Chapter – 17.4 ” ပထမအကြိမ် ပူးပေါင်း ဆောင်ရွက်ခြင်း။ လူ နှစ်ယောက် စစ်မြေပြင်ကို ထိန်းချုပ်မှု ”
°°°
အတန်းနံပါတ်တစ်ကတော့ အဖွဲ့နှစ်ဆယ့် နှစ်ဖွဲ့သာ ရှိပါတယ်။ တခြားအတန်းတွေအားလုံးကတော့ အနည်းဆုံး အဖွဲ့သုံးဆယ်အထိရှိကြတယ်။ ဒါ့အပြင် သူတို့တွေရဲ့ အတန်းတွေက သိပ်ပြီမတင်းကြပ်ခဲ့ပါဘူး။ ဆရာတွေကလဲ အမြဲတမ်းကျောင်းသားစာမေးပွဲကိုဖြေဖို့အတွက် ချောင်ချောင်ချိချိ ပြုလုပ်ပေးပါတယ်။
စုစုပေါင်းအဖွဲ့ သုံးရာနဲ့တစ်ဆယ့်ရှိနေပြီး ပါ၀င်သူအရေအတွက်ကတော့ ကိုးရာနဲ့သုံးဆယ့်ရှိနေခဲ့ပါတယ်။ အဲ့ဒီအထဲမှာ တစ်ရာနဲ့ငါးဆယ့်ကသာ နောက်ဆုံးစာမေးပွဲကို အောင်မြင်ပြီ ပထမနှစ်ကျောင်းသားတွေအဖြစ် သင်ယူကြရမှာဖြစ်ပါတယ်။ ကျန်တဲ့အဖွဲ့တွေအားလုံးကတော့ ထုတ်ပယ်ခံရလိမ့်မယ်။
ကျောင်းတော်ထဲမှာ သင်ယူနေတဲ့အချိန် ပြိုင်ပွဲတွေက အရမ်းကို ကြမ်းတမ်းပြီ ရက်စက်ပါတယ်။ ဒီလိုကြောင့်သာ ကျောင်းသားတွေက ပိုပြီးကြိုးစားကြပြီး အနာဂတ်အလားအလာလဲ ပိုမို တိုးတက်ကြပါတယ်။ အပြန်လှန်အနေနဲ့ အမျက်ဒေါသကျောင်းတော်မှာ နောက်ဆုံးအချိန်ထိ ကျန်ရှိနေသူတွေက ထိပ်တန်းပညာရှင်တွေအဖြစ်ကို ပြောင်းလဲသွားကြပါတယ်။ ဒါ့အပြင် နှစ်ပေါင်းတစ်သောင်းအတွင်းမှာလဲ ကျောင်းတော်က တစ်ချက်လေးတောင် အားမနည်းသွားခဲ့ပါဘူး။
လူသစ်တွေရဲ့ စာမေးပွဲမှာ စုစုပေါင်းနေရာငါးဆယ်ရှိပါတယ်။ ဒါကြောင့် နယ်မြေတစ်ခုချင်းဆီတိုင်းမှာ အဖွဲ့ခြောက်ဖွဲ့ကနေ ခုနှစ်ဖွဲ့အထိ ယှဥ်ပြိုင်ရမှာပါ။ ဒီနေ့တင်မကပဲ နောက်ရက်မှာလဲ တခြားအဖွဲ့တွေနဲ့ပြန်ပြီး တိုက်ခိုက်ယှဥ်ပြိုင်ရပါလိမ့်မယ်။ နောက်ဆုံးအကြိမ်အနိုင်ရရှိတဲ့သူတွေကသာ လူအသစ်တွေကို နေရာအသစ်မှာ အုပ်စုအသစ်နဲ့ထပ်ပြီးယှဥ်ပြိုင်တိုက်ခိုက်ရမှာပါ။ ဒါ့အပြင် စုစုပေါင်း ဆယ့်ကြိမ်တိတိ တိုက်ခိုက်ဖို့လဲ လိုပါသေးတယ်။
ဟို့ယွိဟောင်တို့သုံးယောက်အဖွဲ့က နယ်မြေနံပါတ်သုံးဆယ့်သုံးမှာ တိုက်ခိုက်ဖို့အတွက် အစီအစဥ်ကျလာခဲ့ပါတယ်။ နေ့လည်စာစားပြီးခဲ့တဲ့နောက် သူတို့က သက်ဆိုင်ရာအခန်းတွေဆီကို ပြန်သွားပြီ တရားထိုင်ရင်းနဲ့ အချိန်မီပြန်ရောက်လာဖို့ သဘောတူလိုက်ကြပါတယ်။ စာမေးပွဲနယ်မြေကတော့ သူတို့အတွက် ရှာဖွေရတာ အရမ်းကိုလွယ်ကူခဲ့တယ်။ ဒါ့အပြင်နေရာတစ်ခုချင်းဆီတိုင်းကလဲ သိသိသာသာကို လမ်းညွှန်ပေးထားခဲ့တာပါ။ ဒါကြောင့် အမြန်ဆုံးရောက်ရှိလာခဲ့ပါတော့တယ်။
တခြားအတန်းရဲ့ ကျောင်းသားတွေကလဲ ရောက်ရှိနေကြပါပြီ။ တစ်ချို့ကျောင်းသားတွေကတော့ စိတ်ပူနေကြပုံပါပဲ။ သူတို့တွေကတော့ အရမ်းကို စိတ်တက်ကြွနေပါတယ်။ အားလုံးက အသက်ဆယ့်တစ်နှစ် ဆယ့်နှစ်နှစ်အရွယ် ကလေးတွေဖြစ်တာကြောင့် အတွေးလေးတွေကို မဖုံးကွယ်တတ်သေးပါဘူး။ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ရန်စောင်းနေခဲ့ကြပါတယ်။ သူတို့ထဲမှာ လူအနည်းစုကသာ ကျန်ရစ်ခဲ့မှာပါ။ လူသစ်တွေရဲ့စာမေးပွဲက တစ်ချီသာဖြစ်ပေမဲ့ တစ်ချီချင်းဆီတိုင်းကလဲ သူတို့ရဲ့ အနာဂတ်ကို ထိခိုက်နိုင်ပါတယ်။
” ကျောင်းသားသစ်တွေအားလုံး အာရုံစိုက်ကြ ကျေးဇူးပြုပြီး စာမေးပွဲနယ်မြေထဲကို ၀င်ရောက်ကြပါ ၀င်ဖို့အတွက်မပိတ်ခင်ဆယ့်မိနစ်အချိန်ကျန်ပါသေးတယ်…နောက်ကျတဲ့ကျောင်းသားတွေအားလုံးက အလိုအလောက် ပြိုင်ပွဲကနေ ထုတ်ပယ်ခံရမယ် “‘
ကျယ်လောင်တဲ့အသံကြီးက ရုတ်တရက်ဆိုသလို ထွက်ပေါ်လာခဲ့ပါပြီ။ ကျောင်းသားတွေအားလုံးကတော့ ချက်ချင်းဆိုသလို တည်ငြိမ်သွားပါတော့တယ်။ ပထမဆုံးတိုက်ပွဲက စတော့မှာဖြစ်တာကြောင့် သူတို့တွေ စိတ်မလှုပ်ရှားပဲ မနေနိုင်ပါဘူး။
ဟို့ယွိဟောင်လဲ လက်သီးတွေကို ဆုပ်ထားခဲ့မိပါတယ်။ သူ့ရဲ့ခါးက လရောင်ဖြာတံတားနှစ်ဆယ့်လေးစင်းခါးပတ်ကို ကိုင်ရင်းနဲ့ ကိုယ့်ကိုကိုယ် တည်ငြိမ်အောင် ကြိုးစားနေခဲ့ရတယ်။ လူသစ်တွေရဲ့ စာမေးပွဲက ၀ိဉာဥ်လက်နက်တွေ သုံးခွင့်မရှိပါဘူး။ ဒါပေမယ့် လက်နက်ပုန်းတွေက သာမန်လက်နက်တွေအဖြစ် သတ်မှတ်ခံထားရတာကြောင့် သူတို့ကို ကန့်သတ်တားဆီးထားတာမျိုး မရှိပဲဖြစ်နေခဲ့ပါတယ်။ ၀ိဉာဥ်ပညာရှင်တွေက လက်နက်တွေသုံးတယ်ဆိုတာ အတော်ကို ရှားပါးလွန်တယ်။ တခြားသူတွေက ၀ိဉာဥ်လက်နက်ပုန်းကိုသာ အများဆုံးအသုံးချကြတာပါ။ ဒါပေမယ့် ထန်မျိုးနွယ်ရဲ့ တပည့်သားဖြစ်နေခဲ့တာကြောင့် ဟို့ယွိဟောင်က ချွင်းချက်ဖြစ်နေခဲ့ပါတယ်။
၀မ်သုန့်က ဟို့ယွိဟောင်ရဲ့ပုခုံးပေါ်ကို ဘယ်ဘက်လက်နဲ့တင်ရင်း သူ့ကို လာမှီပါတော့တယ်။
” သိပ်ပြီးစိုးရိမ်မနေပါနဲ့ ဒါက စမ်းသပ်ချက်လေးတစ်ခုပဲလေ “‘
ရှောင်ရှောင်းကတော့ ဒီတစ်ခေါက် ၀မ်သုန့်ကို မောက်မာတဲ့အကြောင်းပြောမနေတော့ပါဘူး။ အဲ့ဒီအစား ခေါင်းသာညိတ်ပြလိုက်ပါတယ်။ ၀မ်သုန့်က အစောပိုင်းတိုက်ခိုက်ချိန်မှာ သူ့ရဲ့အင်အားအပြည့်အ၀ကို ထုတ်မသုံးပေမဲ့ သူ့ရဲ့ကျင့်ကြံဆင့်က လုံး၀ အားမနည်းမှန်းသိနေခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့စကားတွေကလဲ အရမ်းကို အခိုင်အမာရှိနေခဲ့တယ်။
အတန်းခေါင်းဆောင်ရဲ့ ထူးဆန်းဆန်းကြယ်တဲ့ စိတ်၀ိဉာဥ်ထောက်လှမ်းရေးနဲ့ဆိုရင် သူတို့သက်တူရွယ်တူကျောင်းသားတွေထဲက တော်တော်များများက သူ့တို့အတွက် ပြိုင်ဘက်မဟုတ်နိုင်ပါဘူး။
” ငါတို့တွေ ချန်ပီယံဖြစ်လာစေရမယ် ”
ရှောင်ရှောင်းနဲ့ ၀မ်သုန့်တို့လဲ ခေါင်းညိတ်လိုက်ကြပါတယ်။ သူတို့သုံးယောက်လဲ နောက်တစ်ကြိမ် တစ်ယောက်လက်ပေါ် တစ်ယောက်ထပ်လိုက်ရင်း ကိုယ့်ကိုကိုယ် အားပေးကြတော့တယ်။ အတော်လေးကို ငယ်ရွယ်သူတွေဖြစ်ကြပေမဲ့ တစ်စုံတစ်ခုကိုတော့ သိထားပါတယ်။ စာမေးပွဲကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းအောင်မြင်တာက သူတို့အတွက် မခက်ခဲနိုင်ပါဘူး။ အကယ်၍ သူတို့သာ ပြိုင်ပွဲမှာ နံပါတ်တစ်ရချင်တယ်ဆိုရင်တော့ ပူးပေါင်းလုပ်ဆောင်မှုက သေချာပေါက် အရေးကြီးပါလိမ့်မယ်။ ဒါကြောင့်သာ ၀မ်သုန့်လဲ ပါးစပ်ပိတ်သွားခဲ့တာပါ။
လူသစ်တွေရဲ့ စာမေးပွဲက အရမ်းကို အရေးကြီးလွန်လှပါတယ်။ ဒါကြောင့် ကျောင်းတော်ရဲ့ ကြော်ငြာချက်က သိပ်ပြီးအသုံးမ၀င်ခဲ့ပါဘူး။ ရှိရှိသမျှလူသစ်တွေအားလုံးက အချိန်မီအစောကြီးကထဲက ရောက်နေခဲ့ကြပါပြီ။
အသက်လေးဆယ်အရွယ်လောက်ရှိတဲ့ ဆရာတစ်ယောက်က နယ်မြေနံပါတ်သုံးဆယ်သုံးထဲကို ၀င်လာခဲ့ပါတယ်။ သူက အတော်ကို သာမန်လူတစ်ယောက်ပါပဲ။ ခြိမ်းခြောက်မှုအားကောင်းတဲ့အရှိန်အ၀ါတွေက တစ်ခုမှရှိမနေခဲ့ပဲ ခပ်ပြုံးပြုံးနဲ့ ဖော်ရွေမဲ့ပုံစံ ရှိနေခဲ့တယ်။ သူက ကျိုးယိနဲ့လုံး၀ ကွာခြားနေခဲ့ပြီး လူတွေကို ရေတွက်ရင်းပြုံးသာပြုံးနေခဲ့ပါတယ်။
” ကောင်းပြီ ငါတို့ဆီမှာ ဒီနေ့ယှဥ်ပြိုင်ဖို့အတွက် အဖွဲ့ခြောက်ဖွဲ့ရှိတယ်…ကြည့်ရတာ မင်းတို့အကုန်ရောက်နေပြီပဲ အရင်ဆုံးကိုယ့်ကိုကိုယ် မိတ်ဆက်ပေးပါရစေ ငါကတော့ ၀မ်ယန် နောက်နှစ်ရက်တာအတွက် မင်းတို့ကို စောင့်ကြည့်ပေးမဲ့သူ ”
” ဆရာ၀မ် မင်္ဂလာပါ ”
ကျောင်းသားတွေက ချက်ချင်းဆိုသလို ဦးညွတ်လိုက်ပါတော့တယ်။
၀မ်ယန်ကတော့ ရယ်သာရယ်မောနေခဲ့တယ်။
” အဲ့ဒီလောက် ယဥ်ကျေးနေဖို့မလိုဘူး ငါက သင်ကြားတဲ့အချိန် လူတိုင်းကို မိတ်ဆွေလို့ပဲ သဘောထားတယ်…အခုအချိန်ကနေစပြီ ငါတို့စာမေးပွဲပြီးဆုံး အဆုံးသတ်တဲ့အချိန်ထိ မင်းတို့ အားလုံးက ငါ့ရဲ့ သူငယ်ချင်းလေတွေကြီးပဲ ဒါကြောင့် ဘယ်သူကိုမှ မထိခိုက်စေချင်ဘူး..ပြိုင်ပွဲကြီးက မင်းတို့တွေ ကျောင်းပြီဆက်ပြီး သင်ကြားခွင့်ရှိမလား မရှိဘူးလားဆိုတာကို ဆုံးဖြတ်ပေးမှာဖြစ်ပေမဲ့ စာမေးပွဲတစ်ခုပဲဆိုတာကိုတော့ သတိပေးပါရစေ မင်းတို့တွေ ပြိုင်ဘက်ကို ဆိုးဆိုးရွားရွား ထိခိုက်အောင်မလုပ်ရဘူး….အကယ်၍ အဲ့ဒီလိုသာဖြစ်လာမယ်ဆိုရင် ထိခိုက်အောင်လုပ်တဲ့သူကို ကျောင်းတော်ဆီသတင်းပို့ပြီ ထွက်ခွာဖို့အတွက် ငါစာတင်ရလိမ့်မယ် ”
သူ့ရဲ့လေသံက အရမ်းကို နူးညံ့နေခဲ့ပြီး အခြေအနေတစ်ရပ်လုံးကို ကောင်းကောင်းမွန်မွန်ပြောဆိုနေခဲ့ပါတယ်။ တစ်ဖက်ပြိုင်ဘက်ကို ထိခိုက်အောင်လုပ်တဲ့ရလဒ်တွေကို သူသိပ်ပြီမပြောပေမဲ့ ဒီကျောင်းတော်ထဲကို၀င်လာတဲ့ ကျောင်းသားတစ်ယောက်ချင်းဆီတိုင်းက လူငယ်လူရွယ်တွေထဲမှာ ပါရမီရှင်တွေကြီးပါပဲ။ ဒါကြောင့် သူ့စကားရဲ့နောက်ကွယ်အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်းနားလည်နေခဲ့ကြပါတယ်။
၀မ်ယန်က ပြုံးပြရင်းနဲ့ ဆက်ပြောလိုက်တယ်။
” ဒီလိုဖြစ်မှတော့ ငါတို့တွေ စကြရအောင် အကယ်၍ ငါတို့စောစောပြီရင်း စောစောနားပြန်ပြီး နားလို့ရတယ်…လေ့ကျင့်ဖို့လဲ အချိန်ပိုရတာပေါ့ လူငယ်တွေအတွက် တက်ကြွတာက အကောင်းဆုံးပဲ ”
သူပြောပြီးတဲ့နောက် စာရွက်တစ်ရွက်ကို ထုတ်ရင်း ကြည့်လိုက်ပါတော့တယ်။
” ပထမဆုံးတိုက်ပွဲအတွက် အတန်းနံပါတ်တစ် ဟို့ယွိဟောင် ၀မ်သုန့် ရှောင်ရှောင်း အတန်းနံပါတ်သုံး အိုးယန်ကျွင့်ယိ ချန်ကျွင့်ဖုန်းကျောက်ဟောင်ချန် မင်းတို့ခြောက်ယောက် စစ်မြေပြင်ထဲကို အရင်၀င်ပြီ ကိုယ့်နေမဲ့နေရာကို ရွေးကြ တိုက်ပွဲကိုစခိုင်းရင် သိုင်းပညာ၀ိဉာဥ်တွေကို စသုံးလို့ရပြီ ၀င်ကြတော့ “‘
ကျောင်းသားခြောက်ယောက် ရှိတာကြောင့် စုစုပေါင်း သုံးပွဲယှဥ်ပြိုင်ရမှာပါ။ ဒါပေမယ့် သူတို့တွေ ပထမဆုံးတိုက်ခိုက်ရမဲ့ အဖွဲ့ဖြစ်နေမယ်ဆိုတာကို ဟို့ယွိဟောင် မတွေးမိပါဘူး။ သူတို့သုံးယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ရင်း နယ်မြေရဲ့အစွန်းဖက်ကို လျှောက်သွားကြပါတော့တယ်။ သုံးယောက်က အတော်ကို ဂရုတစိုက်နဲ့ နေရာရွေးထားခဲ့တယ်။ ၀မ်သုန့်က အရှေ့ဆုံးမှာရပ်နေခဲ့ပြီ ရှောင်ရှောင်းကတော့ သူ့နောက်မှာသာ ဟို့ယွိဟောင်ကတော့ သူတို့နှစ်ယောက်စလုံးရဲ့ အနောက်တည့်တည့်မှာ ရှိနေခဲ့ပါတယ်။ တခြားတစ်ဖက်ရဲ့ အဖွဲ့သားသုံးယောက်ကတော့ နယ်မြေရဲ့ အရှေ့တောင်ဖက်ကို ရွေးချယ်ထားပါတယ်။ ဟို့ယွိဟောင်တို့ကတော့ အနောက်မြောက်ဖက်ပါ။
အတန်းနံပါတ်သုံးရဲ့ ကျောင်းသားတွေအားလုံးက ချောမောခန့်ညားတဲ့ လူငယ်တွေကြီးပါပဲ။ အရှေ့ဆုံးကတော့ အိုးယန်ကျွင့်ယိဖြစ်ပြီ သုံးယောက်လုံးထဲမှာ အခန့်ညားဆုံးဖြစ်နေခဲ့ပါတယ်။ သူ့နဲ့ ၀မ်သုန့်ကြားမှာ ကွာခြားချက်ကတော့ ရှိနေခဲ့ပေမဲ့ သူ့ခန္ဓာကိုယ်ကတော့ အများကြီး ပိုပြီး မာကျောတောင့်တင်းမဲ့ပုံစံရှိနေခဲ့တယ်။ အနောက်ဖက်ရောက်နေတဲ့ ချန်ကျွင့်ဖုန်းကတော့ အတော်ကို ပိန်ပိန်ပါးပါးနဲ့ အရပ်တော့ သိပ်မရှည်ခဲ့ပါဘူး။ ကျောက်ဟောင်ချန်ကတော့ ၀၀ဖိုက်ဖိုက်နဲ့ ပြုံးနေတတ်သူတစ်ယောက် ဖြစ်ပါတယ်။
နှစ်ဖက်စလုံး နေရာယူပြီတာကို မြင်မြင်ချင် ၀မ်ယန်က ခေါင်းညိတ်လိုက်ပါတယ်။
” စာမေးပွဲစမယ် ”
နှစ်ဖက်စလုံးက သူတို့ရဲ့ သိုင်းပညာ၀ိဉာဥ်တွေကို ထုတ်လွှတ်လိုက်ကြပါပြီ။ ဟို့ယွိဟောင်က အစွန်းဖက်မှာရပ်နေခဲ့ပေမဲ့ သူက အဓိကထိန်းချုပ်သူဖြစ်နေခဲ့တယ်။ ဒါ့အပြင် သူ့ရဲ့စိတ်၀ိဉာဥ်ထောင်လှမ်းမှုကို အနောက်ဖက်ကနေစပြီး မျှဝေပေးလိုက်ပါပြီ။ အဲ့ဒီနောက် ထောက်လှမ်းမှုကို အရှေ့တည့်တည့်ဆီသာ ဦးတည်ထားခဲ့ပါတယ်။ ရှောင်ရှောင်းကတော့ သူမရဲ့ အသက်သုံးချောင်း၀ိဉာဥ်ချေဖျက်အိုးကြီးကို ထုတ်ယူလာလိမ့်ပါတယ်။ ကြီးမားတဲ့အိုးကြီးက လေထဲမှာ ချက်ချင်းဆိုသလို ရောက်ရှိလို့သွားတော့တယ်။
၀မ်သုန့်ရဲ့ လှုပ်ရှားမှုက ပိုပြီး တိုက်ရိုက်ဆန်ပါတယ်။ အချိန်ခဏတာအတွင်းမှာပဲ သူက လေထဲကိုရောက်သွားခဲ့ပါပြီ။ တောက်ပတဲ့ အတောင်ပံတစ်စုံက ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့ပြီး ရွှေရောင်အလင်းတန်းတွေလဲ လှည့်ပတ်လို့လာခဲ့တော့တယ်။ ပြိုင်ဘက်တွေတင်မကပဲ သူတို့ရဲ့အုပ်ချုပ်သူ ၀မ်ယန်တောင်မှ လှပတဲ့အတောင်ပံတွေကို မြင်ချိန်မှာ တခဏတာ ငေးမောမိသွားတယ်။ ဒီအတောင်ပံတွေက အရမ်းကို လှရက်နိုင်လွန်းတာပါ။ ရှောင်ရှောင်းနဲ့ ဟို့ယွိဟောင်တို့တောင်မှ သူ့အတောင်ပံတွေကြောင့် မှေးမှိန်သွားခဲ့ရပါပြီ။ သူတို့ရဲ့ ပြိုင်ဘက်သုံးယောက်ကလဲ ပြင်ဆင်ထားပြီဖြစ်တာကြောင့် သိုင်းပညာ၀ိဉာဥ်တွေကို စတင် ထုတ်လွှတ်လိုက်ပါတော့တယ်။
အပိုင်း ၁၇•၄ ပြီး၏။