Chapter – 174
“စစ်သူကြီးရဲ၏ဒေါသ”
အကယ်၍ ဝမ်ဇန်းဟိုသည်သာ အရည်အချင်း မရှိသည့် လူတစ်ယောက်ဆိုပါက လင်းပါအိုအား ယခုကဲ့သို့ ကြီးကျယ်ခမ်းနားလှသော လေလံခန်းမကြီး တစ်ခုအဖြစ် လုပ်နိုင်ခဲ့လိမ့်မည်မဟုတ်ပေ။
လူအများအကြားတွင်ပေါ်ပေါ်ထင်ထင်နေလေ့မရှိကြသည့်ဂိုဏ်းများသာမက မျိုးနွယ်စုများအားလုံးတို့သည်လေလံပွဲသို့ တက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
ထို့ပြင်ထိပ်တန်းအဆင့် ပညာရှင်များနှင့် ဆေးပညာရှင်များ အားလုံးတို့သည်လည်း ချန်ရှင်းမြို့တော်သို့ ဦးတည်လာနေကြချေပြီ။
လေလံပွဲကြောင့်ချန်ဝူနယ်မြေတွင် ပညာရှင် အများအပြား တစ်စုတစ်ဝေးတည်း စုစည်းမိသွားမည့်သဘောပင်။
ယခုအကြိမ်တွင် ယခင်အခေါက်တုန်းကထက်ပင်ပို၍ လူအင်အား များပြားစွာ တက်ရောက်ကြမည် ဖြစ်သည်။
စစ်မြေပြင်ရှိ လူများကမူ ယခုကိစ္စသည် လှည့်ကွက်တစ်ခု ဖြစ်မည်ဟုလည်း ယူဆနေကြသည်။
ဝမ်ဇန်းဟိုသည် နောက်ထပ် ကြေညာချက် တစ်ခုအား ထပ်မံ ထုတ်ပြန်လိုက်ပါသေးသည်။ ထိုကြေညာချက်သည်ချန်နိုင်ငံတော်အတွက် ကျေနပ်စရာ အနေအထားဖြစ်ပြီး ယခုလေလံပွဲသည်ဘုရင်၏ ထောက်ပံ့မှုကိုပင် ရရှိသွားပေလိမ့်မည်။ လင်းပါအို လေလံခန်းမအတွက်မူ တရားဝင် ကျောထောက်နောက်ခံ ပြုစရာ အင်အားစုတစ်စု ရရှိသွားမည့်သဘောပင်ဖြစ်သည်။
“ယခုနှစ်ဟာဆိုရင်စစ်ပွဲတွေ အတင်းမာဆုံး ဖြစ်နေတဲ့ နှစ်ပါ။ အဲ့ဒီလိုအခြေအနေမျိုးမှာ အခုလို ပွဲမျိုး ကျင်းပဖို့ အချိန်ကောင်း မဟုတ်ဘူးဆိုတာကို သိပါတယ်။နောက်ပြီး ချန်ရှင်းမြို့တော်မှာ ပညာရှင်တွေ အများကြီး စုရုံးနေမှာလည်း သိပ်တော့ မသင့်တော်ပါဘူး။ ဒါပေမဲ့ အခု ကျုပ်တို့ရဲ့ နိုင်ငံမှာ အန္တရာယ်တွေ ကျရောက်နေတဲ့အတွက် ချန်နိုင်ငံတော်ရဲ့ နိုင်ငံသားတစ်ယောက်ဖြစ်တဲ့ ကျုပ်မှာလည်း ကိုယ့်နိုင်ငံကို ကာကွယ်ဖို့အတွက် တာဝန်ရှိပါတယ်။ ဒါကြောင့် လေလံပွဲက ရရှိမယ့်အကျိုးအမြတ်ထဲက ၆၀ ရာခိုင်နှုန်းကို နိုင်ငံဘဏ္ဍာအဖြစ် လှူဒါန်းပါ့မယ်။ ဒါဆိုရင် ကျုပ်တို့ရဲ့ စစ်သည်ရဲမက်တွေ တိုက်ပွဲမှာ အနိုင်ရဖို့ အများကြီး အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ကျုပ်ကတော့ မျှော်လင့်တယ် . . .”
“နောက်ပြီး ကျုပ်တို့ အကျိုးအမြတ် ၁၀ ရာခိုင်နှုန်းကိုကျ တိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ စစ်သည်တွေရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ပေးသွားမှာပါ။ အဲ့ဒီ ပမာဏက ပြောပလောက်တဲ့ ပမာဏ မဟုတ်ပေမယ့်အားလုံးရဲ့ ပူဆွေးမှုကို နှစ်သိမ့်ပေးနိုင်မယ်လို့တော့ မျှော်လင့်မိပါတယ် . . .”
ထိုကြေညာချက်သည်ဘုရင်ကြီးကိုပင်တုန်လှုပ်အံ့ဩသင့်သွားစေခဲ့သည်။
လေလံပွဲမှ ရရှိငွေ စုစုပေါင်းသည်အနည်းဆုံး ၁၀ ဘီလီယံအထက်ခန့်ရှိမည်မှာ အသေအချာပင်ဖြစ်သည်။ သို့မဟုတ်ဘီလီယံ ၁၀၀ လည်း ရရှိကောင်း ရရှိနိုင်ပေလိမ့်မည်။
တကယ့်လက်တွေ့တွင်လေလံပွဲမှ ဘီလီယံ ၁၀၀ ခန့်ရရှိခဲ့မည်ဆိုပါက အရင်းနှုတ်ပြီး ကျန်ငွေဖြစ်သည့်အမြတ်သည်ဘီလီယံ ၅၀ ကျန်ရှိပေလိမ့်မည်။ ထို ဘီလီယံ ၅၀ ထဲမှ ၁၀ဘီလီယံအား အခွန်အဖြစ်ပေးဆောင်မည်ဖြစ်ပြီး ကျန်ငွေ ဘီလီယံ ၄၀မှ ၆၀ရာခိုင်နှုန်းဖြစ်သည့်၂၄ဘီလီယံအား နိုင်ငံတော်ဘဏ္ဍာအဖြစ်ပေးအပ်သွားမည်ဖြစ်သည်။
ချန်နိုင်ငံတော်အတွက်ထိုမျှ များပြားလှသည့် ငွေကြေးပမာဏကို စုဆောင်းမိရန် နှစ်ပေါင်း ၅၀ ခန့် ကြိုးစားလျှင်ပင် ရရှိနိုင်မည် မဟုတ်ပေ။
အတော်ကို များပြားသောငွေ ပမာဏဟုပင်ဆိုရမည်ဖြစ်သည်။
ထိုငွေများဖြင့်တိုက်ပွဲရလဒ်များအား ကောင်းစွာ ပြောင်းလဲနိုင်မည်မှာ အသေအချာပင်။
ချန်နိုင်ငံတော်နှင့်တကွ ပြည်သူပြည်သား အားလုံးအတွက်ကျေနပ်ဝမ်းမြောက်စေမည့် ကိစ္စကြီးတစ်ခုပင်ဖြစ်ပေသည်။
လေလံပွဲ၏ သတင်းကြောင့်ဘုရင်ကြီးလည်း ချက်ချင်းဆိုသလိုပင်အမိန့်တစ်ခုအား ထုတ်ပြန်လိုက်လေသည်။
“ဒီလေလံပွဲကို ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်အင်အားစုပဲဖြစ်ဖြစ် မနှောင့်ယှက် စေရဘူး။ လေလံပွဲ အောင်အောင်မြင်မြင်နဲ့ ကျင်းပပြီးစီး စေရမယ် . . .”
ဘုရင်ကြီးသည်တော်ရုံတန်ရုံကိစ္စများအား အမိန့်ထုတ်ပြန်လေ့ မရှိသော်လည်း ယခုလေလံပွဲကြီးသည် ချန်နိုင်ငံတော် အတွက် အထောက်အပံ့ ကြီးစွာ ရရှိမည် ဖြစ်သည့်အတွက်ထိုကဲ့သို့ အမိန့်ထုတ်ပြန်လိုက်ခြင်းပင်ဖြစ်သည်။
လင်းပါအိုခန်းမ၏ ကြေညာချက်ကြောင့် စစ်သည်ရဲမက်များအားလုံးသည်ကျေနပ်လျက်ရှိသည်။ စစ်ပွဲတွင်ကျဆုံးသွားသည့်စစ်သည်တော်များ၏ မိသားစုဝင်များအတွက်၁၀ ရာခိုင်နှုန်း ဆိုသည့် ပမာဏသည်နည်းသည့် ပမာဏတော့ မဟုတ်ချေ။ အနည်းဆုံးသုံးလေးဘီလီယံခန့်ရရှိမည် ဖြစ်သည်။
ထိုပမာဏသည် မိသားစုဝင်များအတွက် ကောင်းစွာ အသက်ဆက်နိုင်စေရုံသာမက သူတို့၏ လက်ကျန်ဘဝတစ်လျှောက်တွင်လည်း မပူမပန်မကြောင့်မကြဖြင့်နေထိုင်စားသောက်နိုင်ပေလိမ့်မည်။
ထို့ကြောင့် စစ်သည်ရဲမက်များမှ လေလံပွဲကြီးအား အပြည့်အဝပင်ထောက်ခံ အားပေးလျက်ရှိသည်။ အဆင့်မြင့် ပညာရှင်များသည်လည်း လေလံပွဲအား အနှောက်အယှက်မရှိဘဲ ကျင်းပနိုင်ရန်အတွက်အစွမ်းကုန် ကာကွယ်ပေးရန်ပင် ပြင်ဆင်နေကြသည်။ ထို့ပြင်မြို့တော်တစ်ခွင်လုံးအား ကင်းလှည့်လည်ေနကြသည့် ရဲမက်အုပ်စုများသည်လည်း လင်းပါအို လေလံခန်းမ၏ လုံခြုံရေးအား အားတက်သရောဆောင်ရွက်ပေးကြမည်ဖြစ်သည်။
လင်းပါအိုအား အနှောက်အယှက်ပေးမည့်သူများ နှင့်ဖျက်လိုဖျက်ဆီးလုပ်လိုသူများအား မည်သူကမျှ ခွင့်လွှတ်ကြလိမ့်မည်မဟုတ်ပေ။
လူတိုင်းသည် ဝမ်ဇန်းဟို၏ စကားအား အကြွင်းမဲ့ ယုံကြည်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ဇန်းဟိုလိုလူမျိုးသည်ယခုကဲ့သို့ ကြီးကျယ်လှသော ကိစ္စအား လိမ်လည်ဝံ့မည်မဟုတ်ကြောင်း သိနေကြ၍ ဖြစ်သည်။
အကယ်၍ ဝမ်ဇန်းဟိုသာ လိမ်လည်ခဲ့မည် ဆိုပါက သူ၏ မျိုးနွယ်စုတစ်ခုလုံးပင် အသတ် ခံရနိုင်လေသည်။
ကြေညာချက်ထဲတွင် ဝမ်ဇန်းဟိုထည့်သွင်းကြေညာခဲ့သည့် အကြောင်းအရာ တစ်ခု ရှိနေပါသေးသည်။
“ဒီအစီအစဉ်အားလုံးကို ဖန်ဧကရာဇ်က စီစဉ်ပေးတာပါ။ ဖန်ဧကရာဇ်ဆိုတာကတော့ ကျုပ်တို့ လင်းပါအိုခန်းမရဲ့ ဧကရာဇ်တစ်ပါးပါ။ ဖန်ဧကရာဇ်က ငွေကြေးဥစ္စာတွေထက်ချစ်ခြင်းမေတ္တာတရားကို ပိုအလေးထားတဲ့လူတစ်ယောက်ပါ။ သူက ကျုပ်တို့ နိုင်ငံ၊ ကျုပ်တို့ပြည်သူတွေကို စိတ်ရောကိုယ်ပါ ဂရုစိုက် စိတ်ပူပေးနေတဲ့ လူတစ်ယောက်ပါ။ အခုအကြံအစည်တွေကို သူကပဲ အကောင်အထည် ဖော်ခိုင်းခဲ့တာပါ။ သူနဲ့ယှဉ်ရင် ကျုပ်ကိုယ်ကျုပ်တောင်ရှက်ရွံ့မိသလို ခံစားမိပါတယ်. . .”
ထိုကြေညာချက်ကြောင့်ဖန်ဇီလင်၏ နာမည်သည်လည်း တစ်ကမ္ဘာလုံးသို့ ပြန့်နှံ့သွားပြီးနာမည်ကြီး သွားလေသည်။
အချိန်တခဏအတွင်းပင်ဖန်ဇီလင်သည်ချန်နိုင်ငံတော် တစ်ခုလုံး၏ သူရဲကောင်းသဖွယ်၊ စံပြပုဂ္ဂိုလ်သဖွယ် ဖြစ်သွားလေသည်။ သို့သော်မည်သူမျှ ဖန်ဇီလင်၏ ရုပ်ရည်ကို မြင်တွေ့ဖူးကြခြင်း မရှိသေးချေ။
ထိုမျှသာမကသေး ချန်နိုင်ငံတော်ရှိ ပြည်သူများ၏ အိမ်ရှေ့များတွင်ဖန်ဇီလင်အတွက်ဆုတောင်းမေတ္တာပို့သမှု အထိမ်းအမှတ်ပွဲများပင်ပြုလုပ်နေကြလေသည်။
အချို့လူများ၏ စိတ်ထဲတွင်မူ –
[ဖန်ဇီလင်ဆိုတဲ့လူက နိုင်ငံအတွက် တကယ်ကို အကျိုးပြုတာပဲ။ သူ့ကိုယ်သူလည်း ဂုဏ်မမောက်ဘဲ မထင်မရှားပဲ နေတယ်။ သူရဲကောင်း တစ်ယောက်ဆိုလည်း မမှားဘူး။ အဲ့ဒီလူက ချောမောခန့်ညားပြီး သဘောကောင်းတဲ့လူဖြစ်ရမယ်။နောက်ပြီး သူ့လိုလူမျိုးက ကြင်နာတတ်တဲ့ နှလုံးသားရှိပြီး အစွမ်းရှိတဲ့ လူတစ်ယောက်ပဲ ဖြစ်ရမယ် . . .]
ချန်နိုင်ငံတော်အတွင်းရှိ မိန်းမပျိုလေးများ၏ နှုတ်ဖျားတွင်လည်း “ငါကတော့ ဖန်ဇီလင်လို လူမျိုးကိုသာ လက်ထပ်မှာ” ဟူ၍ပင်ပြောစမှတ်တွင်လျက်ရှိသည်။
နေရာတိုင်းတွင် ဖန်ဇီလင်၏ အမည်သတင်းသည်ပြန့်လွှင့်နေလေသည်။
ဖန်ဧကရာဇ်၏ နာမည်ကြီးစိုးနေသောကမ္ဘာဟုပင်ဆိုရမလိုပင်။
. . .
“ဖန်ဧကရာဇ်တဲ့လား . . .”
ချန်နိုင်ငံတော်သို့ ဦးတည်သွားနေသော အဖြူရောင်ဝတ် အမျိုးသမီးသည် ရေရွတ်လိုက်သည်။ ထို့နောက် ဝမ်ရမ်ချူးချူးအား မျက်မှောင်ကြုပ်ကြည့်လိုက်ရင်း –
“အခု လူပြောများနေတဲ့ လူက မင်းပြောတဲ့ လူပဲလား။ သူက ဘယ်လိုဖြစ်လို့ အရမ်းကို နာမည်ကြီး သွားရတာလဲ . . .”
ဝမ်ရမ်ချူးချူးလည်း အံ့ဩနေသည့်ဟန်ပန်ဖြင့်-
“ဟုတ်ကဲ့ . . . ကျွန်မလည်း သူက လင်းပါအို လေလံခန်းမကြီးရဲ့ ဧကရာဇ်တစ်ယောက် ဖြစ်မယ်လို့ မထင်ထားခဲ့မိဘူး။ ဘယ်တုန်းက ဖြစ်သွားတာပါလိမ့် . . . ကျွန်မလည်း သေချာ မသိဘူး . . .”
ဝမ်ရမ်ချုးချုးအနေဖြင့် အမှန်တကယ်ကိုပင် မသိခြင်းဖြစ်သည်။သို့သော် ယခုလင်းပါအိုမှ ဖန်ဧကရာဇ်သည် သူမ သိခဲ့ဖူးသည့် ဖန်ဇီလင်သာ ဖြစ်မည်ကို သေချာပေါက်ပင်သိနေပါတော့သည်။
သူမ၏ စိတ်ထဲတွင်လည်း –
[သူ့အကြောင်းကို ဒီလောက်ထိ လျှို့ဝှက်ထားလိမ့်မယ်လို့ ထင်ကို မထင်ထားခဲ့မိဘူး . . .]
ထို့နောက် အံတစ်ချက် ကြိတ်လိုက်ရင်း –
[ဟမ့် . . . အဲဒီနေ့က ဒီလူကြီးမှာ ထူးခြားအစွမ်းထက်တဲ့ ဆေးလုံးတွေရှိနေတာ အံ့သြစရာတော့ မရှိတော့ပါဘူး။ သူ ငါ့ကို တကယ်ပဲ အရူးလုပ်ခဲ့တာပါလား . . . ဒီတစ်ခါ တွေ့မှ သင်ခန်းစာ ကောင်းကောင်းကြီးကို ပေးပစ်ရမယ် . . .]
အဖြူရောင်ဝတ် အမျိုးသမီးသည် ဝမ်ရမ်ချူးချူးအား ကြည့်လိုက်ရင်း –
“မင်းကိုယ့်ကိုယ်ကိုယ် သေချာဂရုစိုက်။ ဘာအမှားမှ မလုပ်မိစေနဲ့ . . .”
ဝမ်ရမ်ချူးချူးလည်း –
“ဟုတ်ကဲ့ပါ ဆရာ၊ ကျွန်မ သေချာ သတိထားပါ့မယ် . . .”
အမျိုးသမီးသည်သက်ပြင်းချလိုက်ရင်း –
“ငါတို့ဂိုဏ်းရဲ့ ကျင့်စဉ်က အပျိုစင် ခန္ဓာကိုယ် ပိုင်ရှင် ဖြစ်မှရမှာ။ မင်းရဲ့ အပျိုစင်ဘဝကို ဆုံးရှုံး သွားတာနဲ့ မင်းကြိုးစားခဲ့တာတွေ အကုန်လုံးသဲထဲရေသွန်ဖြစ်ကုန်လိမ့်မယ်. . .”
“မင်းက ငါတို့ဂိုဏ်းရဲ့ လူငယ်မျိုးဆက်သစ်တွေထဲမှာ မျှော်လင့်လို့ရတဲ့ တစ်ယောက်တည်းသော လူပဲ။ ထိပ်ဆုံးထိ ရောက်ဖို့အတွက် ဘယ်အရာကြောင့်နဲ့မှ ကျရှုံးသွားလို့ မဖြစ်ဘူး။ အဲ့ဒီလိုသာ ကျုရှုံးသွားလို့ကတော့ မင်းရဲ့ ဘဝတစ်လျှောက်လုံး နောင်တရနေလိမ့်မယ် . . .”
ဝမ်ရမ်ချူးချူးလည်း အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်ရင်း –
“စိတ်မပူပါနဲ့ ဆရာ . . . ကျွန်မ ဘာလုပ်ရမလဲ ဆိုတာကို သိပါတယ် . . .”
ထိုနောက် ယုံကြည်မှု အပြည့်ရှိသည့် ဟန်ဖြင့် ပြုံးလိုက်ရင်း –
“ကျွန်မရဲ့ နှလုံးသားကို အပိုင်သိမ်းဖို့က အရမ်းကို ခက်ခဲလွန်းပါတယ် . . .”
. . .
ချန်ရှင်းမြို့တော်တွင်ဖြစ်သည်. . .
အလွန်စူးရှတောက်ပသည့်ဓားအလင်းရောင်တစ်ခုသည်ကောင်းကင်ပေါ်မှ ဥက္ကာပျံခဲ ကျဆင်းလာသည့်အတိုင်း လျင်မြန်သော အရှိန်ဖြင့်အဝေးမှ တဟုန်ထိုးရွေ့လျားလာသည်ကို မြို့ရိုးအထက်ရှိ အစောင့့်မှ မြင်တွေ့လိုက်ရသည်။ ခဏအကြာတွင်ဓားအလင်းရောင်ပိုင်ရှင်ဖြစ်သူသည်သွေးအလိမ်းလိမ်းဖြင့်ဂိတ်တံခါးပေါက်သို့ရောက်လာပြီး အလွန်ကျယ်လောင်သော အသံကြီးဖြင့်-
“တံခါးဖွင့်စမ်း . . .”
ထိုလူ၏ အော်သံကြောင့် မြို့ရိုးကြီးပင် တုန်ခါသွားသလိုပင်။
“မြောက်ပိုင်းက စစ်သူကြီးရဲ ပါလား . . .”
မြို့အစောင့်များအား ကွပ်ကဲသည့် စစ်သူကြီးသည် စစ်သူကြီးရဲအား မှတ်မိသွားပြီး ထိတ်လန့် တုန်လှုပ်စွာဖြင့်-
“သွား . . . တံခါးမြန်မြန် ဖွင့်လိုက်ကြစမ်း . . . မြန်မြန် . . .”
မြို့တံခါးကြီးသည် ဖြည်းညင်းစွာဖြင့်ပွင့်လာသည်။ တံခါးပွင့်သွားသည်နှင့်ရဲနန်ရှန်သည်လေးညို့မှ ပစ်လွှတ်လိုက်သည့်မြှားတစ်စင်းကဲ့သို့ လျင်မြန်သော အရှိန်ဖြင့်ပြေးဝင်ပျောက်ကွယ်သွားခဲ့သည်။ ဂိတ်တံခါးရှိ လူများ၏ မြင်ကွင်းမှပျောက်ချင်းမလှပင်ပျောက်သွားခဲ့သည်။
စစ်သူကြီးရဲ၏ အလျင်လိုနေသည့်အမူအယာများအားကြည့်ရင်း လူအချို့မှ –
“စစ်သူကြီးက ဘာလို့ ဒီလောက်ထိ အလျင်လိုနေရတာလဲ။ သူ့တစ်ကိုယ်လုံးမှာလည်း သွေးအလိမ်းလိမ်းနဲ့ပါလား။ ဘာတွေ ဖြစ်ကုန်တာလဲ မသိ . . .”
ရဲအိမ်တော်၏ အဖြစ်အပျက်များအား သိနေသော လူတစ်ယောက်မှ သက်ပြင်းချလိုက်ရင်း –
“သူလာရာ လမ်းတစ်လျှောက်မှာ ရန်သူတွေ၊ ထောင်ချောက်တွေ အများကြီး တွေ့ခဲ့တာ ဖြစ်မယ်။ အင်း . . . အခုဆို သူ့သားကလည်း သေခါနီးဆဲဆဲ ဖြစ်နေပြီ။ အသက်ငွေ့ငွေ့ပဲ ရှူတော့တယ်လို့တောင် ကြားတယ်။ ရက်အနည်းငယ်လောက်ပဲ အသက်ရှင်တော့မယ့် သူ့သားအတွက်စစ်သူကြီးရဲ အလျင်လိုနေတာ ဖြစ်မယ် . . .”
“ဟာ . . . ဘယ်လို ဖြစ်ရတာလဲ . . .”
“ဒီလိုကွာ . . . အမတ်ကြီးဂျန်နဲ့ တခြားအမတ်ကြီးတွေရဲ့ ကလေးတွေက ရဲရှောင်ရဲ့ အသက်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်လေ။ အခု စစ်သူကြီးရဲလည်း ပြန်ရောက်လာပြီဆိုတော့ အင်း . . . ချန်ရှင်းမြို့ကြီး တော့ ကပ်ဆိုးကျရောက်ပြီပေါ့ . . .”
“ခွေးကောင်တွေကွာ . . . ဒီကောင်တွေကို အရင်တုန်းကတည်းက မှတ်လောက်သားလောက် အောင် အပြစ်ပေးခဲ့ရမှာ။ အခုတော့ စစ်သူကြီးရဲ ပြန်ရောက်လာပြီဆိုတော့ ဒီကောင်တွေ အကုန်လုံး ကြမ္မာငင်ပြီပေါ့ကွာ . . .”
“သူတို့ကတော့ သေချာပေါက် ခံကြရတော့မှာ။ သခင်လေးရဲလည်း မြန်မြန် ကျန်းမာလာဖို့ မျှော်လင့်ရတာပဲ။ သူပြန်ကောင်းလာမှ ရဲအိမ်တော် အတွက်ရော နိုင်ငံတော်အတွက်ပါ ရတက်အေးရမှာ”
တာဝန်ကျ အစောင့်များသည်လည်း ရဲရှောင် နေပြန်ကောင်းလာစေရန်သာ ဆုတောင်းနေမိကြသည်။
ထိုအချိန်တွင်ကောင်းကင်ယံထက်သို့ အမြောက်တစ်ချက်ပစ်ဖောက်လိုက်သည့်အတွက်ကျယ်လောင်လှသည့်ပေါက်ကွဲသံကြီးသည်မြို့တစ်မြို့လုံးအား ဖုံးလွှမ်းသွားသည်။ ထိုအမြောက်သည်လေထဲတွင် ပေါက်ကွဲသွားသောအခါ စာလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားလေသည်။
ထိုစာလုံးမှာ “ရဲ” ဟူသော စာလုံးပင် ဖြစ်သည်။
ခဏအကြာတွင် ကျယ်လောင်လှသည့် အသံကြီးတစ်သံ ထွက်ပေါ်လာကာ –
“မြောက်ပိုင်း စစ်သည်တော်တို့ ရဲအိမ်တော်မှာ ချက်ချင်းစုကြ . . .”
ကျယ်လောင်လှသော အသံကြီး၏ ပိုင်ရှင်မှာ ရဲအိမ်တော်၏ အရှင်သခင်ဖြစ်သူ ရဲနန်ရှန်ပင် ဖြစ်လေသည်။
မြို့ထဲရှိ လူများသည် ကြောက်ရွံ့တုန်လှုပ်လျက် ရှိနေကြသည်။ သူတို့၏ စိတ်ထဲတွင်လည်း –
[စစ်သူကြီးရဲတော့ သောင်းကျန်းတော့မယ် ထင်တယ် . . .]
ရဲနန်ရှန်သည် သူ၏ အိမ်သို့ မရောက်မီကတည်းကပင် တပ်သားများအား စုစည်းရန်အမိန့်ပေးခဲ့သည်။ အကယ်၍ ရဲရှောင်၏ အခြေအနေသည်ရလဒ်မကောင်းပါက ချန်ချင်းတစ်မြို့လုံးအား ချက်ချင်းပင်မြေလှန်ပစ်မည့် သဘောပင်။
ရဲနန်ရှန်၏ အမိန့်ကြောင့်စစ်သည်တော်များမှလည်း –
” အမိန့်တော်အတိုင်းပါ စစ်သူကြီး . . .”
စစ်သည်တော်များ၏ သံပြိုင်အော်ဟစ်လိုက်သည့်အသံသည်တစ်မြို့လုံးအား သိမ့်သိမ့်ပင်တုန်ခါသွားစေသည်။
မြို့တော်အတွင်းတွင်လည်း မြင်းခွာသံများဖြင့်ပဲ့တင်ထပ်သွားခဲ့သည်။
တိတ်ဆိတ်ငြိမ်သက်နေသော မြို့တော်သည် မြင်းခွာသံများ မြည်းဟီသံများဖြင့်ကမ္ဘာပျက်တော့မည့်အတိုင်းပင်ဆူညံပွက်လောရိုက်သွားကြသည်။
လူတိုင်း၏ ရင်ထဲ ထိတ်လန့် တုန်လှုပ်ခြောက်ခြားနေကြသည်။
အထူးသဖြင့် ရဲရှောင်နှင့် ပဋိပက္ခ ဖြစ်ခဲ့ဖူးသော လူများမှာ ပို၍ပင် ကြောက်ရွံ့လျက် ရှိကြသည်။ ထိုလူများ၏ မျက်နှာများသည်သွေးမရှိတော့သည့်အတိုင်း ဖြူဖတ်ဖြူေရ်ာဖြစ်နေကြပြီး လိပ်ပြာလွင့်မတတ်ပင်ဖြစ်နေကြလေသည်။
မြို့ထဲတွင် ရှိနေသော မြောက်ပိုင်းတပ်စိတ်သည် တစ်စုတစ်ဝေးတည်း စုစည်းသွားကြပြီး အချို့သည်မြို့ရိုးများသို့ သွားရောက်၍ လုံခြုံရေး တာဝန်အား လွှဲပြောင်းယူလိုက်ကြပြီ ဖြစ်သည်။
ချန်ရှင်းမြို့တော်သည် ချက်ချင်းဆိုသလိုပင်ရဲနန်ရှန်၏ ထိန်းချုပ်မှုအောက်တွင် ရှိသွားလေသည်။အဝင်သာလက်ခံ၍ အထွက်ကို လက်မခံတော့ချေ။
ရဲနန်ရှန်၏ ကျယ်လောင်လှသော အော်ဟစ်သံကြီးကြောင့် လူတိုင်းသည် မြောက်ပိုင်းမှ စစ်သူကြီး ရဲနန်ရှန် ပြန်ရောက်နေပြီဖြစ်ကြောင်း သိသွားကြချေပြီ။
. . .
တော်ဝင်နန်းတော်အတွင်းတွင် ဖြစ်၏။
ဘုရင်ကြီးသည် မျက်နှာမသာမယာဖြင့်သက်ပြင်းအကြိမ်ကြိမ်ချလျက်ရှိသည်။
အိမ်ရှေ့မင်းသား၏ မျက်နှာတစ်ခုလုံးသည်လည်း သွေးမရှိတော့သကဲ့သို့ ဖြူရော်နေပြီး ထိတ်လန့်တုန်လှုပ်လျက်ရှိသည်။
အပြင်ဘက်မှ ဆူညံသံများကြောင့်သူ၏ တစ်ကိုယ်လုံး ကြောက်ရွံ့စိတ်ကြောင့် တုန်ယင်လျက် ရှိသည်။
အိမ်ရှေ့မင်းသားအဖို့ ရဲနန်ရှန်၏ ဒေါသအား ပထမဆုံးအကြိမ်အဖြစ် နဖူးတွေ့ဒူးတွေ့ ကြုံနေရခြင်း ပင် ဖြစ်ပါတော့သည် . . .။