Chapter – 175
“တုန်လှုပ်အံ့သြသွားခြင်း”
အိမ်ရှေ့မင်းသားသည်သူ၏ ခမည်းတော်မှ ရဲနန်ရှန်အား အရေးကြီးပုဂ္ဂိုလ်တစ်ဦးအဖြစ်အဘယ့်အတွက်ကြောင့်ဆက်ဆံနေသည်ကို ယခုမှပင်နားလည်သဘောပေါက်သွားလေသည်။
ရဲနန်ရှန်၏ ဒေါသအား မျက်ဝါးထင်ထင်ပင်မြင်တွေ့နေရပြီ မဟုတ်ပါလော။
စစ်နတ်ဘုရားတစ်ပါး ဖြစ်သူ ရဲနန်ရှန်သည် မြို့တော်သို့ ရောက်သည်နှင့် ယမ်းပုံမီးကျ ဒေါသထွက်လျက်ရှိသည်။
သူ၏ စစ်သည်တော်များကိုလည်း မြို့တစ်မြို့လုံးအား ချုပ်ကိုင်ထားစေခဲ့ပြီဖြစ်သည်။
ရဲနန်ရှန်၏ လုပ်ရပ်သည် ဥပဒေကို ချိုးဖောက်လိုက်ခြင်းပင်ဖြစ်ပြီး အကြောက်အရွံ့ကင်းမဲ့စွာဖြင့်မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ လုပ်လိုက်ခြင်းပင် ဖြစ်သည်။ ရဲနန်ရှန်၏ လုပ်ရပ်များအား ကြည့်ရင်း အိမ်ရှေ့မင်းသား၏ စိတ်ထဲတွင် –
[သူသာ ထီးနန်းကို လိုချင်တယ်ဆိုရင် ငါတို့အားလုံး တားတောင် တားနိုင်ပါ့မလား . . .]
အကယ်၍ ရဲနန်ရှန်သာ သားဇောဖြင့်စိတ်မထိန်းနိုင်ဘဲ တစ်မြို့လုံးအား ဖျက်ဆီးပစ်လိုက်မည် ဆိုလျှင်လည်းမည်သူကမျှ တားနိုင်လိမ့်မည် မဟုတ်ပေ။
[တကယ်လို့ သူ့သားအခုလိုဖြစ်တာ ငါ့ကြောင့်ဆိုတာ သိသွားမယ်ဆိုရင် ငါ့အဖြစ်ကတော့ မတွေးရဲစရာပဲ . . .]
အိမ်ရှေ့မင်းသားသည် သူ၏ အဖြစ်အား ဆက်ပင် မတွးရဲတော့ချေ။ အတွေးများဖြင့်ပင်ရူးမတတ် ဖြစ်နေရင်း စိတ်ထဲတွင်လည်း –
[ဘုရား . . . ဘုရား . . . ရဲနန်ရှန် အကြောင်းရင်းမှန်ကို မသိသွားအောင် နတ်ဘုရားတွေ ကူညီစောင်မ ပေးတော်မူပါ။ နောက်ပြီး ဒေါသတွေထွက်ပြီး လူသတ်ချင်စိတ်ပေါက်နေတဲ့အချိန်ငါ့ဆီ ရောက်မလာ ပါစေနဲ့ . . .]
လက်ရှိအချိန်တွင်အိမ်ရှေ့မင်းသားသည်နန်းတော်ထဲတွင်ရှိနေ၍သာ ကံကောင်းသွားသည်ဟု ဆိုရပေမည်။ အကယ်၍ မြို့ရိုးအထက်မှနေ၍ အပြင်ဘက်သို့ ကြည့်မိပါက မြင်ရသည့်မြင်ကွင်းကြောင့်အကြောက်လွန်သွားကာ အသက်ပင်ထွက်သွားနိုင်လေသည်။
သဲမှုန်များသည် တိမ်တိုက်များကဲ့သို့ ကောင်းကင်ယံထက် လွင့်ပျံလျက် ရှိပြီး ထိုသဲမှုန်များအကြားတွင်ရဲစွမ်းသတ္တိများဖြင့်ပြည့်စုံသည့်စစ်သည်အုပ်စုတစ်စုသည်အလွန်လျင်မြန်သောနှုန်းဖြင့်မြို့တော်ဆီသို့ ချီတက်၍ လာနေကြသည်။
ရဲနန်ရှန်၏ သွေးသောက် ကိုယ်ရံတော်များသည်မြို့တော်သို့ ရောက်ရှိလာပြီဖြစ်သည်။
စစ်သည်တော်များသည်ရဲနန်ရှန်၏နောက်သို့ အမီလိုက်လာ၍မောပန်းနေကြသော်လည်း သူတို့၏ မျက်လုံးများမှာမူ စူးရှတောက်ပလျက် ရှိသည်။
. . .
ရဲအိမ်တော်တွင် ဖြစ်သည်။
ရဲနန်ရှန်သည်အိမ်တံခါးအဝတွင်ရပ်၍ “စစ်သူကြီး၏ အိမ်တော်” ဟုရေးသားထားသည့်ဆိုင်း ဘုတ်အား မျက်မှောင်ကြုတ်၍ ကြည့်နေလေသည်။ အိမ်နှင့်အမြဲဝေးကွာနေရသည့်သူလို လူတစ်ယောက်အတွက်ကိုယ့်အိမ်ကိုယ်ပင်စိမ်းနေသကဲ့သို့ ခံစားနေရသည်။
သားဖြစ်သူ၏ အခြေအနေအား အမြန်ဆုံး သိချင်နေခဲ့သော်လည်း တကယ့်လက်တွေ့တွင်မူ အိမ်ထဲသို့ ဝင်ရန်အတွက်ပင်ချီတုံချတုံ ဖြစ်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူ၏ သားဖြစ်သူအား ကုသ၍ မရတော့မည်ကို အလွန်စိုးရိမ်နေခြင်းကြောင့်ဖြစ်သည်။
“စစ်သူကြီးရဲ . . . ပြန်လာပြီပေါ့ . . .”
ရဲနန်ရှန်အားတွေ့သည်နှင့်လူအချို့သည် ဆီးကြို၍ နှုတ်ဆက်လိုက်သည်။
ထိုလူများသည်လက်ယာအမတ်မင်း၊ အမတ်ကြီးဂျန်နှင့် တခြားသော လူငယ်လေးများ၏ အိမ်တော်များမှ လူများပင် ဖြစ်သည်။ သူတို့သည် ရဲနန်ရှန်နှင့်တွေ့ရန်ရက်ပေါင်းများစွာ စောင့်စားနေခဲ့ကြသည်။ ရဲရှောင်နှင့်ပြသာနာတက်ခဲ့ကြသည့်လူငယ်များသည်စံအိမ်တော်များအတွင်းမှ အပြင်ထွက်ခွင့်မရဘဲ တင်းကြပ်သော စည်းကမ်းများဖြင့်နေနေရသည့်အတွက်ယခုကဲ့သို့ ကိုယ်စားလှယ်များ လွှတ်လိုက်ကြခြင်း ဖြစ်သည်။ ရဲနန်ရှန်ထံမှ ခွင့်လွှတ်မှုပေးလိုပေးငြားစောင့်စားနေကြခြင်းဖြစ်ပြီး ထိုကဲ့သို့ အခွင့်အရေး ရရှိရန်မှာလည်း ဖြစ်နိုင်ချေ မရှိသည်ကို သူတို့ကိုယ်တိုင်လည်း သိနေပေသည်။
ယခုအခါတွင်သူတို့အားလုံးစောင့်စားနေကြသည့်ရဲနန်ရှန်နှင့်တွေ့ခွင့်ရရှိပြီ ဖြစ်သည်။
ရဲနန်ရှန်သည် ထိုလူများအားမျက်မှောင်ကြုတ် ကြည့်လိုက်ရင်း –
“မင်းတို့က ဘာကိစ္စ ငါ့အိမ်ရောက်နေရတာလဲ။ မင်းတို့ ဘာလိုချင်လို့လဲ . . .”
လက်ယာအမတ်မင်း၏ အိမ်တော်မှ အိမ်တော်ထိန်းသည် ပြုံးလျက် –
“လက်ယာအမတ်မင်းကို ဘုရင်မင်းမြတ်က အိမ်တော်မှာ အကျယ်ချုပ် ချထားလိုက်ပါပြီ။ သူက ကျုပ်ကို ဒီကိုလွှတ်ပြီး စစ်သူကြီးရဲဘက်က ဘယ်လိုပုံစံမျိုးနဲ့ အပြစ်ပေးချင်လဲဆိုတာကို မေးမြန်း ခိုင်းလိုက်လို့ပါ။ စစ်သူကြီးဘက်က ဘာပဲပြောပြော ကျုပ်တို့ဘက်က လက်ခံဖို့ အဆင်သင့်ပါပဲ။ ကျုပ်တို့အနေနဲ့ တောင်းပန်တဲ့ စကားလည်း မပြောချင်တော့ပါဘူး။ ဒါကိုမှ မကျေနပ်သေးလို့ ကျုပ်တို့ရဲ့ သခင်လေး လိချန်ဇီကို လိုချင်တယ် ဆိုရင်လည်း စစ်သူကြီး စိတ်တိုင်းကျ သူ့ကို အပြစ်ပေးနိုင်ပါတယ်။ ကျုပ်တို့ဘက်က ဘာမှ စောဒက တက်စရာ မရှိပါဘူး။ သူ့ကို သတ်မယ် ဆိုရင်တောင်မှ သူ့ထိုက်နဲ့ သူ့ကံလို့ပဲ ကျုပ်တို့ဘက်က မှတ်ယူလိုက်မှာပါ. . .”
အိမ်တော်ထိန်းသည် အဆိုပါ စကားများအား ရဲနန်ရှန်အား မျက်နှာလိုမျက်နှာရ လုပ်လို၍ လီဆယ်ပြောဆိုနေခြင်း မဟုတ်ချေ။ လက်ယာ အမတ်မင်းမှ အမှန်တကယ်ပင် ထိုကဲ့သို့ ပြောခိုင်းလိုက်ခြင်းပင်ဖြစ်သည်။ အမတ်မင်းသည် နန်းတွင်းတွင် ကာလရှည်ကြာ တာဝန်ထမ်းရွက်ခဲ့သည့်အမတ်တစ်ဦးဖြစ်သည့်အပြင်အရေးပါအရာအရောက်ဆုံးသော အမတ်တစ်ဦးလည်းဖြစ်သည်။ ထို့ပြင်ပါးရည်နပ်ရည်ရှိလှပြီး ဖြတ်ထိုးဥာဏ်လည်း အလွန်ကောင်းသည်။ လိချန်ဇီအား စစ်သူကြီးရဲ စိတ်ကြိုက်သတ်လိုက သတ်နိုင်ပါသည်ဟုပြောလိုက်သော်လည်း တကယ့်လက်တွေ့တွင်သတ်မည်မဟုတ်သည်ကို သိနေလေသည်။ ရဲနန်ရှန်ကဲ့သို့ သူရဲကောင်း တစ်ဦးမှ လူငယ်လေး တစ်ဦးအား သတ်ပစ်လိုက်မည် ဆိုပါက လူတကာ၏ ကဲ့ရဲ့ခြင်းကို ခံရနိုင်ပြီး စစ်သူကြီးတစ်ဦး၏ ဂုဏ်သိက္ခာများလည်း ကျဆင်းသွားနိုင်သည်မဟုတ်ပါလော။ အကယ်၍ ရဲနန်ရှန်မှ အမှန်တကယ်သတ်ပစ်မည်ဆိုပါကလည်း အရာအားလုံးအတွက်ဆန်ကုန်မြေလေးတစ်ယောက်အား စတေးလိုက်သည်ဟုပင်မှတ်ယူရပေမည်။
လိချန်ဇီ၏ အိမ်တော်ထိန်းဖြစ်သူမှ ရဲနန်ရှန်အား ပြောဆိုနေသည်ကို ကြားသောအခါ အခြား အိမ်တော်များမှ လူများသည်လည်း သူ့ထက်ငါဦးအောင်ပင်တစ်ယောက်တစ်ခွန်းဖြင့်အလုအယက်ပြောဆိုနေကြသည်။
ရဲနန်ရှန်လည်း စိတ်ရှုပ်ထွေးလာပြီး ဒေါသတကြီးဖြင့်-
“မင်းတို့အားလုံး ထွက်သွားကြစမ်း . . .”
ကုလားသိုက်ကျားဝင်ကိုက်သည့်အတိုင်း ဆူညံပွက်လောရိုက်နေသည့်အသံများအား ရဲနန်ရှန်မကြားလိုတော့ချေ။ ထို့ကြောင့်သူ၏ အင်္ကျီလက်အား ဝေ့ယမ်းလိုက်ပြီး ပြင်းထန်လှသော လေများအား ထွက်ပေါ်စေခဲ့သည်။ ထိုလေများနှင့်အတူလူအယောက်၄၀ ကျော်သည်လည် အဝေးသို့ လွင့်ထွက်သွားခဲ့သည်။
ရဲနန်ရှန်အိမ်သို့ရောက်လာကြသည့်လူများသည် သာမန်လူများတော့ မဟုတ်ကြချေ။ အချို့သော လူများသည်ကောင်းကင်အဆင့်သို့ မရောက်သေးသော်လည်း အစွမ်းထက်သည့်ပညာရှင်များပင်ဖြစ်သည်။ ထိုလူများအား လက်ယာအမတ်မင်း နှင့်အခြားသော အိမ်တော်များမှ အခကြေးငွေများစွာ ပေး၍ ငှားရမ်းထားကြခြင်းဖြစ်သည်။ ရဲရှောင် လုပ်ကြံခံခဲ့ရခြင်းကြောင့်ရဲအိမ်တော်တွင်အစောင့်အကြပ် များစွာ ချထားမည်ကို သိရှိသဖြင့် ယခုကဲ့သို့ အကောင်းဆုံး ပညာရှင်များအား စေလွှတ်လိုက်ခြင်းပင်ဖြစ်သည်။ သို့သော်သူတို့ စေလွှတ်လိုက်သည့်အကောင်းဆုံးဆိုသည့်ပညာရှင်များသည်ရဲနန်ရှန်၏ ဝေ့ယမ်းမှု တစ်ချက်ကိုပင် မခံနိုင်ခဲ့ချေ။
လွင့်ထွက်သွားရသည့်လူများသည်ဖြူဖတ်ဖြူရော်မျက်နှာများဖြင့်ရဲနန်ရှန်အားကြောင်ငေး၍ပင်ကြည့်နေကြလေသည်။
ရဲအိမ်တော်၏ ခပ်လှမ်းလှမ်း တစ်နေရာတွင်ရှိနေသော ကွမ်ဇန်ဝမ်သည် ထိုအခြင်းအရာများအား ရှင်းရှင်းလင်းလင်းပင် မြင်တွေ့လိုက်ရသည်။ လူများ လွင့်ထွက်သွားသည်ကို ကြည့်ရင်း အလွန်အမင်းပင်တုန်လှုပ်သွားလေသည်။ကြောက်ရွံ့မှုနှင့်အတူ သူ၏ စိတ်ထဲတွင်လည်း –
[ဒါ . . . ဒါ . . . ကောင်းကင်အဆင့် လူတစ်ယောက် လုပ်နိုင်တဲ့ အစွမ်းမျိုးတောင် မဟုတ်ဘူးပဲ၊ ရဲနန်ရှန်က မင်းသားပြောတာထက်ကို ပိုပြီး အစွမ်းထက်နေပါရောလား။ မော်တယ်ကမ္ဘာမှာ ကောင်းကင်အဆင့်က အမြင့်ဆုံး ဆိုပေမယ့်အဲဒီအဆင့်ထက်တောင် ကျော်လွန်နေသေးပါလား . . .]
အတွေးများနှင့်အတူ သူ၏ စိတ်ထဲတွင်လည်း တုန်လှုပ်ခြောက်ခြားသွားသည်။
အိမ်ရှေ့မင်းသားမှ သူ့အား အရူးလုပ်ခဲ့သလိုပင်ခံစားလိုက်ရပြီး စိတ်ထဲတွင်လည်း –
[တကယ်လို့ ရဲနန်ရှန်သာ သူ့သားကို ရိုက်ခဲ့တဲ့လူက ငါဆိုတာကို သိသွားခဲ့ရင် ငါ့ဘဝတော့ဆုံးပြီ . . .]
အတွေးများဖြင့်တစ်ယောက်တည်းယောက်ယက်ခတ်နေသည့်အချိန်တွင်ရဲနန်ရှန်၏ စကားသံအား ကြားလိုက်ရသည်။
“ငါကတော့ မြောက်ပိုင်းမှာ သွေးတွေချွေးတွေနဲ့ ရင်းပြီး တိုက်ခိုက်နေရတဲ့ အချိန်မှာ ငါ့သားကတော့ ဒီမှာ အနိုင်ကျင့်ခံနေရတယ်။ ငါ့စစ်သည်တော်တွေရဲ့မိသားစုဝင်တွေလည်း အနိုင်ကျင့်ခံခဲ့ရတယ်လို့ ကြားတယ်။ အဲ့ဒီကိစ္စကို ငါအိမ်ပြန်ရောက်မှ အေးအေးဆေးဆေး ကိုင်တွယ်မယ်လို့ စဉ်းစားခဲ့တာ။ ဒါပေမဲ့ အခုတော့ မင်းတို့ ခွေးသူတောင်းစားတွေက များသွားပြီ။ ငါ့သားကိုတောင် အခုလို ဖြစ်အောင် လုပ်ရဲတယ်။ လိချန်ဇီ မပြောနဲ့ မင်းတို့ တစ်မျိုးနွယ်လုံးထက် ငါ့သားအသက်က ပိုပြီး တန်ဖိုးရှိတယ်”
“မင်းတို့နဲ့ စကားပြောဖို့ အချိန် ငါ့မှာ မရှိဘူး။ အခု ငါ့ရှေ့ကနေ မင်းတို့ ထွက်သွားစမ်း။ မင်းတို့ ဘာပြောပြော ငါ့ဘက်က လက်ခံမှာ မဟုတ်ဘူး။ ငါ့သား အခြေအနေပြန်ကောင်းလာရင်တောင်မင်းတို့ လုပ်ခဲ့တဲ့ အပြစ်တွေအတွက်တန်ပြန်ပေးဆပ်ရမှာပဲ။အေး တကယ်လို့သာ ငါ့သားသေသွားခဲ့ရင်တော့ . . .”
ရဲနန်ရှန်သည် သူ၏ရှေ့တွင်ရှိသော လူများအား လက်ညှိုး ငေါက်ငေါက်ထိုးလိုက်ရင်း –
“ငါဆိုတဲ့ ရဲနန်ရှန်က မင်းတို့ တစ်မျိုးနွယ်စုလုံးကို အသက်ရှင်ခွင့်ပေးမှာ မဟုတ်ဘူး။ ခွေးတစ်ကောင် ကြောင်တစ်မြီးတောင် အရှင်မထားဘူး။ ကျုပင်ခုတ်ကျုငုတ်မကျန်အကုန်လုံးကို သတ်ပစ်မယ်. . .”
“အခု ငါ့အရှေ့ကနေ ထွက်သွားကြစမ်း . . .”
ရဲနန်ရှန်၏အော်သံကြောင့်လူများသည်ထိတ်လန့်တုန်လှုပ်စွာဖြင့်ဖနောင့်နှင့်ခြေဖဝါး တစ်သားတည်းကျအောင်ပင်ပြေးထွက်သွားကြသည်။
အချို့လူများဆိုလျှင် သူတို့၏ ဝတ်ရုံထဲတွင်ကြောက်သေးများပါ ထွက်ကုန်ကြသည်။
“ခေါင်းဆောင် . . .”
ရဲနန်ရှန်အားတွေ့သည်နှင့်တံခါးစောင့် လေးယောက်သည် ပြိုင်တူ ဒူးထောက်၍ အရိုအသေ ပြုလိုက်ကြသည်။
ရဲနန်ရှန်သည်အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ရင်း တည့်ငြိမ်စွာဖြင့်-
“ရှောင်ရှောင် ဘယ်လို နေသေးလဲ . . .”
“သခင်လေး . . . သူ . . . သူ . . .”
အစောင့်လေးယောက်သည်ကြောက်ရွံ့စိတ်ကြောင့်အထစ်ထစ်အငေါ့ငေါ့ပင်ဖြစ်နေကြသည်။
“ကျွန်တော်မျိုးတို့ရဲ့ အပြစ်ပါ။ သခင်လေးကို မကာကွယ် ပေးနိုင်ခဲ့ဘူး . . .”
ရဲနန်ရှန်သည်သက်ပြင်း ချလိုက်ရင်း –
“ထကြတော့ . . .”
သူ၏ စိတ်အား တည်ငြိမ်အောင် လျော့ချထားလိုက်သည်။ အနည်းဆုံးတော့ သူ၏ သားအသက်အား မီခဲ့သည်မဟုတ်ပါလော။ အသက်ရှင်နေသေးသ၍ မျှော်လင့်ချက် ရှိနေဦးမည် ဖြစ်သည်။ ယခုအခါတွင်သူလည်း ပြန်ရောက်လာပြီ ဖြစ်၍ ရဲရှောင်၏ အသက်အား ကယ်တင်နိုင်ကောင်း ကယ်တင်နိုင်လိမ့်မည်ဟု တွေးမိလိုက်သည်။ ထို့နောက်အိမ်ထဲသို့ ခြေလှမ်းကျဲကြီး များဖြင့် လှမ်းဝင်သွားရင်း –
“ငါ့ကို သူ့ဆီ ခေါ်သွားပေးကြ . . .”
ရဲနန်ရှန်သည်ရဲစွမ်းသတ္တိများဖြင့်ပြည့်စုံပြီး စစ်နတ်ဘုရားဟုပင်အများက တင်စားခေါ်ဆိုရသည့်လူတစ်ဦးဖြစ်သော်လည်း ယခုအခါတွင်သားဖြစ်သူနှင့်ပက်သက်၍ သူ၏ ရင်ထဲ၌ ထိခိုက်ကြေကွဲနေရသည်။
ထိခိုက်ကြေကွဲမှုများ နှင့်အတူ ဒေါသများသည်လည်းပေါက်ကွဲတော့မည့်မီးတောင်တစ်ခုအလားပင်ဖြစ်လျက်ရှိသည်။
သားဖြစ်သူ၏ အခန်းသို့ သွားရာလမ်းတစ်လျှောက်တွင်သူ၏ခြေလှမ်းများအား တစ်လှမ်းလှမ်းလိုက်တိုင်းဒေါသများသည်လည်း ပိုပိုတိုး၍ပင်လာခဲ့သည်။
အကယ်၍ ထိုဒေါသများအား ပေါက်ကွဲခွင့် ပေးလိုက်မည် ဆိုပါက ချန်ရှင်းမြို့တော်တစ်ခုလုံး စက္ကန့်ပိုင်း အတွင်း ဇောက်ထိုးမိုးမျှော်ပင်ဖြစ်သွားနိုင်ပေသည်။
သို့သော် ယခုအချိန်တွင်မူ ရဲနန်ရှန်သည် ရဲရှောင်အား တွေ့ရလိမ့်မည် မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် ရဲရှောင်သည် ရဲအိမ်တော်တွင် ရှိမနေသောကြောင့်ဖြစ်သည်။
ရဲရှောင်သည် လင်းပါအိုခန်းမသို့ရောက်ရှိနေပြီး ဝမ်ဇန်းဟိုနှင့်အတူ လေလံပွဲကိစ္စများအား တိုင်ပင်ဆွေးနွေးလျက်ရှိသည်။ သူ၏ အိမ်တော်တွင် မည်ကဲ့သို့ ဖြစ်ပျက်နေသည်ကို မသိချေ။
ဆောင်ဂျုသည် အိပ်ယာထက်တွင်စောင်ခြုံ၍ ရဲရှောင်အဖြစ်ဟန်ဆောင်နေလေသည်။ သူ၏ အသက်ရှူနှုန်းအား ထိန်းချုပ်ထားပြီး ရဲရှောင်ကဲ့သို့ သေအံ့ဆဲဆဲ အခြေအနေမျိုး ဖြစ်အောင်ဖန်တီးထားလေသည်။
အပြင်ဘက်တွက်မူ သူချစ်ကြောက်ရိုသေရသည့်အစ်ကိုကြီး ပြန်ရောက်နေသည်ကိုသတိမထားမိချေ။
“ကျွီ . . .”
အခန်းတံခါးသည်တဖြည်းဖြည်း ပွင့်သွားလေသည်။
ရဲနန်ရှန်သည်အခန်းထဲသို့ရောက်သွားသောအခါ အိပ်ယာထက်တွင် လူတစ်ယောက် လှဲလျောင်းလျက် ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ ထိုလူသည် အလောင်းတစ်လောင်းကဲ့သို့ပင် မလှုပ်မယှက်ဖြင့်ရှိနေသည်ကို မြင်တွေ့လိုက်ရသည့်အတွက် အလွန်အမင်းပင်ထိတ်လန့်တုန်လှုပ်သွားလေသည်။
ထို့နောက် အိပ်ယာအနီးသို့ ဖြည်းညင်းစွာလျှောက်သွားလိုက်ရင်း တိုးညှင်းသောလေသံဖြင့်-
“ရှောင်ရှောင် . . .”
ရဲနန်ရှန်သည်စောင်အား အသာအယာ ဖယ်လိုက်သည်။
သူ၏ မျက်လုံးထဲမှ မျက်ရည်များ စီးကျလာပြီး ရင်ဘတ်ထဲတွင်လည်း အလွန်ပူလောင်လျက်ရှိသည်။
အိပ်ရာထက်တွင် လှဲလျောင်းနေသည့် လူသည် ရဲနန်ရှန်အတွက်မူ အရေးကြီးဆုံး လူတစ်ယောက် ဖြစ်သည်။ ယခုအခါတွင်သူ့သားသည် အသက်အန္တရာယ်ရှိသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။အကယ်၍ သားဖြစ်သူ သေဆုံးခဲ့မည် ဆိုပါက သူ၏ မိန်းမအား မျက်နှာပင် ပြဝံ့တော့မည် မဟုတ်ချေ။ မိန်းမဖြစ်သူသည် သူနှင့် သားအတွက်အရာအားလုံး စတေးခဲ့သည် မဟုတ်ပါလော။ ဝမ်းနည်းကြေကွဲမှုများနှင့်အတူ သူ၏စိတ်ထဲတွင် –
[မင်းက ငါတို့ရဲ့ တစ်ဦးတည်းသော သားလေးပါကွာ . . .]
ဆောင်ဂျုသည်ရဲရှောင်အဖြစ်ဟန်ဆောင်နေမည်ဖြစ်သောကြောင့်အခန်းတွင်းသို့ မည်သူတစ်ဦးတစ်ယောက်မျှ မဝင်ရန်အစောင့်များအား မှာကြားထားသည်။ ထို့အတွက်ကြောင့်အေးအေးလူလူဖြင့်ပင်အိပ်ယာထက်တွင်နေနေခြင်းဖြစ်သည်။
အပြင်ဘက်တွင်မပီပြင်မသဲကွဲသော စကားပြောသံ များအား ကြားလိုက်ရပြီးနောက်အခန်း တံခါးသည်ပွင့်လာခဲ့သည်။ သူ၏ စိတ်ထဲတွင်-
“အစောင့်တွေများ လာစစ်ဆေးတာလား . . .”
ဆောင်ဂျုသည် အိပ်ချင်ယောင်ဆောင်ရင်း တွေးလိုက်မိသည်။
ထို့နောက်ခြုံထားသော စောင်အား တစ်စုံတစ်ေယာက်မှ ဖယ်ရှားလိုက်သည်ကို ခံစားလိုက်ရပြီး စိတ်ထဲတွင်လည်း –
[ဟမ် . . . ဘယ်လိုဖြစ်တာလဲ။ ဘယ်သူမှ မဝင်ပါနဲ့လို့ပြောထားတာကို ဘယ်သူကများ ဒီလိုမျိုး လုပ်ရဲတာလဲ . . . ငါဒီလောက် အမိန့်ထုတ်ထားတာကို . . .]
ဆောင်ဂျုလည်းဒေါသထွက်သွားပြီး သူ၏ မျက်လုံးများအား ဖွင့်ကြည့်လိုက်သောအခါ –
“သေစမ်း . . .”
သူ၏ရှေ့တွင် အလွန်တုန်လှုပ် အံ့သြနေသည့် ဟန်မျိုးဖြင့် ကြည့်နေသော လူတစ်ယောက်အား မြင်တွေ့လိုက်ရသည်။
ဆောင်ဂျုသည်လည်း ကြောင်ငေးသွားပြီး အသက်ရှူရန်ပင် မေ့လျော့သွားပါတော့သည် . . .။