အပိုင်း (၁၅၀) ဓားထုတ်ဓားကွက်၊ ရွက်တစ်ထောင် အနက်ရောင် ရေတံခွန်စီးဆင်းခြင်း
စုရှောင်ရှန် သူ့ဓားလက်ကိုင်ကို ကိုင်တာနဲ့ ဘာဆက်လုပ်တော့မလဲ ယွမ်တု ခန့်မှန်းနိုင်သည်။
“ဓားထုတ်ဓားကွက်လား” ယွမ်တု နှာခေါင်းရှုံ့လိုက်သည်။
ကျောက်ရှုသေတာကို မျက်မြင်တွေ့ခဲ့ရသူဖြစ်သဖြင့် စုရှောင်ရှန်၏ တိုက်ခိုက်စွမ်းရည်ကို သူကောင်းကောင်းကြီးသိပါသည်။ သို့ဖြင့် စုရှောင်ရှန်၏ တိုက်ကွက်များကို အချိန်ယူပြီး လေ့လာခဲ့၏။
စုရှောင်ရှန် “ဓားထုတ်ဓားကွက်” ကို ဘယ်က သင်ယူလာသလဲမသိပေမယ့် ၎င်းက အင်မတန် စွမ်းအားကြီးပြီး ပို၍ ကြောက်စရာကောင်းစွာ လျှင်မြန်တာကိုသိသည်။
အရှင်သခင်နယ်ပယ်မှာတောင် လက်တစ်ဆုပ်စာ ပမာဏလောက်သာ ထိုသို့သော ဓားကွက်ကို မပြင်ဆင်ဘဲ အချိန်ကိုက်တုန့်ပြန်နိုင်ပေလိမ့်မည်။
ထင်မှတ်မထားစွာ စုရှောင်ရှန်ဘက်က လှုပ်မလာဘဲ တိတ်တခိုးနာကျင်ခြင်းကိုသာ ဒီတိုင်းကိုင်ထားလိုက်၏။
“အဆင့်မြင့် ဓားထုတ်ဓားကွက်… ရွက်တစ်ထောင် အနက်ရောင် ရေတံခွန်စီးဆင်းခြင်း”
ဤသို့ နည်းစနစ်ကို အော်ပြောခြင်းက လိုအပ်သလား ယွမ်တု ကြောင်အသွားသည်။
ထို့နောက် စုရှောင်ရှန် ခေါင်းငုံ့ကာ သူ့လက်ထဲမှ ဓားအိမ်ကို ပုတ်တာမြင်လိုက်ရသည်။ “လိမ်လိမ်မာမာနဲ့ ငါနဲ့ အတူပူးပေါင်းနော်…”
ယွမ်တု ဒေါသထွက်သွားသည်။ ဒီအကောင် သူ့ကို အရေးမလုပ်သည်လား။
သူ့အသန်မာဆုံးတိုက်ကွက်က “ဆန်းကြယ်နယ်ပယ်” ဖြစ်ကာ ထိုစိတ်ဝိညာဉ်နည်းစနစ်က သန်မာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော စုရှောင်ရှန် အပေါ်တွင် အလုပ်မဖြစ်တာမြင်လိုက်ရသည်။
ရွေးချယ်စရာဆိုလို့ အနီးကပ်တိုက်ပွဲရှိတော့ပြီး ယွမ်တုက စုရှောင်ရှန် တိုက်ခိုက်တာကို စောင့်နေခြင်းဖြစ်သည်။ သို့သော် သူထင်ထားသည့် တိုက်ကွက်က ရောက်မလာဘဲ စုရှောင်ရှန် ဓားလက်ကိုင်ကိုသာ ကျောက်ရုပ်အလား ကိုင်ထား၏။
ဆန်းကြယ်စစ်ဘုရင်လှံတံလည်း စိတ်မရှည်ဖြစ်လာပြီး တုန်ခါလာသည်။
ယွမ်တု တုန့်ဆိုင်းမနေတော့ပါ။ စုရှောင်ရှန် ရုတ်တရက် တိုက်ခိုက်လာနိုင်တယ်ဆိုရင်တောင် သူ့အနီးကပ်ရုံမှတစ်ပါး မရှိတော့ပေ။
ရှင်း…။
သူတို့အကြား မီတာ တစ်ရာ အကွာလောက်မှာ ဓားချက် ရောက်လာသည်။
စုရှောင်ရှန်၏ လက်ထဲရှိ အနက်ရောင်ဓားအိမ် တစ်ချက်လှုပ်သွားပြီး ၎င်းမှာ ဓားစွမ်းအင်များထွက်လာတာကို ယွမ်တုမြင်လိုက်ရသည်။
သူ့နှလုံး ထိုအခိုက်၌ မြင်းဒုန်းဆိုင်းသွားသည်။ ထိုဓားချက်ကိုသာ သူကာကွယ်နိုင်ပါက စုရှောင်ရှန်ကို အဆုံးသတ်ဖို့ အခွင့်အရေးရပေလိမ့်မည်။
ထန်းးး…။
စုရှောင်ရှန် သူ့ဓားကို အလျင်စလို ဆွဲထုတ်လိုက်တာ မြင်သော် ယွမ်တု၏ မျက်နှာထက်၌ ရက်စက်သော အပြုံးတစ်ခုပေါ်လာသည်။ သို့သော် ထိုအပြုံးက ချက်ခြင်းအေးခဲသွား၏။
“လခွမ်း… ဘယ်လိုလုပ် ဓားစွမ်းအင်တွေ ဒီလောက်များရတာလဲဟ”
သူမြင်ရသလောက်တော့ စုရှောင်ရှန် ဓားဆွဲထုတ်နေသည့် အခိုက်အတန့်အတွင်း ဓားစွမ်းအင်များက ၀န်းကျင်တစ်၀ိုက်မှာ နေရာလွတ်မကျန်အောင်ထွက်လာလေသည်။
“သေပြီ”
ယွမ်တု ပျာယာခတ်သွားသည်။ သူသိသလောက် အချက်အလက်ထဲမှာတော့ ထိုမျှ အင်အားကြီးသည့် ဓားထုတ်ဓားကွက်မပါ ပါလေ။
၎င်းကို ဓားထုတ်ဓားကွက်လို့တောင်ပြောလို့မရတော့ဘူး။ အသားကြိတ်စက်လို့သာ ပြောလိုက်ပါတော့။
သူ့အရှိန်အဟုန်ကြောင့် ယွမ်တု နောက်ပြန်လှည့်မရဖြစ်နေသည်။ ယခုတော့ ဆန်းကြယ်စစ်ဘုရင်လှံတံကို မြှောက်ပင့်ပြီး ထိုဓားချက်ကို ကာကွယ်ရန်သာရှ်ိတော့၏။
“တောင်ပြိုခြင်း”
ဘုန်းးး…။
ထိုအားပြင်းသောရိုက်ချက်က တိုး၀င်လာသော ဓားစွမ်အင်များနှင့် ထိတွေ့သောအခါ နှစ်ခုလုံး စက္ကူစလို အပိုင်းပိုင်းစုတ်ပြတ်ထွက်သွားသည်။
ယွမ်ယုတောင် မှင်တက်နေရာမှ ထွက်မလာရသေး ထိုဓားစွမ်းအင်များနောက်၌ နောက်ထပ် ဓားစွမ်းအင်များလိုက်ပါလာသည်ကို မြင်လိုက်ရရာ လိပ်ပြာလွင့်သွားမတတ်ဖြစ်သွား၏။
‘ဘယ်နှစ်လွှာတောင်ပါတာလဲဟ။ လခွမ်း မြင်ရသလောက်တော့ တစ်ထောင်ကျော်တယ်’
မရေမတွက်နိုင်သော အဖြူရောင်ဓားစွမ်းအင်များ သူ့ကို ဖြတ်သန်းသွားသည်။ ဓားစွမ်းအင်ပမာဏ အများကြီးလည်း သူ့ကိုယ်တွင် ထင်ကျန်ရစ်ခဲ့၏။
ယွမ်တု သူ့လှံတံကို ခက်ခက်ခဲခဲ လှည့်ရမ်းပြီး ထိုဓားစွမ်းအင်များကို ပြန်ကာလိုက်သည်။ သို့သော် သူ့လှံတံက ဓားစွမ်းအင်ပမာဏအများကြီးကိုတောင့်မခံနိုင်တော့သည့်အလား လွင့်ပျံထွက်သွား၏။
သို့ဖြင့် နောက်မှ လိုက်ပါလာသော ဓားစွမ်းအင်များ သူ့ကိုယ်ကို ပိုင်းဖြတ်သွားတော့သည်။
ဇွက် ဇွက် ဇွက်
စုရှောင်ရှန် မှင်တက်သွားရသည်။
အနက်ရောက်ဓားအိမ်ကိုရလိုက်သည်နှင့် ရေတံခွန်မှ အဖြူရောင်ဓားစွမ်းအင်များကို မြင်ယောင်မိပြီး ဤ ဓားထုတ်ဓားကွက် ပုံစံကို ယခင် ရိုးရိုးဓားထုတ်ဓားကွက်မှ တီထွင်အဆင့်မြှင့်လိုက်နိုင်သည်။
သို့သော် သူ၏ ဓားဆန္ဒဖြင့် ပေါင်းစပ်ပြီးသည့်နောက် ထိုဓားအိမ်ထံမှ ဤမျှကြောက်မက်ဖွယ်ရာကောင်းသော အကျိုးသက်ရောက်မှုမျိုးရှိသွားမည်ဟု မထင်ထားပါ။
“ဘယ်သူက ဒါမျိုးကိုခံနိုင်မှာလဲ။ အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ရှိတဲ့ ငါ့ကိုတောင် ပြားပြား၀ပ်သွားတာ ဖိလိုက်နိုင်တာ ငါမေ့နေတယ်။ ငါ့ဓားဆန္ဒပါထပ်ပေါင်းတော့ စွမ်းပကားက ပိုကြမ်းပြီပေါ့”
စုရှောင်ရှန် စိတ်လှုပ်ရှားသွားသည်။ အနက်ရောင်ဓားအိမ်ကိုကြည့်လေကြည့်လေ သူ့မျက်၀န်းများက ပို၍ တောက်ပလာလေလေ။
ထိုဓားစွမ်းအင်များအားလုံးထဲတွင် သူထုတ်လွှတ်လိုက်သည့် ဓားစွမ်းအင်က တစ်လွှာတည်းသာပါရှိသည်။ ကျန်တာအားလုံးကို ဓားအိမ်က လုပ်ပေးခြင်းဖြစ်၏။
“အဟွတ် အဟွတ် အော့”
အဝေးတစ်နေရာ၌ လူတစ်ယောက် တစ်ဟွတ်ဟွတ်ဖြင့် သွေးအန်တာကို မြင်လိုက်ရသည်။ ယွမ်တုမသေသေးတာကိုမြင်သော် စုရှောင်ရှန် အံ့အားသင့်သွားတော့သည်။
ယွမ်တုက အသက်ရှင်သေးတာ မှန်သော်လည်း ဒဏ်ရာတော့ အပြင်းအထန် ရသွား၏။
တိုက်ပွဲမစခင်တိုင်းမှာ သူ၏ အနက်ရောင်ဆန်းကြယ်ချပ်ကာ၀တ်ကို ၀တ်တတ်သည့် အကျင့်ကြောင့်သာမဟုတ်ပါက သူသေသွားလောက်ပေပြီ။
ယခု အပိုင်းပိုင်းအစစ ဖြစ်သွားသော ချပ်၀တ်ကိုမြင်သောအခါ ယွမ်တု အော့နှလုံးနာကျင်သွားသည်။
၎င်းက အဆင့် (၇) အကာအကွယ်အမျိုးအစား စိတ်ဝိညာဉ်ချပ်၀တ်ဖြစ်ပြီး အရှင်သခင်နယ်ပယ် တိုက်ခိုက်ခြင်းအမျိုးအစား စိတ်ဝိညာဉ်လက်နှင့် တန်ဖိုးညီ၏။ ယခုတော့ ပျက်ဆီးသွားရပြီ။
ယွမ်တု သူ့လက်ကိုဆန့်ထုတ်ပြီး ဆန်းကြယ်စစ်ဘုရက်လှံတံကို ကိုင်ကာ ၎င်းကိုအားယူ၍ မြေပြင်မှ ထရပ်ရန်ကြံလိုက်သည်။
ခရက် ခရက်
လှံတံလည်း အပိုင်းပိုင်း ပျက်ဆီးသွားသည်။
ဖူးးးးး
ယွမ်တု နောက်တစ်ကြိမ် သွေးထပ်အန်ထုတ်လိုက်ရ၏။
“ချီးကွာ…”
အဝေးမှ စုရှောင်ရှန်ကို ကြည့်ပြီး တစ်ရက်အတွင်း ဤမျှ ဘယ်လိုတိုးတက်လာသလဲ အံ့အားသင့်သွားသည်။
‘ဒီကောင်ကျောက်ရှုနဲ့ချတုန်းကတောင် အသက်ကို ဖက်နဲ့ထုပ်ထားရတာမလား။ ဘာလို့ ငါကြမှ တစ်ချက်တည်းနဲ့ ရှုံးသွားတာလဲ’ သူတွေးလိုက်သည်။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ဓားအိမ်မှ အကြည့်လွှဲလိုက်ပြီး ယွမ်တုကို စိုက်ကြည့်လိုက်သည်။
ကျောက်ရှူကိုသတ်ပြီး၊ လျှိုလင်းလင်းကို အပြင်းအထန် ဒဏ်ရာရအောင် လုပ်နိုင်တာတောင် ယွမ်တုကို ထူးမခြားနား မဆက်ဆံလိုက်ပါ။ သူ့အမြင်တွင်တော့ သူတို့ သုံးယောက်လုံးက အရှင်သခင်နယ်ပယ်စွမ်းရည်များရှိသော သူ့အတွက်တော့ ပုရွက်ဆိတ်များလို ညီတူမျှတူ အားနည်းကြ၏။
သို့သော် ယွမ်တုကိုတော့ ဒီလောက် အားနည်းမည်မထင်မှတ်ထားချေ။
သို့ဖြင့် သူ့အကြည့်များအောက်တွင်ပင် တွင်းနက်ထဲမှ ယွမ်တု အနီရောင်လိုလို ဆေးပုလင်းလေးကိုထုတ်ပြီး သွေးတစ်စက်သွန်ချလိုက်တာကိုမြင်လိုက်ရသည်။
၎င်းက သူတစ်ခါမှ မမြင်ဖူးသောသော ရွှေရောင်လိုလိုသွေးစက်ဖြစ်သည်။ ယွမ်တုမှာ ဝှက်ဖဲရှိသေးတာလား။
ကျောက်ရှုဘယ်လိုသေတယ်ဆိုတာ မြင်တာတောင် သူ့စီကို လာရဲမှတော့ သူအသေအချာ ပြင်ဆင်ထား၍ ဖြစ်ပေရမည်။ စုရှောင်ရှန် သူ့ကို တားဆီးရန်မလုပ်ဆောင်လိုက်ပါ။
သူ့အကန့်အသတ်ကိုချိုးဖျက်ဖို့ သူ့ကိုတွန်းပို့နိုင်အောင် ခွန်အားကြီးသော ရန်သူနှင့်တိုက်ခိုက်ချင်မိသည်။ တစ်ချက်တည်းဖြင့် အမြဲတမ်းနိုင်နေရင် ပျင်းစရာမကောင်းပေဘူးလော။
သို့ဖြင့် စုရှောင်ရှန်၏ အကြည့်များအောက်၌ ရွှေရောင်သွေးစက်ကို မျိုချလိုက်သော ယွမ်တု၏ မျက်နှာ ရှုံ့မဲ့သွား၏။
စုရှောင်ရှန် သူ့ကို စမ်းသပ်ကြွက်တစ်ကောင်အား ကြည့်နေသည့်အလား စိတ်၀င်တစားကြည့်လိုက်သည်။
ဂျွတ် ဂျွတ်
သူ့ကြွက်သားများဖုဖောင်းထလာပြီး ဆံပင်လည်း ရှည်လာတော့သည်။
ယွမ်တု၏ မျက်လုံးများ ကြက်သွေးရောင်ရဲရဲနီနေပြီး ခန္ဓာကိုယ်လည်း အရင်ထက် တစ်၀က်ခန့်လောက်ကြီးလာ၏။ သူ့ပုခုံးများလည်း ကျယ်လာကာ ဘီးလူးကြီးတစ်ကောင်ဖြစ်လာတော့သည်။
စုရှောင်ရှန် ဤစက်ဆုပ်ရွှံရှာဖွယ်ရာ မြင်ကွင်းကို မြင်လိုက်ရပြီး တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များထောင်ထသွားတော့၏။
“ယွမ်တု… လူဝံ… ဟ သူ့ရဲ့ ဘိုးဘေးတွေလို အဖြစ်ကို ပြန်ပြောင်းသွားနေတာပဲ”
အရပ်ဆယ်ပေလောက်ရှိသည့် တွင်းနက်ကြီးထဲမှ ထွက်လာသော ယွမ်တုက အမှန်သွေးလန့်ဖွယ်ရာကောင်းပေသည်။
“စုရှောင်ရှန်…” သူ့အသံကလည်း အက်ကွဲလာပြီး ခပ်အောအောဖြစ်သွားသည်။ “မင်းသန်မာလာတာမှန်တယ်။ ဒါပေမယ့် မင်းရဲ့ မောက်မာမှုကြောင့် သေစေရမယ်ကွ”
စုရှောင်ရှန်သူ့ကို “ပုလ္လင်ခံသွေးအဆီအနှစ်” စားသုံးတာကို မရပ်တန့်တဲ့အတွက် သူလည်း အံ့အားသင့်ရသည်။ သို့သော် သူ့ဆုံးဖြတ်ချက်ကြောင့် စုရှောင်ရှန် နောင်တရစေရမည်။
စုရှောင်ရှန် သူ့ကိုကြည့်ပြီး မထူးခြားမနားပြောလိုက်သည်။ “ဒါက မင်း အလွန်ဆုံးလုပ်နိုင်တဲ့အရာဆို ငါ့မောက်မာမှုနဲ့ မထိုက်တန်ဘူး”
“…”
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
ရွှစ်…။
ယွမ်တု၏ လှုပ်ရှားပုံက ကို့ယို့ကားယားနိုင်သော်လည်း စုရှောင်ရှန်အရှေ့တွင်ချက်ခြင်းပေါ်လာသည်။ ထို့နောက် ရုတ်တရက် မှင်တက်သွားသော စုရှောင်ရှန်ကို လက်ဝါးကြီးဖြင့် ဘေးတိုက် ရိုက်ထုတ်လိုက်ရာ စုရှောင်ရှန် လွင့်ပျံထွက်သွား၏။
ဘုန်းးး…။
ယွမ်တုလည်း စုရှောင်ရှန်ကို ရိုက်လိုက်ရာတွင် သူ့ကိုယ်ကိုယ်ပြန်ရိုက်လိုက်သလိုခံစားလိုက်ရပြီး အဝေးသို့လွင့်ထွက်သွားသည်။
“အဟွတ်… ဝေါ့” စုရှောင်ရှောင်သွေးတစ်လုတ်အန်ထုတ်လိုက်သည်။
“လခွမ်းလိုပဲ ဒီအလျှင်က ဘာလဲဟ…”
စုရှောင်ရှန် တအံ့တအော သူ့နှုတ်ခမ်းများ သွေးများကိုသုတ်လိုက်သည်။
ထိုရွှေရောင်သွေးစက်က ယွမ်တု၏ ခွန်အားကို ဤမျှအမြင့်သို့ တိုးတက်သွားအောင် ကြီးထွားသွားစေ၏။
ထိုမျှ အဖုအထစ်တွေထနေတဲ့ ခန္ဓာကိုယ်ကြီးနှင့်ဆို သူ့အလျင်က ခရုတစ်ကောင်လောက်နှေးမည်ဟု စုရှောင်ရှန် ထင်နေလေသည်။ သို့ဖြင့် ထိုတိုက်ကွက် ရုတ်ချည်း ကျလာရာတွင် မှင်တက်သွားတော့သည်။
စုရှောင်ရှန် လေထဲ၌ ပျံဝဲနေရင်း ယွမ်တုကိုကြည့်လိုက်သည်။
ယွမ်တု၏ မျက်လုံးများက ကြက်သွေးရောင်ပြောင်းသွားပြီး စိတ်ရူးပြန်သွားသလိုထင်ရသော်လည်း သူ့အသိစိတ်ကိုတော့မလွတ်သွားသေးပါ။
ယွမ်တုလည်း အံ့အားသင့်နေရသည်။
စုရှောင်ရှန်ကို ရိုက်လိုက်ချိန် တကောင့်သား မတုန်မလှုပ်ရှိနေတာမဟုတ်ပါလား။ သူ့ကို ဘယ်အရာက ပြန်ရိုက်လိုက်သနည်း။
ထိုအတွက် အကြောင်းပြချက်လိုပေသည်။
သူ့ကြက်သွေးရောင်မျက်၀န်းများ ဒေါသတို့ဖြင့် တောက်လောင်သွားသည်။ စိတ်မရှည်တော့သော ယွမ်တု ရွှစ်ကတည်း နေရာမှ ပျောက်သွား၏။
သူပြန်ပေါ်လာသောအချိန်တွင် စုရှောင်ရှန် ရှေ့နောက် ရောက်နှင့်နေပြီဖြစ်ပြီး ဧရာမလက်သီးကြီးဖြင့် ထိုးချလိုက်တော့သည်။
“အချိန်ကိုက်ပဲ”
ထိုစည်းပိုင်းကြီးလောက်ရှိသော လက်သီးနှင့်ရင်ဆိုင်ရတာတောင် စုရှောင်ရှန် မရှောင်ဖယ်ခြင်းမပြုလိုက်ပေ။ စိတ်ဝိညာဉ်အနှစ်များမပါသည့် သူ၏လက်သီးဖြင့် ထိုလက်သီးကိုတုန့်ပြန်လိုက်၏။
ယွမ်တု၏ မျက်လုံးများက အထင်သေးမှုများကို မဖုန်းကွယ်ထားပါ။ စုရှောင်ရှန်၏ ပဲ့စေ့လောက်သာရှိသော လက်သီးကိုတောင် သူ့အနီရင့်ရောင်မျက်လုံးများအတွင်း မြင်နိုင်ခြင်းမရှိပါပေ။
“…”
သူတို့လက်သီးချက်များထိတိုက်သွားချိန် မည်သည့်အသံမှ ထွက်မလာဘဲ ကောင်ကင်ရှိ လေဟာနယ်သာပေါက်ကွဲသွားတော့သည်။
ပေတစ်ထောင်အတွင်း ကျနေကြသော နှင်းပွင့်ဖက်များက အသံမဲ့သော လှိုင်းများကြောင့် လွင့်ပြယ်သွားကြသည်။
ဘုန်း …။
သို့နောက်မှ သူတို့နှစ်ဦး၏ လက်သီးချက်များထိတိုက်သံကြီးက မြေကမ္ဘာတုန်ဟီးမတတ်ပေါ်လာခဲ့ပြီး နှစ်ဦးသား လွင့်စင်သွားကြတော့သည်။
ဆယ်ပေ၊ ပေတစ်ရာ၊ ပေတစ်ထောင်… ထို့နောက်မှ စုရှောင်ရှန် ခက်ခက်ခဲခဲ တည်ငြိမ်အောင်လုပ်လိုက်နိုင်သည်။
ထို့အတူ လူ့ဘီလူးကြီးယွမ်တုလည်း မြေပြင်တွင် ပေတစ်ထောင်လောက် တရွတ်တိုက်သွားပြီးမှ ရပ်တန့်သွားခဲ့သည်။
ထိုလက်သီးထိုးချက်က သရေကျသွား၏။
ယွမ်တု၏ မျက်လုံးများ မျက်လုံးအိမ်မှ ပြုတ်ထွက်တတ်မတတ် ပြူးကျယ်သွားတော့သည်။
‘ဒီစုရှောင်ရှန်က “ပုလ္လင်ခံသွေးအဆီအနှစ်” ကိုစားပြီးတဲ့ငါ့ကိုတောင် ခွန်အားအရာချည်းသက်သက် ဘာလို့လာယှဉ်နိုင်နေတာလဲ။ သူလူမှ ဟုတ်သေးရဲ့လား’