အပိုင်း (၁၄၇) သူက နူးညံ့လွန်းတယ်
အလင်းရောင်ကောင်းကောင်းမထိုးဖောက်နိင်သည့် အခန်းကျဉ်းလေးထဲ၌ လူ(၅) ဦးထိုင်နေကြသည်။
ကျောက်ကျစ်တုံ့အတွက် တူတစ်စုံနှင့် ပန်ကန်းတစ်လုံးကို အကြီးအကဲကျောက်ထုတ်ယူလာခဲ့သည်။ ကြီးကြပ်သူ၏ တာ၀န်က ခက်ခဲလွန်းလှကာ ဤသို့သော အကျိုးခံစားခွင့်မျိုးကို သူခံစားရသင့်ပေသည်။
အကြီးအကဲကျောက်၏ သူစားချင်လှတာကြာပြီဖြစ်သော ဟင်းလျာများကို အရသာခံလိုက်ရရာ ကျောက်ကျစ်တုံ့ မျက်ရည်များပင်ဝဲလာခဲ့သည်။
အချဥ်ရည်ဖြင့်တို့ထားသော နီနီရဲရဲ ၀င်ပေါင်ခြောက်ဖက်ကြီးကို တစ်လုတ်တည်းမျိုချလိုက်ပြီးတော့ သေရည်ကို တစ်ချက်တည်းမော့ချလိုက်ရာ လည်ချောင်းပူစပ်စပ်ဖြစ်သွားသည်။
“ကောင်းလိုက်တာ”
ဂုဏ်ယူမှုတို့ကို ခံစားလိုက်ရပြီး သေရည်ခွက်ကို စားပွဲပေါ် အားဖြင့်ရိုက်ချလိုက်တော့သည်။
ခရက်…။
စားပွဲပေါ်မှမဟုတ်သည့် ကွဲကြေသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
အခြား လူလေးဦး အေးခဲသွားကြပြီး ကျောက်ကျစ်တုံ့နောက်ကို ဝိုင်းကြည့်လိုက်ကြသည်။ ကျောက်ကျစ်တုံ့၏ နှလုံးလည်း မြင်းဒုန်းဆိုင်းသွား၏။
“မဖြစ်နိုင်တာ ထပ်ပြီးတော့လားဟ”
သူခက်ခက်ခဲခဲလှည့်ကြည့်လိုက်ရာ ပုလဲ(၁၂)လုံးစိတ်ဝိညာဉ်ဘီးကြီးမှ နောက်ထပ် ပုလဲတစ်လုံး၏ အကာအကွယ်ကျိုးပျက်သွားပြီး ပုလဲလုံးလည်း အက်ကွဲသွားကာ မှေးမှိန်သွားသည်ကိုတွေ့လိုက်ရ၏။
“ကြည့်ရတာ တကယ် ကြာကြာမခံတော့ဘူးထင်ပါတယ်” ရှောင်ချိစွေ သက်ပြင်းချလိုက်သည်။
သူတို့ချထားသော ချိတ်စည်းလည်း ထိုသူလျှိုကို တားနိုင်သည့် ဟန်မပေါ်ဘဲ အကာအကွယ်(၃) ခုစလုံးတောင်ကျိုးပျက်သွားလေသည်။
“အဖိုးကြီးပြောသလိုပဲ သူတို့ ထျန်းရွှန်တံခါးထဲကို ၀င်နှောက်ယှက်ဖို့ တစ်ယောက်ယောက်ကို လွှတ်ထားတာလား” အကြီးအကဲကျောက် မျက်မှောင်ကြုတ်လိုက်သည်။
“ဘယ်သူလို့ မင်းထင်လဲ” ရဲ့ရှောင်ထျန်းက အကြီးအကဲစန်းကိုကြည့်လိုက်သည်။
အကြီးအကဲစန်းက လက်ချောင်းများ၌ပေကျံနေသော ဆီများကို စုပ်သပ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ဆိုလိုက်သည်။ “မင်းပြောတာမှန်တယ် ခုအခြေအနေက အဆိုးဆုံးမဟုတ်သေးဘူး။ ဒီ့ထက်ဆိုးလာဖို့ပဲရှိတယ်”
လူတိုင်းတုန်လှုပ်သွားကြသည်။ သူတို့၀န်မခံချင်ကြသော်လည်း ၎င်းက အမှန်တရားဖြစ်ပေသည်။
ထျန်းရွှမ်တံခါးထဲကို ဂိုဏ်းသားများ၀င်တဲ့ ပထမနေ့မှာတင် ရတနာ နှစ်ခုကို ဆုံးရှုံးလိုက်ရပြီ။ နောက်နှစ်ရက်ဆက်နေလျှင် ဘာဖြစ်မယ်မှန်းမသိရပါချေ။
“စိတ်မပူပါနဲ့။ ဒီလူတွေ အသိစိတ်လေးတော့ရှိကြဦးမှာပါ။ ဘာပြောပြော ရတနာကို လေးခုထက်ပိုယူရင် ထျန်းရွှမ်တံခါးကြီးတစ်ခုလုံးပေါက်ကွဲထွက်သွားမှာလေ။ သူတို့ကိုယ်သူတို့တော့ သေကြောင်းမကြံလောက်ပါဘူး” အကြီးအကဲစန်း ဆိုလိုက်သည်။
ထျန်းရွှမ်တံခါးကြီးတောင် ပေါက်ကွဲနိုင်တာလား။
ကျောက်ကျစ်တုံ့ မှင်တက်သွားသည်။ ၎င်းကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်ပြီး စောနက အိပ်မက်ကို ပြန်သတိရသွားသည်။ ထိုအိပ်မက်အမှန်တကယ်ဖြစ်လာနိုင်ဖို့ ဖြစ်နိုင်ခြေများနေပေ၏။
အကြီးအကဲကျောက် စိုးရိမ်သွားကာ “ဒါဆို ငါတို့ ၀င်တားသင့်ပြီထင်တယ်။ မဟုတ်ရင် ထျန်းရွှမ်တံခါးထဲက ငါတို့ ဂိုဏ်းသားတွေအတွက် စိုးရိမ်ရတယ်”
“မပူပါနဲ့။ ထျန်းရွှမ်တံခါးကြီးက ပေါက်ကွဲမှာမဟုတ်သလို ဘယ်သူမှလည်း မသေပါဘူး” အကြီးအကဲစန်းက တည်တည်ငြိမ်ငြိမ် လက်ဝှေ့ရမ်းလိုက်သည်။
‘သေချာလို့လား။ ဖြစ်နိုင်ချေကို မေ့ထားလို့မရဘူးလေ’
“မင်းရဲ့တပြည့်နှစ်ယောက်လုံးက အထဲမှာနော်” ရဲ့ရှောင်ထျန်း ထိုအဖိုးကြီးခေါင်းဆက်မာနေတာကို တွေ့သော် မနေနိုင်ဘဲ ပြောလိုက်တော့သည်။
“အေးလေ သူတို့က အထဲမှာ ငါသိတယ်လေ” အကြီးအကဲစန်း စိုးရိမ်ပူပန်မှု တစ်စက်ကလေးတောင်မှ မပြရာ အခြားလေးဦး စိုးရိမ်သွားကြတော့သည်။
ရဲ့ရှောင်ထျန်းတစ်ခုခု ဆက်ပြောရန်ကြံလိုက်သည့်အချိန် ထိုအဖိုးကြီး ခေါင်တစ်ဘက်သို့စောင်းကာ မျက်မှောင်ကုပ်၍ တစ်စုံတစ်ခုကို အပြင်းအထန်စဉ်းစားနေဟန်ကို မြင်လိုက်ရသည်။
အကြီးအကဲစန်း၏ ခေါင်းအထက်၌ မီးသီးတစ်လုံးပေါ်လာ၏။
အကယ်၍ စုရှောင်ရှန်သာ သူပေးသည့် မြေပုံအတိုင်းသွားပါက အနက်ရောင်ချောက်ကမ်းပါးကို မလွဲမသွေ ရောက်ပေလိမ့်မည်။ ပုံရိပ်အတွင်းသူမြင်လိုက်ရသလောက်ကတော့ တကောင့်သားက ချောက်ကမ်းပါးထိပ်ကိုတောင် ရောက်နေလေ၏။
ထိုစဉ်က လူတိုင်း စုရှောင်ရှန်က လေထဲ၌ ပျံနေသည်ကို သတိမထားမိကြပေ။
သေချာပြန်စဉ်းစားကြည့်သော်လည်း စုရှောင်ရှန်၏ ခြေထောက်အောက်၌ မည်သည့် ဓားကိုမှ မတွေ့ရပါပေ။ စုရှောင်ရှန်များ စစ်မှန်ခြင်းနယ်ပယ်ကို ရောက်သွားပြီလော။
အကြီးအကဲစန်း အံ့အားသင့်သွားသည်။ သူတို့နောက်ဆုံးတစ်ကြိမ်တွေ့တုန်းကတောင် စုရှောင်ရှန်က စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် အဆင့်(၉) ၌သာရှိသေးချေသည်။
“မီးထဲကိုတိုး၀င်၍ ပြန်မွေးဖွားခြင်း”
သူလှမ်းခဲ့သည့် လမ်းစဉ်ကို အကြီးအကဲစန်းပြန်တွေးကြည့်လိုက်သည်။ “ငရဲမီးတောက်ကောင်းကင်” ၏ နောက်ဆုံးအဆင့်က အဆင့်ချိုးဖျက်တက်ပြီး ဆင့်ကဲတိုးတက်ခြင်းဖြစ်သည်။
သို့ဖြင့် စုရှောင်ရှန်၏ ဇွဲနှင့် ပါရမီတို့ကိုယုံစားကာ စုရှောင်ရှန် အဆင့်တက်တာကိုတောင်စောင့်မနေတော့ဘဲ ပထမဆုံး တပြည့်အဖြစ်အရင်တော်လိုက်သည်။
ယခု စုရှောင်ရှန်ကလည်း ထိုအဆင့်ကိုရောက်နေပြီဖြစ်ရာ အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ကို ရသွားလောက်ပြီးဖြစ်ပုံရသည်။
‘တော်တယ်ကောင်လေး။ မင်းရဲ့ဆရာထက်တောင် ပိုတော်သွားပြီ” သူတွေးလိုက်သည်။
သူ့တုန်းကဆိုလျှင် အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ကိုတက်လှမ်းဖို့ အချိန် (၃) ရက်ယူလိုက်ရလေသည်။
“အဲ့ဒီချောက်ကမ်းပါးထိပ်ပေါ်က လင်းလင်းဆိုတဲ့ ကလေးမလေးရဲ့ ကျင့်ကြံမှုက နယ်ပယ်ဘယ်လောက်မှာလဲ” ထို့နောက် အကြီးအကဲစန်းလူအုပ်ကြီးကိုကြည့်လိုက်၏။
“အဆင့်မြင့်နှောင်းပိုင်းနယ်ပယ်။ အခု အသစ်၀င်လာတဲ့ အတွင်းစည်းထိပ်သီး(၃၃) ဦးထဲမှာ သူမက အသန်မာဆုံးပဲ။ ပြီးတော့ ပါရမီလည်းအပါဆုံးဖြစ်ကြီး မိုးကြိုးဓာတ်စွမ်းအင်ရှိတယ်” ရဲ့ရှောင်ထျန်းတုန့်ပြန်လိုက်သည်။ “ဘာလဲ ဘာဖြစ်လို့မေးတာလဲ”
“အဆင့်မြင့်စိတ်ဝိညာဉ်နယ်ပယ်” အကြီးအကဲစန်းတိးတိုးရေရွတ်ပြီး ဆိုသည်။ “ဒါဆိုရင်တော့ စုရှောင်ရှန်ကို မနိုင်လောက်ဘူး”
အခြားလူလေးဦး : “…”
နားဖာချေးများ များလာ၍များ နားကြားမှားသလားဟု ကျောက်ကျစ်တုံ့ပြီးမှ နားကလော်ရန် ကျောက်ကျစ်တုံ့ ကြံလိုက်သည်။
‘သူ့တပြည့်စုရှောင်ရှန်ကို ဘယ်လိုတောင်ယုံကြည်နေတာလဲ သူက အဆင့်(၉) သာသာက ကောင်တစ်ကောင်ပဲကို’ သူတွေးလိုက်သည်။
သို့သော် ထိုအရာကို ထုတ်ဖော်မပြောလိုက်ပါပေ။ ထိုအစား အစားကိုသာကုန်စားလိုက်သည်။ ၎င်းက သူ၏ မကျေနပ်ချက်ကို ထုတ်ဖော်ပြသမှုတစ်ခုဖြစ်သည်။
အကြီးအကဲစန်း၏ မျက်၀န်းများက ၀င်းပနေ၏။ ထို့နောက်တူကိုနောက်တစ်ဖန်ပြန်ကိုင်လိုက်ကာပြောသည်။ “တကယ်က ဒီအဖိုးကြီး သူလျှိုဘယ်သူလဲဆိုတာ သိပြီသွားပြီ။ သူတို့ နှစ်ယောက်ရှိတယ်။ ပထမ တစ်ယောက်က လင်းလင်းနဲ့ နောက်တစ်ယောက်က…”
လူတိုင်း သူ့ကို မျှော်လင့်ချက်တကြီး ကြည့်လိုက်ကြသည်။
“ပြောရရင် သူ့ကိုယ်သူ တော်တော် ကောင်းကောင်းကြီးဖုန်းကွယ်ထားနိုင်တယ်။ ဒီအဖိုးကြီးလဲမသိဘူး”
“…”
ငှက်တောင်မွှေးများလောက်ကြီးမားသော နှင်ပွင့်ဖက်ကလေးများကို လေညှင်းလေးက တိုက်ခတ်သယ်ဆောင်သွားသည်။ ညကောင်းကင်ယံကိုလည်း ကြယ်စင်အလင်းတန်းတို့က တန်ဆာဆင်ထား၏။
ထို အေးစိမ့်စိမ့်လေအောက်တွင် နှင်းများအကြားတွင် တဖြည်းဖြည်းကွယ်ပျောက်လာနေသော ခြေရာများကိုမြင်ရသည်။
မိုမိုက တည်ငြိမ်အေးဆေးနေသည်။ သူမ၏ ရုပ်ရည်ကလည်း ရွက်ကြမ်းရေကြိုလောက်သာရှိသည်။ တစ်ကမ္ဘာလုံးပေါင်း၍တောင် သူမကို အရောင်စွန်းထင်းအောင်မလုပ်နိုင်သည့် နှင်းကြာပွင့်လေးတစ်ပွင့်အလား။
သူမ၏ ညာဘက်လက်က နံသာဖြူအမွှေးတိုင် လောင်ကျွမ်းနေသော ကြေးမီးဖိုအိုးကြီးကိုကိုင်ထားသေးသည်။ ထိုမှ မီးစာကုန်သွားပြီး နောက်ဆုံးတစ်ခေါက် ပျံတက်သွားသော အငွေ့က မသေမျိုးတို့၏ ဝိညာဉ်များအလား ခံစားချက်ကိုပေးနေသည်။
သူမ၏ ဘယ်ဘက်လက်၌ ထူးဆန်းသောအဖြူရောင်ကျောက်တုံးတစ်တုံးရှိပေသည်။ ၎င်းက လက်သီးအရွယ်အစားလောက်သာဖြစ်ကာ ဘာစိတ်ဝိညာဉ်စွမ်းအင်ကိုမှ မခံစားနိုင်ပါပေ။
“ချိတ်ပိတ်ခြင်းကျောက်တုံးကို ရပြီးသွားပြီ။ နင်နိုးပြီလား”
သူမ၏ ညာဘက်လက်တုန်ခါသွားပြီး ကြေးမီးဖိုအိုးမှ အငွေ့များပို၍ ထွက်လာခဲ့ပြီးနောက် လူတစ် ယောက်၏ မျက်နှာပုံစံ ပြောင်းသွားတော့၏။
“ငါနိုးနေပြီ။ ဒါပေမယ့် ငါတို့ပြောတာကို တစ်ယောက်ယောက်က ခိုးနားထောင်နေတာမလို့ ဘာမှပြန်မပြောတာ။ သတိချပ်ထား”
၎င်း၏ မျက်နှာကလည်း ဝေဝါးနေကာ အသံလည်းပဲ ပလုံးပထွေးရှိလှသည်။ ထို့ပြင် ယောက်ျားလား၊ မိန်းမမလား မသဲကွဲသည့်အပြင် ထိုအရာပြောလိုက်သောစကားများကလည်း လူနှင့်တောင်တူရဲ့လားဟု ဆုံးဖြတ်ရခက်နေသည်။
“ခိုးနားထောင်တယ်ဟုတ်လား” မိုမိုအံ့အားသင့်သွားသည်။ သို့သော် သူမ ဆက်လက်၍ မေးခွန်းများမမေးတော့ဘဲနှင့် “နင်ပေးတဲ့တာ၀န်ကိုထမ်းဆောင်လို့ပြီးသွားပြီ ဘယ်မှာ လွှတ်ပေးရမှာလဲ”
“နင် တာ၀န်တစ်၀က်ကိုပဲပြီးသေးတာပါ” ထိုမှုန်မှိုင်းမှိုင်းမျက်နှာနှင့် အရာက သူ့ကို ကြားဝင်ဖြတ်လိုက်သည်။ “ပြီးတော့ ငါ့တည်ရှိမှုက ဘေးအန္တရာယ်ထက် နင့်ကို ပိုအကျိုးရှိစေတယ်ဆိုတာ မမေ့ပါနဲ့”
မိုမို သူမ၏ ဘယ်ဘက်လက်ထဲမှ ကျောက်တုံးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ ထို့နောက် ခေါင်းမာသော လေသံတစ်စွန်းတစ်စ ပါ၀င်နေသည့် လေသံဖြင့် ဆက်ပြောလိုက်၏။ “ငါနင့်ကာကွယ်မှုကိုမလိုချင်ဘူး”
“ထားပါ။ လူနှစ်ယောက်သတ်ပေး”
ထို သဘောမတူတာကို လက်မခံမယ့်လေသံကိုကြားလိုက်ရာ မိုမို ဖြေးဖြေးချင်းမျက်လုံးပိတ်လိုက်သည်။ “ဘယ်သူတွေလဲ”
“စုရှောင်ရှန်”
“ဘာလို့လဲ” မိုမို့၏ မျက်လုံးများက အထိတ်တလန့်ပြန်ပွင့်လာကြသည်။
“သူငါ့ကိုရှာတွေ့သွားတယ်”
“မဖြစ်နိုင်တာ”
“နင်သူ့ဘက်ကနေပြောပေးနေတာလား” ထိုဝေဝါးဝါးအသံက ခံစားချက်အနည်းငယ်ပါလာသယောင်ယောင်ထင်ရသည်။
မိုမို့လေသံက တည်ငြိမ်စဲပဲ ဖြစ်သည်။ “ထျန်းစန်းနန်းတော်က အကြီးအကဲတွေတောင် နင့်ကိုရှာလို့မတွေ့တာ စုရှောင်ရှန်က ဘယ်လိုတွေ့နိုင်မှာလဲ”
“နင်သိဖို့မလိုဘူး။ သာ၀န်ကိုသာလုပ်”
“ငါစုရှောင်ရှန်ကိုမသတ်ဘူး” မိုမိုက ပြတ်သားသော လေသံဖြင့်ဆိုလိုက်သည်။
“နင်သူ့ကို ကြိုက်နေတာလား”
မိုမိုအေးခဲသွားပြီး သူမ၏ သာမန်ဖြစ်သောမျက်နှာထက်တွင် ရှက်သွေးလေးများဖြန်းသွားတော့သည်။ ထို့နောက် မိုးတိမ်လေ ဗိုလ်လုပွဲက သူမ၏ အလှကို ချီးမွမ်းလိုက်သော ကောင်လေးတစ်ယောက် ခေါင်းထဲကို၀င်လာခဲ့၏။
“ကြိုက်တာနဲ့ဘာမှမဆိုက်ဘူး။ ဒီတိုင်း သူ့ကို မသတ်ချင်လို့”
“အဲ့တာ ဘာဖြစ်လို့လဲ”
မိုမို သူတို့နှစ်ဦးကို ဓားအနက်ရောင်က ထုတ်ချင်းဖောက်သွားသည့် အချိန်ကိုပြန် စိတ်ကူးယဥ်ကြည့်လိုက်သည်။ ထိုအချိန်က သူမ မေ့လဲကျတော့မည့်အချိန်၏ စုရှောင်ရှန် သူမကို ကောင်းကင်ပေါ်တွင် သိုင်းဖက်ပြီး သူ့ရင်ခွင်ထဲထည့်လိုက်တာကိုပြေးမြင်ယောင်မိသွားသည်။
“သူက နူးညံ့လွန်းတယ်” မိုမို့မျက်နှာထက်၌ ညှင်သာသော အပြုံးလေးတစ်ခုပေါ်လာသည်။
အငွေ့မျက်နှာနှင့် အရာက ဘာမှမပြောဘဲ တိတ်ဆိတ်ကွယ်ပျောက်သွား၏။ ကြည့်ရတာ မိုမို့ ဆန္ဒကို အလေးပေးပုံပေါ်သည်။
တစ်အောင့်ကြာသော် ထိုအသံက ခံစားချက်မဲ့စွာထပ်ပေါ်လာ၏။ “ဒုတိယ တစ်ယောက်က ကျောက်ကျစ်တုံ့”
မိုမို တုံ့ခနဲရပ်သွားသည်။ ‘ဘာလို့ စည်းကမ်းကြီးကြပ်သူကျောက်လဲ’ သူမတွေးလိုက်ပါသည်။
အတွင်းစည်း၌တောင် သူ့ကို တစ်ကြိမ်သာမြင်ဖူးလေသည်။
“သူ့ကိုဘာလို့သတ်ရမှာလဲ” သူမ မေးလိုက်သော်လည်း အငွေ့မျက်နှာနှင့်အရာက ပြန်မဖြေပါတော့ပေ။
ဟူးးး…။
နှင်းစက်တို့ကျလာခြင်းနှင့်အတူ တာ၀န်လည်းတစ်၀က်ပဲပြီးသေးရာ မိုမိုရှေ့သို့ဆက်လိုက်တော့သည်။ နောင်ရေးကို နောင်မှ ဖြေရှင်းရပေမည်။
မိုမို “စန်းလျိုသစ်တော” ရှိရာဘက်သို့ဦးတည်လိုက်၏။