Chapter – 172
“ခရမ်းရောင်ချီဓာတ်ကျရောက်ခြင်း”
ရဲရှောင် ပြောခဲ့သည့်အတိုင်း လူသားများအတွက်သေခြင်းတရားနှင့်ရင်ဆိုင်ရခြင်းသည်အခက်ခဲဆုံးပင်ဖြစ်သည်။ လူတစ်ယောက်သည်စိတ်ညစ်၍ သေကြောင်းကြံသော်လည်း မအောင်မြင်သောအခါ ထိုသူသည် အခြားလူများထက် သေရမည်ကို ပို၍ ကြောက်ရွံ့ တတ်ကြသည်။
လျူချန်းဂျန်သည် ရဲရှောင်၏ အပြုံးအား မြင်ယောင်မိတိုင်း တုန်လှုပ်နေမိသည်။
သို့သော်သူလိုလူတစ်ယောက်သည်အခွင့်အရေးအား အရမယူတတ်သည့်ငတုံး တစ်ယောက်တော့ မဟုတ်ချေ။
ရဲရှောင်၏ ဦးဆောင်မှုနောက်သို့ လိုက်ရသည့်အတွက်လျုချန်းဂျန်၏ စိတ်ထဲတွင်ကျေနပ်မိလျက်ရှိသည်။ သူ၏ ကံကြမ္မာသည်အပြောင်းအလဲများဖြင့်စတင်လာပြီဟုလည်းတွေးနေမိလေသည်။ သူ့ဘက်မှခေါင်းတစ်ချက်ညိတ်သဘောတူရုံဖြင့်တောက်ပသည့်အနာဂတ်သည်ဆီးကြိုနေပေမည်။
ထိုကဲ့သို့ ရဲရှောင်နှင့်သဘောတူညီမှုရခဲ့ခြင်းသည်သူ့အတွက် မည်မျှအထိ အကျိုးရှိသွားသည်ဆိုသည်ကို သူကိုယ်တိုင်ပင် မသိနိုင်ပါချေ။
“ကောင်းပြီ။ ကျုပ်တို့မှာ စီစဉ်စရာတွေ ရှိတယ်။ ဒီမှာ . . . ကျုပ်တို့လုပ်ရမဲ့ အရာတွေက . . .”
လျူချန်းဂျန်သည် ဝမ်ဇန်းဟိုအား တံဆိပ်ပြား ထုတ်ပြလိုက်သည့်အတွက် ဝမ်ဇန်းဟိုသည် ယုံကြည် သွားတော့သည်။
ဝမ်ဇန်းဟို၏ ဘဝတွင်ယခုကဲ့သို့ လုပ်ကြံသတ်ဖြတ်ရေးသမား တစ်ဦးနှင့် နီးနီးကပ်ကပ် စကားပြောခြင်းသည် ပထမဦးဆုံး အကြိမ်ပင်ဖြစ်သည်။ ယခင်ကဆိုလျှင်ဝမ်ဇန်းဟိုသည် ထိုကဲ့သို့သော လူများနှင့်မျက်နှာချင်းဆိုင်ရမှာကိုပင်အကြောက်ဆုံး ဖြစ်ခဲ့သည်။
ဝမ်ဇန်းဟိုသည် အရည်အချင်းရှိ၍ လျှို့ဝှက်ဆန်းကြယ်သော လူတစ်ဦး ဖြစ်သည့်တိုင် သေရမည် ကိုတော့ ကြောက်ရွံ့သော လူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် လျူချန်းဂျန်နှင့် မျက်နှာချင်းဆိုင်နေရသည်မှာ သူ့အတွက် အနည်းငယ် ရှိန်နေသလိုပင်ဖြစ်နေလေသည်။
သို့သော် ဝမ်ဇန်းဟို၏စိတ်ထဲတွင် သူလို သူဌေးတစ်ဦးမှ လျူချန်းဂျန်ကဲ့သို့ လူတစ်ဦးအား အောက်ကြို့ရမည် မှာ အနည်းငယ် ခံရခက်သလိုပင်ခံစားနေရသည်။
ဝမ်ဇန်းဟိုသည် လျုချန်းဂျန်အား ဖန်ဧကရာဇ်၏ အကြံအစည်များကို ရှင်းပြပြီးနောက် စိတ်ထဲတွင်လည်း ဖန်ဇီလင်အား အံ့သြနေမိသည်။ ဖန်ဇီလင်သည် အပြောတင်မဟုတ် အလုပ်ဖြင့်ပါ သက်သေပြနေပြီ မဟုတ်ပါလော။
လျူချန်းဂျန်သည် ဝမ်ဇန်းဟို ပြောသည်များကို အာရုံစိုက်၍ နားထောင်လျက်ရှိသည်။ ထို့နောက်အံ့ဩတုန်လှုပ်စွာဖြင့်-
“ခင်ဗျားတို့က လုပ်ကြံသတ်ဖြတ်ရေးကမ္ဘာကြီးကို အုပ်စိုးမလို့လား . . .”
ဝမ်ဇန်းဟို အနေဖြင့် အဆိုပါ ကိစ္စများအား သိပ်ပြီး နားမလည်ချေ။
မော်တယ်ကမ္ဘာ၏ ထိပ်တန်းလုပ်ကြံ သတ်ဖြတ်ရေး ပညာရှင်ဖြစ်သော လျူချန်းဂျန်မှာမူကောင်းစွာ နားလည် သဘောပေါက်ပေသည်။
သြဇာအာဏာနှင့် ငွေကြေး ပြည့်စုံလုံလောက်မှု ရှိမည် ဆိုပါက လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းအား ကောင်းစွာ ထူထောင်နိုင်မည် ဖြစ်သည်။
မည်သည့် လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်မဆို ငွေအတွက်အလုပ်လုပ်ကြသဖြင့် ယခုကိစ္စအား စိတ်ဝင်စားကြမည်မှာ သေချာပေါက်ပင်။
လျူချန်းဂျန်၏ စိတ်ထဲ –
[စီးပွားရေးလုပ်ငန်းကြီး တစ်ခုလို့တောင် ပြောလို့ရတယ်။ နောက်ပြီး ဖြစ်နိုင်ချေလည်း ရှိတယ်။ ရဲရှောင်ရဲ့ အကြောင်းကိုတော့ ငါ အများကြီး မသိဘူး။ ဒါပေမဲ့ အခု ငါ့ရှေ့က လင်းပါအိုရဲ့ သူဌေးဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူတွေထဲက တစ်ယောက်လို့ ပြောလို့ရတယ်။
လင်းပါအိုလို ခန်းမမျိုးက ငွေကြေးတွေ အများကြီး ထောက်ပံ့မယ်ဆိုရင် မဖြစ်နိုင်စရာ အကြောင်းမရှိဘူး။ အချိန်တစ်ခုပေးလိုက်တာနဲ့ ကမ္ဘာတစ်ခုလုံးကိုတောင် ထိန်းချုပ်နိုင်တဲ့ အဖွဲ့အစည်း တစ်ခု ထူထောင်နိုင်မှာ သေချာပေါက်ပဲ။
နောက်ပြီး ငါကလည်း ပထမဆုံး အဖွဲ့ဝင်ဆိုတော့ အဖွဲ့တည်ထောင်သူ တစ်ယောက်လို့တောင်ပြောလို့ရတယ်။ ငါ့နာမည်က လုပ်ကြံသတ်ဖြတ်ရေး လောကမှာ ရာစုနှစ်ပေါင်းများစွာ တည်ရှိနေတော့မှာပေါ့။ ဒဏ္ဍာရီ တစ်ပုဒ်လိုလည်း ဖြစ်လာနိုင်မယ် ထင်တယ် . . .]
“ကံကြမ္မာသင်ပုန်း . . .”
သူ၏ နှုတ်မှ ထိုစကားလုံးများအား ရေရွတ်လိုက်မိသည်။
[နောက်ပြီး ငါတို့ရဲ့ ရည်ရွယ်ချက်က မုန်တိုင်းအိမ်တော်ကို ဆန့်ကျင်ဖို့တဲ့ . . .]
သူ၏ စိတ်ထဲတွင် ကြီးလေးသော တာဝန်တစ်ခုဟု ခံစားလိုက်မိသည်။
ကမ္ဘာပေါ်ရှိ မည်သူတစ်ဦးတစ်ယောက်ကမှ မုန်တိုင်းအိမ်တော်အား ဆန့်ကျင်ရဲမည် မဟုတ်ချေ။
အန္တရာယ်များလေလေ အခွင့်အရေးကြီးတစ်ခု ရနိုင်လေလေပင်။
လျုချန်းဂျန်အတွက်မူ ဂုဏ်သိက္ခာသည်သာသူ့အတွက် အရေးကြီးဆုံးပင်ဖြစ်သည်။
ပုလင်းတူ ဘူးစို့ ရည်ရွယ်ချက်ချင်းတူကြသည့်အတွက်ဝမ်ဇန်းဟို နှင့်လျုချန်းဂျန်တို့သည်လုပ်ငန်းအစီအစဉ်များအား စတင်ဆွေးနွေး ကြပါတော့သည်။ မည်ကဲ့သို့စတင်မည်၊ မည်ကဲ့သို့ ငွေကြေးများကို သုံးစွဲမည်၊ နောက်ကွယ်က မည်ကဲ့သို့ ကြိုးကိုင်မည်၊ မည်ကဲ့သို့ စီမံကွပ်ကဲမည်၊ မည်ကဲ့သို့ အလုပ်လက်ခံမည်၊ ထင်ရှားကျော်ကြားလာအောင် မည်သို့မည်ပုံ လုပ်မည် စသဖြင့် အသေးစိတ်တိုင်ပင်ဆွေးနွေးကြလေသည်။
ဝမ်ဇန်းဟိုသည် လုပ်ကြံသတ်ဖြတ်ရေးသမား တစ်ဦးမှ ယခုကဲ့သို့ နှုတ်သွက်လျှာသွက်ဖြင့် ပြောဆိုနေသည်ကို ကြည့်ရင်း အံ့သြနေမိသည်။ လျူချန်းဂျန်း၏ ပါးစပ်မှ ကရားရေလွှတ်တတွတ်တွတ် ပြောဆိုနေသည်ကိုကြည့်ရင်း စိတ်ထဲတွင်လည်း –
[သူက တကယ်ပဲ ထိပ်တန်းအဆင့် ၅၀ အတွင်းဝင်တဲ့ လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်လား . . .]
[သူက ငါ့ထက်တောင် ပိုပြီး စကားများနေပါရောလား . . .]
. . .
ရဲအိမ်တော်၏ သခင်လေးဖြစ်သူ ရဲရှောင်သည် ထိုကိစ္စများအား အရေးမစိုက်နိုင်သေးချေ။ လျူချန်းဂျန် ထွက်သွားပြီးကတည်းကရဲရှောင်သည် အိပ်ရာထက်တွင် လှဲနေပြီး ဒဏ်ရာရချင်ယောင် ဆောင်နေရလေသည်။ သို့သော်သူ၏ စိတ်ဝိညာဉ်မှာမူ ဟင်းလင်းပြင်ကြီး အတွင်းသို့ ရောက်ရှိနေလေသည်။
လမှတဆင့် ခရမ်းရောင်ချီဓာတ်များ ရရှိခဲ့ပြီးနောက် သူ၏ ရှေးဦး ခရမ်းရောင်ချီဓာတ်များသည် ဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ရဲရှောင်သည် ဟင်းလင်းပြင်ကြီးထဲတွင်မည်ကဲ့သို့သော ပြောင်းလဲမှုများ ဖြစ်ပေါ်သွားသည်ကို ကြည့်ချင်နေခဲ့သည်မှာ ကြာလှချေပြီ။
ဟင်းလင်းပြင်အတွင်း ဝင်ရောက်လိုက်သည်နှင့် ပြောင်းလဲမှု အနည်းငယ်အား ခံစားလိုက်ရသည်။
သိပ်သည်းလှသည့် ခရမ်းရောင်ချီဓာတ်များကြောင့် သူ့ကိုယ်သူပင် ပြန်မမြင်နိုင်အောင် ဖြစ်နေမိသည်။
အသက်ရှူရပင် ခက်ခဲနေပြီး သိပ်သည်းလှသည့် ချီဓာတ်များကို ရှူသွင်းလိုက်မိသဖြင့် ချောင်းတစ်ချက်နှစ်ချက်ခန့်ပင်ဆိုးသွားလေသည်။
ထိုအခြင်းအရာများသည် ရဲရှောင်အတွက်မူ ခမ်းနားသော မြင်ကွင်းတစ်ခုကဲ့သို့ပင်။
“အဟွတ် . . . အဟွတ် . . . အဟွတ် . . .”
ရဲရှောင်လည်း ချောင်းဆိုးလိုက်ရင်း –
“ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးတော့ အလေ့အကျင့် မရှိဘူး ဖြစ်နေတာပဲ။ နောက်တော့ အသားကျ သွားမှာပါလေ . . .”
ဟင်းလင်းပြင် ကိုးခုလုံးသည်လည်း တည်ငြိမ်စွာဖြင့်ပင်ရှိနေကြသည်။
သိပ်သည်းလှသော ခရမ်းရောင် ချီဓာတ်များသည် ဟင်းလင်းပြင်များအတွက် အားအင်များ ပေးစွမ်းနေသည်။ သစ်သားဟင်းလင်းပြင်သည် အလွန်တရာမှပင်အသက်ဝင်လျက်ရှိသည်။ အထဲသို့ ဝင်လိုက်သည်နှင့် ခန္ဓာကိုယ်တစ်ခုလုံး လန်းဆန်းပေါ့ပါးသွားလေသည်။
ဥတွင်လည်း ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိသည်။
မူလတာအိုအဆင့်ရှိ ပညာရှင်တစ်ဦးကိုပင် သတ်ဖြတ်နိုင်စွမ်းရှိသော ဥသည် ယခုအခါတွင်ဖရဲသီး အရွယ်ငယ် တစ်လုံးခန့်ပင်ရှိနေပြီ ဖြစ်သည်။
ယခင်ပုံစံနှင့်ပင် မတူတော့သလိုပင်။
ထိုကဲ့သို့ အရွယ်အစား ကြီးမားလာသောကြောင့်ယခင်ကထက်ပင်ပို၍ ထင်သာမြင်သာ ရှိနေပါသည်။
ရဲရှောင်လည်း ဥအနားသို့ တိုးကပ်၍ ထိကြည့်လိုက်သည်။ အထဲတွင် မည်သည့်အရာရှိမှန်း မသိသော်လည်း ဥကွဲရန် အတော်ကို ကြာဦးမည့် သဘောပင်။
ပို၍ ထူးဆန်းသည့်အချက်မှာ သူ၏ မူလ ဟင်းလင်းပြင်ကြီးအတွင်းတွင်စားပွဲတစ်ခု ရှိနေပြီး ထိုစားပွဲပေါ်တွင် စာအုပ်နှစ်အုပ် ရှိနေလေသည်။
တစ်အုပ်မှာ “ခရမ်းရောင်ချီဓာတ်ကျရောက်ခြင်း” ဟူ၍ ဖြစ်သည်။
ယခုစာအုပ်သည်ရှေးဦးခရမ်းရောင်ချီဓာတ် ဒုတိယအဆင့်အတွက် ဖြစ်ပြီး ပထမအဆင့်သည်“ခရမ်းရောင်ချီဓာတ်ရောက်ရှိခြင်း” ဟူ၍ ဖြစ်သည်။
“ကမ္ဘာကြီးအစမှာ ရှေးဦးခရမ်းရောင်ချီဓာတ်တွေ ရောက်ရှိလာတယ်။ သဘာဝတရားကြီးရဲ့ ဖြစ်စဉ်တွေ ကြားမှာ မြစ်တွေ တောင်တွေ ဖြစ်လာကြတယ်။ ခရမ်းရောင်ချီဓာတ် ကျရောက် လာတာနဲ့ အားလုံးဟာ အရောင်အသွေးစုံလင်လာပြီး တောက်ပ လာကြပြီးထာဝရ တည်ရှိမှုတွေ ဖြစ်သွားကြတယ်”
ရဲရှောင်သည် စာအုပ်ထဲရှိရွှေရောင်စာလုံးများအား ဖတ်ကြည့်နေခြင်းဖြစ်သည်။ ဒုတိယမြောက်ကျင့်စဉ်၏ နည်းစနစ်များသည် ပထမအဆင့်ထက် ပို၍ ရှင်းလင်းရုံမျှမက အစွမ်းလည်း ထက်လှ၏။ ရဲရှောင်လည်း စိတ်အားထက်သန်စွာဖြင့်ပင်မှတ်သားလျက်ရှိသည်။ထိုအချိန်တွင်သူ၏စိတ်ထဲ၌ အရာအားလုံးကို မေ့လျော့နေလေသည်။
ကျင့်ကြံမှုအပေါ် အာရုံစိုက်၍ နစ်မြောနေသည့်အတွက်ဥမှ ခရမ်းရောင် ချီဓာတ်များ စုပ်ယူနေသည်ကို သတိမထားမိခဲ့ချေ။
ရဲရှောင်၏ ခန္ဓာကိုယ်သည် စတင်ပြောင်းလဲနေပြီ ဖြစ်သည်။ အကြောင်းမသိသည့်လူများသာဆိုလျင်ရဲရှောင်၏ မျက်နှာတစ်ခုလုံး ဖြူဖတ်ဖြူရော်ဖြစ်နေသည်ဟု ထင်နေမိပေလိမ့်မည်။ အမှန်တကယ်တမ်းတွင်မူတောက်ပနေခြင်းသာ ဖြစ်သည်။
အခန်းထဲသို့ ဝင်လာသောဆောင်ဂျုသည်ပင်ရဲရှောင်၏ ပုံစံအား မြင်တွေ့လိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားလေသည်။
“သေစမ်း . . . ဘာဖြစ်တာလဲဟ . . .”
သူ၏ စိတ်ထဲတွင်လည်း –
[ဘာတွေ ဖြစ်နေတာလဲ။ ဒီလိုဖြစ်တာက ကျင့်ကြံမှုအဆင့်အောင်သွားမှ ဖြစ်နိုင်တာ။အောင်တာတောင်မှ ပန်းသုံးပွင့်ပွင့်ပြီး ချီဓာတ်ငါးခု စလည်ပတ်နိုင်မှ အခုလို ပုံစံ ဖြစ်နိုင်တာ . . .]
ဆောင်ဂျု၏ မျက်လုံးများသည် အံ့သြလွန်းသဖြင့် ပြူးထွက်မတတ်ပင်ဖြစ်လျက်ရှိသည်။
[ယေဘုယျအားဖြင့်ဆိုရင်ဒီလိုဖြစ်ဖို့က မူလဝိညာဉ်တော်အဆင့်ရဲ့ နောက်ဆုံးအဆင့်ကို ရောက်မှ ဖြစ်နိုင်တာ။ အခု ဒီကောင်လေးက ဘယ်လိုများ ဖြစ်နိုင်မှာလဲ . . .]
အတွေ့အကြုံရှိသည့် ပညာရှင်တစ်ဦးပီပီ ယခုအချိန်သည် ရဲရှောင်အတွက်အလွန်အရေးကြီးသည့် အချိန်မှန်းဆောင်ဂျု သဘောပေါက်လိုက်သည်။
ရဲရှောင်အား အနှောက်အယှက်ဖြစ်စေမည့်အပြုအမူများ မလုပ်သင့်ကြောင်းကိုလည်း နားလည်လိုက်သည်။
ဆောင်ဂျုသည်အခန်းအပြင်သို့ ချက်ချင်းပင်ထွက်လိုက်ရင်း အစောင့်များအား –
“ဒီအခန်းထဲကို ဘယ်သူ့ကိုမှ ဝင်ခွင့် မပေးနဲ့။ခွေးတစ်ကောင်ကြောင်တစ်မြီးတောင်မဝင်စေနဲ့ကွာ။ ဒီအမိန့်ကို ဖီဆန်တဲ့ လူမှန်သမျှ သေရမယ် . . .”
ထို့နောက် သူကိုယ်တိုင်လည်း တံခါးဝတွင် ထိုင်ချလိုက်ရင်း စိတ်ရှုပ်ထွေးသည့်ဟန်ဖြင့် –
“ဘာတွေများ ဖြစ်နေတာပါလိမ့် . . .”
ခဏအကြာတွင် ရဲရှောင်သည်သူ၏ မျက်လုံးများအား ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်ကာ –
“ငါသိပြီ . . .”
ထို့နောက် မတ်တတ်ထရပ်ကာ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။
ခရမ်းရောင်ချီဓာတ်များ၏ ပထမအဆင့်သည် သက်ရှိအရှိန်အဝါဖြစ်ပြီး ယခုဒုတိယအဆင့်မှာမူ လွှမ်းမိုးမှုအရှိန်အဝါပင် ဖြစ်၏။
နေအလင်းရောင် ရှိနေသ၍ ခရမ်းရောင်ချီဓာတ်များ ကျရောက်နေမည် ဖြစ်ပြီး မည်သည့်အခါမျှ ရပ်တန့်ခြင်းလည်း ရှိတော့မည် မဟုတ်ပေ။
“ဒါက ရှေးဦးခရမ်းရောင်ချီဓာတ်ပေါ့ . . .”
ရဲရှောင် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။ သူ၏ မျက်လုံးများသည်လည်း အရောင်တဖျတ်ဖျတ် ဖြင့်တောက်ပလျက်ရှိသည်။
ထို့နောက် နောက်ထပ်စာအုပ်တစ်အုပ်အား ကြည့်လိုက်မိသည်။
ထိုစာအုပ်မှာ “ချစ်ခြင်းတရားကျင့်စဉ်” ဟူ၍ပင်ဖြစ်သည်။
“လူသားတွေ ချစ်ကြတဲ့အခါ သဘာဝတရားကြီးကလည်း ငြိမ်းချမ်းနေမယ်။ အချစ်ရှိတဲ့ လူတစ်ယောက်ဟာ သဘာဝတရားကို ကိုယ်စားပြုနိုင်မယ်။ အချစ်ရှိတဲ့ လူတစ်ယောက်ဟာ သေမျိုးကမ္ဘာကို ကျော်လွန်နိုင်မယ်။ ချစ်ခြင်းမေတ္တာ ၇ မျိုးဟာ လူသားတွေရဲ့ အုတ်မြစ်ပဲ။ အချစ်ရှိမှ အသက်ရှင်နိုင်မယ် . . .”
“ချစ်ခြင်းတရားကျင့်စဉ် . . .”
ရဲရှောင် ရေရွတ်လိုက်သည်။ အဓိပ္ပါယ်အား နားလည်သော်လည်း လက်တွေ့လုပ်နိုင်စွမ်း မရှိသကဲ့သို့ ခံစားမိနေရလေသည်။
အချစ် . . .
ချစ်ခြင်းတရား ကျင့်စဉ် သည်သူ့အတွက်မူ အလှမ်းဝေးသော အရာတစ်ခုကဲ့သို့ပင်ဖြစ်နေသည်။
ရဲရှောင် သက်ပြင်းချလိုက်ရင်း –
“ငါ့ရဲ့ ချစ်ခြင်းတရားကိုတော့ ကျင့်ကြံစရာ မလိုဘူးလို့တော့ မျှော်လင့်ရတာပဲ။ ကျင့်ကြံမှုတိုင်းမှာ စတေးရတာတွေ ရှိတယ် . . .”
“ငါဘာကိုမှ မစတေးချင်ဘူး . . .”
ရဲရှောင်သည် လိမ္မာပါးနပ်သူတစ်ဦးပီပီ စာအုပ်များကို ဖတ်လိုက်သည်နှင့် သူ၏ ကျင့်ကြံမှု ခရီးလမ်းကို သဘောပေါက်လိုက်သည်။
သူ၏ ကျင့်ကြံမှု လမ်းစဉ်တွင် အတားအဆီးများစွာ ရှိနေပြီး မည်သည့်အရာကိုမျှ ရှောင်လွှဲ၍ မရကြောင်းကိုလည်း သိရှိနေပါတော့သည် . . .။