Chapter – 159
“အဆီများ”
လူတစ်ကိုယ်စာလောက် အလွန်ကြီးမားပြီး ရှည်လျားသော ရေချိုးဇလုံကြီးသည် ဝမ်ဇန်းဟို၏ ရှေ့တွင် ရှိနေသည်။
ဝမ်ဇန်ဟိုသည်အံကိုတင်းတင်းကြိတ်၍ ပုလင်း အဖုံးအား ဖွင့်လိုက်ပြီး စိတ်ထဲတွင်လည်း –
[ဒီဆေးကိုသောက်လိုက်လို့ ငါ့အတွက်တကယ်အကျိုး ရှိတယ်ဆိုရင်ဖန်ဇီလင်အပေါ် သစ္စာခံရတာ အ ရှုံးမ ရှိဘူးလို့သတ်မှတ်လို့ရမယ်။ ဘာပဲပြောပြောအနည်းဆုံးတော့ ဖန်ဇီလင်ကငါ့ကို လူသားတစ်ယောက်လို ဆက်ဆံပေးသေးတယ်။ ငါ့အပေါ် အမြဲတမ်းလိုလို အမြတ်ထုတ်ချင်နေတဲ့ ဂုဂျင်လုံလို လူမျိုးထက်စာရင်ဖန်ဇီလင်ကတော်သေးတယ်ပြောရမယ်]
ထို့နောက်ဝမ်ဇန်းဟိုသည်သူ၏ မျက်လုံးများ မှိတ်လိုက်ပြီးခေါင်းကိုမော့၍ဆေးလုံးအား မြိုချလိုက်သည်။
ထူးခြား အစွမ်းထက်သည့် ဆေးလုံးနှင့် မတူသည့် အချက်မှာ သူသောက်လိုက်သည့်ဆေးလုံးသည် လည်တစ်ခုလုံးအား မခံနိုင်အောင်ပင်ပူထူသွားစေသည်။
ဆေးလုံးသည်ထိုမျှလောက်ပူမှန်း ဝမ်ဇန်းဟို မထင်ထားမိချေ။ ထို့နောက်ချက်ချင်းဆိုသလိုပင်သူ၏ မျက်လုံးမှ မျက်ရည်များ စီးကျလာပြီး –
“ဖွီး . . . အရသာက ဘယ်လိုကြီးလဲ . . .”
ထို့နောက်ဝမ်ဇန်းဟို၏ ဗိုက်တစ်ခုလုံးသည်မီးစများဖြင့်အထိုးခံရသည့်အတိုင်း ပူလောင်လာသည့်အပြင်ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း မီးတွင်းထဲသို့ ခုန်ချလိုက်သည့်အတိုင်း ခံစားလာရသည်။
သူသောက်လိုက်သည့်ဆေးလုံးသည်သာမန်နှင့်မတူ ထူးခြားသောဆေးလုံးဖြစ်သည်ကို သိလိုက်ရချေပြီ။ သူ၏ တစ်ကိုယ်လုံးတွင်ရှိသော အဆီများသည်တုန်ခါလာပြီး အရည်ပျော်သွားတော့မည့်အတိုင်းပင်ဖြစ်လာလေသည်။
ထို့အပြင်သူ၏ လက်ခလယ်မှ တစ်စုံတစ်ခု တိုးထွက်လာနေသည်ကို ခံစားလိုက်ရသည်။
ဝမ်ဇန်းဟိုသည်အံကိုတင်းတင်းကြိတ်ထားရင်း နာကျင်မှုဝေဒနာများကို ခံစားနေရသည်။
နာကျင်မှုဝေဒနာအား ကြိတ်၍ တင်းထားနိုင်လေလေဆေး၏ အာနိသင်မှာ ပို၍ တက်လာလေလေပင်ဖြစ်သည်။
နှစ်နာရီခန့် တောင့်ခံခဲ့ပြီးသည့်နောက်တွင်မူ –
“အား . . .”
ဝမ်ဇန်းဟိုသည်ကျယ်လောင်စွာအော်လိုက်သည်။ နာကျင်မှုဝေဒနာအား သက်သာရန်အလို့ဌာ အနားယူနေချိန်မ ရှိဘဲ ချက်ချင်းဆိုသလို ဓားတစ်ချောင်းအား ထုတ်ယူ၍ သူ၏ လက်ခလယ်ထိပ်ဖျားကို လှီးဖြတ်လိုက်သည်။
ထို့နောက်သူ၏ ညာလက်အား ရေဇလုံ အစွန်းတွင် တင်ထားလိုက်သည်။
သူလှီးဖြတ်လိုက်သည့် ဒဏ်ရာမှ သွေးတစ်စက်မှပင်ထွက်မကျလာဘဲ ပျစ်ချွဲချွဲ အဆီကဲ့သို့ အရာများသာ ထွက်လာလေသည်။
ဒဏ်ရာနေရာမှ အဆီများသည်အဆက်မပြတ်ပင်ထွက်ပေါ်လျက်ရှိသည်။တသွင်သွင်စီးဆင်းနေသည့်မြစ်တစ်စင်းကဲ့သို့ပင်။
အဆီများ ထွက်နေသည့်အချိန်တွင်သူ၏ ခန္ဓာကိုယ်မှ အပူ ရှိန်များ တငွေ့ငွေ့ဖြင့်ခံစားနေရသော်လည်း ယခင်ကထက်ပို၍နေလို့ကောင်းလာသည်ကို ခံစားလိုက်ရသည်။
ဝမ်ဇန်းဟိုသည်နာကျင်မှုနှင့်အတူ ပျော်ရွှင်မှုကိုပါ တစ်ပြိုင်တည်း ရ ရှိလိုက်ခြင်းပင်ဖြစ်သည်။
ပူပြင်းသော ဝေဒနာသည်လည်း ပို၍ပို၍ တိုးတိုးလာပြီး လက်ချောင်းမှ အဆီများသည်လည်း အဆက်မပြတ်ပင်ထွက်ပေါ်လျက်ရှိသည်။
အဆီပြင်များသည်အဆမတန်ပန်းထွက်သွားပြီးရေဇလုံ၏ နံရံအား ထိမှန်သွားသည့်အတွက်အသံများပင်ထွက်နေကြသည်။
အချိန်အနည်းငယ်အတွင်းမှာပင်ရေဇလုံ၏ အောက်ခြေတွင် အဆီပြင်များဖြင့် ဖုံးလွှမ်းပြည့်နှက်သွားပါတော့သည်။
သို့သော်အ ရှိန်မှာမူ မရပ်တန့်သေးဘဲ ဆက်၍ ဆက်၍သာ ထွက်နေလေသည်။
ဝမ်ဇန်းဟိုတစ်ယောက် ကောင်းကင်ထက်တွင် လွင့်မျောနေရသကဲ့သို့ခံစားနေရသည်။ ထိုခံစားမှုကိုလည်း သူနှစ်သက်လာလေသည်။
သူ၏ တစ်ကိုယ်လုံးရှိ အဆီများသည့် လက်ခလယ်ထိပ်မှ စုပြုံ၍ ထွက်နေကြောင်းကို သိလိုက်သည်။
“ဟားဟား . . .”
ဝန်ဇန်းဟိုသည်အကျေနပ်ကြီးကျေနပ်မိ၍ ကျယ်လောင်စွာပင်ဟားတိုက်ရယ်မောလိုက်သည်။
အဆီများသည်ရေဇလုံကြီး၏ တစ်ဝက်အထိပင် ပြည့်လာပြီ ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်ထဲတွင်မူ အပူဓာတ်များကို ခံစားနေရတုန်းပင်ဖြစ်သည်။ ထို့အပြင်အဆီများသည်လည်းလျော့နည်းသွားခြင်းမ ရှိဘဲ ပိုပို၍ ထွက်ပေါ်လျက် ရှိသည်။
ဇလုံထဲ ရှိ အဆီများအား ကြည့်ရင်း ဝမ်ဇန်းဟို၏ စိတ်ထဲတွင်-
[အဆီတွေ ထွက်သွားတဲ့ ခံစားချက်ကတော်တော်ကိုကောင်းတာပဲ။ ဆရာဖန်ရေ . . . ခင်ဗျားအတွက် ကျုပ်ကောင်းကောင်းကြီး ပြန်ပေးဆပ်ပါ့မယ်. . .]
အဆီများသည်ရေချိုးဇလုံအတွင်းသို့ အဆက်မပြတ်ကျနေသည်မှာ နှစ်နာရီတိုင်ကြာနေပြီ ဖြစ်သည်။ ဇလုံကြီးတစ်ခုလုံးတွင်အဆီများဖြင့်ပြည့်လုနီးပါးပင်။
နောက်ထပ်ဇလုံတစ်လုံးအား ယူခါနီးအချိန်တွင်သူ ခံစားနေရသည့်နာကျင်မှုများအားလုံးသည်အံ့ဩစရာကောင်းလောက်အောင်ပင်ရုတ်တရက်ရပ်တန့်သွားလေသည်။
နာကျင်မှုများ ရပ်တန့်သွားသော်လည်း အဆီများမှာမူ ထွက်နေတုန်းပင် ဖြစ်သည်။
ခန္ဓာကိုယ်ရှိ လက်ကျန် အဆီများအား ရသလောက် ထုတ်လွှတ်နေသည့် သဘောပင်။
ဝမ်ဇန်းဟိုသည်အဆီများအား ကြည့်ရင်း စိတ်ထဲတွင်-
[ဟင်း . . . ဟင်း . . .နောက်ဆုံးတော့လည်း ဒင်းတို့တွေ အဆုံးသတ်ရတော့မှာပေါ့ . . .]
၁၀ မိနစ်ခန့်ကြာသောအခါ အဆီများသည်ထွက်ပေါ်လာခြင်း မ ရှိတော့ချေ။
ထိုကဲ့သို့ အဆီများ ရပ်တန့်သွားသည်နှင့်တစ်ပြိုင်နက်နာကျင်မှုများသည်ပြန်လည်ပေါ်ပေါက်လာပြန်သည်။ မခံမရပ်နိုင်အောင်နာကျင်လွန်းလှသည့်အတွက်ဝမ်ဇန်းဟိုသည်ကြမ်းပြင်ပေါ်တွင်သေကောင်းပေါင်းလဲပင်လူးလိမ့်လျက်ရှိသည်။
နာကျင်မှုကြောင့်ချွေးစေးများပင်ပြန်လာသည့်အတွက်ဝမ်ဇန်းဟိုသည်အံကိုတင်းတင်းကြိတ်ထားရင်း –
“အင်း . . . ဒီဆေးက ငါထင်တိုင်းတော့ သောက်လို့ မရလောက်ဘူး . . .”
“ဘယ်လိုပဲ ဖြစ်ဖြစ် ခံစားရတာနဲ့ ပြန်ရတာ တန်ပါတယ်လေ . . .”
ညနက်လာသည်နှင့်အမျှ နာကျင်မှု ဒဏ်များသည်လည်း တဖြည်းဖြည်း လျော့ကျလာသည်။ ခန္ဓာကိုယ်မှ အဆီများ ထွက်သွားသောကြောင့်ယခုကဲ့သို့ နာကျင်မှုမျိုး ခံစားရခြင်းဖြစ်သည်။ ထိုနာကျင်မှုအားတောင့်ခံနိုင်သည်နှင့်အရာအားလုံးသည်လည်း အဆင်ပြေသွားပေမည်။
ဝမ်ဇန်းဟိုသည်ခပ်ဖြည်းဖြည်းပင်မတ်တပ်ရပ်လိုက်ပြီး ခုန်ကြည့်ရန်ကြိုးစားလိုက်သည်။ ယခင်ကထက်သူ၏ ခန္ဓာကိုယ်အလေးချိန်အနည်းငယ်လျော့ကျသွားသည်ကို ခံစားလိုက်ရသည်။
ထို့နောက် ရေဇလုံကြီးထဲရှိ အဆီများအား ထပ်မံ၍ သွားကြည့်လိုက်သည်။ ဇလုံတစ်ခုလုံးတွင်အဆီပြင်များဖြင့်ပြည့်နေလေသည်။
ဝမ်ဇန်းဟိုသည်အဆီပြင်ြကီးအား ကြည့်ရင်း –
“အင်း . . .အနည်းဆုံးတော့ ပေါင် ၁၀၀ ကျော်လောက်မယ် . . .”
“သာမန်လူတစ်ယောက်သာဆိုရင် ဒီလောက်ထိ အဆီတွေထွက်သွားရင်ကိုယ်ရည်စစ်သွားပြီတော်တော်ကြီးကို ပိန်သွားမှာသေချာတယ်။ ဒါပေမယ့်. . . ငါကတော့ . . .”
ဝမ်ဇန်းဟိုသည်သက်ပြင်းချလိုက်ရင်း သူ၏ စိတ်ထဲတွင်ပျော်ရွှင်မှုနှင့်အတူ ဝမ်းနည်းကြေကွဲသော ခံစားမှုများကိုပါ ခံစားလိုက်ရသည်။ သာမန်လူတစ်ဦး၏ ခန္ဓာကိုယ်ကဲ့သို့ ရ ရှိအောင်အချိန်အကြာကြီး ကြိုးစားရပေဦးမည်။ ယခုအခြေအနေသည်သူ့အတွက်တော့အောင်မြင်မှု အနည်းငယ်ရ ရှိခဲ့သည်ဆို ရုံလေးပင်။
ဝမ်ဇန်းဟိုသည်ပြုံးလိုက်ရင်း –
“တစ်ယောက်ယောက် လာကြစမ်း . . .”
အစောင့် ၂ ယောက် ချက်ချင်း ဝင်လာကြသည်။
“ဒီဇလုံကြီးကိုယူပြီး အဝေးကို ပစ်လိုက်ကြ . . .”
ဝမ်ဇန်းဟိုသည်ကျေနပ်သည့် လေသံဖြင့် ပြောလိုက်၏။
ထို့နောက် အခန်းထဲတွင် ရှေ့နောက် လျှောက်ကြည့်လိုက်ရင်းသူ၏ ဗိုက်အား စစ်ဆေးကြည့်ပြန်သည်။ သိသိသာသာ ပြောင်းလဲသွားခြင်း မရှိသော်လည်း ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးနေသည့်အတိုင်းခံစားနေရသည်။
ဝမ်းဗိုက်ရှိ အဆီများ လျော့ကျသွားခြင်းကြောင့်ထိုကဲ့သို့ပေါ့ပါးသွားခြင်းဖြစ်ကြောင်း တွေးလိုက်မိသည်။
အဆီများကျန်ရှိနေသည့်ဗိုက်သားကြီး ဖြစ်နေသည့်တိုင် မူလကထက်အနည်းငယ် လျော့ကျသွားသည်ကို ကောင်းကောင်းကြီး သိနေပေသည်။
အလွန်ထူးခြားသော ခံစားမှုမျိုးပင် ဖြစ်လေသည်။ ထိုကဲ့သို့သော ကျေနပ်မှုမျိုးကို မည်သူကမျှ နားလည်နိုင်မည် မဟုတ်ပေ။
ဝမ်ဇန်းဟိုသည်ပျော်ရွှင်မြူးတူးစွာဖြင့်အိပ်ယာဝင်ရန်ပြင်ဆင်လိုက်သည်။ နှစ်ရာပေါင်းများစွာ ကြာအောင် စိတ်ချမ်းသာသာဖြင့် အိပ်ခဲ့ရသည်ဟူ၍ မရှိခဲ့ချေ။
ဝမ်ဇန်းဟိုသည်တစ်ချက်ပြုံးလိုက်ရင်း သူ၏ စိတ်ထဲတွင်-
[ငါက ချမ်းသာတဲ့ လူတစ်ယောက်၊ ကမ္ဘာပေါ်က ရှိရှိသမျှ အရာအားလုံးကို ငါဝယ်နိုင်တယ်။ ငါမတတ်နိုင်တာ ဘာမှမရှိဘူး။ နောက်ဆုံး အပျိုစင် မိန်းကလေးတိုင်းရဲ့ အပျိုစင်ဘဝကိုတောင် တစ်ညတည်းနဲ့ ဝယ်ပစ်နိုင်တယ်။ ဒါပေမဲ့ ဒီလောက်ထိ ငါချမ်းသာနေလည်း ငါ့မှာ ယောကျာ်းလို့ ခေါ်ထိုက်တဲ့ အရည်အချင်းမှ မရှိတာ၊ ယောကျာ်းတိုင်း လုပ်နိုင်တဲ့ အရာကို ငါမလုပ်နိုင်ဘူး။ ငါနဲ့အိပ်ချင်တဲ့ မိန်းကလေး ရှိမယ် ဆိုရင်တောင်မှ ငါ့မှာ ပတ်ပြေးနေရမှာ။ တော်တော်ကို ဆိုးရွားတဲ့ ခံစားမှုပဲ။ ဒါပေမဲ့ ဒီအရာတွေ အားလုံးက အတိတ်မှာပဲ ကျန်ခဲ့တော့မယ်။ မကြာခင်မှာတော့ ဟားဟား ဟားဟား . . .]
ဝမ်ဇန်းဟိုသည်ပီတိများဖြာလျက်တွေးရင်း အိပ်ပျော် သွားပါတော့သည်။
နောက်နေ့ နိုးထလာသောအခါ သူ၏ ခန္ဓာကိုယ်သည်ယခင်ကထက်ပို၍ လွတ်လပ်ပေါ့ပါးနေသည်။
တစ်ညအတွင်းပေါင်၁၀၀ကျော်ကျခဲ့သည့်အတွက်သူ၏ လှုပ်ရှားမှုများသည်ဌက်တစ်ကောင်ကဲ့သို့ပင်ပေါ့ပါးနေသည်ဟု ခံစားနေရသည်။
ထူးထူးခြားခြား ပြောင်းလဲမှု မရှိသည့်တိုင် သူ၏စိတ်ထဲမှ ခံစားမှုကို မည်သူမျှ သိနိုင်မည် မဟုတ်ပေ။
ထမင်းစားချိန်သို့ ရောက်သည့်အခါ ဝမ်ဇန်းဟိုသည်အားရပါးရ စားမည်ဟု တွေးမိလိုက်၏။
မြင်မြင်သမျှ ဟင်းများအား စားချင်နေမိသည်။
စိတ်ရှိတိုင်း စားသောက်လိုက်ပြီးနောက်ကျေနပ်သောလေသံဖြင့်-
“ဒီနေ့စားရတာ တော်တော်ကို ကောင်းတာပဲ၊ ခံတွင်းတွေ့တယ်ကွာ . . .”
ကွမ်ဝမ်ရှန်လည်း ချီးကျူးခံရသဖြင့် ရှိ ရှိသမျှ သွားများပေါ်အောင်ပြုံးလိုက်ရင်း –
“ကျေးဇူးတင်ရမှာ သူဌေးကိုပါ၊ ဒီနေ့တော့ အရင်နေ့တွေနဲ့ မတူအောင်ချက်နိုင်ခဲ့တယ်. . .”
ကွမ်ဝမ်ရှန်၏ စကားကြောင့်ဝမ်ဇန်းဟိုသည်အံ့ဩသွားကာ –
“ဘာ . . . ငါ့ကို ကျေးဇူးတင်ရမှာ ဟုတ်လား . . .”
[ငါနဲ့ ဘာဆိုင်လို့ပါလိမ့် . . .]
ကွမ်ဝမ်ရှန်လည်း ပြုံးလိုက်ရင်း –
“အဆီတွေ အပြည့်နဲ့ ဇလုံကြီးလေ၊ အဲဒါကြီးကို သူဌေး ဘယ်က ရလာခဲ့လဲတော့ မသိဘူး၊ စားဖိုမှူးက အဲဒါကိုလည်း မြင်ရော နတ်သုဒ္ဓါတွေ တွေ့လိုက်ရသလိုကို ဖြစ်သွားတာ။ သူချက်ပြုတ် လာခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ အခုလောက်ထိ အရည်အသွေးကောင်းပြီး သန့်စင်တဲ့ အဆီတွေကို ပထမဆုံးအကြိမ် တွေ့ဖူးတာပဲတဲ့။ ပိုပြီး ထူးခြားတာက သဘာဝအလျောက် ဖြစ်ပေါ်နေတာတဲ့လေ။ သဘာဝဟင်းချက် ပစ္စည်းတစ်ခုပေါ့ဗျာ . . .”
ဝမ်ဇန်းဟိုသည် ကွမ်ဝမ်ရှန်၏ စကားများကြောင့်သူ၏ မျက်နှာတစ်ခုလုံးသည်သွေးမ ရှိတော့သကဲ့သို့ ဖြူရော်သွားပြီး –
“အဲ့ . . . အဲ့ဒီတော့ . . . ဘာဆက်လုပ်လိုက်ကြလဲ”
ကွမ်ဝမ်ရှန်လည်း အားရကျေနပ်နေသောလေသံဖြင့်-
“သူက ဒီလို ပစ္စည်းကောင်းမျိုးကို အလဟသ မဖြစ်စေချင်ဘူးလေ။ အဲဒါကြောင့် စားဖိုမှူးလီက အဆီတွေကို ချက်ပြုတ်တဲ့ နေရာမှာ သုံးခဲ့တယ်။ အဲဒါကြောင့်ပဲ ဒီနေ့ ဟင်းလျာတွေက စားကောင်းနေတာပေါ့ . . .”
“တကယ်ကို အရသာ ရှိတယ်၊ အနံ့ကလည်း မွှေးနေတာပဲ၊ အရောင်အဆင်းကလည်း စားချင်စရာ အပြည့်ပဲ။ ကျုပ်တော့ လျှာပေါ်မှာ စွဲနေပြီ။ သုံးရက်လောက်တော့ ဒီအရသာကို တမ်းတမ်းစွဲ ဖြစ်နေမှာ”
ကွမ်ဝမ်ရှန်သည် ထိုစကားများအား ဝမ်းသာအားရဖြင့်ပြောဆိုနေသော်လည်း ဝမ်ဇန်းဟို၏ မျက်နှာမှာမူ ဟန်မဆောင်နိုင်လောက်အောင်ပျက်ယွင်းနေချေပြီ။
စားပွဲပေါ် ရှိ တက်တက်စင်အောင်ကုန်စင်နေပြီဖြစ်သော ဟင်းပန်းကန်များအားငေးငိုင်၍ ကြည့်နေမိလေသည်။
ထိုဟင်းများ အားလုံးသည် သူ၏ ဗိုက်ထဲသို့ ရောက်ရှိသွားပြီ ဖြစ်သည်။
ဝမ်ဇန်းဟို၏ မျက်နှာသည်သွေးမ ရှိသကဲ့သို့ ဖြူရော်သွားပြီး တဖန်နီရဲသွားပြန်သည်။နောက်ဆုံးတွင်တော့ ပြိုတော့မည့်မိုးကဲ့သို့ မည်းမှောင်သွားလေသည်။
ကွမ်ဝမ်ရှန်သည် ဝမ်ဇန်းဟို၏ မျက်နှာအား ကြည့်ရင်း –
[သူဌေးဆိုတဲ့အတိုင်း တော်တော် တော်တာပဲ။ ဒီလို မျက်နှာအမူအယာ အမျိုးမျိုး ပြောင်းလဲနိုင်ေအာင် ဘယ်လိုများ လုပ်သလဲ မသိဘူး။ ရုပ်ပြောင်း ရုပ်လွှဲ လုပ်တဲ့ လူတွေတောင် သူဌေးဆီမှာ ပညာပြန်လာသင်ရမယ်. . .]
“အား . . . အား . . . အား . . .”
ဝမ်ဇန်းဟိုသည်ကမ္ဘာပျက်တော့မည့်အတိုင်း အာခေါင်ခြစ်၍ပင်ကျယ်လောင်စွာအော်ဟစ်လိုက်ပါတော့သည်. . .။