကျုပ်နဲ့ မဆိုင်ဘူးဗျ။ ဒီကိစ္စတွေအားလုံးရဲ့နောက်ကွယ်က ကြိုးကိုင်သူက အစ်ကိုကြီးရဲ့ သားပဲ။ သူ့ကို ကန်ရမှာလေ။ ကျုပ်ကိုပဲ ရိုက်နှက်နေတာ ကုလားမနိုင်လို့ ရခိုင်လာမဲနေသလိုပဲ . . .”
“ဟိုခွေးကောင်လေး ပြန်လာရင်လည်း ငါဘယ်လို အပြစ်ပေးမလဲ ဆိုတာကို စောင့်ကြည့်နေ။ မင်းတို့ နှစ်ယောက်ကို သေချာ မဆုံးမနိုင်ရင် ငါ့ဘဝတစ်လျှောက်လုံး နောင်တရနေရလိမ့်မယ် . . .”
ရဲနန်ရှန်သည်စိတ်ဆိုးမာန်ဆိုးဖြင့်ပင်ပြောလိုက်ပါတော့သည်. . .။