Switch Mode

Chapter – 155

ရဲရှောင်သေလိမ့်မယ်

Chapter – 155
“ရဲရှောင်သေလိမ့်မယ်”

ဆောင်ဂျုမှ –
“ကျုပ်နာမည်က ဆောင်ပါ။ ဆရာကြီးစွန်း၊ ပြောစရာရှိတာ ပြောလို့ရပါတယ် . . .”
သခင်ကြီးစွန်းသည် တခဏမျှ တိတ်သွားပြီးနောက် –
“သူ့ကို ကယ်တင်နိုင်ဖို့အတွက် ကျုပ်တို့ လုပ်နိုင်တာ မှန်သမျှ လုပ်ကြမှာပဲ။ ဒါပေမဲ့ ကျုပ်တို့ အကောင်းဆုံး ကြိုးစားရင်တောင်မှ သခင်လေးရဲကို ဆယ်ရက်လောက်ပဲ အသက်ဆွဲဆန့် ထားနိုင်လိမ့် မယ်။ ဒီလို ၁၀ ရက်တာ အသက်ဆန့်ထားဖို့ ရင်းနှီးရမဲ့ ပေးဆပ်မှုကလည်း မနည်းလှဘူး။ အမှန်တိုင်း ပြောရရင် ကျုပ်တို့ အနေနဲ့ လွယ်လွယ် ဆုံးဖြတ်ချက် မချနိုင်ပါဘူး . . .”
ဆောင်ဂျုမှ –
“ဘယ်လိုသဘောများလဲ ဆရာကြီးစွန်း . . .”
ဆရာကြီးစွန်းသည် လက်များကို ပြန် ရုပ်လိုက်ပြီးနောက် မျက်လုံးမှိတ်ရင်း –
“ပြဿနာကတော့၊ အင်း . . . သမားတော်ဟွမ်၊ ခင်ဗျား တော်ဝင်နန်းတော်ကို သွားပြီးတော့ ထူးခြားအစွမ်းထက် ဆေးလုံးများ ပေးနိုင်မလားလို့ မင်းကြီးကို သွားလျှောက်တင် ပေးပါလား။ မင်းကြီးက ကုန်ချင်သလောက် ကုန်ပါစေ ကုသပေးလိုက်လို့ မိန့်ခဲ့ပေမဲ့ ဒီဆေးလုံးက အရမ်းကို အရေးကြီးတယ်။ မေးရမှာ တကယ်ကို စိုးရွံ့မိပါတယ် . . .”
သမားတော်ဟွမ်သည် အံ့အားသင့် သွားသည်။
ထူးခြား အစွမ်းထက်သည့် ဆေးလုံး . . .
(ဒီဆေးလုံးကတောင် သခင်လေးရဲကို ဆယ်ရက်လောက်ပဲ အချိန်ဆွဲထားနိုင်မှာတဲ့လား . . . ဘုရင်က ဘယ်လို သဘောတူပါ့မလဲ၊ ဒါက အန္တရာယ်အရှိဆုံး အခြေအနေ ရောက်ရင် ဘုရင်သုံးဖို့ ထားထားတာ မဟုတ်လား . . .)
ဆရာကြီးစွန်းလည်း မျက်လုံးများ ပြန်ဖွင့်လိုက်ရင်း –
“မြန်မြန် သွားပါတော့ . . .”
သမားတော်ဟွမ်လည်း သတိဝင်လာပြီး –
“ကောင်းပါပြီ၊ အခုပဲ သွားလိုက်ပါ့မယ် . . .”
“ဘုရင် သဘောတူတယ်ဆိုရင် ထိပ်တန်းအဆင့် ပညာရှင်တွေနဲ့အတူ ဆေးလုံးကို လုံလုံခြုံခြုံ သယ်လာခဲ့ပါ။ ဒီဆေးလုံး ပျောက်သွားလို့ မဖြစ်ပါဘူး . . .”
ဆရာကြီးစွန်း ပြောလိုက်၏။
“သမားတော်ဟွမ် . . . ခင်ဗျား အချိန် သုံးနာရီပဲ ရမယ်။ ဒီသုံးနာရီ အတွင်းမှာ ကျုပ်ရဲ့ သန့်စင်တဲ့ ချီဓာတ်တွေနဲ့ သူ့ကို အသက်ဆက်လို့ရအောင် လုပ်ထားမှာ။ ဆေးလုံး အချိန်မီ ရောက်မလာနိုင်ရင် သူသေသွားလိမ့်မယ်နော်။ အဲဒီ ၃ နာရီ ကျော်သွားရင် ဆေးလုံးလည်း ကယ်နိုင်တော့မှာ မဟုတ်ဘူး . . .”
သမားတော်ဟွမ်လည်း ချက်ချင်းပင် ထွက်သွားလေ၏။
ဆောင်ဂျုမှာလည်း အပြင်ဘက်သို့ လိုက်သွားရင်း –
“မြင်းတစ်ကောင် ပြင်ပေးလိုက်ကြစမ်း၊ အကောင်းဆုံးနဲ့ အမြန်ဆုံး မြင်းကို ပေးလိုက်ကြနော်၊ မြန်မြန်လုပ်ကြဟေ့ . . .”
သမားတော်ဟွမ် ထွက်ခွာသွားပြီးနောက် သူသည် တွေးနေမိ၏။
(ဆေးလုံးက အရမ်းကို တန်ဖိုးကြီးတာ၊ ဘုရင်က ဒီကောင်လေးအတွက်နဲ့ လွယ်လွယ် ထုတ်ပေးမယ် ဆိုတာကို ဆရာကြီးစွန်းက ဘယ်လိုဖြစ်လို့ ဒီလောက်တောင် သေချာနေရတာလဲ . . .)
. . .
ရဲအိမ်တော်တွင် ဖြစ်သည်။
အပြာရောင် အခိုးအငွေ့ အလင်းများ ထွက်ပေါ်လာပြန်ပြီး ဆရာကြီးစွန်းဟာ သူ၏ ကျင့်စဉ်များဖြင့် ရဲရှောင်အား ထိန်းထားနေသည်။
“သမားတော်လီ . . . ကျုပ်အခုလို ချီဓာတ်တွေ လွှဲပြောင်းပေးနေတုန်း သခင်လေးရဲကို ဝိညာဉ် အားဖြည့်အပ် ၁၃ ချောင်းနဲ့ ကူထားပေးပါဦး . . .”
ဆရာကြီးစွန်း သမားတော်လီအား ပြောလိုက်သည်။
“ကောင်းပါပြီ . . .”
နှစ်ဦးလုံးသည် တည်ငြိမ်စွာဖြင့် အတူတကွ လုပ်ဆောင်နေကြ၏။ ထိုအချိန် သူတို့သည် သုံးနာရီ အတွင်း ရဲရှောင်၏ အခြေအနေ တည်ငြိမ်မှု ရှိစေရန်အတွက် အစွမ်းကုန် ကြိုးစားကြမည် ဖြစ်လေသည်။
ဘုရင်၏ အယုံကြည်ရဆုံးလူများ ဖြစ်သည့် အားလျော်စွာ ရဲရှောင်၏ အသက်သည် နိုင်ငံတော်၏ အနာဂတ်အပေါ်တွင်လည်း မူတည်နေကြောင်း ကောင်းစွာ ရိပ်စားမိကြ၏။
သူတို့သာ ရဲရှောင်ကို ကယ်တင်နိုင်လိုက်မည် ဆိုပါက နိုင်ငံတော်အား ကယ်တင်လိုက်သလိုပင် ဖြစ်သွားချေလိမ့်မည်။
အကယ်၍ ရဲရှောင် သေဆုံးသွားမည် ဆိုလျှင် မြောက်ပိုင်းအနေဖြင့် ချက်ချင်းပင် အခြေအနေများ ဗြောင်းဆန်သွားနိုင်ပေသည်။
ဝံပုလွေမျိုးနွယ်အုပ်စှု ချန်နိုင်ငံတော် အတွင်းသို့ နယ်ချဲ့ ကျူးကျော်လာမည်မှာ သေချာပေါက်ပင်။
သမားတော်ဟွမ်သည် အမြန်ဆုံးနှုန်းဖြင့် အပြေးသွားနေသည်။ နန်းတော်ရှိရာ ရောက်သောအခါ တော်ဝင်နန်းဆောင် ရှိရာသို့ တန်း၍ပင် ဝင်သွားပါတော့သည်။
သူသည် ချန်ရှန်းခန်းမဆီသို့ တန်းတန်းမတ်မတ် လာခဲ့ပြီးနောက် သူ့အား အစောင့်များမှ တားထား ကြလေသည်။ ဘုရင်သည် ထိုအချိန်တွင် မှူးမတ်များဖြင့် ညီလာခံ လုပ်လျက် ရှိနေတုန်းပင် ဖြစ်ပြီး ထို့ကြောင့် ဝင်ရောက်နှောင့်ယှက်ရန် မဖြစ်နိုင်ချေ။
သမားတော်ဟွမ် ရင်ပူလာပြီ ဖြစ်၏။ အစောင့်များအား ချက်ချင်းပင် ဘုရင်ကို အကြောင်းကြားပေး ရန် ပြောလိုက်ပြီး တခဏအကြာတွင် ဝမ်ကုန်းကုန်း ထွက်လာသည်ကို မြင်တွေ့လိုက်ရ၏။
“ကုန်းကုန်း . . . ဆရာကြီးစွန်းက မှာလိုက်ပါတယ်။ ရဲရှောင်ကို ကုသဖို့ ထူးခြား အစွမ်းထက် ဆေးလုံးကို လိုအပ်တယ်တဲ့၊ အဲဒါ . . .”
သမားတော်ဟွမ်သည် ထိုအချိန်ထိပင် သူ့အနေဖြင့် ဘုရင်အား မသင့်လျော်သော စကားကို ပြောမိသလို ဖြစ်မည်ဟု ခံစားနေရတုန်းပင်။
ရဲရှောင်သည် စစ်သူကြီး တစ်ဦး၏ သားတစ်ယောက်သာ ဖြစ်၏။
တကယ်တမ်း ရဲရှောင် ဒဏ်ရာရရှိခြင်းသည် ဘုရင်၏ ဆေးလုံးအား ထုတ်ပေးရလောက်အောင်ထိ မတန်ဟု ဆိုရမည် ဖြစ်သည်။ သို့သော် ဆရာကြီးစွန်း၏ အမှာစကားအရ သူလည်း လိုက်နာရမည် မဟုတ်ပါလား။
ဆရာကြီးစွန်းသည် နန်းတော်၏ အရေးကြီးဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦး ဖြစ်၏။
ဝမ်ကုန်းကုန်းလည်း ချက်ချင်းပင် ခန်းမအတွင်းသို့ ဝင်သွား၏။ တခဏအကြာတွင် ပြန်၍ ထွက်လာပြီး –
“ကျုပ် ခင်ဗျားနဲ့ ရဲအိမ်တော်ကို လိုက်ခဲ့ပါ့မယ် . . .”
သမားတော်ဟွမ်သည် ဝမ်ကုန်းကုန်းအား နားမလည်သလိုဟန်ဖြင့် ကြည့်နေ၏။
ဝမ်ကုန်းကုန်းလည်း မျက်မှောင်ကြုတ်လိုက်ရင်း ဆက်လက်၍ –
“ဆေးလုံးက အခု ကျုပ်ဆီမှာပါ။ ကဲ . . . သွားကြစို့ . . .”
သမားတော်ဟွမ် ကြောင်ငေးသွားသည်။
(ဘယ်လိုဖြစ်တာလဲ . . . လွယ်လှချည်လား . . . ရဲရှောင် ဒဏ်ရာရလို့ ငါက ဆေးလာတောင်းတယ်၊ ဒါက ထားလိုက်ဦး . . . ဒါပေမဲ့ ဘုရင်က ချက်ချင်းပဲ ထုတ်ပေးတယ်တဲ့လား၊ ဒါဘာသဘောလဲ၊ အိမ်ရှေ့မင်းသားကိုတောင် သူဒီလို ဆက်ဆံမှာ မဟုတ်ဘူး၊ ကြောက်တောင် ကြောက်လာပြီ . . .)
သမားတော်ဟွမ် အတွေးနယ်ချဲ့ နေမိ၏။
(ရဲရှောင်က မင်းကြီးရဲ့ လျို့ဝှက်သားတော် တစ်ပါးများလား၊ အိမ်ရှေ့မင်းသားထက်တောင် ပိုပြီး အရေးပေးနေတာလား . . .)
ဝမ်ကုန်းကုန်သည် သမားတော်လီ ကြောင်ငေးနေသည်အား ကြည့်ရင်း စိတ်မရှည်တော့ဟန် ပါပင်။
ချောင်းအနည်းငယ် ဟန့်လိုက်ပြီး ထိုအခါမှပင် သမားတော်ဟွမ်လည်း သတိပြန်ဝင်လာ၏။
သူတို့သည် ရဲအိမ်တော်ရှိရာသို့ မြင်းကို ဒုန်းစိုင်းစီး၍ ထွက်လာကြပါတော့သည်။
သူတို့ ပြန်ရောက်ကြသောအခါ ၂ နာရီ ကျော်ကြာသွားပြီ ဖြစ်၏။
ဆရာကြီးစွန်းသည် ဆေးလုံးအား ရဲရှောင်ပါးစပ် အတွင်းသို့ ချက်ချင်းပင် ထည့်ပေးလိုက်၏။ ဝိညာဉ်အားဖြည့်အပ် ၁၃ ချောင်းသည် ရဲရှောင်၏ ခန္ဓာကိုယ်တွင် စိုက်ထားဆဲ ဖြစ်သည်။ ဆရာကြီးစွန်းလည်း သူ၏ ချီဓာတ် စွမ်းအားများဖြင့် ဆေးလုံး၏ အာနိသင် လျင်မြန်စွာ ပြန့်နှံ့သွားစေရန် အတွက် ပြုလုပ်လိုက်ပါတော့သည်။
အချိန်အနည်းငယ် ကြာသောအခါ လူသေအလောင်းကဲ့သို့ ရှိနေသော ရဲရှောင်သည် အနည်းငယ် ပြောင်းလဲမှု ဖြစ်လာခဲ့သည်။
အသက်ရှူသံများ ပြင်းထန်လာပြီး အသက်ရှူလိုက်သည်နှင့် ရင်ဘတ်သည်လည်း မြင့်လာလေ၏။
ထိုမျှသာ ဖြစ်ပြီး မည်သည့် ထူးခြားချက်မျှ ထပ်မဖြစ်တော့ချေ။
သမားတော်ဟွမ်မှာ ယခုအခါ ပို၍ပင် စိတ်ရှုပ်ထွေးလျက် ရှိသည်။
(ငါတို့က ဒီလောက်ထိ အဖိုးတန်တဲ့ ဆေးလုံးကို သုံးလိုက်ရတယ်။ သူ့ကို ကယ်လိုက်နိုင်ရင်တော့ ထားပါတော့၊ ဒါပေမဲ့ အခုလို ရက်နည်းနည်းလောက် အသက်ရှူနေအောင် လုပ်ဖို့ပဲ ဆိုရင်တော့ ဖြုန်းတီးရာ ရောက်တာပဲ၊ ဒါက ဆေးလုံးကို ဖြုန်းလိုက်သလိုပဲ မဟုတ်လား . . . ဖြုန်းတီးတယ် ဆိုတဲ့ အဓိပ္ပါယ်ထက်တောင် ပိုသေးတယ် . . .)
“ကျုပ်တို့ လုပ်နိုင်သလောက်တော့ လုပ်ပြီးပြီ . . .”
ဆရာကြီးစွန်းသည် ရဲရှောင်ခေါင်းထဲသို့ ခရမ်းရောင်ချီဓာတ် အမျှင်တန်းတစ်ခု ပစ်လွှတ်လိုက်၏။ သူသည်လည်း အားအင်ကုန်ခမ်း သွားသလိုပါပင်။ ချွေးစေးများ ပြန်နေလျက် ဆောင်ဂျုအား –
“အနည်းဆုံးတော့ စစ်သူကြီးရဲ ပြန်ရောက်တဲ့ အချိန်ထိ ထိန်းထားနိုင်မှာပါ။ ကျုပ်တတ်နိုင်တာ မှန်သမျှ အကုန်လုံး လုပ်ပြီးသွားပါပြီ။ စိတ်မကောင်းပါဘူး . . .”
ဆောင်ဂျုသည် အသက်ပြင်းပြင်း ရှူလိုက်ရင်း –
“လုံလောက်တာထက်ကို ပိုနေပါပြီ။ ကျေးဇူး အများကြီး တင်ပါတယ်ဗျာ . . .”
ဝမ်ကုန်းကုန်းသည် ဆောင်ဂျုအား စူးရှးသော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ရင်း –
“အ ရိုးပျော်လက်ဝါး ရိုက်ချက်နဲ့ ရိုက်လိုက်တဲ့ လူကိုယ်တိုင်ကရော ကုသပေးနိုင်မယ်လို့ ခင်ဗျား ထင်သလား . . .”
ဆောင်ဂျုသည် နာနာကျင်ကျင်ဟန်ဖြင့် –
“ဟိုခွေးကောင် မျိုးမစစ်လေးတွေ လက်ချက်ပေါ့၊ ကျုပ်တို့ သေချာပေါက် ကလဲ့စား ချေရမယ်”
ဝမ်ကုန်းကုန်းလည်း တခဏမျှ တိတ်သွားပြီးနောက် –
“ပထမဆုံး ကျုပ်တို့ လုပ်သင့်တာက သခင်လေးရဲကို ကယ်တင်ဖို့ပဲ။ ကျန်တဲ့ကိစ္စကို နောက်မှ စဉ်းစားတာ ကောင်းလိမ့်မယ် . . .”
ဆောင်ဂျုသည် ခနဲ့တဲ့တဲ့ ပုံစံဖြင့်သာ ရှိနေပြီး ဘာမျှ ပြန်မပြောတော့ချေ။
ဝမ်ကုန်းကုန်းမှ –
“အ ရိုးပျော်လက်ဝါး ရိုက်ချက်ရဲ့ ဒဏ်ရာက နည်းနည်း ထူးဆန်းနေသလိုပဲ။ လုပ်လိုက်တဲ့ လူက သိပ်ပြီး အစွမ်းထက်လှတဲ့ပုံ မပေါ်ဘူး။ ဘာလုိ့လဲဆိုတော့ ဒဏ်ရာ ဖြစ်ပေါ်စေမဲ့ အချိန်ကို ထိန်းချုပ်နိုင်စွမ်း မရှိလို့ပဲ။ ဒါပေမဲ့ သေချာ ဆန်းစစ်ကြည့်တော့ သခင်လေးရဲကြည့်ရတာ အ ရိုက်ခံခဲ့ရတာ ရက်အတော်ကြာနေတဲ့ ပုံစံပဲ၊ ကျုပ်တော့ တော်တော်လေး နားမလည်နိုင် ဖြစ်ရတယ် . . .”
ဆောင်ဂျုမှ –
“ကျုပ်တို့ရဲ့ စစ်သူကြီး ပြန်ရောက်လာတဲ့ အခါကျရင် အားလုံး ရှင်းသွားမှာပါ . . .”
ဝမ်ကုန်းကုန်းလည်း သက်ပြင်း ချလိုက်ရင်း –
“သူကိုယ်တိုင်လည်း အဆင့်မြင့် တိုက်ခိုက်ရေး ပညာရှင် တစ်ယောက်ပါ။ အ ရိုးပျော်လက်ဝါး အကြောင်း ကောင်းကောင်းသိမှာပဲ။ အခုလို ဖြစ်ရပ်မှာ ဘုရင်ရဲ့ အရေးကြီးတဲ့မှူးမတ်တွေသာ ပါဝင် ပတ်သက်နေခြင်း မရှိဘူးဆိုရင် အခြေအနေတွေက တစ်မျိုး ဖြစ်သွားနိုင်တယ် . . .”
သူတို့အားလုံး ထွက်ခွာလာခဲ့ကြပြီးနောက် ဝမ်ကုန်းကုန်းမှ ဆရာကြီးစွန်းအား –
“ဒဏ်ရာက တော်တော် ပြင်းနေပြီ . . .”
“ဟုတ်တယ် . . .”
“ရဲရှောင် ဒီဆေးလုံးကို စားလိုက်ရတယ် ဆိုပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သေမှာ ကြိမ်းသေသလောက်ပဲ”
“အမှန်ပဲ . . .”
“ဒါပေမဲ့ ဒဏ်ရာက ဘာလို့ ဒီနေ့မှ ဖြစ်လာရတာလဲ . . .”
“ကျုပ်လည်း မသိဘူး၊ ပြောရတော်တော် ခက်တယ် . . .”
“ဒီနေ့မှာသာ ဒဏ်ရာ မဖြစ်ပေါ်ခဲ့ဘူးဆို သူ့ကို ဘယ်သူ လုပ်တာ ဖြစ်မလဲ . . .”
“ဟူး . . .”
“ဒီနေ့မှ ဖြစ်တဲ့ ဒဏ်ရာ ဆိုရင်လည်း ဟိုအိမ်တော်တွေထဲက ဒါမျိုး ဘယ်သူ လုပ်တတ်လို့လဲ . . .”
“အင်း . . .”
နှစ်ယောက်သား တိတ်ဆိတ်သွားကြပြန်သည်။
“အိမ်ရှေ့မင်းသားက ဒီနေ့ နည်းနည်း ထူးဆန်းနေသလိုပဲ။ ပုံမှန်နဲ့ လုံးဝ မတူဘူး . . .”
ဝမ်ကုန်းကုန်း ပြောလိုက်သည်။
“ဟုတ်လား . . .”
“အမတ်ကြီးဂျန် ရောက်လာတဲ့ အချိန်တုန်းက သာမန်လို အဖြစ်မှန်ကို ဝင်ပြောတာမျိုးက ဘာမှ ကိစ္စမရှိဘူး၊ ဒါပေမဲ့ သူက ဘာလို့ အရမ်းကို မာန်တွေပါနေရတာလဲ . . .”
“ခင်ဗျား ဆိုလိုချင်တာက . . .”
“ကျုပ်ဆိုလိုချင်တယ် ဆိုတာ မရှိပါဘူး . . .”
“ကျုပ်သိပြီ၊ သံသယ ဝင်ဖို့ မသင့်တော်တဲ့ လူတစ်ယောက်ကို သံသယ ဝင်မိရင် အဲဒီ သံသယကို လျစ်လျူရှုထားတာ အကောင်းဆုံးပဲ . . .”
“မှန်တာပေါ့ . . .”
“အဲဒါဆို ဟိုအိမ်တော်တွေကရော . . .”
“သူတို့အတွက်ကတော့ ကြမ္မာငင်တာပဲ . . .”
“ထားလိုက်ပါတော့လေ . . .”
. . .
ရဲရှောင်သည် အိပ်ရာထက်တွင် လူသေကောင်ကဲ့သို့ လှဲလျောင်း နေလေ၏။ သူ့ခန္ဓာကိုယ်အား ချီဓာတ်အနည်းငယ်မှ ထောက်ပံ့ပေးထားသလိုသာ ဖြစ်နေပြီး ဝိညာဉ်တော်ပင် ပျောက်ကွယ်လုနီးနီး ဖြစ်နေ၏။
တကယ်တမ်းတွင် သူသည် ဟင်းလင်းပြင်ကြီး အတွင်းသို့ ရောက်ရှိနေခြင်း ဖြစ်၏။
သူသည် လက်ရှိအချိန်တွင် ကောင်းကင်ဟင်းလင်းပြင်ထဲတွင် ရှိနေသည်။
ရဲရှောင်သည် မရဏကျောက်တုံး၏ ဘေး၌ ထိုင်နေလေ၏။ မရဏကျောက်တုံးမှ ထွက်ပေးနေသည့် ရေခဲချီဓာတ်များအား စုပ်ယူလျက် ရှိနေပြီး ထိုကဲ့သို့ ချီဓာတ်များ ထွက်ပေါ်နေခြင်းသည် ဥကြောင့်သာ ဖြစ်၏။
ထိုဥသည် ဂုဂျင်လုံအား သတ်ဖြတ်စေနိုင်ခဲ့ပြီး ဂုဂျင်လုံ၏ ဝိညာဉ်တော်ကိုပင် စုပ်ယူနိုင်ခဲ့၏။ အတော်ကို ထူးဆန်းသည့် ဖြစ်ရပ်ပါပင်။
ရဲရှောင်လည်း ဥ၏ ထူးခြားမှုကို အံ့သြနေမိပြီး ယခင်က ထိုကဲ့သို့ အဖြစ်မျိုး လုံးဝကို မရှိခဲ့ချေ။
မြွေတစ်ကောင်မှ ဆင်တစ်ကောင်အား ဝါးမျိုလိုက်သကဲ့သို့ပါပင်။ ထို့ကြောင့်ပင် ဥမှ တစ်ခါတရံ စွမ်းအင်များ ထွက်လာတတ်ပြီး မရဏကျောက်တုံးကို အသက်ဝင်စေသလို ဖြစ်ကာ ရေခဲချီဓာတ်များ ထွက်ပေါ်လာရခြင်း ဖြစ်၏။
ရဲရှောင်သည် ကျင့်ကြံမှုများကိုသာ အာရုံစိုက်ထားသည်။ ပထမဆုံး အနေဖြင့် ဟင်းလင်းပြင်ကြီး အတွင်းရှိ ရေခဲချီဓာတ်များအား ညီမျှမှု ရှိအောင် လျော့ချပစ်ရမည် ဖြစ်ပေသည်။ ဒုတိယ အနေဖြင့် အဆိုပါ ရေခဲချီဓာတ်များမှာ ရဲရှောင်အတွက် တန်ဖိုးရှိလှပြီး ရဲရှောင်၏ ဝိညာဉ်တော် ချီဓာတ်များကို သန့်စင်သထက် သန့်စင်အောင် ပြုလုပ်ပေးလေသည်။
ဟင်းလင်းပြင်များ၏ ညီမျှမှုကိုသာ ဂ ရုမထားဘူး ဆိုပါက သူသည် ဝိညာဉ်တော် ကျောက်ပြား များစွာကို မရဏကျောက်တုံး ရှိရာသို့ ထားမိမည် ဖြစ်၏။
ရေခဲချီဓာတ်များ တိုးလာသည်နှင့် သူ၏ ရှေးဦးခရမ်းရောင် ချီဓာတ်သည်လည်း ဒုတိယ အဆင့်သို့ တက်လှမ်းနိုင်တော့မည် ဖြစ်ကြောင့် သိလိုက်သည်။ သူ၏ စွမ်းအင် သိုလှောင်ရာအတွင်း ရှေးဦး ခရမ်းရောင် ချီဓာတ်များ၏ စွမ်းအင်များသည် ခရမ်းရောင် အငွေ့များကဲ့သို့ ဖြစ်ပေါ်နေပြီး စွမ်းအင် သိုလှောင်ရာ အလယ်တည့်တည့်တွင် စုဆုံ နေကြ၏။
ထိုစွမ်းအင်သိုလှောင်ရာသာ အိမ်တစ်လုံးလောက် ကြီးလာမည် ဆိုပါက အဆိုပါ ခရမ်းရောင် အငွေ့များသည်လည်း တိုး၍သာ လာမည်ဖြစ်ပေသည်။
ယခုအခါ သေးငယ်သော်လည်း ရဲရှောင်အဖို့ သူ့စွမ်းအင်သိုလှောင်ရာ တစ်ခုလုံး စွမ်းအင်များဖြင့် ပြည့်နေသလို ခံစားနေရ၏။ ထို့ပြင် ရှေးဦးခရမ်းရောင် ချီဓာတ်များသည်လည်း ဒုတိယအဆင့်သို့ အောင်မြင်ချောမွေ့စွာ တက်လှမ်းသွားနိုင်မည် ဖြစ်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset