အပိုင်း (၁၄၈) ဟန်ဆောင်ဓား
ထျန်းရွှမ်တံခါး၊ တိုက်ပွဲတစ်ရာ ကွင်းပြင်…။
ထိုနေရာတွင် အင်မတန်ကြီးမားသော သိုင်းကွင်းပြင်ကြီးတစ်ခုရှိနေသည်။ ထိုကွင်းပြင်ကြီး၏ နှစ်ဖက် နှစ်ချက်၌ လက်နက်များထားရှိရာ စင်များရှိကြပြီး ၎င်းတို့အပေါ်တွင် ဓား၊ ဓားပြား၊ လှံတံ၊ နှင်တံ၊ ပုစိန်၊ တူကြီး၊ ဓားမြှောင်၊ လေးနှင့် ဒိုင်းကာ အစသဖြင့် အမျိုးအစားဆုံလင်စွာရှိနေကြသည်။
လက်ထဲမှာ သူ၏ လှံတံကိုကိုင်ထားသော ယွမ်တု၏ အရှိန်အဝါတစ်ဖြည်းဖြည်း တိုးမြင့်လာနေခဲ့သည်။ မကြာခင် သူ့အနီးနားရှိ လေဟာနယ်ရှံ့တွသွားပြီး သူလည်း အဆင့်မြင့်စိတ်ဝိညာဉ်နယ်ပယ်ကိုရောက်သွားတော့သည်။
သူ့မျက်လုံးများကိုဖွင့်လိုက်ရာ ၀န်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင်များအလုံးအရင်းနှင့် သူ၏ ဒန်ထျန်ထဲသို့ ၀င်ကုန်ကြသည်။
သူ့လက်ထဲရှိ ဆန်းကြယ်စစ်ဘုရင်လှံတံက အပြင်းအထန်တုန်ခါနေပြီး ယွမ်တုလည်း နတ်ဘုရားများကို သတ်နိုင်သော စွမ်းအင်ရှိသလို ခံစားနေရသည်။
“တစ်ရက်တောင်ရှိသွားပြီ”
ကျင့်ကြံခြင်းကမ္ဘာကြီး၌ နာရီဘာညာမရှိရာ ကောင်းကင်ကိုသာကြည့်၍ အချိန်ကိုခန့်မှန်းကြရပေသည်။ ယခုတော့ ထျန်းရွှမ်တံခါးအတွင်း ကောင်းကင်တွင် ကြယ်တစ်လုံးသာရှိပြီး နေ့လားညလား တပ်အပ်မပြောနိုင်မယ့် ကျွမ်းကျင်သူဖြစ်သည့်အလျောက်သူက မိနစ်၊ စက္ကန့်တိုင်းကိုတောင် ပြောနိုင် နေသည်။
သူ့လှံတံကိုနှင့်အတူ ယွမ်တု ကောင်းကင်ပေါ်ကိုပျံတက်လိုက်သည်။
တိုက်ပွဲတစ်ရာ သိုင်းကွင်းပြင်ကြီးက သူ့ကြောင့် အပျက်အဆီးဖြစ်သွားရလေပြီ။ နေရာတိုင်း၌ ချိုင့်ရာ၊ အက်ကြောင်းများဖြင့်ပြည့်နေတော့၏။
၎င်းကသူ၏ ပေါင်တစ်သောင်းလောက် လေးလံသော ပင်ကိုယ်ဓာတ်စွမ်းရည်များကြောင့်ဖြစ်သည်။ သို့သော် ဤခရီးစဉ်၏ အဓိက အောင်မြင်မှုကြီးက ၎င်းမဟုတ်ပါဘဲ သူ၏ ဝေဝေဝါးဝါးဖြစ်နေသော လှံတံဆန္ဒဖြစ်သည်။
သူ့ကိုသာ အချိန်ပိုပေးမယ်ဆိုရင် ရရှိရင် အင်မတန်ခက်ခဲသော လှံတံ ဆန္ဒကို ကောင်းကောင်းမွန်မွန် ထုတ်ဖော်နိုင်ပေမည်။ သို့သော် သူ့တွင် အခြားအရေးကြီးကိစ္စတစ်ခုရှိသေးရာ လုပ်နေတာကိုရပ်လိုက်ရ၏။
“စုရှောင်ရှန်”
သူစုရှောင်ရှန်၏ စကားကိုယုံပြီး တကယ် အနောက်ဘက်အရပ်သို့ သွားခဲ့ပါသည်။ သက်ရှိတစ်ကောင်တစ်ရာမှ မတွေ့သဖြင့် လွန်ခဲတဲ့နေ့တစ်၀က်လောက်ကမှ ထိုနေရာရှိ လျှို့ဝှက်နယ်မြေတစ်ခုဖြစ်သော တိုက်ပွဲတစ်ရာကွင်းပြင်တွင်သာ လက်မှိုင်ချ၍ ကျင့်ကြံလိုက်ရသည်။
“ငိုးမ စုရှောင်ရှန်ကွာ။ အစကတည်းက ငါသူ့ကို လိုက်သတ်မယ်ဆိုတာ သိနေပုံရတယ်။ ဒါနဲ့ ဟန်ဆောင်ပန်ဆောင်နဲ့ ငါ့ကို လမ်းလွှဲလိုက်တာပဲ။ ကျောက်ရှူကိုသတ်လိုက်တဲ့သူ၊ ကျန်းရှင်းရှုံ မြင့်မြင့်မားမား မှတ်ယူထားတဲ့သူလို့မပြောရဘူး။ ထားပါ ဒီကိုလာတာလဲ အကျိုးမရှိတာတော့မဟုတ်ပါဘူး”
ယွမ်တု လေဟာနယ်ထဲတွင်ပျံသန်းရင်း ဘေးဘီဘောင်ကို လှည့်ကြည့်လိုက်သည်။
“သူက တိုက်ပွဲတစ်ရာကွင်းပြင်မှာ မဟုတ်ရင် အနက်ရောင်ချောက်ကမ်းပါးမှာဖြစ်ရမယ်”
ထျန်းရွှမ်တံခါးရှိ လျှို့ဝှက်လေ့ကျင့်ရေးနယ်မြေများ လေးငါခုလောက်ကို သူသိသည်။ ထိုထဲတွင် ဓားသမားတို့မသွားမဖြစ် သွားကိုသွားရမည့် နာမည်ကြီး အနက်ရောင်ချောက်ကမ်းပါးကိုလည်းသူသိသည်။
စုရှောင်ရှန်သာ ထျန်းရွှမ်တံခါးထဲကို၀င်ပြီးနောက် လျှို့ဝှက်လေ့ကျင့်ရေးနယ်ပယ်တွေကိုသွားချင်တယ်ဆိုရင် “တိုက်ပွဲတစ်ရာကွင်းပြင်” နှင့် “အနက်ရောင်ချောက်ကမ်းပါး” တို့မှလွဲ၍ ရွေးချယ်စရာမရှိပေ။
သူတို့ထျန်းရွှမ်တံခါးထဲကို၀င်လာတာ တစ်ရက်ကြာပြီဖြစ်ရာ သူ၏ “လူပျောက်” အကြံကို ဆက်လက်၍ အချိန်ဆွဲနေလို့မဖြစ်တော့ဘဲ အကောင်အထည်ဖော်ရပေတော့မည်။
သို့မဟုတ်ပါက လူတိုင်းထွက်သွားမယ့်အချိန်ကြမှ စုရှောင်ရှန်နှင့်တိုးလျှင် နောက်ကွယ်က လူက သူဆိုတာကို ရှာတွေ့နိုင်ရန် အခွင့်အလမ်းများပြားပေလိမ့်မည်။
ရွစ်…။
ဆန်းကြယ်စစ်ဘုရင် လှံတံက ယွမ်တုနှင့်အတူ အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်ပြောင်းသွားပြီး မိုးကုတ်စက်ဝိုင်းအလွန်၌ ပျောက်ကွယ်သွား၏။
“စုရှောင်ရှန် ငါ့လာပြီ”
“အားးးချူးးး”
စုရှောင်ရှန် နှာချေလိုက်သည်။
“တစ်ခုခုတော့လွဲနေပြီ” စုရှောင်ရှန် ခေါင်းကိုကုတ်လိုက်ကာ ထူးခြားမှုကြောင့် နားမလည်နိုင်ဖြစ်နေသည်။
သာမန်ဆို သူနှာချေလေ့မရှိပေ။ သူနှာချေတိုင်းလည်း လူတစ်ယောက်၏ အသက်ဆုံးရှုံးရသည်။
ပထမက ထိုနှာချေခြင်းကို တိုက်ဆိုင်မှုဟုသာမှတ်ယူထားသော်လည်း ထိုသို့တွေးမိလိုက်ရာ “ငါ့ကို သတ်ဖို့ နောက်ထပ်လူတစ်ယောက်များထပ်လာ နေတာလား။ တော်တော်မိုက်တာပဲ။ ဒါအသန်မာဆုံးဆိုတဲ့လူတွေမှာသာရှိရမယ့် စိတ်စွမ်းအင်ဖြစ်ရမယ်။ မဟုတ်လဲ အကြားအမြင်ကြောင့်ပဲလား”
စုရှောင်ရှန် အကြားအမြင်ကြောင့်ဆိုတာ ပိုယုံပါသည်။
“ထားလိုက်ပါတော့ အနောက်အရပ်ကိုပဲ မြန်မြန်သွားရမယ်”
အနောက်အရပ်ကိုသွားရခြင်းရဲ့ရည်ရွယ်ချက်က ယွမ်တုနဲ့များ အကြောင်းတိုက်ဆိုင်ပြီးတွေ့မလားဟူ၍ဖြစ်သည်။
အတိတ်ကဆိုလျှင်တော့ သူ့မှာဘာရွေးချယ်စရာမှရှိမည်မဟုတ်ဘဲ ပုန်းကွယ်နေစရာပဲရှိသည်။ ယခု အဆင့်တက်သွားပြီဆိုမှတော့ ယွမ်တု၏ ရည်ရွယ်ချက်အမှန်ကို သူသိအောင်လုပ်ရပေမည်။
“သူခိုးကိုမကြောက်ပေမယ့် သူခိုးချောင်းမှာတော့ကြောက်တယ်” ဟူ၍ ဆိုရိုးစကားပင်ရှိသေးသည်မဟုတ်ပါလား။
သို့သော် စုရှောင်ရှန် အလျင်မလိုပါချေ။ သူ့တွင် “နတ်ဘုရားများလာတာဆီးလျှင် နတ်ဘုရားများကိုအနိုင်ယူ၊ ဗုဒ္ဓလာတားဆီးလျှင် ဗုဒ္ဓကိုအနိုင်ယူ” ဟူသည့် ခွန်အားမျိုးရှိနေပြီဖြစ်ရာ ထျန်းရွှမ်တံခါးတစ်ခုလုံး၌ သူက ပြိုင်ဘက်ကင်းနေပြီဟု ဆိုနိုင်သည်။
အလျင်မလိုရခြင်းကလည်း သူ့လက်ထဲက “အနက်ရောင်ရေတံခွန်ဓားအိမ်” ကို ဆန်းစစ်ကြည့်ဖို့ဖြစ်သည်။
အနက်ရောင်ချောက်ကမ်းပါးမှာ ထိုအနက်ရောင်ဓားအိမ်ကိုဆွဲထုတ်လာမှတော့ ထိုသို့နာမည်ပေးလိုက်၏။ သူလျှောက်စမ်းကြည့်နေတာကြာပြီဖြစ်သော်လည်း ဓားကိုအသုံးနိုင်ပြုသည့်နည်းလမ်းကိုရှာမတွေ့သေးပါ။
ဓားအိမ်ဆိုမှတော့ ဓားထည့်ဖို့ဆိုတာပဲ သိရသည်။ စုရှောင်ရှန်က အငြိုးထားတတ်သူဖြစ်ရာ ဓားအိမ်ထံမှ အချက်ရေ နှစ်သိမ်းရှစ်သောင်းလောက် အပိုင်းအဖြတ်ခံရသည်ကို မမေ့သေးပါချေ။
“ဒီဓားအိမ်က ဓားတောင်မရှ်ိတာ။ ဘယ်လိုလုပ် ဓားစွမ်းအင်တွေကို ထုတ်လွှတ်နိုင်တာလဲမသိဘူး” စုရှောင်ရှန်၏ သိလိုစိတ်ပြင်းပြသွားသည်။
ကိုယ်ပိုင်အသိရှိသော ဓားတစ်ချောင်းဆိုပါက ဓားစွမ်းအင်များထုတ်လွှတ်နေတာက ယုတ္တိရှိသေးသည်။ ဒါပေမယ့် ဒီဓားအိမ်ကြီးကကြ…။
သို့ဖြင့် ဓားအိမ်က အစွမ်းထက်လွန်းလို့ အဖြူရောင်ဓားစွမ်းအင်များဖြင့် တိုက်ခိုက်နိုင်တာလား။ ယခင် ဓားအိမ်ထဲက ဓားကများ အလွန်စွမ်းအားကြီးလို့ ထိတွေ့တာများပြီး ဓားအိမ်ပါ ကိုယ်ပိုင်အသိရှိလာတာလား သူအဖြေရှာမရဖြစ်နေသည်။
စုရှောင်ရှန် တိတ်တခိုးနာကျင်ခြင်းကို ဆွဲထုတ်လိုက်သည်။ ဓားအိမ်၏ ဆက်တိုက်ရုန်းကန်ထွက်ပြေးလိုမှုကြီးနှင့်ယှဉ်လျှင် ထိုအနက်ရောင်ဓားက လိမ်လိမ်မာမာရှိလှသည်။
တိတ်တခိုးနာကျင်ခြင်းလည်း မိုးကြိုးအပစ်ခံရပြီးနဲ့နောက်မှာ ကိုယ့်သခင်ကို ပြန်ပြီး တိုက်ခိုက်လိုစိတ်မရှိပါတော့ပေ။
တိတ်တခိုးနာကျင်ခြင်း သူထင်သလောက် စွမ်းအားမကြီးသည့်အတွက် စုရှောင်ရှန် ဘ၀င်မကျဖြစ်မိသည်။ “ဒီဓားအိမ်ကိုကြည့်လိုက်ဦး။ မင်းလိုဓားထက်တောင်ပိုပြီး ဓားဖြစ်သေးတယ်” သူ့ဓားကိုကြည့်ပြီး ပြောလိုက်သည်။
“မင်းကတော့ မင်းဆရာကို တိုက်ခိုက်ချင်တဲ့စိတ်မရှိတော့ဘူး။ မင်းအားနည်းသွားပြီ။ ပြီးတော့မင်းကောပဲ။ ငါ့လက်ထဲမှာတုန်ခါနေတာ ထွက်ပြေးနိုင်မယ်ထင်နေလို့လား” စုရှောင်ရှန် တုန့်ပြန်မှုတစ်ခုခုများရမလား မျှော်လင့်၍ ဓားအိမ်ကိုပြောလိုက်သည်။
ဓားအိမ်က ပို၍ ပို၍ တုန်ခါလာခဲ့၏။ အခြားသူတစ်ဦး၏ လက်ထဲတွင်ဆိုပါက ဓားအိမ်က လွတ်မြောက်ရန် အခွင့်အလမ်းရှိဦးမည်ဖြစ်သော်လည်း စုရှောင်ရှန်လို အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ရှိသည့် သူတစ်ယောက်၏ လက်ဆုပ်ထဲတွင်တော့ အိပ်မက်အလားသာဖြစ်သည်။
စုရှောင်ရှန် မျက်မှောင်ကြုတ်ပြီး အတွေးနက်သွားသည်။
ထိုအဖြူရောင်ဓားစွမ်းအင်များထွက်လာမလားဟူသော မျှော်လင့်ချက်ဖြင့် စိတ်ဝိညာဉ်အနှစ် ပေါင်းစပ်ခြင်း၊ ညှင်သာစွာ တိုက်တွန်းခြင်း၊ အပြင်းအထန် ထုထောင်းခြင်း၊ ရိုက်နှက်ခြင်း စသဖြင့် နည်းမျိုးစုံကို စမ်းကြည့်ပြီး၏။
တစ်ခုမှ အရာမ၀င်ပါ။
“သခင်အဖြစ် အသိအမှတ်ပြုဖို့ လိုလို့လားမသိ” စုရှောင်ရှန် ဓားအိမ်ပေါ်ကို သွေးတစ်စက်ချလိုက်သော်လည်း ၎င်းက ပြန်ချော်ကျသွား၏။
“ချီးဘဲ ဓားအိမ်အတုကြီးလားမသိပါဘူး”
စုရှောင်ရှန် ဒေါကန်သွားသည်။
ထို့နောက် တိတ်တခိုးနာကျင်ခြင်းကိုမြှောက်ပြကာ ခြိမ်းခြောက်လိုက်သည်။ “မင်းအလျော့မပေးရင် ဒီမှာ ဒါကို မင်းထဲ ထိုးထည့်ပစ်မယ်”
ရှင်းးးး…။
အနက်ရောင်ဓားအိမ်ပို၍ ပြင်းပြင်းထန်ထန် ရုန်းကန်လိုက်ပြီး သူ့ကံကြမ္မာကိုထိန်းချုပ်ထားသည့်လက်ကြီးမှ လွတ်မြောက်ရန်ကြိုးစားလိုက်သည်။ အချည်းနှီးသာ။
“ဟားဟား။ မင်းရုန်းလေလေ ငါ့ဓားဆန္ဒပိုပြီး စိတ်လှုပ်ရှားလေလေပဲကွ” စုရှောင်ရှန် နားရွက်တက်ချိတ်မတတ် လူယုတ်မာအပြုံးကြီးဖြင့် ကြမ်းကြမ်းတမ်းတမ်းပြောလိုက်သည်။
တိတ်တခိုးနာကျင်ခြင်းကို ဓားအိမ်ထဲသို့ ထည့်ရန်ပြင်လိုက်သည့်အချိန် ဓားက ပျော့ခွေသွားပြီး ခေါက်သွား၏။
စုရှောင်ရှန် စွံ့အသွားသည်။
“ဘာလဲဟ။ မင်းက ငကြောက်လား။ ကိုယ့်ပိုင်ရှင်ကိုတောင် ပြန်သတ်ဖို့၀န်မလေးတဲ့မင်းက ဓားအိမ်တစ်ခုတွေ့တော့ ဘာလို့ ပျော့ခွေသွားတာလဲ။ ဒါက မြင့်မြတ်တဲ့ဓားတစ်ချောင်းချောင်းရဲ့ ဓားအိမ်ဖြစ်လိမ့်မယ်ကွ။ အပြင်ဘက်က ဓားတွေက ဒီလို ဓားအိမ်မျိုးနဲ့တွေ့ဖို့မျှော်လင့်နေကြတာမင်းမသိလား။ မင်းကြမှ ပျော့ခွေသွားရတယ်လို့”
“ပြန်မာလာစမ်း” သူအော်လိုက်သည်။
စုရှောင်ရှန်၏ ဓားဆန္ဒထိုးသွင်းလိုက်သော တိတ်တခိုးနာကျင်ခြင်းက ကြောက်မက်ဖွယ်ရာအတိ အရှိန်အဝါတို့ဖြင့် စူးစူးရှရှ ဓားသံပေးကာ ပြန်မာလာခဲ့တော့သည်။
ဓားအိမ်က လူယုတ်မာထံတွင် အမဲစက်စွန်းမည်ကိုမလိုလားသည့် မိန်းမပျိုလေးအလား ပို၍ ပြင်းပြင်းထန်ထန် ရုန်းကန်တုန်ခါလာခဲ့သည်။
ရှင်းးး…။
ဓားအိမ်ထဲတွင် တိတ်တခိုးနာကျင်ခြင်းကို ထည့်လိုက်ရာ ဟင်းလင်းပြင်တစ်လျှောက် ဓားပဲ့တင်ထပ်သံ စူးစူးရှရှကိုကြားလိုက်ရ၏။
ထိုအခိုက်အတန့်၌ ကမ္ဘာကြီးတစ်ခုလုံး ဆိတ်ငြိမ်ကျသွားသလို ဓားအိမ်လည်း တစ်ချက် တစ်ချက်သာ လှုပ်သွားပြီး အားနည်းစပြုလာတော့သည်။
ထို့နောက် အလုံးစုံ ငြိမ်ကျသွားတော့၏။
တိတ်တခိုးနာကျင်ခြင်းကိုကြည့်လိုက်ရာ ယခုလို အတင်းအကြပ်နေရာချထားပေးမှုကိုမလိုလားသကဲ့သို့ ဟန်ဆောင်နေပြီး တကယ်က ပျော်ရွှင်နေတာကိုတွေ့လိုက်ရသည်။
“ဟားဟား တကယ့် ဟန်ဆောင်ထားပဲ”
ဒါပေမယ့်လို့… ဒီဓားအိမ်တောင် ယခင်က ဓားကြောင့် ကိုယ်ပိုင်အသိရှိလာတာ ဖြစ်နိုင်တယ်ဆိုရင် ထိတွေ့တာကြာရင် တိတ်တခိုးနာကျင်ခြင်းလည်း ကိုယ်ပိုင်အသိမရှိလာနိုင်ဘူးလား။
သူ့မေးစေ့ကိုပွတ်ရင်း စုရှောင်ရှန် အတွေးနက်သွားသည်။
သွေးဆူလွယ်သည့် လူငယ်တစ်ဦးဖြစ်ရာ “ဓားတစ်လက်ဖြင့် ကမ္ဘာပတ်ခြင်း” လို အိပ်မက်မျိုးရှိပါသည်။ သို့ပေမယ့် သူအလွန်သန်မာလာသောအခါ တိတ်တခိုးနာကျင်ခြင်းက သူ့နောက်ကနေ မလိုက်နိုင်ပါတော့ပေ။
“အဖြစ်မှန်က ရက်စက်တယ်။ ခုငါ့လက်ချောင်းတွေတောင် ဒီဓားထက် ပိုချွန်ထက်နေပြီ။ မင်းသာ မတိုးတက်လာဘူးဆိုရင်တော့ စွန့်ပစ်ခံရမယ့် ကံကြမ္မာကနေ လွတ်မှာမဟုတ်ဘူး”
“လုပ်စမ်းပါ။ တိတ်တခိုးနာကျင်ခြင်းလေး။ မင်းကို တိုးတက်အောင်လို့ ငါတစ်ခုခုကြံပေးပါမယ့်။ ဒါပေမယ့်မင်းက ဒါလည်းမရဘူးဆိုရင်တော့ မင်းသခင်က မင်းကို စွန့်ပစ်ဖို့ကလွဲပြီးမရှ်ိတော့ဘူး”
ရှင်း…။
အနက်ရောင်ဓားအိမ်က အလှုပ်အရှားမပြုရလောက်အောင် ဓာတ်ကျနေဟန်ရသည်။
တိတ်တခိုးနာကျင်ခြင်း စုရှောင်ရှန်ပြောတာကိုမကြားသလိုနှင့် သူ့အဖော်အသစ်နှင့်ပတ်သက်ပြီးပဲ ကျေနပ်နေသည့်အလား ပျော်ပျော်ရွှင်ရွှင် အသံပေးနေ၏။
စုရှောင်ရှန်၏ ဆံနွယ်အချို့ နဖူးပေါ်ကျလာသည်။
“တကယ့် ဟန်ဆောင်ဓား”