Chapter – 170
“အရှုပ်အထွေး”
ရဲရှောင်သည်ဆောင်ဂျုအနားရှိ ရန်သူခြောက်ယောက်အား တိုက်ခိုက်ပြီးနောက်အခြားရန်သူများ ရှိရာသို့ သွားလိုက်သည်။ ထို့သို့ မသွားခင်အချိန်တွင်ဆောင်ဂျုအား မျက်လုံးတစ်ချက်မှိတ်ပြရင်း အချက်ပြလိုက်သည်။ ထို့နောက် သူ၏ ဓားအား ဝှေ့ယမ်းလိုက်ရင်း ရန်သူများကြား တိုးဝင်သွားပါတော့သည်။
ဆောင်ဂျုသည် အလွန်အံ့အားသင့်နေမိရင်း သူ၏ နှုတ်မှလည်း –
“ဘယ်လို ဖြစ်တာလဲဟ . . .”
ထိုကဲ့သို့ မျက်စိတစ်ဖက်မှိတ်ပြခြင်းသည် ရဲရှောင်၏ အကျင့်မှန်း သူသိနေလေသည်။
ရန်သူများကြားသို့ ဝင်ရောက်သွားသည့်ရဲရှောင်၏ ဟန်ပန်သည်သိုးအုပ်အတွင်းသို့ ကျားတစ်ကောင်ခုန်ဝင်သွားသည်နှင့်ပင်တူနေပါသည်။ သူ၏ ဓားဖြင့်ရန်သူများအား တစ်ယောက်ပြီးတစ်ယောက်ခုတ်ပိုင်းရင်း သတ်ဖြတ်နေလေသည်။ရန်သူများ၏သွေးများသည်လည်းသွေးမိုးများရွာချနေသည့်အတိုင်း မြင်မကောင်းရှုမကောင်းပင်ဖြစ်လျက်ရှိသည်။
တခဏအတွင်းမှာပင် သူ၏ ဓားချက်ကြောင့် ရန်သူ တစ်ဒါဇင်ကျော် သေဆုံးသွားရချေပြီ။
ရန်သူတို့သည်ရဲရှောင်အား လျုချန်းဂျန်ဟု ထင်မှတ်နေကြသည့်အတွက်ခုခံကာကွယ်ခြင်း မရှိခဲ့ပေ။ ထို့အတွက်ကြောင့်ပင်သူတို့သည်ရဲရှောင်၏ ဓားချက်အောက်တွင် အသက်ပျောက်သွားခဲ့ရခြင်း ဖြစ်သည်။ ရန်သူများသည် ရဲရှောင်အားတွေ့လိုက်ရသည့်အချိန်တုန်းက ကယ်တင်ရှင် ရောက်လာသကဲ့သို့ ပင်ခံစားလိုက်ရသည်။ သို့သော်အဆိုပါ ကယ်တင်ရှင်ဟု ထင်မှတ်ထားသည့်လူသည် သူတို့၏ အသက်အား နှုတ်ယူမည့်လူမှန်း မသိခဲ့ကြချေ။
နားမလည်နိုင်သည့် အကြည့်များဖြင့် ကြည့်နေကြသော ရန်သူပေါင်းများစွာသည်တစ်ယောက်ပြီးတစ်ယောက်ပင်လဲကျသွားကြသည်။ အချို့သော သူများသည်လည်းအခြေအနေ အရပ်ရပ်အား ရိပ်မိသွားကြသည်။ သို့သော်ယခုအချိန်တွင်သူတို့ အဖွဲ့မှ လူအများအပြား သေဆုံးသွားကြပြီဖြစ်၍ ပြန်လည်တိုက်ခိုက်ရန်လည်း မဖြစ်နိုင်တော့ချေ။
ရဲရှောင်လည်း ပတ်ဝန်းကျင်အခြေအနေအား အကဲခတ်လိုက်သောအခါ ရန်သူများ အရေးနိမ့်နေသည်ကို သိလိုက်သည်။ ထို့ကြောင့်သူ၏ ဓားအားဝှေ့ယမ်းလိုက်ပြီး အုတ်နံရံပေါ်သို့ကျော်တက်ကာ လျင်မြန်စွာဖြင့်ပင်ပျောက်ကွယ်သွားပါတော့သည်။
ထို့နောက် ရယ်မောခြင်းကောင်းကင် အကွက်ကိုပင် ထပ်မံ၍ သုံးလိုက်ပြန်၏။
ရဲရှောင်သည်လက်ရှိအချိန်တွင်အနည်းငယ်အားနည်းနေသည်ဆိုသော်လည်း အခြားလူများမှ သူ့အား မမြင်တွေ့နိုင်ရုံလောက်တော့ပြေးနိုင်ပါသေးသည်။
အနက်ရောင်ဝတ်စုံဝတ်ထားသော လူသည်လူပေါင်းများစွာအား သတ်ဖြတ်ပြီးနောက် မည်ကဲ့သို့ ပျောက်ကွယ် သွားသည်ဆိုသည်ကို မည်သူကမျှ သိကြမည် မဟုတ်ချေ။
ရဲရှောင် ထွက်သွားသော်လည်း ကျန်ရှိနေသည့် ရန်သူများသည် လွတ်မြောက်ရန် မလွယ်ကူတော့ ချေ။
တော်ဝင်နန်းတော်မှ ထိပ်တန်းအဆင့် ပညာရှင်များ ရောက်ရှိလာကြပြီး ဆောင်ဂျုနှင့်အတူ ရန်သူများအား တိုက်ခိုက်လျက် ရှိသည်။ အပြင်ဘက်တွင်လည်း မြင်းခွာသံများစွာကို ကြားနေရပြီ ဖြစ်ပြီး စစ်ကူများစွာ ရောက်ရှိလာကြပြီ ဖြစ်သည်။
ကျယ်လောင်သော ခရာမှုတ်သံနှင့်အတူ ကျန်ရှိနေကြသည့် လုပ်ကြံသတ်ဖြတ်ရေးသမားများသည် နောက်သို့ ဆုတ်ခွာသွားကြသည်။သို့သော်လည်း အပြင်ဘက်တွင် ရှိနေကြသည့် ရဲမက်များ၏ လက်မှ မလွတ်မြောက်နိုင်ကြတော့ချေ။ အနည်းငယ် အစွမ်းထက်သည့် ပညာရှင် အချို့သာ လွတ်မြောက်သွားကြပြီး အများစုမှာမူ အဖမ်းခံလိုက်ကြရသည်။
ဆောင်ဂျုနှင့် တော်ဝင်နန်းတော်မှ ပညာရှင်များသည် ရဲရှောင် ရှိရာသို့ အပြေးတပိုင်း သွားလိုက်ကြသည်။ ရဲရှောင်ထံသို့ အမြန်ရောက်ရှိရေးကိုသာ အာရုံစိုက်နေရ၍ အပြင်ဘက်တွင် သေဆုံးနေသည့် ရန်သူ အရေအတွက်ကိုပင်ရေတွက်နိုင်ချိန်မရှိကြပေ။
ရဲရှောင်၏ လုံခြုံရေးသည် သူတို့ အားလုံးအတွက် အရေးကြီးဆုံးပင် ဖြစ်သည်။
မည်သည့်အရာကမျှ ထိုထက် အရေးမကြီးချေ။
အကယ်၍ ရဲရှောင်သေသွားခဲ့မည်ဆိုပါက ရန်သူများအား တစ်ယောက်မကျန်သတ်ဖြတ်ဖမ်းဆီး ရမိသည့်တိုင် သူတို့ အားလုံး အသတ်ခံကြရမည်မှာ အသေအချာပင်။
ဆောင်ဂျုသည် ထိုအချက်အား ကောင်းစွာ သိရှိထားလေသည်။ အစောပိုင်းတွင်သူ့အား ကူညီသွားသည့်သူမှာ ရဲရှောင်ပင် ဖြစ်သည်ကို သူတစ်ဦးတည်းသာ သိရှိသည့်ကိစ္စဖြစ်သည်။ ရဲရှောင်သူ၏ အခန်းထဲသို့ အချိန်ကိုက် ပြန်လည် မရောက်ရှိဘဲ နေမည်ကိုလည်း စိုးရိမ်လျက် ရှိသည်။
ဒဏ်ရာရချင်ယောင်ဆောင်သည့် ကိစ္စကိုသာ အားလုံး သိရှိသွားမည် ဆိုပါက အကုန်လုံး ဒုက္ခရောက်ကုန်မည် ဖြစ်သည်။ ဘုရင်အား လိမ်ညာရဲခြင်းသည်သေဒဏ်ထိုက်တန်နေပြီ ဖြစ်သည်။
ကံကောင်းသည့် အချက်မှာ ရဲရှောင်သည် သူတို့အားလုံး ဝင်လာသည့် အချိန်တွင် အိပ်ရာထက်၌ အသက်ငွေ့ငွေ့သာ ရှူနေသည့် လူတစ်ယောက်ကဲ့သို့ ရှိနေခြင်းပင် ဖြစ်သည်။ ရဲရှောင်အား မြင်တွေ့လိုက်ရမှ လူတိုင်းလည်း စိတ်သက်သာရာ ရသွားကြသည်။
ဆောင်ဂျုသည်လည်း ရဲရှောင်အချိန်မီပြန်ရောက်လာသည့်အတွက်စိတ်အေးသွားရပြီဖြစ်သည်။ သူ၏ စိတ်ထဲတွင်လည်း –
[ဒီကောင်လေး ထွက်ပြေး ပျံသန်းတဲ့ နေရာမှာ ဘာလို့ ဒီလောက်ထိ တော်နေရတာလဲ။ တော်တော်ကို ပညာသားပါတဲ့ အကွက်ကို သုံးသွားတာပဲ။ ငါ့ရဲ့ စွမ်းအားတွေ အထွတ်အထိပ် ရောက်တုန်းက သုံးနိုင်သလောက်ကို ကောင်းနေတာပါလား . . .]
တော်ဝင်ရဲမက်များ အားလုံးလည်း ယခုမှပင် သက်ပြင်းချနိုင်ကြတော့သည်။
ရဲရှောင် အသက်ရှင်နေသမျှ ကာလပတ်လုံး သူတို့အတွက် ကံကောင်းနေမည်ဟု ဆိုနိုင်ပေသည်။ အကယ်၍ ရဲရှောင် သေသွားမည်ဆိုပါက သူတို့၏ ဘဝသည်တွေးဝံ့စရာမရှိပေ။
ထို့နောက်တွင်မူ အားလုံးသည် ပဟေဠိ ဖြစ်လျက် ရှိနေကြသည်။
“ခုနက အနက်ရောင်ဝတ်စုံနဲ့က ဘယ်သူလဲ မသိဘူး။ သူက တခြား ရန်သူတွေလို အဝတ်အစား မျိုးပဲ ဝတ်ထားတာပါ။ ရန်သူတွေ အကုန်လုံးက သူ့ကို သိနေကြသလိုပဲ။ ဒါပေမဲ့ သူက ငါတို့ အားလုံး ဘက်ကနေ ကူညီပေးခဲ့တယ်။ သူထွက်သွားတဲ့ အချိန်မှာလည်း အရမ်းကို ထူးခြားတဲ့ အကွက်ကို သုံးပြီး ပျံသန်းသွားတာ။ ဘယ်လို ပျောက်သွားသလဲ ဆိုတာတောင် မတွေ့လိုက်ကြရဘူး။ တော်တော် စဉ်းစားရ ကြပ်တယ် . . .”
သူတို့ အားလုံးသည် နားမလည်နိုင်အောင် ဖြစ်နေကြ၏။ ထိုလူအား ကျေးဇူးတင်စကားပင် ပြောခွင့် မရလိုက်ကြချေ။
ဆောင်ဂျုသည်လည်း ကမ္ဘာ့သရုပ်ဆောင် အကောင်းဆုံးဆု ရထားသည့် ပုံစံမျိုးဖြင့် –
“ငါလည်း မသိဘူးလေ။ ငါ့ကိုမေးလည်း ဘာထူးမှာလဲ . . .”
စစ်သည်ရဲမက် အားလုံးသည် စိတ်ထဲတွင် မတင်မကျ ဖြစ်နေကြ၏။ သူတို့၏ စိတ်ထဲတွင်လည်း –
(ဒါက ခင်ဗျားရဲ့ အိမ်လေ။ ကျုပ်တို့က ခင်ဗျားကို မမေးလို့ ဘယ်သူ့ မေးရမှာလဲ . . .)
တော်ဝင်နန်းတော်မှ ရဲမက်များသည်လည်း ရဲအိမ်တော်အား ဘက်ပေါင်းစုံမှ စောင့်ကြပ်ရန် နေရာ ယူလိုက်ကြ၏။ ရဲရှောင်သည် ထိုအချိန်တွင် အိပ်ရာထက်တွင် လူသေတစ်ဦးကဲ့သို့ ရှိနေလေ၏။ ဆောင်ဂျုသည်လည်း မျက်တောင်ပင် မခတ်ပဲ အနားတွင် ကြည့်လျက် ရှိနေပါတော့သည်။
ထိုအချိန်တွင် ရဲရှောင်အား လုပ်ကြံရန်အတွက် နောက်ထပ် ၂ ဖွဲ့ရှိနေခဲ့သည်ကို မည်သူမျှ မသိလိုက်ကြချေ။
ရဲအိမ်တော် အပြင်ဘက် တစ်နေရာတွင် ပုန်းအောင်းနေကြသည့် ဝတ်စုံနက်ဝတ် လူ ၈ ဦး ရှိနေပြီး ရဲရှောင် အခန်းထဲမှ လုပ်ကြံသတ်ဖြတ်သူတစ်ယောက် အဖြစ် ထွက်လာသည့် အချိန်တွင် ရဲရှောင် အခန်းတွင်း ရှိနေမည် အထင်ဖြင့် ဝင်ရောက်ကြရန် ပြင်လိုက်ကြသည်။ သို့သော် ထိုအချိန်တွင် ဝတ်ရုံနက်ဝတ်ဆင်ထားသည့် လူတစ်ဦး ရောက်ရှိလာပြီး သူတို့အား တားလိုက်၏။
ထိုလူသည် အလွန် အစွမ်းထက်လှ၍ ဓားကို ကျွမ်းကျင်စွာ ကိုင်ဆောင်လျက် အဆိုပါ လူ ၈ ဦးအား အသာအယာ တားဆီးနိုင်ခဲ့သည်။
ထိုကဲ့သို့ တားဆီးခဲ့သည့် အချိန်သည် တခဏသာ ကြာလေ၏။ ထို့နောက် ချက်ချင်း ဆိုသလို ထွက်ပြေးသွားခဲ့၏။
လူ ၈ ဦးလည်း ဒေါသထွက်လျက် ရှိနေခဲ့ကြ၏။
“မျိုးမစစ်ကောင် . . . နင်ဘီလျူ . . .”
သူတို့အားလုံး ကျိန်ဆဲလိုက်မိကြသည်။
သူတို့ကို တားဆီးသည့် လူသည် နင်ဘီလျူသာ ဖြစ်၏။ သူတို့နှင့် နင်ဘီလျူသည် မကြာခဏ ဆိုသလို တိုက်ခိုက်ခဲ့ဖူးသဖြင့် တိုက်ကွက် ၁ ကွက် ၂ ကွက်လောက် တိုက်ပြီးနောက် နင်ဘီလျူမှန်း ကောင်းစွာ ရိပ်စားမိလိုက်ကြ၏။
“ငါတို့က ငါတို့ဆရာ အမိန့်အရ ဒီနေရာကို လာခဲ့တာ။ လာတယ် ဆိုတာကလည်း ရဲရှောင်ကို ကာကွယ်ပေးဖို့ပဲဟာ။ အခုတော့ ဘာမှ လုပ်ခွင့်တောင် မရလိုက်ဘူး။ ငါတို့ကို လာတားတဲ့ လူကလည်း ကမ္ဘာ့နံပါတ် ၁ လုပ်ကြံသတ်ဖြတ်ရေး ပညာရှင် ဖြစ်နေတယ် . . .”
“ငါတို့ ဘယ်လို ဖြေရှင်းကြရတော့မလဲ . . .”
“ကံကောင်းတဲ့အချက်က ရဲရှောင် အသက်ရှင်နေသေးတာပဲ။ ငါတို့ရဲ့ ဆရာကိုလည်း ရဲရှောင် အခြေအနေ ကောင်းတယ် ဆိုတာကို ပြောပြလိုက်ရင် ကျေနပ်မယ် ထင်ပါတယ်။ ဒါပေမဲ့ အခုလို တားခံလိုက်ရတာတော့ တကယ်ရှက်စရာ ကောင်းတယ် . . .”
“ဒါနဲ့ ဆရာက ဘာလို့ ရဲရှောင်ကို ကယ်တင်ချင်ရတာလဲ။ ငါတို့နဲ့ သူနဲ့က ဘာဆိုင်လို့လဲ . . .”
သူတို့သည် ပြောရင်းဖြင့်ပင် အမှောင်ထဲသို့ တိုးဝင် ပျောက်ကွယ် သွားခဲ့ကြသည်။
ထိုလူများ ပျောက်သွားကြသည့် အချိန်တွင် နင်ဘီလျူသည် ပြုံးလျက် ငေးကြည့်နေ၏။
မော်တယ်ကမ္ဘာ၏ နံပါတ် ၁ လုပ်ကြံသတ်ဖြတ်သူတစ်ဦး ဖြစ်သည့်အတွက် သူလည်း အလုပ်တစ်ခု ရလာခဲ့သည်။ ထို့ကြောင့်ပင် ရဲအိမ်တော် ရှိရာသို့ စောစီးစွာ ကြိုရောက်နေခဲ့၏။
သူရောက်ရှိနေခြင်းမှာ ရဲရှောင်အား သတ်ရန်တာဝန်ဖြင့် ဖြစ်သော်လည်း တကယ်တမ်းတွင်မူ ကာကွယ်ပေးရန် အတွက်သာ ဖြစ်ပေသည်။
(မင်းနောက်ကို ငါတကူးတက လိုက်ကြည့်ပေးနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါ့ကို ကယ်တင်ခဲ့တဲ့ နေ့က ကျေးဇူးကျွေးကိုတော့ ပြန်ဆပ်ရမှာပေါ့။ မင်းလိုအပ်လာတဲ့ အချိန်ကျရင် ငါမင်းအတွက် တစ်ခုခု လုပ်ပေးမှာပါ။ မင်းမလိုအပ်ဘူး ဆိုရင်လည်း ငါဒီမှာ ရှိနေခဲ့တယ် ဆိုတာကို ဘယ်သူမှ သိကြမှာ မဟုတ်ဘူးပေါ့ . . .)
သူသည် ရဲရှောင်၏ လုံခြုံရေးအတွက် စိုးရိမ်မိခဲ့၏။ ထို့ကြောင့်ပင် ပုန်းအောင်း၍ စောင့်ဆိုင်းနေခြင်း ဖြစ်ပေသည်။
တကယ်တမ်းတွင် သူမတားဆီးခဲ့လျှင်လည်း လူ ၈ ယောက်သည် ရဲရှောင် ရှိရာသို့ ရောက်နိုင်တော့မည် မဟုတ်ချေ။ သို့သော် နင်ဘီလျူသည် တားဆီးပေးခဲ့၏။
(ဘယ်လိုပဲဖြစ်ဖြစ် မင်းအတွက် ငါတစ်ခုခုတော့ လုပ်ပေးလိုက်ပြီးပြီ . . .)
ယခုအခါတွင် ရဲရှောင်၏အိမ်၌ လုံခြုံရေး တင်းကြပ်စွာ ရှိသွားပြီ ဖြစ်လေသည်။
ဆောင်ဂျု ကြည့်နေသည့် အချိန်တွင် ရဲရှောင်သည် ရုတ်တရက် မျက်လုံးများအား ဖွင့်လိုက်၏။ ထို့နောက် ရဲရှောင်လည်း ဆောင်ဂျုအား မျက်ရိပ်ပြလိုက်သည်။
ဆောင်ဂျု အနားကပ်လာသောအခါ ရဲရှောင်လည်း ခုတင်အောက်သို့ မျက်နှာရိပ် မျက်နှာကဲ ပြလိုက်ပြန်၏။
“ဟမ် . . .”
ဆောင်ဂျု မျက်လုံးပြူးသွားသည်။
ရဲရှောင် ခေါင်းညိတ်ပြလိုက်၏။ ဆောင်ဂျုလည်း ခုတင်အောက်သို့ ကြည့်လိုက်သောအခါ သတိလစ်နေသော ကိုယ်လုံးတီးဖြင့် လူတစ်ယောက်အား မြင်တွေ့ လိုက်ရ၏။
သူသည် တုန်လှုပ်ဟန်ဖြင့် –
“ဘယ်သူကြီးလဲဟ . . .”
“လူသတ်သမားလေ . . .”
ရဲရှောင် ခပ်တိုးတိုး ပြောလိုက်သည်။
“သူက ခေါင်းဆောင် ဖြစ်မယ်ထင်တယ်။ ကျုပ်ခုနတုန်းက သူ့အဝတ်အစားတွေ ဝတ်ခဲ့တာလေ”
ဆောင်ဂျု ပါးစပ် အဟာင်းသား ဖြစ်သွား၏။ သူ့စိတ်ထဲတွင်လည်း –
(ငါ့တူရော ဟုတ်သေးရဲ့လားဟ . . .)
သူသည် လျူချန်းဂျန်၏ မျက်နှာအား တစ်ချက် နှစ်ချက်ခန့် ရိုက်လိုက်သောအခါ နိုးလာလေ၏။ ထိုသို့ သတိပြန်ရလာသည့် အချိန်မှာပင် သူတို့အဖွဲ့၏ လုပ်ကြံမှု အထမမြောက်လိုက်ဘူး ဆိုတာကို သဘောပေါက်သွားလေတော့သည်။
ထို့နောက် မျက်လုံးများ ပြန်မှိတ်လိုက်ရင်း အေးစက်စက် လေသံဖြင့် –
“ကျုပ်ကို သတ်လိုက် . . .”
ရဲရှောင် ပြုံးလိုက်ရင်း –
“ဪ . . . ခင်ဗျားက သေချင်တယ်ပေါ့။ သေတယ်ဆိုတာ ခင်ဗျားအတွက် ကံကောင်းလွန်းတယ် မထင်ဘူးလား။ သေဖို့အတွက် တောင်းပန်ရတဲ့ အလုပ်ဟာ အခက်ခဲဆုံး ဆိုတာကိုရော မသိဘူးလား”
ရဲရှောင်၏ စကားကြောင့် ဆောင်ဂျုပင် အနည်းငယ် လန့်သွားမိသည်။
(ဒီကောင်က သေဖို့အတွက် ပြောနေတာကို ကံကောင်းတယ်တဲ့လား . . .)
“ခင်ဗျားကို ဘယ်သူလွှတ်လိုက်တာလဲ . . .”
ရဲရှောင် ညင်ညင်သာသာပင် မေးလိုက်သည်။
ထိုမေးခွန်းသည် ရဲရှောင် အချိန်အကြာကြီး စဉ်းစား၍ မေးရန် ဆုံးဖြတ်ခဲ့သော မေးခွန်း ဖြစ်ပေသည်။
ယခုလုပ်ကြံသတ်ဖြတ်မှု အစီအစဉ်သည် အလျင်အမြန် စီစဉ်ခဲ့ရခြင်း ဖြစ်ပြီး အစီအစဉ် လုပ်သူသည် လူများစွာ စုဆောင်းမိရေးအတွက် တစ်ဖွဲ့တည်းမှ မဟုတ်သည့် လုပ်ကြံသတ်ဖြတ်ရေး သမားများကို စုပေါင်းကာ တူညီဝတ်စုံများ ဝတ်ဆင်စေ၍ တစ်ဖွဲ့တည်းအဖြစ် စေခိုင်းခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ထိုအချက်ကို ကြည့်ခြင်းအားဖြင့် လုပ်ကြံသတ်ဖြတ်ရန် စီစဉ်သူသည် သြဇာအာဏာရှိ၍ အစွမ်းထက်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း သိနိုင်ပေသည်။ လုပ်ကြံသတ်ဖြတ်သူ များစွာကိုပင် စုစည်း နိုင်ခြင်းသည် ပေါ့သေးသေး အစွမ်းတော့ မဟုတ်နိုင်ချေ။
“ငါမသိဘူး . . .”
လျူချန်းဂျန် ပြန်ဖြေလိုက်သည်။ သူသည် ခေါင်းထဲတွင် ရီဝေဝေ ဖြစ်နေဆဲပင် ဖြစ်သည်။
သူသည် ယခုကဲ့သို့ လူငယ်တစ်ဦးကို ရှုံးနိမ့်၍ အစီအစဉ် တစ်ခုလုံး ပျက်ဆီး သွားလိမ့်မည်ဟု မထင်မှတ် ထားခဲ့မိချေ။ ယခုအခါတွင် ထွက်ပြေးရန်လည်း မဖြစ်နိုင်တော့ဘဲ ဂုဏ်သိက္ခာအားဖြင့်လည်း များစွာကျဆင်းခဲ့ရပြီး ဖြစ်၏။
အရာအားလုံးသည် သူ့အတွက် အိပ်မက်လိုပင် ဖြစ်နေပါတော့သည် . . .။