Chapter – 157
“ဆုပ်လည်းစူး စားလည်း ရူး”
ဂုဂျင်လုံ လိုအပ်ခဲ့သည့် အရာများမှာ တန်ဖိုးကြီး ရတနာများကဲ့သို့ အဖိုးထိုက်တန်သော ပစ္စည်းများပင် ဖြစ်သည်။ အဆင့်မြင့် နယ်ပယ်မှလာသော ဂုဂျင်လုံအတွက် တော်ရုံတန် ရုံ ပစ္စည်းလောက်ကို မလိုအပ်ချေ။ ထို့ကြောင့် ဝမ်ဇန်းဟိုသည် ပစ္စည်းအတော်များများအား ဂုဂျင်လုံအား မပေးဘဲ သူယူထားသည်က များ၏။ သို့သော် ယခုအခါတွင် ဖန်ဇီလင် ပါဝင်လာပြီဖြစ်၍ လင်းပါအို လေလံခန်းမရှိ ပစ္စည်းကောင်းမှန်သမျှသည် ဖန်ဇီလင်တစ်ယောက်တည်းကပင် သိမ်းပိုက်တော့မည်ကို ကြိုတင်ရိပ်မိနေလေသည်။ ဝမ်ဇန်းဟိုသည် ထိုပစ္စည်းများဖြင့် ဆေးလုံးများ ပြုလုပ်ရန်ရည်ရွယ်ထားသော်လည်း သူပိုင်ဆိုင်ထားသော ပစ္စည်းမှန်သမျှသည် ဖန်ဇီလင်၏လက်ထဲသို့သာ ရောက်ရှိသွားမည်ကို သေချာပေါက်သိနေခဲ့သည်။
ဝမ်ဇန်းဟိုသည် ဖန်ဇီလင်၏ မျက်နှာအား ကြည့်ရင်း ကြိတ်မနိုင်ခဲမရပင် ဖြစ်နေခဲ့ပြီး ထိုင်နေသည့်နေရာထ၍ ရိုက်နှက်ပစ်ချင်သည့် စိတ်များ တဖွားဖွားပင်ပေါ်ပေါက်လျက်ရှိသည်။
သူ၏မျက်လုံးများတွင်လည်း ဖန်ဇီလင်အား အသေသတ်ပစ်လိုသော အရိပ်အယောင်များ ပေါ်နေလေသည်။
ရဲရှောင်သည် ဝမ်ဇန်းဟိုနှင့် မျက်နှာချင်းဆိုင် တင်ပျဉ်ခွေထိုင်လျက် တည်ငြိမ်သောလေသံဖြင့် –
“ဒါနဲ့ . . . အစ်ကိုကြီးဂုက သူ့နယ်ပယ်ကိုသူ ပြန်သွားတာ မဟုတ်ဘူးနော်။ မော်တယ်ကမ္ဘာမှာပဲ ရှိတဲ့ လျှို့ဝှက်နေရာတစ်ခုမှာ သွားပြီး ကျင့်ကြံမှုတွေ လုပ်နေတာ။ သူအောင်မြင်ပြီးသွားရင်တော့ သူ့နေရာသူ ပြန်တော့မှာတဲ့။ သူအဲဒီလို ကျင့်ကြံနေတဲ့ အချိန်အတွင်း ကျုပ်ကို ဆေးလုံးတစ်လုံး လုပ်ခိုင်းခဲ့တယ်။ လုပ်ရမှာက တော်တော်လေးတော့ ခက်တယ်ဗျာ။ ပြောရရင် ပါဝင်ပစ္စည်းတွေကတော့ ရှာရလွယ်ပါတယ်။ အဲ့ဒါကလည်း ခင်ဗျားတာဝန်ပဲ၊ ကဲ သူဌေးဝမ် . . . ခင်ဗျား ဘာအမှားမှ လုပ်လို့ မဖြစ်ဘူးနော် . . .”
ဖန်ဇီလင်၏ စကားကြောင့် ဝမ်ဇန်းဟိုသည် အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားသည်။ သို့သော် ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ရယ်မောလိုက်ရင်း –
“ဟုတ်တာပေါ့ . . . ကျုပ်အကောင်းဆုံး ကြိုးစားမှာပါ။ ဘာအမှားမှ မဖြစ်စေရပါဘူး . . .”
တုန်လှုပ်ခြောက်ခြားမှုကြောင့် ဝမ်ဇန်းဟိုတစ်ယောက် ဖန်ဇီလင်အပေါ် ရန်မူလိုသော စိတ် ရိုင်းများသည်ပင် မေ့လျော့သွားသည်။
ဂုဂျင်လုံသည် မည်မျှထိ ရက်စက် ကြမ်းကြုတ်တတ်သည့် လူတစ်ယောက်ဖြစ်ကြောင်းကို ဝမ်ဇန်းဟိုအနေဖြင့် ကောင်းကောင်းကြီး သိလေသည်။ ဂုဂျင်လုံသည်သာ သူ့အား အလိုမရှိတော့ပါက ကမ္ဘာမြေကြီးပေါ်တွင် ဝမ်ဇန်းဟိုဆိုသည့် သူသည်လည်း သေချာပေါက်ပင် ပျောက်ကွယ် သွားမည်ဖြစ်သည်။
ထို့ပြင် ဖန်ဇီလင်ဆိုသည့်လူကိုလည်း ကလန်ကဆန် မပြုသင့်သည်ကို သိနေပေသည်။
ဝမ်ဇန်းဟိုအတွက်တော့ ဆုပ်လည်းစူး စားလည်း ရူး အခြေအနေတွင် ဖန်ဇီလင်လိုအပ်သမျှ အရာအားလုံးအား ဖြည့်ဆည်းပေးရန်သာ ရှိတော့သည်။
သူ၏ အခြေအနေအား တွေးလေ ဝမ်းနည်းလေပင် ဖြစ်လျက်ရှိသည်။
ရဲရှောင်သည် ဝမ်ဇန်းဟို၏ မျက်နှာအမူအယာ ပျက်ယွင်းနေသည်ကို သတိထားနေမိသည်။
ယခုအခါ ဂုဂျင်လုံသည် ရဲရှောင်၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့လေပြီ။
ဂုဂျင်လုံသည် တန်ဖိုးကြီးပစ္စည်းများ ရယူရန်အတွက် မော်တယ်ကမ္ဘာသို့ ရောက်ရှိလာခြင်းဖြစ်ပြီး သူ၏ ကိုယ်ပိုင်အင်အားစုဖြစ်သော လင်းပါအိုလေလံခန်းမဖြင့် ခြေကုပ်ယူထားခြင်းဖြစ်သည်။
လင်းပါအိုလေလံခန်းမသည် ကမ္ဘာအနှံ့မှ စီးပွားရေးလုပ်ငန်းများစွာ လည်ပတ်နေသည့်အတွက် ဝင်ငွေများစွာ ရရှိလျက်ရှိသည်။ ထိုဝင်ငွေများအားလုံးသည် ဂုဂျင်လုံ ပိုင်သည်ဟုပင်ဆိုနိ်ုင်ပေသည်။ ဂုဂျင်လုံအတွက်မူ လင်းပါအို ခန်းမသည် အသေးအမွှားဖြစ်သော်လည်း ရဲရှောင်အတွက်မူ ရွှေတွင်းတစ်တွင်းနှင့်ပင် တူနေလေသည်။ ထိုရွှေတွင်းမှ တတ်နိုင်သမျှ အမြတ်ထုတ်ရန် ကြိုးစားရမည်ဖြစ်သည်။
ထိုကဲ့သို့ အမြတ်ထုတ်ရန် ကြိုးစားခြင်းအပေါ် ဝမ်ဇန်းဟိုအနေဖြင့် ကျေနပ်မည်မဟုတ်သော်လည်း ရဲရှောင်အား မည်သည့်စကားမျှ ပြောရဲလိမ့်မည် မဟုတ်ပေ။
ရဲရှောင်မှ ဝမ်ဇန်းဟိုအား –
“ဝမ် . . . ခင်ဗျား ကိုယ့်အခြေအနေကို သေချာ ဂ ရုစိုက်သင့်တယ်။ ခင်ဗျားရဲ့ ကျန်းမာရေး အခြေအနေကို ကြည့်ရတာ သိပ်ကောင်းပုံ မပေါ်ဘူး။ ဘုရင်တစ်ပါးက ကြံ့ခိုင်မှုမ ရှိတဲ့စစ်သည်တော်တွေကို စစ်ပွဲအတွက်ဘယ်တော့မှ သုံးမှာမဟုတ်ဘူး။ ကျုပ်ပြောချင်တာ ခင်ဗျားနဲ့ ကျုပ်ကလည်း အခုဆို မိသားစုဝင်တွေလို ဖြစ်သွားပြီဆိုတော့ ပွင့်ပွင့်လင်းလင်းပဲပြောမယ်ဗျာ။ ကျုပ်ဆီမှာ ခင်ဗျားရဲ့ ခန္ဓာကိုယ် အလေးချိန်ကို လျော့ကျစေနိုင်တဲ့ သွယ်လျဆေး လုပ်နည်း ရှိတယ်။ တစ်လလောက် ဂ ရုတစိုက် သောက်လိုက်မယ်ဆိုရင် ခင်ဗျားရဲ့ အဆီတွေ ၉၀ ရာခိုင်နှုန်းလောက် ကျသွားမယ် ထင်တယ် . . .”
“ခင်ဗျားအနေနဲ့ ပေါင် ၁၄၀၀ ခန္ဓာကိုယ် ပိုင်ရှင်ကြီး မဟုတ်တော့ဘဲ ပေါင် ၁၀၀ အောက် လူတစ်ဦး ဖြစ်သွားမှာနော်၊ ပိုပြီး အရေးကြီးတဲ့ အချက်က အဲ့ဒီဆေးက အသက်ရှည်ဆေးနဲ့လည်း တွဲပြီး သုံးလို့ ရတယ် . . .”
ရဲရှောင်၏ အပြောကြောင့် ဝမ်ဇန်းဟိုသည် မယုံနိုင်အောင်ပင် ဖြစ်သွားပြီး စိတ်ထဲတွင်လည်း –
(သွယ်လျဆေး ဟုတ်လား . . . ဒီလိုရတနာမျိုးက တကယ်ပဲ ရှိနေတာလား . . .)
ဝမ်ဇန်းဟိုသည် သူ၏ အဝလွန် ခန္ဓာကိုယ်ကြီးဖြင့် နှစ်ထောင်ပေါင်းများစွာ နေခဲ့ရသည်။ တစ်ခါတစ်ရံ လူ့လောကကြီးတွင် နေချင်စိတ်မရှိတော့လောက်အောင်ပင် ဖြစ်ခဲ့ရသည်။ ပင်ပန်းဆင်းရဲစွာ ရှင်သန်နေထိုင်သွားရမည့်အစား သက်တောင့်သက်သာ သေဆုံးရခြင်းက သူ့အတွက် ပို၍ပင် စိတ်ချမ်းသာစရာ ကောင်းပေလိမ့်မည်။
ယခုကဲ့သို့ အဝလွန်လာခဲ့သည်မှာ လွန်ခဲ့သော နှစ်ပေါင်း ၁၆၀၀ ခန့်တွင် သူ၏ ခန္ဓာကိုယ်ပေါ်သို့ အဆီပြင်များ ဖုံးလွှမ်းလာခဲ့ခြင်းကြောင့်ဖြစ်သည်။
ထိုအဆီပြင်များကြောင့် သူ၏ ပျော်ရွှင်မှုများ ဆိတ်သုဉ်းခဲ့ရသည်။ အဆီများသည်အဆမတန်တက်လာပြီး သူ၏ ငယ်ပါကိုပါ ဖုံးလွှမ်းသွားခဲ့သည့်အတွက်လိင်ဆက်ဆံမှုလည်း မပြုရတော့ချေ။ သူ့ငယ်ပါ၏ တစ်ခုတည်းသော တာဝန်မှာ အပေါ့သွားရန်မှလွဲ၍ အခြားမရှိခဲ့ပေ။ လူ့လောက၏ စည်းစိမ်များကို ခံစားချင်သော်လည်း သက်ပြင်းများသာ ချခဲ့ရသည်။
အသက်ရှည်ဆေးသည် သူ၏ သက်တမ်းကို အမှန်တကယ် ဆွဲဆန့်ပေးနိုင်ခဲ့သော်လည်း ဆေးတစ်လုံး သောက်ပြီးတိုင်း ဝသထက် ဝလာခဲ့သည်။
ဖန်ဇီလင်၏ စကားများသည်ဝမ်ဇန်းအတွက်မူရွှေထုတ်ကောက်ရသည့်အတိုင်းပင်ထပ်တူခံစားလိုက်ရသည်။ သူ၏ဘဝသည်ရှင်လျက်ဖြင့်သေနေရသည့်လူတစ်ယောက်နှင့်ပင်တူနေသည်မဟုတ်ပါလား။
ဝမ်ဇန်းဟိုသည်ဖန်ဇီလင်၏ လက်အား ဆွဲကိုင်ရင်း အားရဝမ်းသာဖြင့်-
“နောင်ကြီးဖန် . . . ဒီလို အံ့သြစရာကောင်းတဲ့ ဆေးလုံးက တကယ်ပဲ ရှိနေတာလား . . . မှော်ဆေးလုံးတွေပဲပေါ့။ ဒီဆေးကို လုပ်ဖို့ ခင်ဗျားဆရာ ဘာတွေများ လိုအပ်သလဲ . . .”
ဝမ်ဇန်းဟို၏ မျက်လုံးများသည် အရောင်တဖျတ်ဖျတ်ဖြင့် တောက်ပလျက် ရှိပြီး လိုချင် တပ်မက်မှုများသည်လည်း အထင်းသားပေါ်လွင်လျက်ရှိသည်။
ရဲရှောင်လည်း ခေါင်းညိတ်ပြလိုက်ရင်း တည်ငြိမ်စွာဖြင့်-
“အေးဆေးပေါ့ . . . ဒီလို ဆေးလုံးက ပါဝင်ပစ္စည်း အများကြီး လိုအပ်တယ်။နောက်ပြီးဆေးလုပ်ရတာ
မလွယ်ဘူး ဆိုပေမဲ့ အဆင့်မြင့် ဆေးလုံးတစ်လုံးလည်း မဟုတ်ပြန်ဘူး။ ဆိုတော့ကား . . . အဲ့ဒီဆေးလုပ်ဖို့ကျုပ်ဆရာတောင်မလိုဘူး။ ကျုပ်ဘာသာတောင်လုပ်နိုင်တယ်။ ကျုပ်မှာသာ ပါဝင်ပစ္စည်း အလုံအလောက် ရှိမယ်ဆိုရင် ခင်ဗျားကို နည်းနည်းလောက် လုပ်ပေးပါ့မယ်လို့ ကတိပေးပါတယ်ဗျာ . . .”
“ဒါပေမဲ့ ကျုပ်နားမလည်တာ တစ်ခု ရှိတယ်ဗျာ။ ဂုဂျင်လုံက ဒီဆေးအကြောင်း ခင်ဗျားကို ဘာလို့ မပြောခဲ့လဲ ဆိုတာကိုပဲ။ လှည့်ကွက်နည်းနည်းတော့ ရှိမယ်ဗျ။ ဘာလဲဆိုတာကိုတော့ ကျုပ်လည်း မသိဘူး . . .”
ရဲေ ရှာင်သည် ဝမ်ဇန်းဟိုအား သူ့ဘက်သို့ ပါလာစေရန် စကားပရိယာယ် ကြွယ်ဝစွာဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။ ဝမ်ဇန်းဟိုသည်သူ၏ဘက်တော်သား ဖြစ်သည်နှင့် လင်းပါအို ခန်းမသည်လည်း သူ့အင်အားစုပင် ဖြစ်သွားချေလိမ့်မည်။ ဂုဂျင်လုံနှင့် ပတ်သက်ပြီးလည်း စိုးရိမ်စရာ မလိုအပ်တော့ချေ။ အဘယ်ကြောင့် ဆိုသော် ဂုဂျင်လုံမှာ သေပြီးသားလူတစ်ယောက် ဖြစ်နေပြီ မဟုတ်ပါလော။
ရဲေ ရှာင်၏ အပြောကြောင့်ဝမ်ဇန်းဟိုသည်မျက်နှာ ပျက်ယွင်းသွားရင်း စိတ်ထဲတွင်လည်း –
[ဒီဆေးလုံးအကြောင်း သူငါ့ကို ဘာကြောင့် မပြောခဲ့ရတာပါလိမ့် . . . ဘာကြောင့်လဲ . . . သူက ငါ့ကို သာမန်လူတစ်ယောက်လို မဖြစ်စေချင်ဘူးပဲ၊ ငါ့ဘဝရဲ့ ပျော်ရွှင်မှုတွေကို မခံစားစေချင်ခဲ့လုိ့နေမှာ။ ငါကတော့ ဒီမှာ ပစ္စည်းတွေ ဝိညာဉ်တော်ကျောက်ပြားတွေ စုဆောင်းထားပြီး သူလာတိုင်း ပေးရတယ်။ အဲဒီလိုပေးတဲ့အတွက်သူကလည်း ငါ့ကို အသက်ရှည်ဆေးပြန်ပေးတယ်။ အဲ့ဒါကိုတော့ ကျေးဇူးတင်ပါတယ်။ဒါပေမယ့်ငါလုပ်ပေးရတာနဲ့ရော တန်ရောတန်ခဲ့ရဲ့လား . . . သူ့ပစ္စည်းတွေကို သူမသိအောင်ဘယ်လိုပဲယူယူ လျစ်လျူ ရှုထားပေးတာ အကောင်းဘယ်ဟုတ်မလဲ။ ငါက သူ့ထက် ကောင်းကောင်းမွန်မွန် သုခတွေနဲ့ ပြည့်နေပြီး ခံစားစံစားနေမှာကိုကြောက်လို့ပဲနေမှာ။ ဘယ်လိုပဲဖြစ်ဖြစ် ဂုဂျင်လုံက ငါ့အသက်ကို ရှည်အောင် လုပ်ပေးတဲ့အတွက် ငါကလည်း သူ့ အတွက် အလုပ်လုပ်ပေးခဲ့တယ်။ တကယ်တော့ ငါက သူ့အတွက်တော့ ကြိုးဆွဲရာကနေရတဲ့ ရုပ်သေး ရုပ်တစ်ရုပ်လိုပဲ။ ရုပ်သေး ရုပ်တစ်ရုပ်အတွက်ပျော်ရွှင်မှုဆိုတာ မလိုအပ်ဘူးလို့ သူခံယူထားတာများလား . . .]
ဝမ်ဇန်းဟိုသည်တစ်ယောက်တည်း စဉ်းစားရင်း မျက်နှာ ပျက်ယွင်းသထက် ပျက်ယွင်းလာသည်။
ရဲရှောင်လည်း –
“တကယ်တော့ ကျုပ် ဒီကိစ္စကို အစ်ကိုကြီးဂုဆီ မေးခဲ့ပါသေးတယ် . . .”
ဝမ်ဇန်းဟိုလည်း သိချင်ဇောဖြင့်-
“သူက ဘာပြောလဲ . . .”
ရဲရှောင်လည်းလေသံခပ်အေးအေးဖြင့်ပင်-
“သူပြောတာကတော့ . . . သူက ခင်ဗျားကို အသက်ရှည်အောင် အများကြီး အားစိုက်ထုတ်ခဲ့ ရတာတဲ့။ အဲဒါမှ ခင်ဗျားက သူ့အတွက် တန်ဖိုးကြီး ပစ္စည်းတွေကို စုဆောင်းပေးနိုင်မှာလေ။ ခင်ဗျားသာ ခင်ဗျားဘဝကို ချစ်နေပြီး သာယာနေမိရင် အဲဒီလို အနှောင့်အယှက်တွေကြောင့် သူ့ကို ကောင်းကောင်း အလုပ်လုပ်ပေးနိုင်တော့မှာ မဟုတ်ဘူးတဲ့။ အဲဒီအခါကျ သူ့ဒုက္ခ သူရှာသလို ဖြစ်နေမယ်တဲ့ဗျာ”
ရဲေ ရှာင်၏ စကားကြောင့်ဝမ်ဇန်းဟိုသည်မျက်နှာတစ်ချက်မဲ့လိုက်ကာ –
“ကျုပ်သိသားပဲ ဟမ့် . . .”
ပါးစပ်မှ လွှတ်ကနဲ ထွက်သွားမိပြီးမှ သူ့ရှေ့တွင်ရှိနေသောလူသည်ဂုဂျင်လုံနှင့် သွေးသောက် ညီအစ်ကို ဖွဲ့ထားသည့်လူဖြစ်ကြောင်း သတိပြုမိသွားသည်။အကယ်၍ ဖန်ဇီလင်သာ ဂုဂျင်လုံအား ယခုပြောဆိုနေသည့်အကြောင်းအရာများအားပြန်ပြောပြလိုက်မည် ဆိုပါက ဝမ်ဇန်းဟိုအဖို့ ကိုယ့်သေတွင်းကိုယ်တူးမိသကဲ့သို့ နေစရာပင် ရှိတော့မည်မဟုတ်ပေ။
ထို့ကြောင့် ရဲရှောင်အား လိပ်ပြာမလုံသည့်အကြည့်များဖြင့်ကြည့်လိုက်ရင်း –
“ဆရာဖန် . . . အင်း . . .”
ရဲရှောင်လည်း သဘောထားကြီးဟန်ဖြင့် –
“လွယ်ပါတယ်၊ ဝမ် . . . ကျုပ်တို့ လင်းပါအို ခန်းမမှာ တစ်ယောက်နဲ့တစ်ယောက် အပေးအယူ တည့်တည့်နဲ့ အတူတူ အလုပ်လုပ်ကြမယ်လေ။ ကျုပ်ကတော့ ဆေးလုပ်တဲ့ လုပ်ငန်းမှာပဲ အာရုံစိုက်ထားမှာ ဆိုတော့ ဒီလင်းပါအိုနဲ့ ပတ်သက်တဲ့ ကိစ္စရပ် မှန်သမျှကို ခင်ဗျားပဲ တာဝန်ယူပေးပါ။ ကျုပ်ကိုယ်ကျုပ် ဒုက္ခရောက်မဲ့ ကိစ္စမျိုးလည်း ကျုပ်က လုပ်ပါ့မလား၊ ဘာမှ ပူမနေနဲ့ . . .”
ရဲေ ရှာင်၏အပြောကြောင့်ဝမ်ဇန်းဟိုလည်း စိတ်သက်သာရာ ရသွားသည့်ဟန်ဖြင့်-
“ဟုတ်တာပေါ့ . . . မှန်တာပေါ့ . . .”
ရဲေ ရှာင်သည်မျက်စိမှိတ်ထားရင်း တည်ငြိမ်သောလေသံဖြင့်-
“အင်း . . . နောက်ဆို အစ်ကိုကြီးဂုလည်း မရဏကျောက်တုံးရဲ့ အစွမ်းကို ချေဖျက်နိုင်သွားပြီးဆိုတော့ ကျင့်ကြံမှုအဆင့်တွေတိုးမြင့်နိုင်သွားရင် ကျုပ်တို့ဆီက ဘာအကူညီ အထောက်အပံ့မှ သူလိုတော့မှာ မဟုတ်ဘူး . . .”
ရဲေ ရှာင်၏ စကားကြောင့်ဝမ်ဇန်းဟို၏ စိတ်ထဲတွင်-
[ဖန်ဇီလင်က ဘာကိုဆိုလိုချင်နေတာလဲ . . . ဂုဂျင်လုံ လက်ကနေ သူက လွတ်မြောက်ချင်နေတာလား]
မည်သို့ပင်ဖြစ်စေ ရဲေ ရှာင်ပြောလိုက်သည့်စကားကြောင့်ဝမ်ဇန်းဟိုသည်ပျော်ရွှင်သွားသည်။တစ်ပြိုင်တည်းမှာပင် စိတ်ထဲတွင်လည်း ကြောက်ရွံ့သွားရင်း –
[ဂုဂျင်လုံအကြောင်း ငါကောင်းကောင်း သိတယ်။ ဒီလင်းပါအို ခန်းမကို သူမလိုအပ်တော့ဘူး ဆိုရင် ငါ့ကိုလည်း အသက်ရှည်ဆေးတွေ ပေးတော့မှာ မဟုတ်ဘူး။ အဲဒါဆို ငါ့အသက်ကို ဘယ်လို ဆက်ရပါ့မလဲ . . .]
သူ၏ အတွေးများကြောင့်ပူပန်မိသွားရင်း –
“နောင်ကြီးဖန် . . . ကျုပ်တို့ ဘာဆက်လုပ်သင့်လဲ . . .”
စိုးရိမ်ပူပန်မှုကြောင့်သူ၏ မျက်နှာသည်လည်း ချက်ချင်းပင် ဖြူ ဖတ်ဖြူရော်ဖြစ်သွားလေသည်။
ယနေ့ ဖန်ဇီလင်နှင့် တွေ့ဆုံမှုသည်ဝမ်ဇန်းဟိုအတွက်တော့ ငရဲနှင့်နိဗ္ဗာန်ကို အသွားအပြန် လုပ်နေရသည့်အတိုင်းပင်။ မြင့်သွားလိုက်နိမ့်သွားလိုက်၊ ပျော်ရွှင်လိုက်၊ ဝမ်းနည်းလိုက်ဖြင့် ရင်တဖိုဖိုပင်ရှိလွန်းလှသည်။
ပထမဆုံးအနေဖြင့် သူ၏အလေးချိန် လျော့ကျတော့မည့်အတွက် ပျော်ရွှင်ခဲ့မိသည်။ ဝမ်ဇန်းဟိုသည် သာမန်လူတစ်ယောက် ဘဝကို ပိုင်ဆိုင်ချင်သော်လည်း အသက်ရှည်ဆေး ကိစ္စအတွက်မူ ရတက်မအေးနိုင် ဖြစ်ရပြန်သည်။
သူသည် အသက်ရှည်စေရန်အတွက် များစွာ စတေးခဲ့ရပြီး ယခုအခါ ဆက်လက်၍ အသက် မရှည်နိုင်တော့သည့် အခြေအနေနှင့်ကြုံတွေ့နေရသည်မဟုတ်ပါလော။
ဝမ်ဇန်းဟိုသည်သူ့အား အေးစက်၍ စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်နေသော ရဲေ ရှာင်အား –
“ဆရာဖန် . . . ခင်ဗျား ကျုပ်ကို ဘာလို့ ဒီလို ကြည့်နေတာလဲ . . .”
ရဲေ ရှာင်လည်း –
“ဘာမှ မဖြစ်ပါဘူး၊ ခင်ဗျားကို ပြောစရာလေး ရှိလို့ပါဗျာ။ အစ်ကိုကြီးဂု ထွက်သွားမဲ့ အချိန်ကျရင် ကျုပ်လည်း လုပ်ချင်တာကို လုပ်လို့ ရပြီလေ။ ဥပမာ ခင်ဗျားကို သွယ်လျဆေးတွေ ပေးတာမျိုးပေါ့ . . .”
ထို့နောက် ပြုံးလိုက်ရင်း –
“နောက်ပြီး သွယ်လျဆေးနဲ့ ပတ်သက်ပြီးတော့ အချိန် သတ်မှတ်ချက်တော့ ရှိတယ်ဗျ။ ခင်ဗျား လည်း သိတဲ့အတိုင်း ဒီလိုဆေးရဲ့ စွမ်းဆောင်ရည်က အကန့်အသတ်နဲ့လေ။ ဒီဆေးကို စသောက်ပြီးတာနဲ့ အချိန်တစ်ခုအတွင်း ခင်ဗျားရဲ့ ခန္ဓာကိုယ် ပိုပြီး ဝမလာခင် ထပ်သောက်ဖို့ လိုအပ်တယ် . . .”
ဝမ်ဇန်းဟိုသည်မချိတင်ကဲ ပြုံးလိုက်ပြီး စိတ်ထဲတွင်လည်း –
[ကျုပ်သိပါပြီ၊ နားလည်းလည်ပါတယ်။ ဒါပေမဲ့ . . . ဘယ်လို . . . ဘယ်လို . . . သူဘာပြောလိုက်တာပါလိမ့်. . .]
ဝမ်ဇန်းဟိုသည်အတွေးတစ်ခုလက်ခနဲပေါ်သွားရင်း –
[ဒါဆို အခု သူကငါ့ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာလား။ အရင်တုန်းကကြ ဂုဂျင်လုံက ငါ့ကိုထိန်းချုပ်တယ်။ အခုကြဖန်ဇီလင်ပေါ့ . . . အသက်ရှည်ဆေး မရမှတော့ ငါက လူတစ်ယောက်ဆီမှာ ကျွန်လုပ်ပြီးတာတောင် တခြားလူဆီမှာ ဘာကိစ္စ ကျွန်ထပ်လုပ်နေရဦးမှာလဲ . . .တောက်. . . အရေးမပါလိုက်တာကွာ၊ ငါက ကျွန်တစ်ယောက် ဖြစ်နေပြီလား။ ဘယ်လိုပဲဖြစ်ဖြစ် ငါက သေရတော့မဲ့လူ သေမဲ့အတူတူတော့ ဘာလုပ်တော့မလဲ၊ လူတိုင်း သေကြရမှာပဲ၊ ငါ့ကို အမြတ်ထုတ်ဖို့ ဒီလောက်ပဲ လွယ်မယ် ထင်နေတာလား . . .]
ရဲရှောင်သည် ဝမ်ဇန်းဟို၏ ထူးဆန်းသော အတွေးများအား သတိမပြုပေ။
“တကယ်တော့ ကျုပ်မှာ အသက်ရှည်ဆေး လုပ်နည်းလည်း ရှိနေတယ်ဗျ။ လုံလောက်တဲ့ ပစ္စည်းတွေ မရှိလို့သာ၊ နောက်မို့ဆို ခင်ဗျားကို အခုတောင် လုပ်ပေးလို့ရတယ် . . .”
ရဲရှောင်သည် ဆက်၍ ပြောလိုက်ပါတော့သည် . . .။