Chapter – 156
“လင်းပါအိုလေလံခန်းမအားအပိုင်သိမ်းခြင်း”
သို့သော်လည်း မော်တယ်ကမ္ဘာ၏ စွမ်းအင် အနေအထားအရ အဆင့် ၂ သို့ ရောက်ရှိရန် အချိန်အနည်းငယ် လိုဦးမည် ဖြစ်ကြောင်း ရဲရှောင် ခန့်မှန်းမိလိုက်သည်။
မြေကြီးအဆင့်အတွက် ရှေးဦးခရမ်းရောင်ချီဓာတ် ပထမအဆင့်သာ လိုအပ်သည်။ ဒုတိယ အဆင့်ရောက်ရှိရန်မှာ မြေကြီးအဆင့်မှ တက်မှသာ ဖြစ်နိုင်ပေလိမ့်မည်။
သူ ကောင်းကင်အဆင့်သို့ ရောက်မှသာ ရှေးဦးခရမ်းရောင် ချီဓာတ်သည်လည်း ဒုတိယအဆင့်သို့ ရောက်ရှိလိမ့်မည်ဟု ရဲရှောင် ခံစားနေမိ၏။
အချိန်မည်မျှ ကြာမည်နည်း ဆိုတာကိုတော့ ရဲရှောင် မစဉ်းစားတတ်ချေ။
သူသည် တိုးတက်မှု ရှိစေရန်အတွက် အမြဲလိုလို အကောင်းဆုံး ကြိုးစားခဲ့သည်။
ရှေးဦးခရမ်းရောင်ချီဓာတ် ဒုတိယအဆင့်သို့ ရောက်ရှိရန်အတွက် ပထမအဆင့်ထက် အချိန် ထောင်နဲ့ချီသည့် ပမာဏလောက် ပိုကြာမည် ဖြစ်သည်။
ရှေးဦးခရမ်းရောင် ချီဓာတ်တွင် စုစုပေါင်းအားဖြင့် အဆင့် ၉ ဆင့် ရှိလေသည်။
ထိုအချက်ကို စဉ်းစားမိသောအခါ ရဲရှောင် အားတက်သလို ဖြစ်မိသွားသည်။
သူသာ ရှေးဦးခရမ်းရောင်ချီဓာတ် အဆင့် ၄ သို့ ရောက်ရှိသွားမည် ဆိုပါက ယခင် ရှောင်ဧကရာဇ်၏ အစွမ်းနှင့် ညီသွားမည် ဖြစ်ပေသည်။ မူလတာအိုအဆင့် ၉ သို့ ရောက်ရှိသွားမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ထိုအဆင့်သည် ချင်းယန်နယ်ပယ်၏ ထိပ်ဆုံးအဆင့်ဟု ဆိုရမည် ဖြစ်၏။
သူသာ ရှေးဦးခရမ်းရောင်ချီဓာတ် အဆင့် ၉ သို့ ရောက်ရှိသွားမည် ဆိုပါက မည်သည့် အဆင့်ထိ မြင့်တက်သွားမည်နည်း . . .။
ထိုကဲ့သို့ စဉ်းစားရုံဖြင့်ပင် စိတ်လှုပ်ရှားလာမိ လေ၏။
နောက်တစ်နေ့ နံနက်တွင် အိမ်ရှေ့မင်းသားသည် ရဲရှောင်ရှိရာ ရဲအိမ်တော်သို့ ကိုယ်တိုင် လာရောက်ခဲ့သည်။
သူ၏ ကြင်နာမှုကို ပြသရန်အတွက် စိုးရိမ်တကြီး မှာကြားချက်များအား မှာကြားသွား၏။ အလွန်တန်ဖိုးကြီးသော ဆေးပစ္စည်းများနှင့်တကွ သူ့လူများကိုလည်း ထူးချွန်သည့် သမားတော်များ ရှာဖွေရန် အရှာလွှတ်လိုက်ပါသေးသည်။ ကူညီနိုင်သမျှ ကူညီနေသည့် ပုံစံပါပင်။
နိုင်ငံတော်၏ အိမ်ရှေ့မင်းသားမှ စစ်သူကြီးတစ်ဦး၏ သားတစ်ယောက်အတွက် အစွမ်းကုန် ကူညီနေသည်ကို မြင်ကြရသည့် ပြည်သူများအဖြစ် ဝမ်းသာမျက်ရည်များပင် ကျခဲ့သူများ ရှိခဲ့၏။
သို့သော် ရဲရှောင်ကတော့ ထွေထွေထူးထူး မခံစားရချေ။ ဆောင်ဂျုသည်လည်း ပွဲကြည့်နေသည့် အလား ဘေးမှပင် ကြည့်နေ၏။
(ဒီကောင် နာမည်ကြီးအောင် လုပ်နေတာများ ကြည့်စမ်းပါဦး . . . အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်)
နောက်တစ်နေ့ညတွင် ရဲအိမ်တော်သည် တိတ်ဆိတ်၍ သွားတော့သည်။ ဆောင်ဂျုသည် ရဲရှောင်၏ အနားတွင် နေနေရင်း –
(သူဒီလို အကြာကြီး လှဲပြီး သ ရုပ်ဆောင်နေရတာ မပင်ပန်းဘူးလား မသိဘူး . . .)
ထိုကဲ့သို့ ဖြစ်နေစေရန် ရဲရှောင်သည် သူ၏ ကျင့်စဉ်များကို လည်ပတ်စေ၍ ထိန်းထားခြင်း ဖြစ်သည်။
(အကြာကြီးကို နေနိုင်နေတာပါလား၊ မယုံနိုင်စရာတောင် ကောင်းတယ် . . .)
“အခုတော့ မလိုတော့ဘူး ထင်တယ် . . .”
ဆောင်ဂျုလည်း ရဲရှောင်အား လှုပ်နှိုးလိုက်သည်။
ရဲရှောင်သည် နောက်ဆုံးတွင် နိုးထလာခဲ့၏။ နိုးထလာသည့်တိုင် သ ရုပ်ဆောင်နေတုန်းပင် ဖြစ်ပြီး လေသံတီးတိုးဖြင့် –
“အားလုံး . . . အားလုံး သွားကြပြီလား . . .”
ဆောင်ဂျုမှ –
“ငါတစ်ယောက်ပဲ ကျန်တော့တယ်။ ဟန်လုပ်မနေနဲ့တော့၊ ဘယ်လိုတောင်လဲကွာ၊ သ ရုပ်ဆောင်နေရတာ တော်တော် ပင်ပန်းနေမှာပဲ။ တိုက်ပွဲ ၁၀ ပွဲလောက် တိုက်ခိုက်တာထက်ကို ပိုပြီး ဆိုးဦးမယ်။ အားကို ရှိမှာ မဟုတ်တော့ဘူး၊ ငါလည်း တော်တော် အားကုန်နေပါပြီကွာ . . .”
ရဲရှောင် အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီးနောက် သူ၏ အ ရိုးများအား ပြန်လည် ဆက်စပ်လိုက်သည်။ ထို့နောက် အိပ်ရာထက်မှ ထထိုင်လိုက်ရင်း –
“ဦးလေးဆောင် . . . ခင်ဗျား ကျေနပ်သင့်တယ်နော်၊ ခင်ဗျားက ကျုပ်ထက် သာပါသေးတယ်။ ကျုပ်ကတော့ သေချင်ယောင် ဆောင်ရင်းနဲ့ သေသွားမလားပဲ။ ခင်ဗျားကျတော့ တစ်နေကုန်း သွားလာ လှုပ်ရှားနေရတယ်။ ကျုပ်အတွက် သ ရုပ်မဆောင်ပေးချင် ဘူးလား . . .”
ဆောင်ဂျုမှ ခေါင်းညိတ်လိုက်ရင်း –
“အာ . . . မင်းဘာပြောလိုက်တာလဲ၊ မင်းအတွက် သ ရုပ်ဆောင်ပေးရမယ် ဟုတ်လား၊ မင်းအတွက်နဲ့ ငါ့ကို လူသေကောင်လို လုပ်စေချင်နေတာပေါ့လေ . . .”
ရဲရှောင် ပြုံးလိုက်ရင်း –
“ဦးလေးဆောင် . . . ခင်ဗျားလည်း ပင်ပန်းနေပြီ မဟုတ်လား၊ ကြည့် ခင်ဗျား အခုဆို လှဲနေသင့် နေပြီနော်။ လွယ်လွယ်ကူကူနဲ့ သက်တောင့်သက်သာ ရှိပါတယ်ဗျ . . .”
ဆောင်ဂျုမှ –
“ဖွီ . . . လူလိမ်လေး၊ မင်းဟာမင်းသာ ကမ္ဘာဆုံးတဲ့ထိ လှဲနေပေတော့ . . .”
ရဲရှောင် ဝမ်းနည်းသည့် မျက်နှာမျိုးဖြင့် –
“ဦးလေးဆောင် . . . လုပ်ပါဗျာ၊ ခင်ဗျားက ကျုပ်ကို အမြဲတမ်း ကောင်းခဲ့တယ်။ အခုလည်း ကူညီပါဦး။ ခင်ဗျားရဲ့ ချစ်လှစွာသော တူလေးအတွက် မလုပ်ပေးချင်ဘူးလား . . .”
ဆောင်ဂျုလည်း မျက်နှာပျက်ယွင်းလျက် –
“မင်းက ငါ့ကို တကယ်လုပ်ခိုင်းနေတာပဲ . . .”
နောက်ဆုံးတွင် အချီအချ ပြောဆိုခဲ့ကြပြီးနောက် ဆောင်ဂျုလည်း ရဲရှောင်အစား အိပ်ရာထက်တွင် လှဲလျောင်းပေးရန် သဘောတူလိုက်လေ၏။ အဘယ်ကြောင့်ဆိုသော် ရဲရှောင်အား တူတစ်ယောက်လို ချစ်ခင်နေခြင်းကြောင့် လည်းကောင်း၊ သူကိုယ်တိုင်လည်း အနားယူချင်မိခြင်းကြောင့် လည်းကောင်း သဘောတူလိုက်ခြင်း ဖြစ်ပေသည်။
ရဲရှောင်သည် ဝတ်ရုံအနက်ကို ဝတ်ဆင်လျက် ပြတင်းပေါက်မှ ထွက်လာခဲ့၏။
တစ်စက္ကန့်လောက် အချိန်အတွင်းမှာပင် သူသည် အမှောင်ထဲသို့ တိုးဝင် ပျောက်ကွယ် သွားလေသည်။
ရဲရှောင် အတော်ကြာကြာ ကြံရွယ်ခဲ့သည့် အစီအစဉ်ကို ယခုမှပင် လုပ်နိုင်တော့မည် ဖြစ်လေသည်။
. . .
လင်းပါအို လေလံခန်းမတွင် ဖြစ်သည်။
လူဝကြီး ဝမ်ဇန်းဟိုသည် လှဲလျောင်းနေလျက် စိတ်ထဲ မတင်မကျ ဖြစ်နေ၏။
(သခင်ကြီး ထွက်သွားခဲ့တာ ၂ ရက်ခွဲလောက် ရှိနေပြီ၊ သူတကယ်ပဲ ထွက်သွားခဲ့တာလား။ ငါ့ကို အကြောင်းမကြားဘဲနဲ့တော့ ပြန်လေ့ပြန်ထ မရှိပါဘူး။ အခုလို မပြောမဆို ပြန်သွားမယ်လို့တော့ မထင်ထား ခဲ့မိဘူး . . . အမြဲလိုလို ငါ့ကို မတင်မကျ ဖြစ်အောင် လုပ်နေတာ၊ အခုတော့ ငါလည်း ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူး၊ သူ ဘယ်မှာမှန်းလဲ မသိ . . .)
“အင်း . . . နောက်ထပ် ၃ ရက်လောက် ထပ်စောင့်ကြည့်တာပေါ့၊ သခင်ကြီး ပြန်မလာဘူး ဆိုရင်တော့ ငါလည်း ကိုယ့်နေရာ ကိုယ်ပြန်တော့မယ်။ ဒီမှာက ငါ့ခန္ဓာကိုယ်နဲ့ နေရထိုင်ရတာ အဆင်မပြေ လှဘူး၊ ခြေတစ်လှမ်း လှမ်းရင်တောင် နာကျင်နေရသလိုပဲ . . .”
ဝမ်ဇန်းဟို ညည်းတွားလိုက်သည်။
သူသည် ဂုဂျင်လုံထံမှ အသက်ရှည်ဆေးများဖြင့် အသက်ဆက်နေခဲ့ရခြင်း ဖြစ်သည့်အတွက် အလွန်ကို အသက်ရှည်နေပြီ ဖြစ်၏။
သို့သော် သူထိုကဲ့သို့ အသက်ရှည်ရန်အတွက် ပြန်လည်ပေးဆပ်ခဲ့ရသည့် တန်ဖိုးသည်လည်း မသေးလှချေ။ သူ့တစ်ကိုယ်လုံး ဝသထက် ဝလာခြင်းပင် ဖြစ်သည်။
သူလင်းပါအို လေလံခန်းမအား စတင်တည်ထောင်ခဲ့စဉ်တုန်းက အလေးချိန် ပေါင် ၁၈၀ ခန့်သာ ရှိခဲ့၏။ ယခုအခါ သူသည် ပေါင် ၁၄၀၀ ကျော် ရှိနေပြီ ဖြစ်သည်။ ကမ္ဘာပေါ်တွင် အဝဆုံး လူတစ်ဦးဟုပင် ဆိုရမည် ဖြစ်၏။
တစ်ခုလိုချင်လျှင် တစ်ခုပေးဆပ်ရမည်ဟု ဂုဂျင်လုံ ပြောခဲ့သည်ကိုလည်း မှတ်မိနေသေး၏။
ကြမ်းပြင်ထိလုမတတ် တွဲကျနေသည့် ဗိုက်ကြီးကို ကိုင်ထားရင်း ဝမ်ဇန်းဟိုသည် ဝမ်းနည်း နေမိသည်။
“တော်တော် တန်ဖိုးကြီးတဲ့ ပေးဆပ်မှုပဲ၊ တော်တော်ကို ဆိုးပါတယ် . . . ထာဝရအသက်ရှည်ဖို့ ဆိုတော့လည်း ပေးဆပ်ရမှာပေါ့လေ . . .”
သူရေရွတ်နေသည့် အချိန်မှာပင် အပြင်ဘက်မှ တံခါးလာခေါက်သံကို ကြားလိုက်ရလေ၏။ ထိုအချိန် အပြင်ဘက်ရှိ ကွမ်ဝမ်ရှန်မှ –
“သူဌေး . . . ဖန်ဇီလင်က တွေ့ချင်လို့ပါတဲ့ . . .”
ဝမ်ဇန်းဟို အံ့သြသွားသည်။
“နောင်ကြီးဖန်လား . . . သူက အခုချိန် ဒီကို ဘာလာလုပ်ရတာလဲ၊ မြန်မြန်ခေါ်လိုက် . . .”
တခဏအကြာတွင် ဖန်ဇီလင်သည် ဝမ်ဇန်းဟို အရှေ့သို့ ရောက်လာလေ၏။
“နောင်ကြီးဝမ် . . .”
ဖန်ဇီလင်သည် ပြုံးပြရင်း နှုတ်ဆက်လိုက်၏။
“နောင်ကြီးဖန် . . . ခင်ဗျား သခင်ကြီးဂု ဘယ်မှာလဲ ဆိုတာကို သိလား . . .”
ဝမ်ဇန်းဟို မေးလိုက်သည်။
“အင်း . . . ကျုပ်သူ့ဆီက စာရခဲ့တယ်။ အစ်ကိုကြီးဂုကတော့ သူလိုချင်တာ ရသွားပြီလေ။ အဲဒါနဲ့ ကျင့်ကြံမှုတွေ လုပ်ဖို့ ထွက်သွားလေရဲ့ . . .”
ရဲရှောင် ပြောလိုက်၏။
“ဪ . . . ဟုတ်လား၊ ကောင်းတာပေါ့ဗျာ . . .”
ဝမ်ဇန်းဟို စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ ဆက်လက်၍လည်း –
“ဒါဆို ကျုပ်လည်း မနက်ဖြန် ပြန်လို့ရပြီ . . .”
“ခင်ဗျားကတော့ မရသေးဘူးဗျ . . .”
ဖန်ဇီလင်၏ မျက်နှာသည် အေးစက်စက် ဖြစ်သွားသည်။
“နောင်ကြီးဝမ် . . . အစ်ကိုကြီးဂု သွားတုန်း သူက ခင်ဗျားကို မှာလိုက်တယ်ဗျ . . .”
“အစ်ကိုကြီးဂု ဟုတ်လား . . .”
ဝမ်ဇန်းဟိုသည် အံ့သြဟန်ဖြင့် မေးလိုက်သည်။
“အစ်ကိုကြီးဂုက သူလိုချင်နေတဲ့ ရတနာကို ကျုပ်ရှာပေးခဲ့တဲ့အတွက် ကျုပ်နဲ့ သွေးသောက် ညီအစ်ကို ဖွဲ့ခဲ့တယ်လေ။ မျိုး ရိုးနာမည်မတူတဲ့ သွေးသောက် ညီအစ်ကိုတွေပေါ့၊ ကောင်းကင်ကို ၈ ကြိမ် ဂါရဝ ပြုခဲ့ကြပြီးနောက် ကျုပ်တို့ဟာ သေအတူရှင်မကွဲ သွေးသောက် ညီအစ်ကိုတွေ ဖြစ်ခဲ့ကြတာပဲ . . .”
ဖန်ဇီလင် လေးနက်သည့် ဟန်ဖြင့် ပြောလိုက်၏။
“အ . . . အင်း ဟုတ်ပါပြီ . . .”
ဝမ်ဇန်းဟိုသည် ပါးစပ်အဟောင်းသားဖြင့် ကြည့်နေရင်း ပြန်ဖြေလိုက်သည်။ ယုံရခက်ခက်လည်း ဖြစ်နေပါသည်။
(သွေးသောက်ညီအစ်ကိုတဲ့လား၊ သေအတူ ရှင်မကွဲ သွေးသောက် ညီအစ်ကို . . . ဘယ်လို ဖြစ်ရတာလဲ၊ မြန်လွန်း မနေဘူးလား . . .)
“ဪ . . . ခင်ဗျားက မယုံဘူးထင်တယ်၊ ကောင်းပါပြီဗျာ၊ အစ်ကိုကြီးဂုကလည်း ဒါကို သိနေတဲ့ ပုံပဲ။ ဒီမှာကြည့်လိုက်စမ်းပါဦး . . .”
ရဲရှောင်သည် စားပွဲပေါ်သို့ ပစ္စည်းအချို့ တင်ပြလိုက်သည်။
တစ်ခုမှာ ကျောက်စိမ်းတံဆိပ်တော် တစ်ခု ဖြစ်၏။ ခရမ်းရောင် အငွေ့အသက်မျာ ထွက်ပေါ်နေပြီး ထိုကျောက်စိမ်းပေါ်တွင် “အမိန့်တော်” ဟူသော စာလုံးအား ထွင်းထား၏။
ထို့အပြင် ဂုဂျင်လုံ နာမည်ပါရှိသော ကျောက်စိမ်းပြားတစ်ခုလည်း ရှိနေ၏။
ဝမ်ဇန်းဟိုသည် အဆိုပါ ကျောက်စိမ်းတံဆိပ် နှစ်ခုကို မြင်သောအခါ တစ်ကိုယ်လုံး တုန်ယင်သွား၏။
တုန်ယင်မှုကြောင့် သူ၏ ခန္ဓာကိုယ်ရှိ အသားစိုင်များ လှုပ်ခတ်သောအခါ တဖတ်ဖတ် ဟူ၍ပင် အသံမြည်နေပါသေးသည်။
အဆိုပါ ကျောက်စိမ်းပြားများသည် ဂုဂျင်လုံ၏ အမှတ်တံဆိပ်များပင် ဖြစ်ပြီး ကိုယ်နှင့်မကွာ ဆောင်ထားမည့် အရာများ ဖြစ်သည် ဆိုသည်မှာ ယုံမှားဖွယ် မရှိချေ။
ထိုကျောက်စိမ်းပြားကိုပင် လင်းပါအို လေလံခန်းမအား အုပ်ချုပ်ကွပ်ကဲသည့် အထိမ်းအမှတ် တံဆိပ်အဖြစ် သတ်မှတ်ထားခဲ့ခြင်း ဖြစ်၏။
အဆိုပါ ကျောက်စိမ်းပြားကို ပြနိုင်သည်နှင့် ဂုဂျင်လုံအား ကိုယ်စားပြုသလိုပင် ဖြစ်လေသည်။
ယခုအခါ အဆိုပါ အရေးကြီးလှသည့် တံဆိပ်ပြား ၂ ခုလုံးသည် ဖန်ဇီလင်ထံတွင် ရောက်ရှိနေပြီ ဖြစ်သည်။ ထိုဖြစ်စဉ်အရ ဂုဂျင်လုံသည် လင်းပါအို လေလံခန်းမနှင့် ပတ်သက်သည့် ကိစ္စအဝဝကို ဖန်ဇီလင်အား လွှဲပြောင်းပေးလိုက်သလိုပင် ဖြစ်၏။
ဝမ်ဇန်းဟိုအတွက်မူ သူ့အထက်တွင် ကြောက်ရမည့် လူတစ်ယောက် တိုးလာသည်ဟု ဆိုရမည် ဖြစ်၏။
ထို့ကြောင့် အဆိုပါ တံဆိပ်ပြား ၂ ပြားကို ကြည့်ရင်း ကြောင်ငေး နေမိလေသည်။ မူးမေ့မတတ်ပင် ဖြစ်နေပါတော့သည်။
အဆိုပါ တံဆိပ်ပြားများကိုသာ သူ့ဆီလာပေးသည် ဆိုလျှင် ဂုဂျင်လုံသည် အလွန်အမင်း ပျော်ရွှင်မိမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ကို ထိန်းချုပ်ထားမည့် မည်သူမျှ ရှိနိုင်တော့မည် မဟုတ်တော့၍ပင် ဖြစ်သည်။ သို့သော် ယခုအခါ တံဆိပ်ပြားများသည် ဖန်ဇီလင်ဆီသို့ ရောက်ရှိနေသည့် အတွက် ဖန်ဇီလင်သည် ဝမ်ဇန်းဟိုအဖို့ ဒုတိယမြောက် သခင်ကြီးဟု ဆိုရမည် ဖြစ်ပေသည်။
ထိုအချိန် ဖန်ဇီလင်မှ ပြုံးလျက် –
“ဝမ် . . . အခုကစပြီး ကျုပ်တို့ အတူတူ လင်းပါအို လေလံခန်းမအတွက် အလုပ်လုပ်ကြတာပေါ့။ ဘာမှ မစိုးရိမ်ပါနဲ့ ခင်ဗျားကို နောက်မချန်ထားပါဘူးဗျာ . . .”
ဝမ်ဇန်းဟို၏ စိတ်ထဲတွင် ဟာလာဟင်းလင်း ဖြစ်သွားသလို ခံစားလိုက်ရပြီး သူဆိုတာပင် မရှိတော့သလို ခံစားလိုက်ရသည်။
ဖန်ဇီလင်၏ စကားများကို ကြားရသောအခါ အတော်လည်း ဒေါသထွက်သွားမိ၏။
(ဘာလဲဟ . . . ဘယ်လိုတွေ ဖြစ်ကုန်တာလဲ . . .)
ယခင်က လင်းပါအို လေလံခန်းမသည် တန်ဖိုးကြီး ပစ္စည်းများ စုဝေးရာ နေရာတစ်ခု ဖြစ်၏။ အကောင်းဆုံးဆိုသည့် အရာများအား ဂုဂျင်လုံထံ ပေးခဲ့ရပြီး သို့သော်လည်း ဂုဂျင်လုံမှာမူ နှစ် ၁၀၀ လောက်ကြာမှ တစ်ခေါက်လောက်သာ လာပြီး လာသည့်အခါတွင်လည်း အကြာကြီးမနေဘဲ ရက်ပိုင်းလောက်သာ နေလေသည်။ ဝမ်ဇန်းဟိုအတွက် ဖိအားမရှိဟု ဆိုနိုင်၏။ သူ့အနေဖြင့်လည်း အသက်ရှည်ဆေးများ ရရှိသည့်အတွက် လင်းပါအို လေလံခန်းမအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့မိ၏။
သို့သော် ယခုအခါတွင် အခြေအနေများသည် ကွာခြားသွားချေပြီ။ သူ့အထက်တွင် နောက်ထပ် လူတစ်ယောက် ပေါ်လာပြီ ဖြစ်၏။
ပထမဆုံး အချက်အနေဖြင့် ဖန်ဇီလင်သည် လင်းပါအိုနှင့် ပတ်သက်သည့် ကိစ္စရပ်များအား သူ့ကိုပဲ လွှတ်ထားတော့မည် မဟုတ်ပေ။ ဖိအားများ ပေးလာမည်မှာ သေချာလှ၏။
ဒုတိယအချက်အနေဖြင့် ဖန်ဇီလင်သည် အဆင့်မြင့် နယ်ပယ်တစ်ခုမှ မဟုတ်ဘဲ မော်တယ်ကမ္ဘာမှ ပင် ဖြစ်သောကြောင့် ဆေးလုံးများ ပြုလုပ်ရင်း အချိန်ကုန်နေမည် ဖြစ်သည့်တိုင် လင်းပါအို လေလံခန်းမနှင့် သက်ဆိုင်သည့် ကိစ္စရပ်များတွင် ပါဝင်ပတ်သက်နေဦးမည် ဖြစ်ပါတော့သည် . . .။