Switch Mode

Chapter – 146

ငါ့ကမ္ဘာ

အပိုင်း (၁၄၆) ငါ့ကမ္ဘာ

“နင်ရှုံးသွားပြီ”

ထိုစကားလုံးများက သူမ ဆုပ်ကိုင်ထားသော ကောက်ရိုးချည်မျှင်မျှော်လင့်ချက်လေးအား ဖြတ်လိုက်သည့်အလား လျှိုလင်းလင်း၏ မျက်လုံးများ အရောင်မဲ့သွားတော့သည်။

သူမ၏ မိုးကြိုးနတ်ဘုရား ခန္ဓာကိုယ် ကွယ်ပျောက်သွားပြီး ခရမ်းလျှပ်စီးတို့လည်း ပြိုးပြိုးပြက်ပြက် လက်နေခြင်းမရှိတော့ပေ။

စုရှောင်ရှန်၏ စကားနှင့် လုပ်ရပ်များကြောင့် သူမ စိတ်တိုရပါသည်။ သူ၏ ထူးထူးဆန်းဆန်းအကွက်ဖြင့် ရှုံးရသည့်အတွက် အားမလိုအားမရဖြစ်မိသည်။

‘ဘာလို့ ငါ့စိတ်ဝိညာဉ်အနှစ်တွေက သူအသက်ရှူလိုက်တာနဲ့ ပျောက်သွားရတာလဲ။ ငါ့စိတ်ဝိညာဉ်အနှစ်ကိုတောင် ငါမထိန်းချုပ်နိုင်ဘူးလား’

စုရှောင်ရှန်၏ ပုံရိပ်က သူမ၏ အမြင်တွင် ‌တဖြေးဖြေး ဝေ၀ါးလာပြီး လျှိုလင်းလင်း နောက်ဆုံးတော့ အရုပ်ကြိုးပြတ်လဲကျသွားတော့သည်။ သူမ၏ အမြင် လုံး၀ အမှောင်မဖုံးသွားခင်မှာ စုရှောင်ရှန်၏ မျက်နှာထက်ရှိ ထိတ်ထိတ်ပျာပျာ ဖြစ်နေသော အမူအရာကိုမြင်လိုက်ရတော့သည်။

‘ဟက်ဒီကောင်… မိန်းမတွေကို မရိုက်ဘူးလဲပြောသေးတယ်။ တိုက်ကွက်တိုင်းက တစ်ခုထက် တစ်ခု ပိုပြင်းလာနေတော့တာပဲ’ သူမ ရယ်ချင်သွားသည်။

စုရှောင်ရှန် တကယ့် တကယ့်ကို ပျာယာခတ်နေပါသည်။

သူအနိုင်ရရှိကြောင်းကို စကားပုလ္လင်ဖွဲ့နေပြီး‌ခဏကြာမှ လျှိုလင်းလင်းမှာ သူ့လိုခန္ဓာကိုယ်မပြောနဲ့ စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်တောင်မရှိကာ ထာ၀ရ အသက်စွမ်းအင်လည်းမရှိတာကို သတိရသွားသည်။

သူမ၏ ရင်ဘက်ကို ထိုးဖောက်လိုက်သည့် ထိုထိုးချက်က သူမကိုတောင် သေစေနိုင်၏။ လျှိုလင်းလင်းသေလို့မဖြစ်ပါပေ။

သူမကို ကျောက်ရှင်းရှုံ လွှတ်လိုက်တာဆိုရင် ကိစ္စ အထွေအထူးမရှ်ိပေမယ့် သူမက သူတော်စင် အစေအပါးတစ်ယောက်ဖြစ်ချေသည်။

“လျှိုလင်းလင်းသေရင် မျက်နှာဖုံးတပ်နဲ့လူငါ့ကိုလာရှာရင် ဘာလုပ်ရတော့မှာလဲ” သူတွေးလိုက်သည်။

ထို့နောက် ရွှေရောင်အရည်ထည့်ထားသော အိုးတစ်လုံးကိုထုတ်ယူကာ သူမကို တစ်အိုးလုံးတိုက်ရန်ကြံလိုက်သည်။

“နေဦး။ ဒီလျှိုလင်းလင်းမှာ အသက်ရှူခြင်းနည်းစနစ်မှ မရှိတာ။ ငါအကုန်တိုက်လိုက်ရင် တကယ် သေသွားမှာပေါ့။ ဒီဆေးရည်တစ်စက်ကတောင် ရွှေနီဆေးလုံးထက် သန်မာနေတယ်”

စုရှောင်ရှန် လက်တစ်ချောင်ကို ဆေးရည်ထဲစွတ်လိုက်ပြီးမှ လျှိုလင်းလင်း၏ နှုတ်ခမ်းထိပ်၌ တေ့ပေးလိုက်သည်။ ဒီ‌ကောင်မလေးက ကြမ်းကြမ်းတမ်းတမ်းချသော်လည်း သူမ၏ နှုတ်ခမ်းသားများက နူးညံ့တာကို သိလိုက်ရ၏။

ဆေးက အလုပ်ဖြစ်နေတာကို တွေ့ရသောအခါ သူမ၏ ရင်ဘက်ထဲမှ သူ့လက်ကို ပြန်ဆွဲထုတ်လိုက်တော့သည်။

ရွှေနီဆေးရည်က စုရှောင်ရှန်၏ တီထွင်မှုများကြားမှာ အကောင်းဆုံးဖြစ်သည်။ ၎င်း၏ သက်တမ်းမကုန်ဆုံးခင်ထိကတော့ စွမ်းဆောင်ရည်က အလွန်မြင့်မားပေ၏။

မကြာခင် လျှိုလင်းလင်း၏ ရင်ဘက်မှ ဒဏ်ရာ ဖြည်းဖြည်းချင်းပျောက်ကင်းလာပြီး အမာရွတ်မကျန်အောင် မူလအတိုင်းပြန်ဖြစ်သွားသည်။

စုရှောင်ရှန် သူမ၏ ရင်ဘက်မှ ခက်ခက်ခဲခဲအကြည့်လွှဲကာ သူမ၏ မျက်နှာလေးကိုကြည့်လိုက်သည်။

ဖက် ဖက်

“ထတော့” စုရှောင်ရှန် လျှိုလင်းလင်း၏ ပါးကို နှစ်ကြိမ်ရိုက်ထည့်လိုက်သည်။

‘ဟင်း။ ပျော့စိစိကြီးနဲ့’

စုရှောင်ရှန် မနေနိုင်တော့ဘဲ သူမ၏ ပါးကလေးကိုဆိတ်လိုက်ရာ နာကျင်မှုကြောင့်လားမသိ လျှိုလင်းလင်း ပြန်နိုးထလာခဲ့သည်။

နိုးလာသည်နှင့် စုရှောင်ရှန်၏ မျက်နှာကြီးကို တန်းမြင်လိုက်ရတဲ့အတွက် တအံ့တအော မေးလိုက်သည်။ “စုရှောင်ရှန် နင်လည်း သေပြီလား”

စုရှောင်ရှန် : “…”

ဘာဖြစ်ခဲ့တယ်ဆိုတာကို ပြန်အမှတ်ရလိုက်ပြီး လျှိုလင်းလင်း ဒေါသထွက်လာခဲ့သည်။ သို့သော် သူမက အားအလွန်နည်းနေသေးရာ သူမ၏ ပါးကိုဆိတ်နေသော သူ့လက်ကိုပင် မဖယ်နိုင်ပါပေ။

“နင်ဘာလုပ်နေတာလဲ”

စုရှောင်ရှန်က တည်တည်ငြိမ်ငြိမ်ဖြင့် “နင့်ကိုကယ်နေတာလေ နှိုး‌လည်းနှိုးနေတာ”

“ငါနိုးပြီလေ”

“အို့” စုရှောင်ရှန်၏ လက်က မရပ်တန့်သွားပါပေ။ “လောင်ကြေးစားကြေးအရတော့ နင်ခုမှ သတိပြန်ရလာလည်း နင်ရှုံးသွားတော့ ငါနင့်ကိုပိုင်သွားပြီ။ ဆိတ်ကြည့်တာလောက်တော့ ဘာမှ မဖြစ်ပါဘူး”

လျှိုလင်းလင်း၏ မျက်နှာကလေးက ရဲရဲ‌နီနေ၏။ ၎င်းက စုရှောင်ရှန်ဆိတ်နေသောကြောင့်လား ဒေါသထွက်၍လား မသဲကွဲပါပေ။

“စု ရှောင် … အွန်းးး”

စုရှောင်ရှန် ရွှေနီရည်တွေကို သူ့လက်မှာထပ်စွတ်ပြီး လျှိုလင်းလင်း၏ ပါးစပ်ထဲကိုထည့်လိုက်သည့်အတွက် သူမ၏ ပါးစပ်မှ ပလုံးပထွေးများသာထွက်လာ လေသည်။

ထိုချိုမြိန်သော ကပ်စေးစေးအရည်က လျှိုလင်းလင်း၏ ပါးစပ်ထဲ၌ အရည်ပျော်သွား၏။ သူမက သုန်မှုန်နေသော မျက်နှာထားဖြင့်မေးသည်။ “စုရှောင်ရှန် နင်ငါ့ကို ဘာကျွေးလိုက်တာလဲ”

“အဆိပ်” စုရှောင်ရှန် ထို့နောက် သူမကို ‌အနက်ရောင်ချောက်ကမ်းပေါ်၌ ပြန်ချပေးလိုက်ပြီး ဆိုသည်။ “နင့်ကတိကို ထပ်မဖောက်အောင်လို့ ငါနင့်ကို ဒါကျွေးရတာပဲ”

ထို့နောက် မြေပြင်ပေါ်က ပျားရည်ကဲ့သို့ ဆေးရည်အိုးကို လက်ညိုးထိုးပြကာ “ဒီဟာက အခုက စပြီးနင့်ဟာဖြစ်သွားပြီ။ ချိုတယ်ဆိုပြီး မြန်မြန်လည်းမစားနဲ့ဦး။ မဟုတ်ရင် နင်လည်းစားပြီးရော သေလည်းသေရောဖြစ်နေမယ်”

လျှိုလင်းလင်း၏ မျက်နှာ မည်းမှောင်လာတော့သည်။

‘ငါ့တစ်ဘ၀လုံးမှာ ထူးချွန်ခဲ့တာပါ။ ဒီလို ယုတ်မာတဲ့လူရဲ့လက်ထဲ ငါ့ဘ၀လေး‌ တကယ်အမဲစက်စွန်းရတော့မှာလား’ လျှိုလင်းလင်းတွေးမိပြီး မျက်လုံးများ နီရဲလာတော့သည်။

[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]

စုရှောင်ရှန် သူမကိုသတ်လို့လည်းမရသလို စကားလည်း ဆက်ပြောချင်စိတ်မရှိရတော့ပါ။ သူမ အသက်ဆက်ရှင်နေရင်လည်း သူ့အတွက် ပြဿနာရှိလာနိုင်သည်။

ထိုကောင်မလေး အစောပိုင်းက ပြောတာတောင်ကြားလိုက်ရသည်။ “နင်ဓားအိမ်ကိုရလည်း အပြင်ကိုယူသွားလို့ရမှာမဟုတ်ဘူး”

သို့ဖြင့် ထျန်းစန်းစိတ်၀ိညာဥ်နန်းတော်၏ ခွန်အားကိုသိတာတောင် ဤဓားကိုလာခိုးရဲခြင်းက သူမထံတွင် အပြင်ဘက်သို့ ထွက်ရန် နည်းလမ်းတစ်ခုခု ရှိ၍သာဖြစ်ရမည်။

မဟုတ်လျှင် ထျန်းရွှမ်တံခါးကနေ သေမှာသိရက်နဲ့ လာခိုးယူရဲလောက်မည့်ပုံ မပေါ်ပါပေ။

ခေါင်းကိုက်စရာကောင်းလိုက်တာ။

စုရှောင်ရှန် ခေါင်းကို လက်နှစ်ဖက်ဖြင့် ကာထားလိုက်ရင်း ဤနေရာမှ အရင်ဆုံးထွက်သွားရန် ဆုံးဖြတ်လိုက်သည်။ သူလည်း လျှိုလင်းလင်းကို ဘာမှ မလုပ်လိုက်ရာ ထိုမျက်နှာဖုံးတပ်နှင့်လူသူ့ကို အာရုံမစိုက်လောက်ပါပေ။

“ငါသွားတော့မယ် ငါ့နောက်ကနေ ထပ်မလိုက်လာနဲ့တော့” စုရှောင်ရှန် သူမကိုလှည့်ကြည့်ပြီးဆက်ပြောသည်။ “နင့်ကို ဓားအိမ်ပေးဖို့တော့မဖြစ်ဘူး။ ပြီးတော့ ရှုံးသွားတဲ့လူကလည်းနင်ဆိုတော့ ငါ့မှာ ယူပိုင်ခွင့်ရှိတယ်”

‘ဒီကောင်မလေးက မြန်လွန်းတယ်။ ငါသူ့ကို အနိုင်ယူလိုက်တယ်ဆိုတော့ အရှက်မရှိငါ့နောက်က ဆက်မလိုက်လာလောက်တော့ပါဘူး။ မဟုတ်ရင် တစ်ယောက်တည်းဘယ်လိုလှုပ်ရှားရတော့မှာလဲ’ သူတွေးလိုက်သည်။

လျှိုလင်းလင်း မြေပြင်ကို အားပြုပြီးထရပ်လိုက်သည်။ မထင်မှတ်ထားစွာ သူမ၏ ခွန်အားအနည်းငယ်ကိုပြန်ရလိုက်ပြီး တိုက်ခိုက်နိုင်နေနိုင်တာကိုတောင် သိလိုက်ရသည်။

သို့သော် စုရှောင်ရှန်၏ ခွန်အားကိုပြန်တွေးမိသော်….။

‘ထားလိုက်ပါတော့။ ဒီကောင်က အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်လည်းရှိတယ်။ ဓားအရာမှာလည်း သူမတူအောင်တော်တယ်။ ထူးထူးဆန်းဆန်းနည်းစနစ်တွေနဲ့ စိတ်ရှုပ်ဖို့ကလည်းကောင်းသေး။ လုံး၀ကို မကောင်းဆိုးဝါးတစ်ကောင်။ အကို ရွှမ်ရှင်းပဲ သူ့ကို အနိုင်ယူနိုင်လောက်မယ်ထင်တယ်’

“နင်ထွက်သွားချင်ရင်ရတယ် ငါ့ကိုတော့ ဖြေဆေးပေးခဲ့” လျှိုလင်းလင်း တစ်ဘက်သို့ အကြည့်လွှဲလိုက်သည်။

လျှိုလင်းလင်း သူ့ကို တကယ်ယုံတဲ့အတွက်ကြောင့် စုရှောင်ရှန် ရယ်ချင်သွားသည်။

“ဖြေဆေးမရှိဘူး”

“နင်…” လျှိုလင်းလင်း သူ့ကို ဒေါသတကြီး လှည့်ကြည့်လိုက်သည်။

“ဒီအဆိပ်ကိုဖော်စပ်တုန်းက ရန်သူ့ကို ဖြေဆေးပေးဖို့ မရည်ရွယ်ထားဘူး။ ဒါပေမယ့်…” စုရှောင်ရှန်က သူမကို မျက်စိထောင့်မှ ကြည့်ကာ စနောက်သလိုလိုပြောလိုက်သည်။ “နင့်ကိုကယ်ဖို့ နည်းလမ်းတစ်ခုတော့ရှိတယ်”

“ဘာနည်းလမ်းလဲ”

“အဆိပ်ကို အဆိပ်နဲ့တိုက်တာ”

“ငါက ဒီအဆိပ်ကိုတိုက်ခိုက်ဖို့ ဘယ်လိုအဆိပ်မျိုးကိုရှာရမှာ” လျှိုလင်းလင်း အေးစက်သွားသည်။

“ဟားဟား” စုရှောင်ရှန် လက်ကိုနောက်ပစ်ထားရင်း ကောင်းကင်သို့ပျံတက်သွားလိုက်သည်။ သူ့‌အ၀တ်အစားများက လေထဲ၌ လူးလွင့်နေ၏။ “တစ်ယောက်ယောက်ကို လွမ်းဆွေးတယ်ဆိုတာလည်း ၀မ်းတွင်းအဆိပ်ပဲ။ နင်ငါ့အကြောင်း တွေးနေသမျှကာလပတ်လုံးတော့ အဆိပ်က ထကြွဦးမှာမဟုတ်ဘူး”

လျှိုလင်းလင်းစွံ့အသွားသည်။ “စုရှောင်ရှန် နင်ရူးနေတာပဲ”

သို့မှ သူမကို စုရှောင်ရှန် အဆိပ်မခတ်ရဲလောက်ဘူးဟု တွေးမိပြီး နောက်ထပ်တစ်ကြိမ်လှည့်စားခံလိုက်ရတယ်ဆိုတာ သဘောပေါက်သွားတော့သည်။

“ဟုတ်သားပဲ” စုရှောင်ရှန် ပျံသန်းနေရင်း ရုတ်တရက် နောက်လှည့်ကာ လျှိုလင်းလင်း၏ ရင်ဘက်ကို လက်ညှိုးထိုးပြလိုက်ပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်။ “ပြောဖို့မေ့နေတယ်။ အ၀တ်အစားသေသေချာချာပြန်၀တ်ဦး”

“ပြီးတော့ နင်က အရွယ်ရောက်နေပါပြီ။ အ၀တ်အစားအသစ်လေးဘာလေး ၀ယ်ပါဦး။ နင်ဒီလောက် ကြပ်ထုပ်နေတဲ့ အ၀တ်အစားတွေကို ဘယ်လိုများ၀တ်နိုင်လဲမသိဘူး။ အသက်ရှူရမခက်ဘူးလား” စုရှောင်ရှန် မနေနိုင်ဘဲ မှတ်ချက်ပြုလိုက်၏။

အလန့်တကြား လျှိုလင်းလင်း အောက်သို့ငုံ့၍ ပြန်ကြည့်လိုက်သောအခါ အမာရွတ်တောင်မကျန်အောင် ဒဏ်ရာ ပျောက်ကင်းသွားသော ဖြူဖြူဖွေးဖွေး ရင်ဘက် ဟောင်း‌လောင်းကြီးကိုတွေ့လိုက်ရသည်။

သူမ၏ ပါးပြင်နှစ်ဖက် ရှက်သွေးဖြန်းသွားပြီး စုရှောင်ရှန်ကို ဝါးစားချင်သလို စူးစူးရှရှကြည့်ကာ အံကြိတ်လိုက်၏။

“စု… ရှောင်… ရှန်”

[လွမ်းဆွတ်ခြင်းခံလိုက်ရပါသည်။ ပင်ကိုယ်မှတ်+၁]

စုရှောင်ရှန် လန့်ဖျပ်သွားပြီး မြန်မြန်ပျံလိုက်တော့သည်။

“လျှောက်မလုပ်နဲ့နော်။ နင်ငါ့ကိုလိုက်ဖမ်းလဲ ငါ့ကိုနိုင်တာမဟုတ်ဘူး။ မလိုက်နဲ့တော့”

လျှိုလင်းလင်း ပြောစရာစကားများပျောက်ရှသွားသည်။ ထိုအချိန်တွင် စုရှောင်ရှန်၏ လျှာကို သူမ အဖြတ်ချင်ဆုံးဖြစ်လေသည်။

သူမ အလွန်ဒေါသထွက်နေသော်လည်း ဘာမှ မလုပ်နိုင်ပါပေ။

ပုဝါစတစ်ခုကိုထုတ်ယူပြီး ရင်ဘက်ကိုကာလိုက်သည်။ ထို့နောက် ညှင်သာသောလေသံဖြင့် အလေးအနက် ဆက်၍ “စုရှောင်ရှန် နင်ငါနဲ့ တကယ်မလိုက်ဘူးလား။ ထျန်းရွှမ်တံခါးကနေ ထွက်သွားတာနဲ့ နင်ငါ့ကို လိုချင်တယ်ဆိုရင်တောင် ရစေရမယ်။ ပြီးတော့ နင့်ကို အတွင်းစည်း၀င်ခွင့်တောင် သူတို့ ငြင်းပယ်လိုက်တယ်ဆို…”

“မလိုက်ဘူး” စုရှောင်ရှန် သူမကို ကြားဖြတ်ပြောလိုက်သည်။ “ငါနင့်ကို တစ်ခုမှ မဟုတ်တာလျှောက်မလုပ်ထားပါဘူး။ ငါ့ကိုတာ၀န်တွေဇွတ်မယူခိုင်းနဲ့။ ငါသဘောကောင်းနေတုန်း သတိပေးထားတယ်နော်။ အေး…”

လျှိုလင်းလင်း : “…”

“လျှောက်ပြောမနေနဲ့ဟဲ့။ ငါအတည်ပြောနေတာ” သူမ သုန်မှုန်စွာဆိုလိုက်သည်။

စုရှောင်ရှန် အပြုံးပျက်သွားသည်။ ၎င်းကရှားပေသည်။ ထို့နောက် မိုးကြိုးပင်လယ်ထဲမှာ ဆေးအိုးကြီးနှင့်တိုက်ကာ ရှောင်ထွက်သွားသည့်အတွက် မိုးကြိုးချက်တွေကြောင့် မဲသဲသွားပြီဖြစ်သော သူ၏ ဆေးမီးဖိုအိုးကြီးကိုထုတ်ယူလိုက်သည်။

တိတ်တခိုးနာကျင်ခြင်းကို ထုတ်ယူလိုက်သောအခါ ကံကောင်းစွာဖြင့် ၎င်းက မပျက်‌ဆီးသေးပါချေ။

ထို့နောက် ချောက်ကမ်းပါးပေါ်က လျှိုလင်းလင်းကို ကြည့်လိုက်ကာ “နင့်ကိုဒီလိုဒဏ်ရာရထားအောင်လုပ်လိုက်တာ နင်ငါ့ကို မမုန်းဘူးလား”

လျှိုလင်းလင်းက အသာအယာပဲ လက်ဝှေ့ရမ်းကာ “ဒီက အမကြီးက နင့်လို ကောင်လေးတစ်ယောက်ကို ဗွေမယူပါဘူး။ နင့်အရည်အချင်းတွေကို အသိအမှတ်ပြုပါတယ်”

စုရှောင်ရှန် ပြုံးကာ ခေါင်းကိုထပ်ခါရမ်းလိုက်သည်။ “ငါငြင်းတယ်”

“နင်တကယ်ပြောနေတာလား”

“နှစ်ကယ်”

“နင်ဘာကိုငြင်းနေတာလဲသိရဲ့လား။ နင်ဘာတွေကိုကော ဆုံးရှုံးသွားနိုင်လဲဆိုတာ နားလည်ရဲ့လား” လျှိုလင်းလင်းဒေါသူပုန်ထသွားသည်။ သူမက အမှန်အကန် သူ့ကို ရိုးရိုးသားသား ဖိတ်ခေါ်နေခြင်းဖြစ်ပါသည်။ ဘယ်သောအခါကမှ သူများကိုဖိတ်ခေါ်ဖို့နှင့် ဤလောက် အောက်မကျို့ဖူးပါ။

“ငါမသိသလို သိလည်းမသိချင်ဘူး” စုရှောင်ရှန် တိတ်တခိုးနာကျင်ခြင်းကိုပွတ်သပ်လိုက်သည်။ ထို့နောက် ဘာမှ မပြောဘဲ နောက်လှည့်ကာထွက်ပြေးသွားတော့၏။

“စုရှောင်ရှန်” လျှိုလင်းလင်း သူ့ကို အော်ခေါ်လိုက်သည်။ “နင်တကယ် အပြင်ဘက် ကမ္ဘာကြီးက ဘယ်လိုရှိလဲဆိုတာမသိချင်ဘူးလား။ နင်ထင်ထားသလိုနဲ့ ကွဲပြားရင်ကွဲပြားနေမှာလေ”

“ဒါ ငါ့ကမ္ဘာကြီးပါ။ ပြီးမှ ကိုယ့်ဟာကိုယ်ကြည့်မယ်”

လျှိုလင်းလင်းသူအဝေးသို့ပျံသွားတာကိုကြည့်နေရသည်။ ထို့နောက် ပါးစပ်နားတွင် လက်နှစ်ဖက်ကို ကပ်ကာ စူးစူးရှရှ အော်လိုက်၏။ “နင့်ကို ကာကွယ်မယ့်သူမရှိရင် နင်အရိုက်အနှက်ခံရမှာနော်”

“ဘာမှမဖြစ်ဘူး” သူပြန်အော်ပြောလိုက်သည်။

လျှိုရှင်းရှင်းက စုရှောင်ရှန်၏ လေးနက်သော လေသံကြောင့် အံ့အားသင့်သွားရသည်။ စုရှောင်ရှန် မိုးကုတ်စက်ဝိုင်းအလွန်၌ ပျောက်ကွယ်သွားတာကို ငူငူကြီးစိုက်ကြည့်နေမိတော့သည်။

“ငါ့ကမ္ဘာကြီး။ ငါ့ဟာငါကြည့်မယ်။ အရိုက်ခံရရင်တောင်မှတဲ့လေ” စုရှောင်ရှန်၏ စကားများကို သူမ ရေရွတ်လိုက်၏။

Comment

Leave a Reply

Options

not work with dark mode
Reset