Chapter – 171
“သေမထူးနေမထူး”
“ခင်ဗျားက မသိဘူးပေါ့လေ ဟုတ်လား . . .”
ရဲရှောင်သည်ခေါင်းတစ်ချက်ညိတ်ကာ တည်ငြိမ်စွာဖြင့်ပင်မေးလိုက်သည်။
ထိုမေးခွန်းအား ရဲရှောင်မှ တည်တည်ငြိမ်ငြိမ်ဖြင့်ပင်မေးလိုက်ခြင်းဖြစ်သော်လည်း လျူချန်းဂျန်မှာမူ အကျပ်ရိုက်လျက် ရှိသည်။
ရဲရှောင်မေးသည့်မေးခွန်းအား ပြန်မဖြေပါက သို့မဟုတ် ကျေနပ်လောက်သည့် အဖြေ မပေးနိုင်ပါက နှိပ်စက်ခံရမှာ သေချာသလောက်ပင်။
လျုချန်းဂျန်မှ –
“ငါတကယ်မသိဘူး။ မင်းကို သတ်ဖို့အတွက် ဆုကြေးထုတ်ထားတာကို ငါတို့တွေ့ခဲ့တယ်။ ငါတို့က ငွေရရင်ပြီးရောငွေမျက်နှာတစ်ခုပဲ ကြည့်တဲ့ကောင်တွေ။ အဲ့ဒါကြောင့်မက်လောက်စရာ ပမာဏကို ငါတို့ မငြင်းဆန် နိုင်ခဲ့ဘူးလေ . . .”
လျုချန်းဂျန်သည်ထိပ်တန်းအဆင့် လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်တစ်ဦး ဖြစ်သည့်အလျောက်သူ့အသက်ကိုပင်မနှမြောတတ်သည့်သေမထူးနေမထူး လူတစ်ယောက်ပင်ဖြစ်သည်။ သို့သော်လည်း ရဲရှောကိုမူ သူ၏ စိတ်ထဲမှပင်အလိုလို ကြောက်ရွံ့နေမိသည်။
ရဲရှောင်၏ရှေ့တွင်ယခုလိုရှိနေမည့်အစား ချက်ချင်းလက်ငင်းသေသွားလျှင်ကောင်းမည်ဟုပင်တွေးနေမိလေသည်။
လျုချန်းဂျန်၏ စကားကြောင့်ရဲရှောင်သည်တခဏမျှ စဉ်းစားလိုက်ရင်း –
“ဆုကြေးထုတ်ထားတယ် ဟုတ်လား . . .”
“ဒါနဲ့ . . . ခင်ဗျားနာမည်က လျူချန်းဂျန်နော် ဟုတ်တယ်မလား . . .”
လျူချန်းဂျန်မှ –
“ဟုတ်တယ် . . .”
ရဲရှောင်မှ –
“ခင်ဗျားကမော်တယ်ကမ္ဘာရဲ့ လုပ်ကြံသတ်ဖြတ်သူ ထိပ်ဆုံး အယောက် ၁၀၀ ထဲက ၄၉ ယောက်မြောက် တစ်ချက်ခုတ် လူသတ်သမားလို့ခေါ်တဲ့ လျူချန်းဂျန်ပေါ့လေ . . .”
ရဲရှောင်၏ စကားကြောင့်လျူချန်းဂျန်၏ စိတ်ထဲတွင်အနည်းငယ်ပင်ရှက်ရွံ့သွားသည်။
အခြားလူများမှ သူ၏ နာမည်နှင့် အဆင့်ကို ထုတ်ဖော် ပြောဆိုသည့်အခါတိုင်း အမြဲတမ်း ဂုဏ်ယူခဲ့ရသော်လည်း ယခုအခါတွင်မူ သိက္ခာချခံနေရသလိုပင် ခံစားနေရလေသည်။လက်ရှိအချိန်တွင် သူသည်အကျဉ်းသား တစ်ဦးကဲ့သို့ပင်ဖြစ်နေသည်မဟုတ်ပါလော။
ရဲရှောင်သည်တစ်စုံတစ်ခု စဉ်းစားနေသည့်ဟန်ဖြင့်အခန်းထဲတွင်ရှေ့နောက်လျှောက်လျက်ရှိသည်။ ထို့နောက်ခပ်တည်တည်မျက်နှာထားဖြင့်-
“လျူချန်းဂျန် . . . ခင်ဗျားမှာ ရွေးချယ်စရာ နှစ်ခု ရှိတယ်။ ပထမတစ်ခုက ကျုပ်ဦးဆောင်ရာ နောက်ကို လိုက်မလား၊ ဒါမှမဟုတ်အသေခံမလား . . .”
“ခင်ဗျားဘယ်လမ်းကို ရွေးမလဲ . . .”
လျုချန်းဂျန်လည်း မဆိုင်းမတွပင်-
“မင်းဦးဆောင်ရာနောက် လိုက်ပါ့မယ် . . .”
ချက်ချင်းဆိုသလိုပင်အဖြေပေးလိုက်မိသည့်အတွက်ရဲရှောင်သာမက လျူချန်းဂျန် ကိုယ်တိုင်လည်း အံ့ဩမိလျက်ရှိသည်။
ရဲရှောင်အနေဖြင့်ယခုကဲ့သို့ ထိပ်တန်းအဆင့် လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်တစ်ယောက်မှ စဉ်းစားတွေဝေနေခြင်းမရှိဘဲ မြန်မြန်ဆန်ဆန်ဖြင့်ပင်လက်ခံလိမ့်မည်ဟု မထင်ထားခဲ့ချေ။ အကယ်၍ လက်မခံခဲ့ပါက လျုချန်းဂျန်အား လုပ်ကြံသတ်ဖြတ်ရေး ဘုရင်တစ်ဆူ ဖြစ်လာစေရန်လုပ်ပေးမည်ဟုပြောပြီး မြူဆွယ်မက်လုံးပေးရန်ပင်စဉ်းစားနေခဲ့သည်။ သို့သော် ယခုအခါတွင်ထိုကဲ့သို့ ပြောရန်ပင် မလိုအပ်တော့ချေ။
လျုချန်းဂျန်အား ကြည့်ရင်း ရဲရှောင်၏ စိတ်ထဲတွင်-
[သူက ဘာလို့ ချက်ချင်းကြီး အဖြေပြန်ပေး လိုက်ရတာလဲ။ နည်းနည်းလေးတောင် မစဉ်းစားတော့တာ ဘာလို့များပါလိမ့် . . .]
လျုချန်းဂျန်သည်ရဲရှောင်အားကြောင်တောင်တောင်အကြည့်များဖြင့်ကြည့်နေပြီး စိတ်ရှုပ်ထွေးလျက်ရှိသည့်ပုံစံမျိုးလည်းပေါက်နေလေသည်။
သူကိုယ်တိုင်လည်း အဘယ့်အတွက်ကြောင့်ယခုကဲ့သို့ လွယ်လွယ်ကူကူ အဖြေပေးလိုက်မိသည်ဆိုသည်ကိုနားမလည်နိုင်အောင်ပင်ဖြစ်လျက်ရှိသည်။ ရဲရှောင်မှ ရွေးချယ်ခွင့် ပေးလိုက်သည်နှင့် ချက်ချင်းပင် ရဲရှောင်နောက်မှ လိုက်မည်ဟု ပြောလိုက်မိသည့်အတွက် ရဲရှောင်နှင့် ထပ်တူ သူကိုယ်တိုင်ပင်အံ့သြသွားခဲ့လေသည်။
ရဲရှောင်မှ လျုချန်းဂျန်အား စူးစိုက်၍ ကြည့်လိုက်ရင်း –
“ကောင်းပြီလေ . . .”
“အဖြေ ချက်ချင်းကို ပေးနိုင်တာပဲ။ ကျုပ်တောင်တော်တော်ကို အံ့သြမိတယ်”
လျုချန်းဂျန်လည်း ရှက်ရွံ့နေသည့်ပုံစံဖြင့်-
“ငါရောပဲ။ ငါဒီလောက်ထိ မြန်မြန်ဆန်ဆန် ဘာလို့ အဖြေပေးမိသွားလဲ မသိဘူး။ ငါ့ကိုယ်ငါတောင် အံ့သြမိတယ် . . .”
ရဲရှောင်မှ –
“ပထမဆုံး အနေနဲ့ ခင်ဗျား ဒီဆေးလုံးကို ယူလိုက် . . .”
“ခင်ဗျားက ကျုပ်ဦးဆောင်ရာ နောက်ကို လိုက်မယ်လို့ မြန်မြန်ဆန်ဆန်ပဲ အဖြေပေးခဲ့တယ်။ ဒါပေမဲ့ကျုပ်ကတော့ ခင်ဗျားကိုသိပ်ပြီး မယုံရဲသေးဘူး။နောက်ပိုင်းကြာလာရင်တော့ ခင်ဗျားအပေါ် မူတည်ပြီး ယုံရင်ယုံလာမှာပေါ့လေ အခုလို ချက်ချင်းကြီးကျ ကျုပ်မယုံသေးဘူး . . .”
လျူချန်းဂျန်သည် ဆေးလုံးအား ကြည့်ရင်း စိတ်ရှုပ်ထွေးနေသည့်ပုံစံပင်။
အကယ်၍ ထိုဆေးလုံးအား လက်ခံလိုက်မည် ဆိုပါက သူသည် မည်သူ့အပေါ်မှ မမှီခိုသော လုပ်ကြံ သတ်ဖြတ်ရေး ပညာရှင်တစ်ယောက် ဟုတ်တော့မည်မဟုတ်ချေ။
တစ်စုံတစ်ယောက်၏ အခိုင်းအစေဘဝသို့ ရောက်ရှိသွားတော့မည် ဖြစ်သည်။
ထိုအချက်အားသူကောင်းစွာ သိနေလေသည်။ စဉ်းစားရင်းတွေးတောရင်းဖြင့်သူ၏ နဖူးတစ်ခုလုံးတွင်ချွေးများ ပြန်လာပြီး မျက်နှာသည်လည်း ဖြူဖတ်ဖြူရော်ပင်ဖြစ်လာလေသည်။ ထို့နောက်မဝံ့မရဲလေသံဖြင့်-
“ငါ မလုပ်ချင်တော့ဘူးလို့ ပြောလို့ ရနိုင်ဦးမလား . . .”
သူ၏ အသံတွင် တောင်းပန်လိုသော အရိပ်အယောင်များ ပါဝင်လျက်ရှိသည်။
သူ၏ ဘဝတစ်လျှောက်လုံးတွင် မည်သူ့ကိုမှ မတောင်းပန်ခဲ့ဘူးချေ။ အကယ်၍ တစ်ယောက်ယောက်မှ သူ့အားတောင်းပန်ခိုင်းခဲ့မည်ဆိုပါက ထိုလူအား သေသည်အထိ သတ်ပစ်နိုင်သော်လည်း ယခုအခါတွင်မူ ရဲရှောင်အား တောင်းပန်လုနီးပါးပင်ဖြစ်နေလေသည်။
လက်တွေ့တွင် သူ့အတွက်မူရွေးချယ်စရာ များများစားစား မရှိချေ။
ရဲရှောင်သည်ပြုံးလိုက်ရင်း –
“မရတော့ဘူး . . .”
လျူချန်းဂျန်လည်း သူ၏မျက်လုံးများအား မှိတ်လိုက်ရင်း အသက်တစ်ချက် ရှူသွင်းကာ –
“ကောင်းပြီ . . .”
. . .
ရဲရှောင်နှင့်သဘောတူညီမှု ရသွားပြီးသည်နှင့်လျုချန်းဂျန်လည်း ရဲအိမ်တော်မှ ပြန်လည်ထွက်ခွာရန်ဟန်ပြင်လိုက်သည်။
လျုချန်းဂျန်သည် ရဲရှောင်၏ ကျောက်စိမ်းပြားကို ယူဆောင်၍ လင်းပါအို လေလံခန်းမသို့ သွားရောက်တော့မည်ဖြစ်သည်။
ရဲရှောင်သည် ဝမ်ဇန်းဟိုအား လျှို့ဝှက်လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့တစ်ဖွဲ့ တည်ထောင်မည်ဟု ပြောခဲ့ဖူးသည်။
သူသည် အပြောသက်သက်မဟုတ် လက်တွေ့ လုပ်ဆောင်မည့် လူတစ်ယောက်ပင် ဖြစ်သည်။
ရဲရှောင်အဖို့ လျူချန်းဂျန်သည် ပြီးပြည့်စုံသော ရွေးချယ်မှုတစ်ခု မဟုတ်သည့်တိုင်ရေကန်အသင့်ကြာအသင့်သဘောဖြင့်ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။
ပြီးပြည့်စုံသော ရွေးချယ်မှုအတွက် နင်ဘီလျူ တစ်ဦးတည်းသာ ထိုက်တန်မည် ဖြစ်သည်။
သို့သော် နင်ဘီလျူသည် သူ့နောက်လိုက် မဖြစ်ချင်ခဲ့ပေ။
သိက္ခာနှင့် မာနတရားရှိသော လူတစ်ယောက် ဖြစ်ပြီး လွတ်လပ်စွာ နေထိုင်လိုသူတစ်ယောက်လည်း ဖြစ်သည်။
ထို့ကြောင့် လျူချန်းဂျန်အား နင်ဘီလျူနှင့် ယှဉ်၍တော့ မရချေ။
လျူချန်းဂျန်သည် ထွက်ခွာရန် ပြင်လိုက်ပြီးနောက် ပြတင်းပေါက်နား ရောက်သည့် အချိန်တွင်နောက်သို့ ပြန်လှည့်လာရင်း –
“ငါ ဘာမှ မစဉ်းစားဘဲ မင်းနောက်လိုက်မယ်လို့ ပြောခဲ့တယ်ဆိုတာ သေမှာ ကြောက်လို့တော့ မဟုတ်ဘူးနော် . . .”
ရဲရှောင်လည်း ပြုံးလျက် ကြည့်လိုက်ရင်း –
“ကျုပ်သိပါတယ်။ ကျုပ် သိတာပေါ့ . . .”
လျူချန်းဂျန်သည်ရဲရှောင်အား ခေါင်းညိတ်ပြလိုက်သည်။ သူ၏ တင်းမာလျက် ရှိသော မျက်နှာသည်လည်း ယခုအခါတွင်အနည်းငယ် ပြေလျော့သွားလေသည်။ လျုချန်းဂျန်သည်ရဲရှောင်အား တစ်စုံတစ်ခုပြောရန်ဟန်ပြင်ပြီးမှ မပြောတော့ဘဲ ပြတင်းပေါက်မှတဆင့် အမှောင်ထဲသို့ တိုးဝင် ပျောက်ကွယ် သွားပါတော့သည်။
“သေမှာ မကြောက်ဘူးတဲ့လား . . . ရယ်စရာတောင်ကောင်းနေသေး . . .”
ဆောင်ဂျုသည်ခနဲ့သည့်ဟန်ဖြင့်ပြောလိုက်သည်။
ရဲရှောင်မှ –
“ကျုပ်လည်း သူကသေမှာကို မကြောက်တဲ့ လူ ဆိုတာ သိပါတယ်။ သူ့ရဲ့ ရွေးချယ်မှုက သူ့အတွက် ဘယ်လောက်ထိ အကျိုးရှိသွားသလဲ ဆိုတာကို သူကိုယ်တိုင်တောင် မသိလောက်သေးဘူး”
“သူ့အတွက်ကတော့ ကောင်းကင်ဘုံက လက်ဆောင် တစ်ခု ရသလိုကို ဖြစ်တော့မှာပါ . . .”
ဆောင်ဂျုသည် ရဲရှောင်အား ငေးကာကြည့်နေမိသည်။ ရဲရှောင် ဆိုလိုချင်သည့် သဘောအား နားမလည်သည့် ဟန်ပန်ဖြင့် ကြည့်နေခြင်းသာ ဖြစ်ပါတော့သည်။
. . .
ရဲရှောင်မှ –
“အင်း . . . အခုချိန်မှာ ကျုပ်တို့ရဲ့ အင်အားကို တိုးတက်အောင် အာရုံစိုက်သင့်တယ် . . .”
ဆောင်ဂျုသည်ရဲရှောင်၏ စကားကြောင့်အံ့ဩသွားရင်း –
“မင်းက သူ့ကို ဒီအတိုင်းကြီး သွားခွင့် ပေးလိုက်တာနော်။ မင်းဘာကြောင့် သူ့ကို ယုံကြည်နေရ တာလဲ။ ဆေးလုံးကြောင့်လား . . .”
လျူချန်းဂျန်သည် အသက်ကို ပဓာန မထားသော လူတစ်ဦး ဖြစ်ကြောင်း သူတို့အား သက်သေ ပြခဲ့သည်။ အကယ်၍ လျူချန်းဂျန်သာ ရဲရှောင်အား သစ္စာဖောက်လိုက်မည် ဆိုပါက ရဲရှောင်အဖို့ ဒုက္ခတွေ့ သွားစေနိုင်ပေသည်။
ရဲရှောင်လည်းခေါင်းတစ်ချက်ညိတ်ပြလိုက်ရင်း –
“အခက်ခဲဆုံး အလုပ်က သေဖို့ပဲ။ ဒါစကားအဖြစ်နဲ့ ပြောနေတာ မဟုတ်ဘူးနော်။ လူတစ်ယောက်က အသက်ရှင်သန်ခွင့် ရလာခဲ့ရင် ဘယ်သူက သေချင်တော့မလဲ . . .”
“ကျုပ်အခု သူ့ကို လုံးဝ ယုံကြည်နေတာ မဟုတ်ဘူး။ ဒါပေမဲ့နောက်နှစ်ဝက်လောက်ကြရင်ကျုပ်က သူ့ကို သွားလို့ မောင်းထုတ်ရင်တောင် သူသွားမှာ မဟုတ်တော့ဘူး . . .”
ဆောင်ဂျုသည် ရဲရှောင်၏ စကားကြောင့်နှုတ်ခမ်းမဲ့လိုက်ကာ စိတ်ထဲတွင်လည်း –
[မင်းပြောနေတာ လျူချန်းဂျန် အကြောင်းတော့ ဟုတ်ပါတယ်နော် . . . လုပ်ကြံသတ်ဖြတ်ရေး လောကမှာ လျူချန်းဂျန်ဆိုတာ နင်ဘီလျူလောက် အဆင့်မရှိဘူး။ ဒါပေမဲ့ မော်တယ်ကမ္ဘာ တစ်ခုလုံးရဲ့ ထိပ်ဆုံး အယောက် ၅၀ စာရင်းမှာတော့ ဝင်နေတဲ့ လူတစ်ယောက်လေ။ အဲ့လိုလူတစ်ယောက်က မင်းကို သူက လွယ်လွယ်နဲ့ အရှုံး ပေးပါ့မလား။ သူ့အသက်ကို ချမ်းသာပေးလိုက်လို့ အခုလို မင်းအလိုကို လိုက်နေတာလည်း ဖြစ်နိုင်တာပဲ။ အဲ့ဒီအတွက်အချိန်အတိုင်းအတာ တစ်ခုထိပဲ မင်းသူ့ကို ထိန်းချုပ်ထားလို့ရမယ်။ ဒါတောင်မှ မင်းက သူ့ကို စိတ်ရင်းအမှန်နဲ့ မင်းအပေါ် သစ္စာရှိတာ လိုချင်နေသေးတာလား။ တကယ့်ကို ဟာသပဲ . . .]
ဆောင်ဂျုသည်ရဲရှောင်မှ လျူချန်းဂျန်အပေါ် ယုံကြည်မှု လွန်ကဲနေသည်ဟု ထင်မြင်နေမိပြီး စိတ်ပျက်လက်ပျက်ပင်ဖြစ်နေမိသည်။
ရဲရှောင် စီစဉ်နေသမျှသည် သဘာဝမကျ လက်တွေ့မကျသည့် အစီအစဉ်များ ဖြစ်နေသည်ဟု ခံစားနေမိခြင်း ဖြစ်သည်။
ရဲရှောင်လည်း မျက်လုံးများကိုသာ မှိတ်ထားလိုက်၏။ သူ၏ စိတ်ထဲတွင် –
[လျူချန်းဂျန် . . . သူသာ ငါ့နောက် တကယ်မလိုက်ဘူး ဆိုရင် သူ့သေတွင်း သူတူးသလို ဖြစ်မှာပဲ။ သူသာ ငါ့အပေါ် သစ္စာရှိမယ် ဆိုရင် ငါကလည်း သူ့ကောင်းကျိုးကို ကြည့်ပေးမဲ့ လူတစ်ယောက်ပါ။ ငါ့ရဲ့ ကျင့်စဉ် အချို့ကိုသာ သင်ပေးလိုက်မယ်ဆိုရင် ဒီလို မော်တယ်ကမ္ဘာမပြောနဲ့ ချင်းယန်လို နယ်ပယ်မှာတောင် ပထမတန်းစား လုပ်ကြံသတ်ဖြတ်သူတစ်ယောက် ဖြစ်လာနိုင်ဦးမယ် . . .]
အရာအားလုံးသည် လျူချန်းဂျန် ရဲရှောင်အပေါ်တွင် ထားသည့် သဘောထား အပေါ်တွင်သာ မူတည် နေလေသည်။
ရဲရှောင်ဘက်မှ ထည့်သွင်း စဉ်းစားရမည့် ကိစ္စတစ်ခုလည်း ရှိပေသည်။ အကယ်၍ လျုချန်းဂျန်မှ သူ့အား သစ္စာဖောက်ခဲ့ပါက ဖြစ်လာနိုင်သည့် အကျိုးဆက်များကိုပင် ဖြစ်သည်။
ရဲရှောင်၏ စိတ်ထဲတွင် –
[ငါ ဒီနေ့ သူ့ကို ဖမ်းမိခဲ့တယ်။ သူသာ အလုပ်ကို လေးစားတဲ့လူတစ်ယောက်၊ ကိုယ့်ကတိကိုယ် တန်ဖိုးထားတဲ့ လူတစ်ယောက်ဆို ငါ့အပေါ် သစ္စာတော့ မဖောက်လောက်ပါဘူးလေ . . .]
ဆောင်ဂျုမှ –
“အဲ့ဒီကောင်ကိုလင်းပါအို လေလံခန်းမကို သွားဖို့ ဘာလို့ လွှတ်လိုက်ရတာလဲ . . .”
ရဲရှောင်မှ လျူချန်းဂျန်အား လင်းပါအိုခန်းမသို့ သွားရန် ပြောခဲ့စဉ်က ဆောင်ဂျုလည်း အနားတွင် ရှိနေခဲ့သည်။ လွှတ်လိုက်ရသည့်အကြောင်းအရင်းအား နားလည်သည့်အတွက်မေးလိုက်ခြင်းဖြစ်သည်။
ရဲရှောင်မှ ပြုံးလိုက်ရင်း –
“ဦးလေးဆောင် . . . ခင်ဗျားကို ကျုပ် မလိမ်ချင်ဘူး။ ဒါပေမဲ့ ပြောပြဖို့လည်း အချိန်မတန်သေးဘူး။ အနှေးနဲ့အမြန်တော့ ခင်ဗျား သိလာမှာပါ။ အခုတော့ ကျုပ်ကို လျှို့ဝှက်ထားခွင့် ပေးပါဦး။ ဒါက ကျုပ်တို့ရဲ့ နောက်ဆုံး အစီအစဉ်လည်း ဖြစ်နိုင်သလို အင်အားအကြီးဆုံး အထောက်အပံ့ တစ်ခုလည်း ဖြစ်လာမှာပါ”
ဆောင်ဂျုလည်း ထပ်မံ၍ မမေးတော့ဘဲ ခေါင်းညိတ်လျက် ထွက်ခွာသွားလေသည်။
. . .
လင်းပါအိုလေလံခန်းမတွင် ဖြစ်သည်။
ဝမ်ဇန်းဟိုသည် လျူချန်းဂျန်အား ကြည့်ရင်းပြောစရာစကား ရှာမရအောင်ပင်ဆွံ့အလျက်ရှိသည်။
ဖန်ဧကရာဇ်မှ သူ့အား လျှို့ဝှက်လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့ တည်ထောင်မည်ဟု ပြောပြီး မကြာမီမှာပင် လုပ်ကြံသတ်ဖြတ်သူ တစ်ဦးအား ယခုကဲ့သို့ စေလွှတ်လာလိမ့်မည်ဟု မထင်မှတ် ထားခဲ့မိချေ။ ထို့အပြင် ယခု သူ့အရှေ့သို့ ရောက်နေသည့် လူမှာလည်း ထင်ရှားသည့် လုပ်ကြံသတ်ဖြတ်ရေးသမား တစ်ဦးပင် ဖြစ်နေလေသည်။
အဖြစ်အပျက်များသည် မြန်ဆန်လွန်းလှပေသည်။
ဝမ်ဇန်းဟိုသည်လျုချန်းဂျန်အား ကြည့်ရင်း –
“မင်းဘာကိစ္စရှိလို့လဲ . . .”
လျုချန်းဂျန်လည်း –
“ဘာကိစ္စရှိလို့လဲဆိုတာ ဘာသဘောလဲ။ တစ်ယောက်ယောက်က ကျုပ်ကို ဒီနေရာ လွှတ်လိုက်တာလေ။ ဒီမှာ တံဆိပ်ပြား။ သူက ခင်ဗျား ကျုပ်အတွက် တစ်ခုခု စီစဉ် ပေးလိမ့်မယ်တဲ့”
လျူချန်းဂျန်သည် သူ့အရှေ့ရှိ စည်ပိုင်းထက်ပင် ကြီးမားသော ခန္ဓာကိုယ်ပိုင်ရှင်ကြီးအား ကြည့်ရင်းစိတ်ထဲတွင်လည်း –
[သေစမ်း . . . ဒီလူက လူမှ ဟုတ်ရဲ့လား . . . ဒီလောက်ထိ ဝနေတာကို အသက်ဘယ်လို ရှင်နေနိုင်သေးတာလဲ မသိဘူး။ ငါ့ဘဝမှာ ဒီလောက်ထိ ဝတဲ့လူကို မြင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပဲ . . .]
ဝမ်ဇန်းဟိုသည် လင်းပါအိုခန်းမ၏ သူဌေးဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်သော လူတစ်ဦးလည်း ဖြစ်သည်။ လျူချန်းဂျန်သည်မော်တယ်ကမ္ဘာ၏ လုပ်ကြံသတ်ဖြတ်ရေး ပညာရှင်များထဲမှ ထိပ်တန်းပညာရှင် တစ်ဦး ဖြစ်သည့်တိုင် ရဲရှောင်၏ တံဆိပ်ပြားသာ မပါခဲ့ပါက ဝမ်ဇန်းဟိုအား လူချင်းတွေ့ရန်ပင် မဖြစ်နိုင်ပေ။
ဝမ်ဇန်းဟိုမှ –
“မင်းပြောတဲ့ တစ်ယောက်ယောက်ဆိုတာ ဖန်ဧကရာဇ်ကို ပြောတာလား . . .”
လျုချန်းဂျန်လည်း –
“အဲဒါတွေ ကျုပ်မသိဘူး။ ကျုပ်သိတာ ဒီတံဆိပ်ပြားပဲ ရှိတယ် . . .”
လျူချန်းဂျန်သည် ရဲရှောင်၏ လျို့ဝှက်ချက်အား လုံးဝမပြောချေ။
အဘယ့်ကြောင့်ဆိုသော်သူ၏ အသက်နှင့် သူ၏ အနာဂတ်အလုံးစုံသည် ရဲရှောင်၏ လက်ထဲတွင်သာ ရှိနေသည်ကို ကောင်းစွာ သဘောပေါက်၍ပင် ဖြစ်ပါတော့သည် . . .။