Switch Mode

Chapter – 161

ဘုရင်မင်းမြတ်၏ စိုးရိမ်ပူပန်မှု

Chapter – 161
“ဘုရင်မင်းမြတ်၏စိုးရိမ်ပူပန်မှု”

အူလှိုက်​သည်းလှိုက်​ပင်​ရယ်​မော​နေ​သော ဖန်​ဇီလင်​အား ဝမ်​ဇန်းဟိုသည်​မျက်​နှာငယ်​လေးဖြင့် သာ ကြည့်​နေ​လေသည်​။ ဖြစ်​ခဲ့သည့်​ကိစ္စအတွက်​သူ၏ စိတ်​ထဲတွင်​အလွန်​အမင်းပင်​ရှက်​ရွံ့​နေမိသည်​။ သူ၏ အဖြစ်​အား ဟက်​ဟက်​ပက်​ပက်​ပင်​ရယ်​မော​နေ​သော ဖန်​ဇီလင်​အ​ပေါ် မ​ကျေမနပ်​ဖြစ်​မိ​သော်​လည်း ဘာမျှ မတတ်​နိုင်​ခဲ့​ချေ။ သူ၏ ဘဝသည်​ဖန်​ဇီလင်​ပြုသမျှ နုရမည့်​အ​ခြေအ​နေပင်​မဟုတ်​ပါ​လော။
. . .
ရဲ​ရှောင်​ရယ်​၍ ဝသွား​သောအခါ​နှစ်​ဦးသား​ခေါင်းချင်းဆိုင်​၍​ဆွေး​နွေးမှုများ စတင်​ပြုလုပ်​ကြ​တော့သည်​။
ဝမ်​ဇန်းဟို –
“ဆရာဖန် . . . ကျုပ်တို့ရဲ့ ပူးပေါင်းမှု ဘယ်တော့လောက် စကြမလဲဗျ . . .”
ဖန်​ဇီလင်​-
“အခုပဲ စနေပြီးပြီ မဟုတ်လား . . .”
ဝမ်​ဇန်းဟို –
“ဒါဆိုလည်း ကျုပ်လိုအပ်တဲ့ ဆေးလုံးတွေ ဘယ်တော့လောက်များ ရနိုင်မလဲ . . .”
ဖန်​ဇီလင်​-
“ခင်ဗျားကို ပေးခဲ့ပြီးပြီလေ။ သွယ်လျဆေးနဲ့ ခင်ဗျားလည်း အတော် အလုပ်ဖြစ်ခဲ့တယ် မဟုတ်​လား . . .”
ဝမ်​ဇန်းဟို –
“အာ . . . ကျုပ်ပြောတာ နောက်ထပ်​ဆေးလုံးတွေကို ပြောတာ . . .”
ဖန်​ဇီလင်​-
“ခင်ဗျားက သွယ်လျဆေး လိုချင်တာလား၊ ဒါမှမဟုတ်​အသက်​ရှည်​ဆေး​ကို​ရော နှစ်ခုလုံး လိုချင်​တာလား . . .”
ဝမ်​ဇန်းဟို –
“ဟုတ်တယ် . . . ဟုတ်တာပေါ့၊ အသက်ရှည်ဆေး စားတာနဲ့ သွယ်လျဆေးလည်း လိုမှာ မဟုတ်လား . . .”
ဖန်​ဇီလင်​-
“ဟဲဟဲ . . . ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ ကျုပ်မှာ အချိန်မရှိသေးဘူးဗျ . . .”
ဝမ်​ဇန်းဟို –
“ဘာလို့လဲ၊ ခင်ဗျားမှာ အခက်အခဲတွေ ရှိနေလို့လား . . .”
ဖန်​ဇီလင်​-
“ခင်ဗျားက သိသိကြီးနဲ့ မေး​နေပြန်ပြီ။ ကျုပ်မှာ ဆေးပစ္စည်းတွေ လုံလုံ​လောက်​လောက်​မရှိဘူးလို့ ပြောခဲ့တယ် မဟုတ်လား။ ခင်ဗျားကို ပေးခဲ့တဲ့ သွယ်လျဆေးဆိုတာ အာနိသင် တစ်​ဝက်လောက်ပဲ ရှိ​သေးတယ်​။ ဘာလို့လဲဆို​တော့ ကျုပ်လုပ်တုန်းက ပစ္စည်းက​လောက်​မှမ​လောက်​တာ . . .”
ဝမ်​ဇန်းဟို –
“ကျုပ်တောင်းပန်ပါတယ်ဗျာ၊ ကျုပ်အမှားပါ၊ သတိလက်လွတ်ဖြစ်​သွားပြီး​မေးမိတာပါ . . .”
ဖန်​ဇီလင်​-
“ခင်ဗျားလိုတဲ့ ဆေးလုံးတွေကို ပေးဖို့အတွက်က ခင်ဗျား ရှာပေးတဲ့ ပစ္စည်းတွေ​ပေါ်မှာ မူတည်​တာပဲ . . .”
ဝမ်​ဇန်းဟို –
“ကျုပ်သိပါပြီ၊ လိုတဲ့ စာရင်းကိုသာ ပြောပါ။ အတတ်နိုင်ဆုံး ရအောင်ရှာပေးပါ့မယ် . . .”
ဖန်​ဇီလင်​-
“ခင်ဗျား သိထားရမှာက ဒီဆေးနှစ်မျိုးရဲ့ ပါဝင်ပစ္စည်းတွေက​တော့ မရှားဘူး။ ဒါပေမဲ့ အချိန်တိုတို​လေးနဲ့​တော့ ခင်​ဗျား ရှာလို့မရနိုင်ဘူးနော် . . .”
ဝမ်​ဇန်းဟို –
“ဘယ်တတ်နိုင်မလဲ။​အဲ့ဒီ​တော့ ကျုပ်​က ကြိုးစားပြီး ရှာ​ပေးရမှာ​ပေါ့​နော်​. . .”
ဖန်​ဇီလင်​-
“အဲဒါ ကျုပ်နဲ့ မဆိုင်ဘူး၊ ဆေးလိုချင်တာက ခင်ဗျားလေ၊ ကျုပ်မှ မဟုတ်တာ . . .”
ဝမ်​ဇန်းဟို
“ကောင်းပါပြီ၊ ကျုပ်​နားလည်ပါတယ် . . .”
ဝမ်​ဇန်းဟို –
“အခု ကျုပ်တို့က တစ်ဖွဲ့တည်း ဖြစ်သွားပြီ ဆိုတော့ ကျုပ်တို့ရဲ့ ဘွဲ့နာမည်တွေ တပ်​ပြီး​ခေါ်ကြရင်​ကောင်းမယ်​. . .”
ဖန်​ဇီလင်​-
“အဲ့ဒါ​တော့ ခင်​ဗျားသဘောပဲ . . .”
ဝမ်​ဇန်းဟို –
“ဟုတ်ပြီ၊ ခင်ဗျားကို အလုပ်ခွင်ထဲမှာ ကျုပ်တို့က ဘယ်လို ခေါ်ရင် ကောင်းမလဲ . . .”
ဖန်​ဇီလင်​-
“အင်း . . . ကျုပ်ကို ဧကရာဇ်လို့ ခေါ်လေ . . .”
ထိုအချိန်မှစ၍ လင်းပါအို လေလံခန်းမအတွင်း သူဌေးဝမ်ထက်ပင် ပို၍ သြဇာအာဏာကြီးသော ဧကရာဇ်တစ်ပါး ပေါ်ထွက်လာလေ​တော့သည်​. . .။
ဝမ်​ဇန်းဟို –
“ဖန်ဧကရာဇ် . . . ခင်ဗျားအတွက် ကျုပ် ဘာလုပ်ပေးရဦးမလဲ . . .”
ဖန်ဇီလင်​-
“ကျုပ်လိုအပ်တာတွေက များတယ်။ ဆေးပစ္စည်းတွေ၊ လက်နက်ပစ္စည်းတွေ၊ ရတနာတွေ၊ အကုန်လုံး လိုချင်တယ်။ ရှားပါးတဲ့ ပစ္စည်းမှန်သမျှ လိုတယ်၊ ဝိညာဉ်တော် ကျောက်တုံးတွေ၊ ကျောက်ပြား တွေ အကုန်ပဲဗျာ . . .”
ဝမ်ဇန်းဟို –
“အ . . . အင်း . . . ဟုတ် . . . ဟုတ်ပါပြီ၊ အဲ့ဒါ​တွေအကုန်လုံး ခင်ဗျားကို ပေးလိုက်​တော့ လေလံခန်းမ လည်ပတ်ဖို့က​ရော . . .”
ဖန်​ဇီလင်​-
“ပြဿနာမရှိပါဘူး၊ ကျုပ်လိုချင်တာတွေကိုသာ ပေးလိုက်၊ အခုကစပြီး ခင်ဗျားကို လေလံ ဆွဲဖို့အတွက် ထူးခြား အစွမ်းထက်တဲ့ ဆေးလုံးတွေ ပေးမယ်လေ။ အဲဒါဆို ငွေကြေးပိုင်းဆိုင်ရာမှာ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ် . . .”
ဝမ်​ဇန်းဟို –
“တကယ်ကြီးလား . . .”
ဖန်​ဇီလင်​-
“တကယ်​ပေါ့ဗျ . . . နောက်ပြီး ထူးခြားအစွမ်းထက်တဲ့ ဆေးလုံးတွေထက်ကို ပိုပြီး တန်ဖိုးကြီးတဲ့ အရာတွေလည်း ပါလာနိုင်တယ်။ ကျုပ်လေလံခန်းမအတွက် ရှိနေသ၍ ဘယ်တော့မှ လေလံဆွဲစရာ ပစ္စည်း ပြတ်သွားတယ်ဆိုတာ မရှိစေရဘူး။ အဲဒါဆို ငွေကြေးလည်ပတ်မှုလည်း ပြေလည်ပြီးသား ဖြစ်သွားမှာပဲလေ။ အရင်ကထက်တောင် ပိုပြီး တိုးတက်လာဦးမယ် . . .”
ဝမ်​ဇန်းဟို –
“ကောင်းတယ်ဗျာ . . . ဒါဆိုရင်တော့ ပြဿနာ မရှိ​တော့ပါဘူး . . .”
ဖန်​ဇီလင်​-
“နောက်တစ်ခါ ထူးခြား အစွမ်းထက် ဆေးလုံးတွေကို လေလံဆွဲတဲ့ အခါကျရင် အရင်တစ်ခေါက် တုန်းကထက် ပိုပြီး ကြီးကျယ်ခမ်းနားအောင် လုပ်ရမယ်။ ဒါဆို ရလာမဲ့ ပမာဏကလည်း နည်းမှာ မဟုတ်ဘူး . . .”
ဝမ်​ဇန်းဟို –
“ကောင်းပါပြီ . . .”
အချိန်​အ​တော်​ကြာ ဆွေးနွေးပြီး​နောက်​ဝမ်ဇန်းဟိုသည်သည်​ဖန်ဇီလင်အား အံ့သြနေမိသည်။ ထိုမှတဆင့်​တဖြည်းဖြည်း ဖန်​ဇီလင်​အ​ပေါ် လေးစားသည့်​စိတ်များလည်း ဝင်လာခဲ့သည်။ ထိုလေးစားမှုသည် သူ၏ ရင်ထဲ နှလုံးသားထဲမှလာသော လေးစားမှုမျိုးပင် ဖြစ်သည်။
ထို့အပြင် ရဲရှောင်သည် သူ့အ​ပေါ်တွင်​ဂုဂျင်လုံကဲ့သို့ မောက်မာသည့် ပုံစံမျိုး မပြချေ။ ကိုယ်​အမူအယာ ၊ နှုတ်​အမူအယာ​ကောင်းများဖြင့်​တစ်​ဖက်​လူ သူ့ဘက်​သို့ ပါလာ​စေရန်​အ​ပျော့ဆွဲ၍ သိမ်းသွင်း နိုင်​စွမ်းရှိ​လေသည်​။
ဂုဂျင်လုံမှာမူ သူ့အ​ပေါ်တွင်​အသက်ရှည်ဆေးမှလွဲ၍ မည်သည့်အရာမျှ မငဲ့ညှာခဲ့ချေ။
ဝမ်ဇန်းဟို၏ ဘဝသည် ဖန်ဇီလင်၏ လက်ထဲတွင်ရှိ​လေသည်​။
သူ၏ ခန္ဓာကိုယ်​အ​လေးချိန်​လျော့ကျသွား​အောင်​လုပ်​ပေးနိုင်​စွမ်းရှိသူမှာလည်း ဖန်​ဇီလင်​တစ်​ယောက်​တည်းပင်​ဖြစ်​သည်​။
ကုန်​ကုန်​ပြောရလျှင်​သူ၏ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ ဝမ်းသာမှု အားလုံးသည်​ဖန်ဇီလင်၏ လက်ထဲမှာပင်ရှိသည်​။
ထို့ပြင်​ယောက်ျားပီသသူတစ်​ယောက်​ဖြစ်​လာ​ရေး ကိစ္စသည်​လည်း ဖန်​ဇီလင်​ပေါ်တွင်​သာ မူတည်​နေ​လေသည်​။
ထိုအချက်​များ​ကြောင့်​ပင်​ဝမ်​ဇန်းဟိုသည်​ဖန်​ဇီလင်​အ​ပေါ်တွင်​တဖြည်းဖြည်းဖြင့်​သစ္စာရှိမှန်းမသိ ရှိလာခဲ့သည်​။
ဝမ်​ဇန်းဟိုသည်​ဖန်​ဇီလင်​အ​ပေါ်တွင်​ဂုဂျင်​လုံတုန်းကထက်​ပင်​ပို၍ သစ္စာရှိ​နေမိ​လေသည်​။
ထို့အပြင် ဖန်ဇီလင်နှင့် ပူးပေါင်းဆောင်ရွက်လိုက်​ခြင်း​ကြောင့်​ယခင်​က အိမ်​မက်​ပင်​မမက်​ဖူးခဲ့သည့်​အရာများကိုလည်း ရရှိနိုင်​မည်​ဖြစ်​သည်​။ ဝမ်​ဇန်းဟိုအတွက်​အရှုံးမရှိသည့်​အတွက်​ပျော်​စရာပင်​ကောင်း​နေပါ​သေးသည်​။
သူ့အတွက်​မူ သူ၏ ခန္ဓာကိုယ်​မှ ထွက်​သော အဆီများဖြင့်​ချက်​ထား​သော ဟင်းများအား မစားမိ​စေရန်​သာ အ​ရေးကြီးဆုံးပင်​ဖြစ်​သည်​။
. . . .
​တော်​ဝင်​နန်း​တော်​တွင်​ဖြစ်​၏ . . .
နန်း​တော်​တစ်​ခုလုံးတွင်​အပ်​ကျသံမကြားရ​လောက်​အောင်​ပင်​တိတ်​ဆိတ်​ငြိမ်​သက်​လျက်​ရှိသည်​။
လူအားလုံး၏ မျက်​နှာတွင်​ဝမ်းနည်းပူ​ဆွေးမှုများဖြင့်​ပြည့်​နှက်​နေကြသည်​။
စစ်ပွဲနှင့် ပတ်သက်သည့် အစည်းအဝေးသည် ၂ ရက်ခန့်ကြာအောင် ပြုလုပ်ခဲ့ရသည်။
ယခုလို အ​ခြေအ​နေမျိုးတွင်​လူ​ကောင်း လူဆိုး ခွဲခြားခြင်း မရှိ​တော့ဘဲ ရှိရှိသမျှ မှူးမတ်​အားလုံးသည်​တိုင်းပြည်​အ​ရေးအတွက်​ရတက်​မ​အေးနိုင်​အောင်​ဖြစ်​နေကြသည်​။​ခေါင်းချင်းဆိုင်​၍လည်း အကြံဥာဏ်​ကောင်းများ စဉ်းစား​နေကြသည်​။
စစ်ဘက်ဆိုင်ရာ သေနာပတိများမှလည်း စစ်ပွဲအတွက် သွား​ရောက်​ပူးပေါင်းရန် တောင်းဆိုလျက်​ရှိကြသည်​။ ရှုံးနိမ့်​မည်​ဟု ခံစားမိနေသည့်တိုင် သူတို့၏ အစွမ်းအစများအား ထုတ်ဖော် ပြသချင်​နေကြသည်​။
နိုင်ငံတော်သည် အန္တရာယ်တွင်းထဲသို့ ကျရောက်နေပြီ ဖြစ်သည့်​အတွက်​နိုင်ငံတော်အတွက် သူတို့၏ အသွေးအသားများကို ပေးဆပ်ရန် ဝန်​လေးမည်​မဟုတ်​ချေ။
နန်း​တော်​ထဲရှိလူများသည်​အ​ကြောင်းအရာများစွာအား အချိန်​အ​တော်​ကြာ​ဆွေး​နွေးခဲ့ကြသည်​။
​ဆွေး​နွေးချက်​များအရ သူတို့၏ သ​ဘောဆန္ဒမှာ ခုခံကာကွယ်ရန်သာ ဖြစ်သည်​။ စစ်​ပွဲအား တတ်နိုင်သမျှ အချိန်ဆွဲထားရင်း လွတ်မြောက်ရန် လမ်းစ ရှာဖွေကြမည်​ဖြစ်​သည်​။ စစ်ပွဲတာရှည်လေ ပို၍ကောင်းလေပင် ဖြစ်သည်။
အမတ်​ကြီးဇူမှ –
“လက်တွေ့အကျဆုံး နည်းလမ်းကတော့ နိုင်ငံတော်ရဲ့ လေးဘက်​လေးတန်​လုံးမှာ လိပ်ဗျူဟာကို သုံးသင့်တယ်။ ဆိုလိုတဲ့သ​ဘောက ရန်သူ့ဘက်​က ဘာမှ စမလုပ်​မချင်း ကျုပ်တို့ဘက်က ဘာမှလုပ်​မှာမဟုတ်သလို၊ တိုက်ခိုက်​တာ​တွေ လုပ်​နေမှာ မဟုတ်ဘူး။ သူတို့ဘက်​က လာတိုက်​ရင်​တော့ နောက်ဆုံးအချိန်ထိ ခုခံသွားမယ်​။ သူတို့ ကျုပ်တို့ စခန်းကို လာသိမ်းလည်း ကျုပ်တို့ဘက်​က အစွမ်းကုန်​ခုခံကြမယ်၊ နောက်ဆုံး နိုင်ငံတော်ထဲ ဝင်လာမည့် အချိန်ထိ ခုခံကြရဦးမှာပဲ။ ကျုပ်တို့ မျိုးနွယ်စုဝင်တွေကို စော်ကားလာရင်တောင် ကျုပ်တို့ကတော့ မလှုပ်သင့်သေးဘူး . . .”
အမတ်ကြီးဇူ၏ စကားကြောင့် လူအချို့သည် အထင်​သေး​သော မျက်​လုံးများဖြင့် ကြည့်လိုက်ကြသည်။
စစ်​ဘက်ရေးရာ သေနာပတိများမှာမူ အမတ်​ကြီးဇူအား စားမတတ်​ဝါးမတတ်​ပုံစံများဖြင့်​ကြည့်​နေကြသည်​။ သူတို့၏ စိတ်​ထဲတွင်​-
[ငါတို့က ဂုဏ်သိက္ခာ ရှိတဲ့ လူတွေလေ၊ လိပ်တွေလို လုပ်ရမယ်တဲ့လား . . .]
ဆွေးနွေးမှုများ ပြီးဆုံးတော့မည့် အချိန်တွင် လူအားလုံးသည် လက်ရှိအခြေ​နေအရ လိပ်​ဗျုဟာသည်​သာ ရန်​သူများအား ရင်​ဆိုင်​နိုင်​မည့်တစ်ခုတည်းသော နည်းလမ်းဖြစ်သည်ကို သိရှိလိုက်ကြရသည်။
အမတ်​ကြီးဇူ​ပေး​သောအကြံသည်​လက်တွေ့အကျဆုံးနှင့် အဖြစ်နိုင်ဆုံး နည်းဗျူဟာပင် ဖြစ်သည်။
ရှေ့တန်းတွင်​ရှိ​သော တပ်များသည် အင်​အား​တောင့်​တင်းပြီး အဆိုပါတပ်​များအား ဦး​ဆောင်​နေ​သော ခေါင်းဆောင်များမှာလည်း အရည်အချင်း ရှိသူများ ဖြစ်သည်​။ အကယ်​၍ ရန်သူဘက်မှ တိုက်ခိုက်လာမည် ဆိုပါက ၂ ဖက်လုံး အထိနာမည်မှာ အ​သေအချာပင်​။
ရန်သူဘက်မှ စတင်​မတိုက်​ခိုက်​လာပါက မိမိတို့၏ တပ်များဘက်မှလည်း လှုပ်မည် မဟုတ်ချေ။
​ဆွေး​နွေးပွဲတွင်​တစ်​ယောက်​တစ်​ခွန်းဖြင့်​ပလူပျံ​အောင်​ပင်​အကြံ​ပေး​နေကြသည်​။
“ပထမဆုံး . . . တော်ဝင်သိုလှောင်ရိက္ခာတွေကို ထိန်းထားဦး၊ နိုင်ငံတော် တစ်ခုလုံးက အစားအစားနဲ့ ပစ္စည်းတွေကို ရသလောက် ယူထားရမယ်။ အဲဒီအချိန်​ကြရင်​ဈေးကွက်ကိုလည်း လျင်လျင်မြန်မြန် ထိန်းချုပ်နိုင်အောင် ကြိုးစားရမယ်။ မဟုတ်​ရင်​မလိုလားအပ်တဲ့ ဈေးကစားမှုတွေ ဖြစ်လာလိမ့်မယ်။ အမတ်တွေ အားလုံးက တိုက်ပွဲအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ရအောင် ပို့ဆောင်ပေးရမယ် . . .”
“အ​ရေး​ပေါ်အ​ခြေအ​နေ မ​ရောက်​မချင်း သို​လှောင်​ထားတဲ့ ရိက္ခာ​တွေထဲက ရိက္ခာ​တွေကို ထုတ်​မသုံးရဘူး။ ငါတုိ့ ရိက္ခာတွေက စစ်သည်ရဲမက်တွေကို ၃ နှစ်လောက် လောက်ငှအောင် ထောက်ပံ့နိုင်ရမယ်။ သုံးနှစ်ဆိုတဲ့ အချိန်က လိုတာထက်ကို ပိုနေမှာပါ . . .”
“ဒုတိယအချက်က နိုင်ငံတစ်ဝှမ်းလုံးက လူငယ်တွေကို တပ်သားသစ် စုဆောင်းရမယ်။ နိုင်ငံ့တာဝန် ထမ်းဆောင်ဖို့အတွက် အရေးပေါ် လိုအပ်နေတယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်။ ဆုကြေးဒဏ်ကြေးတွေကိုလည်း တိုးပေး . . .”
“အဲဒီအချိန်မှာ ဘုရင်အနေနဲ့ ပြည်သူပြည်သားတွေ အားလုံးကို အားပေးနှစ်သိမ့်ပေးရမယ် . . .”
“သူလျိုတွေကိုလည်း ရန်သူနယ်မြေနိုင်ငံနဲ့ အင်အားစုအချင်းချင်း မသင့်မတင့် ဖြစ်အောင် လုပ်ခိုင်းရမယ် . . .”
“အစွမ်းအစရှိတဲ့ လူတွေကို ရန်သူနယ်မြေထဲ လွှတ်ပြီး ဒုက္ခပေးခိုင်းရမယ် . . .”
“လုပ်ကြံသတ်ဖြတ်ရေးသမား အချို့ကိုလည်း ရန်သူဘက်က ခေါင်းဆောင်တွေ၊ အရေးကြီး ပုဂ္ဂိုလ် တွေကို လုပ်ကြံခုင်းရမယ်။ သူတို့ လုပ်ကြံတာ မအောင်မြင်ရင်တောင်မှ အနည်းနဲ့အများတော့ အနှောင့်အယှက် ဖြစ်သွားကြမှာပဲ . . .”
. . .
ဘုရင်​သည်​လည်း ထိုအကြံပြုချက်​များအား အာရုံစိုက်​၍​သေချာစွာ နား​ထောင်​လျက်​ရှိသည်​။
၂ ရက်ကြာအောင် အစည်းအဝေး ညီလာခံ ကျင်းပနေသဖြင့် မှတ်တမ်းရေးမှတ်ရသည့် အရာရှိများသည်လည်း လက်အံသေမတတ် ဖြစ်လာကြသည်​။
၂ ရက်ကြာပြီး နောက်မှသာ ညီလာခံ ပြီးဆုံးလေသည်​။ ဘုရင်လည်း သူ့အခန်းထဲသို့ ပြန်ရောက်ရောက်ချင်း တော်ဝင်သမားတော်နှစ်ဦးနှင့် ဆရာကြီးစွန်း အား ခေါ်ယူလိုက်​သည်​။
ဘုရင်​သည်​ဆရာကြီးစွန်းအား​တွေ့သည်​နှင့်​သွယ်​ဝိုက်​မ​နေ​တော့ဘဲ –
“ရဲရှောင် အခြေအနေ ပြောပါဦး . . .”
ဆရာကြီးစွန်း –
“အခြေအနေတော့ မကောင်းပါဘူး။ အသက်ရှင်နိုင်ဖို့ မျှော်လင့်ချက်​တော့ မရှိပါဘူး မင်းကြီး . . .”
“ကျွန်​တော်​မျိုးတို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ်​။ ထူးခြား အစွမ်းထက် ဆေးလုံးတောင် တိုက်ပြီး ကယ်​ခဲ့ပါတယ်​။ ရဲရှောင်ကို အသက်ရှူမှန်အောင် လုပ်ပေးနိုင်ခဲ့တယ်​ဆိုပေမဲ့ အလွန်ဆုံးခံလှ ၁၀ ရက်ပါပဲ မင်းကြီး . . .”
ဆရာကြီးစွန်း၏ စကား​ကြောင့်​ဘုရင်သည် နှုတ်ဆိတ်သွား​လေသည်​။
မမျှော်လင့်စရာ ရလဒ်တစ်ခုပင် ဖြစ်၏။
ရဲရှောင် သေဆုံးသည့် အချိန်တွင် ရဲနန်​ရှန်လည်း ပြန်လာ​ပေလိမ့်​မည်​။
သူ့သား သေဆုံးသွားပြီ ဖြစ်သည့်တိုင် သားဖြစ်သူအား နောက်ဆုံးအကြိမ် တွေ့ဆုံခွင့် မပေးရလောက်အောင် ဘုရင်သည်လည်း ရက်စက်နိုင်မည် မဟုတ်ချေ။
ထို့အတွက်​ကြောင့်​သား​ဇောဖြင့်​ပြန်​လာမည့်​ရဲနန်ရှန်အား မည်သို့ တားရက်​နိုင်ပါမည်နည်း . . .။
ဆရာကြီးစွန်းမှ –
“မင်းကြီး . . . စစ်သူကြီးရဲက ပြန်လာပြီလား . . .”
“အခုက နိုင်ငံတော်ရဲ့ အခက်ခဲဆုံး အခြေအနေပါ။ သူသာ သူ့သားအတွက် ပြန်လာမယ် ဆိုရင် နိုင်ငံတော်ကို လျစ်လျူရှုလိုက်တာပဲ မဟုတ်ပါလား . . . အရှင်​မင်းကြီး . . .”
ဆရာကြီးစွန်း၏ စကား​ကြောင့်​ဘုရင်သည် သက်ပြင်းချရင်း မချိတင်ကဲ ပြုံးလိုက်​လေသည်​။
တခြားလူများအဖို့ ပြန်လာချင်မှ ပြန်လာမည် ဖြစ်သော်လည်း ရဲနန်ရှန်မှာမူ ထိုသို့ မဟုတ်ကြောင်း သူကောင်းစွာ သိ​နေသည်​။ သာဓကအားဖြင့် မင်းသားဟွာရန်းသည် သူ့သမီးဖြစ်သူ စုယဲ့ယွဲ့၏ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေပင် ဖြစ်လင့်ကစား ပြန်လာမည် မဟုတ်ဘဲ စစ်ပွဲကိုသာ အာရုံစိုက်၍ တိုက်ခိုက်မည်မှာ အ​သေချာပင်​ဖြစ်​သည်​။ သို့သော် ရဲနန်ရှန်မှာမူ ထိုသို့ မဟုတ်ပေ။
ဘုရင်မှ ရဲနန်ရှန်၏ အထောက်အပံ့ကို ယူနိုင်ခဲ့ခြင်းမှသည်​သားဖြစ်သူ ရဲရှောင်အား ကယ်တင်လိုစိတ် တစ်ခုတည်းကြောင့်ပင် ဖြစ်သည်​။
သူ့သားမှလွဲ၍ ကျန်သည့် မည်သည့်အရာကိုမဆို လျစ်လျူရှုထားနိုင်သူ တစ်ဦးပင် ဖြစ်သည်။
သူ၏သားသာ အဆင်ပြေမည်နေပါက သူသည်လည်း တိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံ ရန်သူများအား တွန်းလှန်တိုက်ခိုက်နေမည် ဖြစ်သည်​။
သို့သော် သားဖြစ်သူ အန္တရာယ် ကျရောက်သည့် အခါတွင်မူ အရာအားလုံးသည် ဗြောင်းပြန် ဖြစ်သွားပေလိမ့်မည်။
ဘုရင်မှ ပြန်မလာရဟု ယတိပြတ် အမိန့်တော် ထုတ်ပြန်လျှင်ပင် ရဲနန်ရှန်သည် ရအောင် ပြန်လာ မည်သာ ဖြစ်ပေတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset