အပိုင်း (၁၄၉) ခေါင်းပြား
ပထမဆုံးအကြိမ်အဖြစ် အနက်ရောင်ဓားအိမ်က စုရှောင်ရှန်ကို တုန့်ပြန်လိုက်သည်။ အနိုင်မခံအရှုံးမပေး ဆက်လက်၍ ခုခံမည်။
၎င်းက သူနှင့်များ အဆက်အသွယ်ပြုနိုင်တာလား တွေးမိလိုက်ပြီး စုရှောင်ရှန်ပျော်သွားသည်။ အနည်းဆုံးတော့ တိုးတက်မှုဟုပြောနိုင်သည်။
“ငါ့ကိုသာ ဆက်သွယ်ပြောဆိုနိုင်တယ်ဆိုရင် မကြာခင်လည်း မင်းရဲ့သခင်အဖြစ် အသိအမှတ်ပြုရမှာပဲ” သူတွေးလိုက်သည်။
ထို့နောက် ဓားအိမ်ကို ပွတ်ကာ နှစ်သိမ့်လိုက်သည်။ “မစိုးရိမ်ပါနဲ့။ ငါ့နောက်လိုက်နေသမျှ ကာလပတ်လုံးကတော့ ကုန်းမြေတစ်လျှောက်မှာ မင်းနာမည်ကြီးလာစေရမယ်”
အနက်ရောင်ဓားအိမ်မတုန့်ပြန်ပါ။
ဓားအိမ်များ သူနှစ်သိမ့်သည့် နည်းလမ်းကိုမကြိုက်တာကြောင့်များလားဟု စုရှောင်ရှန် တွေးမိပြီး မျက်မှောင်ကြုတ်လိုက်သည်။
“တိတ်တခိုးနာကျင်ခြင်းလေးကို အထင်မသေးနဲ့။ အခုသူက အားနည်းတယ်ဆိုပေမယ့် အနာဂါတ်မှာ နာမည်ကြီးရေပန်းစားတဲ့ ဓားမဖြစ်လာဘူးလို့ ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူး။ မင်းအတွက်မနစ်နာပါဘူး” စုရှောင်ရှန် ၎င်းကို တိုက်တွန်းကြည့်လိုက်သည်။
အနက်ရောင်ဓားအိမ်မတုန့်ပြန်သေးပါ။
“ဘ၀က ချစ်တင်းနှောသလိုပဲကွ။ မင်းမှ မငြင်းဆန်နိုင်တာ ပျော်ပျော်ကြီးခံလိုက်ပေါ့” စုရှောင်ရှန် စိတ်မရှည်ဖြစ်လာပြီး ၎င်းကို ငေါက်ငမ်းပြောဆိုလိုက်သည်။
“ထားပါး။ ငါ့ကစီကနေတောင် ထွက်မပြေးနိုင်တာကို လာပြီးကြီးကျယ်နေသေးတယ်။ ငါပြောတာနားထောင်နော်။ မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့” စုရှောင်ရှန် ခပ်ညစ်ညစ်ရယ်လိုက်ပြီး ထိုဓားအိမ်ကို အကြားအမြင်ဖြင့် ဆန်းစစ်ရင်း ရှေ့သို့ပျံသွားလိုက်သည်။
အနက်ရောင်ဓားအိမ်က ဒေါသတို့ဖြင့် တဆတ်ဆတ်တုန်ခါနေရာ ၎င်း၏ အထဲမှ တိတ်တခိုးနာကျင်ခြင်းတောင် ကြောက်ရွံ့သွားပြီး ပြန်ထွက်မတတ်ဖြစ်လာတော့သည်။
စုရှောင်ရှန် တိတ်တခိုးနာကျင်ခြင်းကို တင်းတင်းကြပ်ကြပ် ပြန်ကိုင်ထားလိုက်သည်
လာနောက်နေတာလား။ တိတ်တခိုးနာကျင်ခြင်းသာ ယခုထွက်သွားရင် ထိုဓားအိမ် မြောက်ကြွမြောက်ကြွ ဖြစ်သွားမှာပေါ့။ သို့ဖြင့် တိတ်တခိုးနာကျင်ခြင်းကိုထည့်ထားသည့်အချိန် ဓားအိမ်က အလျော့မပေးသေးလေရာ ဓားကို ထွက်ခွာခွင့်ပြု၍မရပါချေ။ ဤကိစ္စကိုဖြေရှင်းပြီးသည်နှင့် ခပ်ကြမ်းကြမ်းတိုက်ကွက်အနည်းငယ်တီထွင်ဖို့ စုရှောင်ရှန် တွေးတောလိုက်သည်။
“ငါပြောတာနားထောင်စမ်းပါ။ ငါနဲ့နေရင် အသားကောင်းစားရသလိုပဲသိလား။ မင်းရဲ့ အရင်သခင်ကိုလည်းပြန်ရှာပေးဦးမှာ”
“ဆိုကာမှ မင်းကို စွန့်ပစ်လိုက်လို့ ဒေါသထွက်နေတာလား” စုရှောင်ရှန် မေးလိုက်သည်။
အနက်ရောင်ဓားအိမ်က ပျော်ရွှင်သလိုမျိုး အသံပေးလိုက်သည်။
စုရှောင်ရှန် ကျေနပ်သွားသည်။ ၎င်းက ဤဓားအိမ်အဘယ်ကြောင့် ခေါင်းမာနေရသလဲဆိုတာ ရှင်းပြလိုက်၏။
“တကယ် မင်းကို တစ်ယောက်ယောက် စွန့်ပစ်လိုက်တာလား”
အနာကို နောက်တစ်ကြိမ်ပြန်လာစွ သောအခါ ဓားအိမ် ဒေါသဖြင့် တုန်ခါလာသည်။
သတင်းကောင်းက ကြည့်ရတာ ဓားအိမ်က အရင်သခင်ကို အငြိုးထားထားပုံရသည်။ စုရှောင်ရှန် စပ်ဖြီးဖြီးဖြစ်သွားသည်။
“ဒီလိုလုပ်လေ။ မင်းငါနဲ့ခုတော့နေဦးပေါ့။ မင်းရဲ့အရင်သခင်ကို ပြန်ရှာဖို့ငါကူညီပေးမယ်။ ဒါပေမယ့် မင်းကိုဒီလို အစုတ်ပလုတ်နေရာကိုပစ်လိုက်တော့ မင်းကိုတွေ့ရင်တော့လိုချင်မလား မလိုချင်မလားမသိဘူးနော်”
ဓားအိမ်၏ နာကျဉ်းချက်ကိုသိပြီးနောက်မှာ ၎င်း၏ ယုံကြည်မှုကို စုရှောင်ရှန် ရရှိမယ်လို့ ယုံကြည်သည်။ ဤဓားအိမ်က အစွမ်းလည်းထက်လေရာ သူ၏ ကြိုးစားမှုများက အရာထင်ပေသည်။
ဓားအိမ်ကိုကြည့်ရတာ တုန့်ဆိုင်းနေပုံရသည်။
“မင်းဒီမှာဘယ်လောက်ကြာကြာရှိပြီလဲတော့ငါမသိဘူး။ ဒါပေမယ့် နောက်နှစ်ရက်အတွင်း မင်းငါ့နောက်မလိုက်လာရင်တော့ တစ်သက်လုံးဒီမှာ နေရမယ်ဆိုတာ သိတယ်။ အရင်သခင်ကိုမပြောနဲ့ သခင်သစ်တောင်ရှိမှာမဟုတ်ဘူး။ မင်းအထီးပဲပြန်ကျန်တော့မှာ”
ရှင်း…။
ဓားအိမ် တုန်ခါသွားသည်။ သို့မှ တိတ်တခိုးနာကျင်ခြင်းနှင့်ဆက်သွယ်မှုရှိသလို ဆက်သွယ်မှုမျိုး ထိုဓားအိမ်နှင့် သူ့အကြားရှိလာသည်ဟု ခံစားလိုက်ရတော့သည်။
ဓားအိမ်နှင့် ရင်းနှီးကျွမ်း၀င်မှုက တိတ်တခိုးနာကျင်ခြင်းနှင့်လောက်တော့မနက်ရှိုင်းပါပေ။
“ဟုတ်ပြီကွ” စုရှောင်ရှန် ပျော်သွားသည်။
“ဒီဓားအိမ်မှာ ထူးခြားတဲ့နောက်ခံတစ်ခုခုရှိလောက်တယ်။ မဟုတ်ရင်ဒီလောက်မောက်မာပြီး စွာနေမှာမဟုတ်ဘူး။ ငါတော့ ရတနာတစ်ခုကို ကောက်ယူလိုက်နိုင်တာပဲ” သူတွေးလိုက်သည်။
“ဒီဓားအိမ်သာထွက်မပြေးသ၍ကတော့ ငါ့မှာရှိတာဘယ်သူမှ သိမှာမဟုတ်ဘူး။ ထျန်းရွှမ်တံခါးထဲကနေထွက်သွားတာနဲ့ လျှိုလင်းလင်းကို အပြစ်ပုံချပစ်မယ်”
“ဟိုးဟိုးဟီးဟီးဟီး ဟားဟား” သေရည်မူးသလိုမျိုး စုရှောင်ရှန် ထူးထူးဆန်းဆန်းရယ်လိုက်တော့သည်။
“…”
သူအပျော်လွန်နေသည်။
ရွှစ်…။
အနက်ရောင် အရိပ်တစ်ခု သူ့အောက်မှ ဖြတ်၍ ပျံသန်းသွားသည်။
တစ်ခဏကြာသော် စုရှောင်ရှန် တစ်ခုခုကို စဉ်းစားမိသည့်အလား နောက်ပြန်လှည့်ကြည့်လိုက်ရာ ထိုပုံရိပ်လည်း သူ့ကိုပြန်လှည့်ကြည့်လိုက်တာတာတွေ့ရ၏။ နှစ်ဦးသာ ပြိုင်တူ အံ့အားသင့်သွားကြသည်။
“စုရှောင်ရှန်” ယွမ်တု၏ မျက်နှာထက်၌ အပြုံးတစ်ခုဖြစ်ပေါ်လာသည်။
“ခေါင်းပြား” စုရှောင်ရှန်၏ ပါးစပ် တဖြည်းဖြည်းကွေးတက်သွားသည်။
ကမ္ဘာကြီးက ကျဉ်းမြောင်းတယ်ဆိုတာ တကယ်ပဲဟ။
သူတို့နှစ်ယောက်လုံး တစ်ပြိုင်တည်း ထိုသို့ ခံစားမိလိုက်သည်။
ယွမ်တု၏ မျက်၀န်းများတွင် ရုတ်ရဲ ကြမ်းတမ်းသော အလင်းများ လက်သွားသည်။ “သံဖိနပ်ပါးအောင် တောင်ကြိုတောင်ကြား လမ်းကြိုလမ်းကြား လိုက်ရှာတာတောင်မတွေ့တာ နားလိုက်တော့မှ ဘေးမှာတွေ့” ဆိုတဲ့ ဆိုရိုးစကားအတိုင်း ဖြစ်သွားသည်။ စုရှောင်ရှန် ဒီနေ့ သေကိုသေရမည်။
နေဦး။ ဟ သူဘယ်လိုပျံနိုင်နေတာလဲ။
သူ့မျက်လုံးထဲမှ အန္တရာယ်ရှိသောအလင်းများတွင် အံ့အားသင့်မှုတို့အစားထိုး၀င်ရောက်လာသည်။ ယွမ်တု၏ တစ်ကိုယ်လုံးတောင့်တင်းသွားပြီး တအံ့တအောမေးလိုက်သည်။ “မင်းစစ်မှန်ခြင်းနယ်ပယ်ကိုရောက်သွားပြီလား”
ထျန်းရွှမ်တံခါး၀င်ခါစ ယမန်နေ့ကမှ စုရှောင်ရှန် စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် အဆင့်(၁၀) ကိုရောက်သွားသည်ကို မျက်စိဖြင့် တပ်အပ်မြင်လိုက်ရသည်မဟုတ်ပါလား။
တစ်ရက်တည်းဖြင့် စစ်မှန်ခြင်းနယ်ပယ်ကို သူဘယ်လိုရောက်သွားရသနည်း။ ထျန်းရွှမ်တံခါးထဲမှဆိုရင်တောင် ဤသို့သော ကျင့်ကြံနှုန်းက ဩချစရာကောင်းသေးပေသည်။
ယွမ်တု၏ ကမ္ဘာကြီးအပေါ် အမြင်တစ်ခုလုံး ပြိုလဲသွားသလိုခံစားလိုက်ရသည်။ စုရှောင်ရှန်များ “သုံးနှစ်တာကုန်ဆုံးသွားပေမယ့် မနေ့တစ်နေ့ကဖြစ်သည်” ဟူသော ဆိုရိုးစကားကို လက်ကိုင်ဆောင်ထားသည်လားမသိ။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
“ဟုတ်တယ်။ စစ်မှန်ခြင်းနယ်ပယ် ရောက်သွားပြီ” စုရှောင်ရှန် အသာအယာခေါင်းညိတ်ပြလိုက်သည်။
“စုရှောင်ရှန် ပျံနိုင်တဲ့ လှည့်ကွက်လေးနည်းနည်းနဲ့ ငါ့ကို မင်းရဲ့ တကယ့် ကျင့်ကြံခြင်းနယ်ပယ်ကို ဖုန်းကွယ်ထားလို့ရမယ်ထင်နေတာလား” ယွမ်တု နှာခေါင်းရှုံ့လိုက်သည်။ “ဒီနေ့ ထျန်းရွှမ်တံခါးထဲမှာ မင်းခေါင်းချသွားစေရမယ်ကွ”
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
“…”
စုရှောင်ရှန် ယွမ်တုဆိုတဲ့ အကောင်၏ ဦးနှောက်ကြောင့် ပြောစရာစကားများပျောက်ရှသွားသည်။ “ဂျပိုးကို လိပ်ဖြစ်အောင်ပြောတဲ့ကောင်။ သေချာကြည့်ပါဦးဟ”
“ဘာမဟုတ်တဲ့ လှည့်ကွက်လေးကို ငါမမြင်နိုင်ဘူးလို့ထင်နေတာလား” ယွမ်တု မြေပြင်ကို လှံတံဖြင့်ဆောင့်ပြီး ခုန်တက်လိုက်သည်။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန် : “…”
ယွမ်တုနှင့် အချိန်ဆက်ဖြုန်းမနေလိုတော့သောကြောင့် လိုရင်းကို တည့်မေးလိုက်သည်။ “မင်းကို ကျန်းရှင်းရှုံလွှတ်လိုက်တာမလား”
“မင်းသိသားပဲ” ယွမ်တု၏ နှုတ်ခမ်းထောင့် အထက်သို့ကွေးတက်သွားသည်။ “မင်းရဲ့လမ်းဆုံးပြီ။ မှတ်ထား နောက်ဘ၀မှာ မင်းမထိသင့်တဲ့ မိန်းမတစ်ယောက်ကို သွားမထိမိစေနဲ့”
“မိန်းမတစ်ယောက်ဟုတ်လား” ၀မ်ချောင်ကိုများပြောနေတာလားဟု တွေးမိသွားပြီး စုရှောင်ရှန် ပါးစပ်ဟောင်းလောင်းဖြစ်သွားသည်။
ထိုဖော်ထုတ်ချက်က သူ့ဦးနှောက်လေးအတွက် ယုံကြည်ရန်ခက်ခဲလွန်းနေ၏။
‘ဆိုတော့ ၀မ်ချောင်က တကယ်ပဲ…’ သူတွေးလိုက်သည်။
မဟုတ်သေးဘူး။ တစ်ခုခုတော့လွဲနေပြီ။
စုရှောင်ရှန်မယုံကြည်ရဲဘဲ ရိုးရိုးသားသားမေးလိုက်သည်။ “ငါမသေခင် ဒီမိန်းမက ဘယ်သူလဲဆိုတာ ပြောပြလို့ရမလား”
“ဟက်… မင်းက နားမလည်သလို ဆက်ဟန်ဆောင်ဦးမယ်ပေါ့လေ” ယွမ်တု၏ လေသံက ပြက်ရယ်ပြုမှုများဖြင့် အထင်းသား။
“မဟုတ်ဘူး။ မင်းပြောနေတာ ငါတကယ်မသိတာ။ ထားလိုက်တော့ ဘယ်သူလဲဆိုတာ မပြောပြရင်တောင် ဒီလူရဲ့ သရုပ်မှန်က ယောက်ျားလား မိန်းမလားဆိုတာပဲပြောပြ” စုရှောင်ရှန်ကိုကြည့်ရတာ အလွန်သိချင်နေပုံရသည်။
ယွမ်တု : …
‘ဘာလဲဟ မိန်းမတစ်ယောက်လို့ မင်းကိုငါပြောပြီးပြီလေ’ သူတွေးလိုက်သည်။
“ယောင်ယင်ယင်” ပါးစပ်ကလည်း ဖြေလိုက်၏။
“ဘာလို့ ယောင်ယင်ယင်လဲ” စုရှောင်ရှန် မှင်တက်သွား၏။ ဆိုတော့ ထိုမိန်းမက သူ့ကို မြူစွယ်သလို ကလူကျီဆယ်လုပ်သည့်မိန်းမဖြစ်နေ၏။
သူမှတ်မိသလောက်တော့ ယောင်ယင်ယင်နှင့် တိုးရတာ လန်ရှင်းရှီလို့ခေါ်တဲ့ မိန်းမ ညွှန်ပြရာသွားသောကြောင့်ဖြစ်သည်။ ဆိုတော့ လန်ရှင်းရှီက ကြိုးကိုင်သူလား။
လန် ကျန်း ယောင်…။
‘ဟ သူတို့ အရှုပ်တော်ပုံထဲ၀င်မိလို့ ငါ့ကိုလိုက်သတ်နေတာလားဟ’ စုရှောင်ရှန် ကိုယ့်နဖူးကိုယ် ပြန်ရိုက်လိုက်သည်။ အခြေအနေက အတော်လေး ကကျိုးကကြောင် န်ိုင်လှ၏။
ဒီကိစ္စက ၀မ်ချောင်ကြောင့်မှတ်နေတာ ယခုမှ တကယ့် ဖြစ်ရပ်မှန်ကို သိလိုက်ရတော့သည်။
“ဆိုတော့ မင်းက ငါ့ကို လာသတ်တာပေါ့” စုရှောင်ရှန် ခေါင်းခြောက်သည့်အရာများကိုမတွေးတော့ဘဲ လိုရင်းတိုရှင်းသွားလိုက်သည်။
ယွမ်တု ခေါင်းခါရမ်းလိုက်သည်။ “ငါမင်းကို ‘သတ်’ တယ်လို့မပြောပါနဲ့။ ထျန်းရှန်းတံခါးက (၃) ရက်တောင်ဖွင့်တာ မင်း ဒီနယ်ပယ်ထဲမှာ ‘ပျောက်’ သွားတာပါ”
“ သူ့ဟာသူ လူပျောက်သွားတာ ငါနဲ့ ဘာမှမပတ်သက်ဘူး” စုရှောင်ရှန်ကို ယွမ်တု စိုက်ကြည့်လိုက်သည်။
“ဟက်”
စုရှောင်ရှန် နှာခေါင်းရှုံ့လိုက်သည်။ ‘ငါကပဲ ပျောက်ရဦးမယ်။ ငါ့ကိုများ နေရာတစ်ကာမှာ ၀င်စပ်စုတဲ့ကောင်ထင်နေလို့လား’
“ငါ စုရှောင်ရှန်က ဘယ်တော့မှ အပြစ်မဲ့တဲ့လူကိုမသတ်ဘူး။ ဒီကိစ္စက မင်းနဲ့ မပတ်သက်ဘူး။ ဘေးဖယ်နေဖို့ အကြံပေးချင်တယ်”
စုရှောင်ရှန် ယွမ်တုကိုကြည့်ပြီး ဖြည်းဖြည်းခြင်း လက်တစ်ချောင်းထောင်ပြလိုက်သည်။ “ငါမင်းကို အခု အခွင့်အရေးပေးနေတာ။ ထွက်သွားပါ။ မမြင်ဘူးလို့ ဟန်ဆောင်ပေးလိုက်မယ်”
ယွမ်တု၏ ခန္ဓယကိုယ် တုန်ခါသွားသည်။ သူ့ကိုယ်တွင် ချပ်၀တ်တစ်ခုပေါ်လာပြီး ကြောက်မက်ဖွယ်ရာ အရှိန်အဝါများထွက်လာခဲ့၏။
“ငါ့ကို အခွင့်အရေးပေးတယ်ဟုတ်လား။ လာနောက်မနေနဲ့” နှာခေါင်းရှုံ့လိုက်သည်။
ထို့နောက် ဆန်းကြယ် စစ်ဘုရင် လှံတံကို အလျားလိုက်ကိုင်မြှောက်လိုက်ပြီး ငရဲရှိ ရေခဲထောင်မှ ပဲ့တင်ထွက်လာသလို အေးစက်စက်အသံဖြင့် အော်လိုက်သည်။ “ဆန်းကြယ်နယ်ပယ်”
သူအော်ပြီးသည်နှင့် ပတ်၀န်းကျင်ရှိ မြေဆွဲအား (၁၀) ဆတက်သွားတော့သည်။ ကောင်းကင်နှင့် မြေပြင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များ ချက်ခြင်းလေးလံသွားပြီး မြေပြင်လည်း ဆယ်ပေလောက် ချိုင့်၀င်သွားသည်။
ဘုန်းးး…။
စုရှောင်ရှန်၏ ပုခုံးများ ရုတ်ချည်း လေးလံသောတောင်တစ်လုံးလာပိသလို ကျုံ့သွားပြီး မြေပြင်တွင် ပြားပြား၀ပ်သွားတော့သည်။
“ကမ္ဘာမြေဆွဲအားကို တိုးတာလား”
စုရှောင်ရှန် အံကိုတင်းတင်းကြိတ်လိုက်ပြီး အရိုးများ တဂျွတ်ဂျွတ်မြည် နေသည့်ကြားမှ တဖြည်းဖြည်း ထရပ်လိုက်သည်။
‘ငါ့မှာ အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ရှိတယ်။ ဒီလောက်လေးကတော့ ဘာမှ မဟုတ်ဘူး’ သူတွေးလိုက်သည်။
အေးစက်နေသောအလင်းများလက်နေသည့် မျက်၀န်းများဖြင့် စုရှောင်ရှန် အနက်ရောင်ဓားအိမ်ထဲက တိတ်တခိုးနာကျင်ခြင်းကိုဆုပ်ကိုင်လိုက်သည်။ သူ့စီမှ ကြောက်မက်ဖွယ်ရာအတိဖြစ်သော ဓားဆန္ဒများထွက်လာ၏။
ယွမ်တုကို ကျန်းရှင်းရှုံလွှတ်လိုက်တယ်ဆိုတာ သိပေမယ့် သူ့ကို လုပ်ကြံမှုမလုပ်ရန် အတတ်နိုင်ဆုံး တိုက်တွန်းပြီးပေပြီ။ သို့တောင် တကောင့်သားက ကျေးစွပ်မှတော့ သတ်ဖြတ်ရုံသာရှိတော့၏။
‘သေတော့မယ့်လူက စကားပြောစရာမလိုဘူး’ သူတွေးလိုက်သည်။ ၎င်းက ယွမ်တုအတွက် စကားဖြစ်သည်။
“ချမယ်”