Chapter – 173
“ချူးချူးလာချေပြီ”
ထူးခြားအံ့သြဖွယ်ရာများဖြင့် ပြည့်နှက်ေနသော တာအိုခရီးလမ်းသည် သူ့အား စောင့်ဆိုင်းလျက် ရှိသည်။ သို့သော် ထိုလမ်းသို့ သွားရာလမ်းတစ်လျှောက်တွင်အခက်အခဲပေါင်းများစွာ နှင့်ပေးဆပ်စတေးရမည့်အရာများစွာ ရှိနေမည်မှာ အသေအချာပင်။ ထိုအရာများသည်ရှောင်လွှဲ၍ မရနိုင်သည့် အခြေအနေများပင် ဖြစ်ပေသည်။
ရဲရှောင်၏ စိတ်ထဲတွင် “သဘာဝအား ချစ်မြတ်နိုးခြင်း” ဟူသည့် စာလုံးများသည်သာ နေရာယူထားလျက် ရှိသည်။ သူ၏ စိတ်ထဲတွင်စဉ်းစားနေမိသည်မှာ –
[ငါ့ဘဝရဲ့ တန်ဖိုးအထားဆုံးအရာတွေကို ငါဘယ်တော့မှ အဆုံးရှုံးမခံနိုင်ဘူး . . .]
[ယောကျာ်းတစ်ယောက် . . . တာဝန်ယူမှု . . . ကာကွယ်မှု . . . တိုးတက်မှု . . . ကျင့်ကြံမှု . . .]
[ဒါတွေကြောင့်ပဲ ခရမ်းရောင်ချီဓာတ် ကျရောက်ခြင်းနဲ့ ချစ်ခြင်းတရားကျင့်စဉ်ကို တစ်ပြိုင်တည်း ကျင့်ကြံစေတာ ဖြစ်ရမယ် . . .]
ရဲရှောင်သည် တွေးနေရင်းဖြင့် သူ၏ နှုတ်မှလည်း –
“ယောကျာ်းတစ်ယောက်ရဲ့ ချစ်ခြင်းဟာ သဘာဝတရားကြီးရဲ့ နိယာမနဲ့ တိုက်ရိုက် အချိုးကျ နေတာလား . . .”
မော်တယ်ကမ္ဘာကြီးတွင် အဖြစ်အပျက်များသည်အချိန်နှင့်တပြေးညီပြောင်းလဲ ဖြစ်ပေါ်လျက်ရှိသည်။ တိုက်ပွဲများသည် ပြင်းထန်လျက်ရှိပြီး ကောင်းကင်ယံတွင်ထောင်သောင်းချီသော စာပို့ဌက်များသည်စုန်ဆန်ချည်၍ စာများ ပို့ဆောင်နေရသည်။
နယ်စပ်ဒေသများတွင်လည်း စစ်သည်ရဲမက်တို့သည် ရန်သူများအား ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေကြသည်။ လူ ၅ သိန်းလောက်သည် အမြဲလိုလိုပင်တိုက်ခိုက်နေရပြီး တိုက်ပွဲအတွင်း အော်ဟစ်သံများဖြင့် ပြည့်နှက်လျက်ရှိသည်။ စစ်မြေပြင်တွင်သွေးချောင်းစီးနေသည့် မြင်ကွင်းများသည်အနိဌာအာရုံပင်။
တိုက်ပွဲမြေပြင်နှင့် ခပ်လှမ်းလှမ်းရှိ တောင်ထိပ်တစ်ခုပေါ်တွင် လူနှစ်ယောက်သည် ထိုင်နေကြရင်း လက်ဖက်ရည် သောက်လျက် ရှိသည်။တိုက်ပွဲများ ဖြစ်နေခြင်းသည်သူတို့နှစ်ဦးအတွက်မထူးဆန်းသည့်အလားအေးစက်သော မျက်လုံးများဖြင့်ပင်ကြည့်နေကြသည်။
အဆိုပါ လူနှစ်ဦးသည်အချိုးအစားကျ၍ လှပသော ခန္ဓာကိုယ်များရှိပြီး ရှည်လျားလှသော ဆံနွယ်များအား ပိုင်ဆိုင်ထားသည့်မိန်းမလှလေးနှစ်ယောက်ပင်ဖြစ်သည်။
ကောင်းကင်ယံထက်မှ ဌက်အော်သံတစ်ခုသည်ထွက်ပေါ်လာသည်။
ပျံလွှားငှက်တစ်ကောင်သည် တိမ်တိုက်ကြားမှ လှပစွာ ပျံသန်းထွက်လာပြီး မိန်းမလှနှစ်ဦး၏ အရှေ့တွင် ရပ်လိုက်သည်။
အမျိုးသမီး နှစ်ဦးထဲမှ မျက်နှာအား ပိုးသားပဝါဖြင့်အုပ်ထားသော တစ်ယောက်သည် ငှက်၏ ကိုယ်မှ ပိုချောင်းအား ဆွဲယူလိုက်သည်။ ထို့်နောက်ပိုက်အတွင်းမှ စာအား ဆွဲထုတ်လိုက်သည်။
စာကို ဖြန့်လိုက်ပြီးနောက် သူမ၏ မျက်နှာအမူအယာသည်ချက်ချင်းပင်ပြောင်းလဲသွားသည်။
“လုပ်ကြံသတ်ဖြတ်သူပေါင်း ၁၁၇ ယောက် ရဲရှောင်ကို လုပ်ကြံဖို့ သွားခဲ့တယ်။ ၁၁၄ ယောက်က အသက်ဆုံးရှုံးခဲ့ရပြီးတော့ ၂ ယောက်က ဒဏ်ရာအပြင်းအထန်ရခဲ့တယ်။ လျူချန်းဂျန်ကတော့ ပျောက်နေဆဲပဲ။ ရဲရှောင်ကတော့ ဘာမှ ဖြစ်မသွားခဲ့ဘူး . . .”
စာတိုလေး တစ်စောင်သာ ဖြစ်သည်။
စာဖတ်သူအမျိုးသမီးမှ လေသံတီးတိုးဖြင့် –
“တော်တော်ကို အခြေအနေ ဆိုးခဲ့တာပဲ။ ရဲအိမ်တော်က အဲဒီလောက်တောင် အန္တရာယ် များနေတာလား . . .”
နောက်အမျိုးသမီးတစ်ယောက်မှ –
“ချူးချူး . . . ဘာတွေ ဖြစ်နေတာလဲ . . .”
ချုးချုးသည်ပြုံးလိုက်ရင်း –
“ကျွန်မရဲ့ အစီအစဉ် ပျက်ဆီးသွားပြီ . . . လုပ်ကြံရေးသမားတွေ အားလုံးနီးပါး သေကုန်ကြပြီ . . .”
မေးလိုက်သူ အမျိုးသမီးမှ ခေါင်းညိတ်ပြလိုက်ရင်း –
“အင်း . . .”
ထိုအမျိုးသမီး၏ မျက်နှာသည်ထူးထူးခြားခြား မခံစားရသည့်ပုံစံပင်။
“ရဲအိမ်တော်က ဒီလို လုံခြုံရေး အပြည့်ရှိနေမှာတော့ နောက်ထပ် လှုပ်ရှားမှုတစ်ခု ထပ်လုပ်ဖို့ အချိန်ကောင်း မဟုတ်သေးဘူးလို့ ထင်တယ်။ ဆရာ . . . ကျွန်မတို့ သွားကြရအောင် . . .”
ချူးချူးခေါ် ဝမ်ရမ်ချူးချူးမှ ပြောလိုက်ခြင်း ဖြစ်သည်။
အမျိုးသမီးမှ ဝမ်ရမ်ချူးချူးအား ကြည့်လိုက်ရင်း –
“ဟုတ်လား . . .”
“ဆရာ . . . ကျွန်မတို့ ချန်နိုင်ငံတော်ကို ချက်ချင်း သွားရအောင် . . . ကျင့်ကြံမှုကြောင့် ဖြစ်သွားတဲ့ ဆရာ့ရဲ့ ရောဂါက အခုဆို အန္တရာယ်အများဆုံး အခြေအနေကို ရောက်နေပြီ။ ကျွန်မကိုယုံပါ။ ဖန်ဇီလင်ဆိုတဲ့လူက ဆရာ့ကို ကုပေးနိုင်မှာ သေချာပါတယ် . . .”
အမျိုးသမီးသည် ကောင်းကင်ပြင်ကြီးအား ငေးမောကြည့်လိုက်ရင်း –
“ငါမင်းကို ယုံကြည်ပါတယ်။ မင်းရဲ့ အခြေအနေကို ကြည့်ရုံနဲ့ မင်းပြောတာ အမှန်ဆိုတာ သိပါတယ်။ ဒါပေမယ့်သူကုပေးတဲ့ နည်းလမ်းကို ငါ သဘောမတွေ့လှဘူး။ ငါကတော့ ယောကျာ်းတစ်ယောက် ငါ့ခန္ဓာကိုယ်ကို ထိတွေ့တာ ခံမယ့်အစား အသေသာ ခံလိုက်ချင်တယ် . . .”
ထိုစကားအား ကြားလိုက်ရသောအခါ ဝမ်ရမ်ချူးချူး၏ မျက်နှာသည်ရဲခနဲပင်ဖြစ်သွားပြီး ရှက်ရွံ့သည့် ဟန်ဖြင့် –
“ဆရာ . . . အသက်ရှင်ဖို့ အရေးထက်တော့ ဘာမှ အရေးမကြီးပါဘူး။ ဆရာက . . .”
ရှက်ရွံ့စိတ်ကြောင့်သူမ၏ နှုတ်မှနောက်ထပ်စကားလုံးများအား ဆက်၍ပြောမထွက်တော့ပေ။
ကုသမှုခံယူနေစဉ်အတွင်း တစ်စိမ်းယောကျာ်းတစ်ယောက်မှ သူမ၏ ခန္ဓာကိုယ်အား ထိတွေ့ခဲ့သည် မဟုတ်ပါလား။
ဝမ်ရမ်ချုးချုးသည်အံတစ်ချက်ကြိတ်လိုက်ရင်း –
“ဆရာ . . . ဆရာက မသွားချင်ဘူးဆိုရင် ကျွန်မ . . .”
“ကျွန်မ ယောကျာ်းတစ်ယောက်ရဲ့ ထိတွေ့တာကို ခံခဲ့ရတာ ဘာအဓိပ္ပါယ်မှ ရှိတော့မှာ မဟုတ်ဘူး”
သူမ၏ ဗိုက်အား နွေးထွေးသော လက်တစ်စုံဖြင့်ကိုင်ခံခဲ့ရသည့် အဖြစ်အပျက်များအား စဉ်းစားလိုက်မိတိုင်း ကြက်သီးမွှေးညှင်းများပင်ထလာပြီး အသိစိတ်လွတ်ချင်လာသလိုပင်ခံစားခဲ့ရသည်။ စဉ်းစားမိလေ ရှက်ရွံ့မိလေပင်။
ဝမ်ရမ်ချုးချုးလည်း စိတ်ကို တင်းထားကာ –
“ဆရာ . . . ဘယ်လိုပဲဖြစ်ဖြစ် သွားတော့ ကြိုးစားကြည့်သင့်ပါတယ်။ ဆရာ့အတွက် အပြောင်းအလဲ တစ်ခု ဖြစ်သွားမှာ သေချာတယ်။ ဆရာက ဒီလိုလုပ်ရမှာ မနှစ်မြို့ဘူး ဆိုရင်လည်း တခြားနည်းလမ်း တစ်ခုခု ရှာကြတာပေါ့။ အမေးပုစ္ဆာတိုင်းမှာ အဖြေဆိုတာ ရှိစမြဲပါ . . .”
အဖြူရောင်ဝတ်စုံဝတ်အမျိုးသမီးသည် ဝမ်ရမ်ချုးချုး၏ စကားကြောင့်မျက်မှောင်ကြုတ်လိုက်ရင်း ခဏတာ ငြိမ်သက်သွားသည်။ ထို့နောက် သက်ပြင်းတစ်ချက် ချလိုက်ပြန်သည်။
ခေါင်းကိုမော့၍ သူမ၏ တပည့်ဖြစ်သူအား စိုးရိမ်သော မျက်ဝန်းများဖြင့်ကြည့်ရင်း –
“ချူးချူး . . . မင်းငါ့ကို သိပ်ပြီး ဂရုစိုက်တာ ငါသိပါတယ်။ ဒီလိုဆိုမှတော့ ငါမင်းနဲ့ လိုက်ခဲ့ပါ့မယ်လေ . . .”
“ငါ့အတွက် အကျိုးရှိမယ့်ကိစ္စမဟုတ်ဘူး ဆိုရင်တောင် အနည်းဆုံးတော့ အဲဒီမှာ မင်းအတွက် တစ်ခုခု လုပ်ပေးလို့ ရနိုင်မှာပါ . . .”
ဝမ်ရမ်ချူးချူး၏ မျက်နှာ ဖြူရော်ရော် ဖြစ်သွားပြီး –
“ဆရာ . . . ဒီလိုအတွေးကို ဘယ်လိုများ တွေးလိုက်ရတာလဲ။ ကျွန်မအတွက် အရေးမကြီးပါဘူး။ အခု ကျွန်မတို့ ချန်နိုင်ငံတော်ကို ရောက်ရင် တစ်ခုတည်းသော လုပ်ရမဲ့ အရာက ဆရာ့ရဲ့ ရောဂါကို ပျောက်ကင်းစေမဲ့ နည်းလမ်းတစ်ခုခု ရအောင် ရှာဖို့ပဲ . . .”
အမျိုးသမီးသည် သူမ၏ လက်ဖြင့် ချူးချူး၏ ဆံပင်လေးများအား ညင်သာစွာ ပွတ်သပ်လိုက်ရင်း –
“မင်းငါ့ကို သိပ်ဂရုစိုက်တာ ငါသိပါတယ် . . .”
“အဲဒါကြောင့်ပဲ ငါမင်းအတွက် တစ်ခုခု လုပ်ပေးချင်နေတာပေါ့။ ငါ့ကို ကုသဖို့ သင့်လျော်တဲ့ နည်းလမ်း မရှိခဲ့ဘူးဆိုရင် ငါ့ရဲ့ လက်ကျန်အချိန်ရဲ့ စက္ကန့်တိုင်းကို မင်းနဲ့ မင်းအဖေရဲ့ မျှော်လင့်ချက်တွေ ပြည့်ဝအောင်ဖြည့်ဆည်းပေးချင်တယ်။နောက်ပြီး မင်းတို့နားကအန္တရာယ်တွေကို ရှင်းထုတ်ပေးချင်တယ်။ ဒါက မင်းနဲ့ ငါ့ရဲ့ကြားက သံယောဇဉ်ကြောင့်ပဲ . . .”
အမျိုးသမီးသည် ပြုံးလိုက်ရင်း –
“မင်းက တကယ်တော်တဲ့ ကလေးတစ်ယောက်ပါ။ မင်းရောဂါကို ကုသခဲ့တာ မင်းအတွက် မဟုတ်ဘူးဆိုတာ ငါသိပါတယ်။ မင်းရဲ့ အနစ်နာခံခဲ့မှုတွေကြောင့်သာ မဟုတ်ရင်ငါကလည်း မင်းဆန္ဒကို လိုက်လျောမိမှာ မဟုတ်ဘူး . . .”
ဆရာဖြစ်သူ၏ စကားကြောင့်ဝမ်ရမ်ချူးချူးသည်ရှက်ရွံ့သွားလေသည်။
အဖြူရောင်ဝတ်အမျိုးသမီးသည် ကြင်နာမှု အပြည့်ပါသော အပြုံးမျိုးဖြင့် ချူးချူးအား ကြည့်လျက်ရှိသည်။ သူမအတွက်သေခြင်းတရားဖြင့်ရင်ဆိုင်ရမည်ကို မကြောက်ချေ။
ဖန်ဇီလင်မှ သူ့အား လုံးဝထိတွေ့ခြင်း မရှိစေရဟု စိတ်ပိုင်းဖြတ်ထားသည်။ သူ၏ စိတ်ထဲတွင်လည်း –
[ယောကျာ်းတစ်ယောက် ငါ့ရဲ့ ခန္ဓာကိုယ်ကို ထိတွေ့မှာ လုံးဝ အဖြစ်မခံနိုင်ဘူး။ ငါသေရင် သေသွားပါစေ။ ငါတကယ်ပဲ အသက်ရှင်ရဖို့ မျှော်လင့်ချက် မရှိတော့ဘူး ဆိုရင်တောင် အသေခံလိုက်မယ်။ အဲဒီလို အသေမခံခင်မှာ ချန်နိုင်ငံတော် တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင်တော့ လုပ်သွားရမှာပဲ . . .]
သူ မသေခင်အချိန်တွင်တပည့်မလေးဖြစ်သူ နှင့်အတူ အချိန်ကုန်ဆုံးရန်မော်တယ်ကမ္ဘာသို့ရောက်လာခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်တွင် သူ၏ ရောဂါသည်လည်း ပို၍ ဆိုးလာခဲ့သည်။
ဝမ်ရမ်ချူးချူးသည် မျက်လုံးများအား မှိတ်ထားလျက် ဆရာဖြစ်သူ၏ ရင်ခွင်ထဲတွင်မျက်နှာအပ်ထားမိသည်။ မည်သို့သော အခြေအနေမျိုးပင်ဖြစ်စေ သူမ၏ ဆရာအား ရအောင် ကုသပေးရန်ဆုံးဖြတ်ချက် အခိုင်အမာ ချထားသည်။
သူမ၏ ဆရာသည် စိတ်မြန်လက်မြန်ရှိသည့်လူတစ်ဦးဖြစ်သောကြောင့်ဆရာဖြစ်သူနှင့်အတူရှိနေသည့်အချိန်တွင်အခြားအရာများအား လျစ်လျူရှုထားရသည်။
ဆရာဖြစ်သူအား မည်ကဲ့သို့ ကုသပေးရမည်ကိုသာ စဉ်းစားနေမိရင်း စိတ်ထဲတွင်လည်း –
[ငါ့ရည်မှန်းချက်တွေ အတွက်က အချိန်ရလောက်ဦးမှာပါ။ ငါ့မှာက ဒီဆရာတစ်ယောက်တည်း ရှိတာ . . . ငါ့ရဲ့ ရည်မှန်းချက်တွေနဲ့ ငါ့ဆရာကို ရွေးချယ်ပါဆိုရင် ငါကတော့ ငါချစ်တဲ့ ဆရာ့ကိုပဲ ရွေးချယ်မှာ . . .]
သူမတို့နှစ်ယောက်သည် တစ်ဦး နှင့်တစ်ဦး အပြန်အလှန်တင်းကြပ်စွာဖြင့်ပင်ဖက်ထားလိုက်ကြပြီး နှစ်ဦးလုံး၏ ရင်ထဲတွင်လည်း နွေးထွေးမှုများ ကိုယ်စီရှိနေပါတော့သည်။
မွန်းလွဲပိုင်းသို့ ရောက်သောအခါ ဝမ်ရမ်ချူးချူးသည် နဂိုက စီစဉ်ခဲ့သော စစ်ဘက်ဆိုင်ရာများနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ အားလုံးတွင်သူမပါဝင်တော့မည်မဟုတ်ကြောင်း ကြေညာလိုက်သည်။
သူမ၏ ဆရာအတွက်ကိုသာ အာရုံစိုက်ရတော့မည် ဖြစ်သည်။
“ငါက ချင်းယန်နယ်ပယ်ဂိုဏ်းတစ်ခုကဆိုတော့ ဒီမော်တယ်ကမ္ဘာမှာ အကြာကြီး နေလို့ မရဘူး။ မော်တယ်ကမ္ဘာရဲ့ အခြေအနေတွေ အားလုံးက မင်းတို့နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့အတွက် မင်းတို့ကိုယ်တိုင် တိုက်ပွဲဝင်ဖို့ လိုအပ်တယ် . . .”
ထိုစကားများအား ဝမ်ရမ်ချူးချူးမှပြောလိုက်သော အခါ လူများ၏ စိတ်ထဲတွင် –
[သူက ငါတို့ရဲ့ မင်းသမီးပဲ။ ဘုရင်ကြီးရဲ့ သမီးတော် . . . နောက်ပြီး အခုဆို သူက အဆင့်မြင့် ပညာရှင်တစ်ယောက် ဖြစ်နေပြီ။ ဒီကမ္ဘာကတောင် မဟုတ်တော့တဲ့ဟာ ငါတို့က သူ့ကို ဘာများ ပြောနိုင်ဦးမှာလဲ . . .]
“ငါ့မှာ လုပ်စရာ အလုပ်တစ်ခု ရှိနေတယ်။ ဖြစ်လာမဲ့ အကျိုးဆက်တွေကိုတော့ စောင့်ကြည့်ကြတာပေါ့။ ဘယ်သူမှ ငါ့ရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်မှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ် . . .”
ထိုနေ့မှစ၍ သူမနှင့် သူမ၏ ဆရာတို့သည် ချန်နိုင်ငံတော်၏ မြို့တော် ချန်ရှင်းမြို့သို့ ဦးတည် ထွက်ခွာသွားကြသည်။
သူမတို့ ထွက်ခွာလာသည့် နေ့သည် ရဲနန်ရှန် ထွက်ခွာလာပြီး ၅ ရက်မြောက်နေ့ ၊ ရဲရှောင် လုပ်ကြံသတ်ဖြတ်ခံရပြီး ၂ ရက်မြောက်နေ့လည်း ဖြစ်သည်။
ထိုနေ့ညအချိန်တွင် ချန်နိုင်ငံတော်အတွင်း အံ့သြစရာ သတင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ လင်းပါအိုလေလံခန်းမ၏ သူဌေးသည် တစ်လအကြာတွင် ထူးခြားအစွမ်းထက် ဆေးလုံးများအား လေလံတင်မည်ဟူသော သတင်းပင် ဖြစ်သည်။
လေလံတင် ရောင်းချမည့် ထူးခြား အစွမ်းထက် ဆေးလုံးများမှာ ပထမအဆင့် ဖေးယွမ်ဆေး အလုံး ၅၀၊ ဒုတိယအဆင့် ကြွက်သားဆန့်ထွက်ဆေး ၁၀ လုံး၊ တတိယအဆင့် အရိုးသန့်စင်ဆေးလုံး ၁၀ လုံး၊ တတိယအဆင့် ပင်လယ်ဖယ်ဆေးလုံး ၁၀ လုံးနှင့် စတုတ္ထအဆင့် ချိုးဖျက်ဆေး ၃ လုံးတို့ပင် ဖြစ်၏။
ထိုသတင်းသည် မော်တယ်ကမ္ဘာတစ်ခုလုံးအား တုန်လှုပ်သွားစေပြီး စစ်မြေပြင်သို့ပင် သတင်းပြန့်နှံ့သွားစေခဲ့သည်။
နောက်ဆုံးတစ်ခေါက် လေလံပွဲတွင် ဖေးယွမ်ဆေးလုံးများဖြင့်ပင် ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ရပြီး ယခုအခါ ဒုတိယအဆင့်၊ တတိယအဆင့်နှင့် စတုတ္ထအဆင့် ဆေးလုံးများပင် ပါဝင်နေပါသေးသည်။
အားလုံးသည်လည်း ထူးခြားအစွမ်းထက်သည့်ဆေးလုံးများသာ ဖြစ်ပေသည်။
ထွက်ပေါ်လာသော သတင်းကြောင့်လူအများ၏ စိတ်ထဲတွင်လည်း –
[ဒီလူတွေ အဲ့ဒီလိုဆေးလုံးတွေကို ဘယ်ကများ ရလာတာပါလိမ့် . . .]
လင်းပါအို လေလံခန်းမသည်သာ သာမန် လေလံခန်းမလေးတစ်ခု ဆိုပါက မည်သူမျှ ထိုသတင်းကို ယုံကြည်ကြမည် မဟုတ်ချေ။
ကမ္ဘာပေါ်တွင်အကျော်ကြားဆုံး ခန်းမတစ်ခုမှ ထွက်ပေါ်လာသည့် သတင်းဖြစ်နေ၍ မယုံကြည်စရာတော့ မရှိပေ။
ထို့နောက် လင်းပါအို၏ သူဌေးဖြစ်သူ ဝမ်ဇန်းဟိုသည် ကြေညာချက် တစ်ခုအား ထုတ်ပြလိုက်ပြန်သည်။ ဆေးလုံးများအား အတုအယောင်လုပ်၍လိမ်လည်ရောင်းချခြင်းမျိုး ပြုလုပ်ခဲ့ပါက သူတို့ ခန်းမ အနေဖြင့် မော်တယ်ကမ္ဘာမှ ပျောက်ကွယ်သွားပေးမည် ဖြစ်ကြောင်းကိုလည်း ကြေညာလိုက်သည်။
ကမ္ဘာတစ်ခုလုံးသိအောင် ကြေညာလိုက်သည့် ဝမ်ဇန်းဟိုသည် ဆေးလုံးများနှင့် ပတ်သက်၍ ဖန်ဇီလင်အပေါ် ယုံကြည်မှု အပြည့်အဝ ရှိနေသည့်သဘောပင်ဖြစ်ပါတော့သည်. . .