Switch Mode

Chapter – 145

အံ့မခန်း အနီးကပ် တိုက်ခိုက်စွမ်း

အပိုင်း (၁၄၅) အံ့မခန်း အနီးကပ် တိုက်ခိုက်စွမ်း

ထျန်းရွှမ်တံခါးအတွင်းမှာ ‌နှင်းကျနေတာ ဘယ်သောအခါကမှ မရပ်ခဲ့ရပါ။

အနက်ရောင်ချောက်ကမ်းပါး၏ အထက်လေထဲ၌ လျှိုလင်းလင်းပျံဝဲနေသည်။ သူမ၏ ကျောမှ ခရမ်းရောင် အတောင်ပံများက တစ်ဂျစ် ဂျစ် မြည်သံများဖြင့် လျှပ်စီးများ အပြက်ပြက် လက်နေ၏။ ထိုစဉ် သူမက မြေကမ္ဘာပေါ်သို့ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးအလား။

သူ့ရှေ့တွင် ဓားတစ်ချောင်းသာ လက်ထဲ၌ ကိုင်ထားသော သာမန်ဆန်သည့် လူငယ်လေးတစ်ယောက်ရှိနေသည်။

စုရှောင်ရှန် တိတ်တခိုးနာကျင်ခြင်းကို ပွတ်သပ်ပြီးနောက် လှည့်ကာပြုံး၍ဆိုသည်။ “သေချာပြီလား”

“သေချာတယ်” လျှိုလင်းလင်း၏ ချိုမြိန်သော လေသံတွင် ခေါင်းမာမှုတို့ ရှင်လင်းပြတ်သားစွာပါ၀င်နေသည်။

လူငယ်တွေကို စိတ်လိုက်မာန်ပါ လုပ်ဆောင်ခြင်းမှ ရပ်၍မရပါလားဟု စုရှောင်ရှန် သက်ပြင်းချလိုက်၏။ ထို့နောက် ခေါင်းကိုခါရမ်းကာ မပီမသ ပြောလိုက်သည်။ “နင့်မိဘတွေတော့ နင့်ဆုံးဖြတ်ချက်ကြောက် ငိုကြွေးကြတော့မှာပဲ”

လျှိုလင်းလင်းဆိတ်ငြိမ်ကျသွားသည်။ သူမ၏ မျက်၀န်းများတွင် အန္တရာယ်ရှိ‌သော အလင်းများ ဖြတ်သွား၏။

“ဘယ်လို တိုက်ခိုက်ချင်သလဲပြော” စုရှောင်ရှန်ကလည်း နောက်ဆုတ်မည့်ဟန်မရပါ။

နယ်ပယ်ကြီးတစ်ခုကို ယခုမှ ချိုးဖျက်ထားသည်ဖြစ်ရာ သူ့တိုက်ခိုက်စွမ်းရည်ကို သူကိုယ်‌တိုင်တောင် သေချာမသိပါလေ။ ထိုက်တန်တဲ့ လျှိုလင်းလင်းလိုပြိုင်ဘက်တစ်ယောက်နှင့် ယှဉ်ပြိုင်ကြည့်ပြီးမှ သေချာပြောနိုင်မည်။

အခြားအတွင်းစည်းထိပ်သီး(၃၃) ဦး၀င် ယွမ်တု‌တောင် လျှိုလင်းလင်းလောက် သန်မာမည်ဟု စုရှောင်ရှန်မထင်ပါ။ ဒီလျှိုလင်းလင်းကဆန်းကြယ်သည်။ သူတော်စင်အစေအပါးတစ်ယောက်ဖြစ်ရာ အချဉ်ဖြစ်ပါ့မည်လား။

စုရှောင်ရှန် သဘောထားကြီးစွာ ရွေးချယ်ချက်များပေးလိုက်သည်။ “အနီးကပ်တိုက်ပွဲ၊ ဓားတိုက်ပွဲ၊ မဟုတ်လည်း စိတ်ဝိညာဉ်နည်းစနစ်တွေချည်းသက်သက်တိုက်ပွဲ။ ကြိုက်တာရွေး”

၎င်းတို့က သူတတ်နိုင်သည့် တိုက်ခိုက်နည်း(၃) မျိုးဖြစ်သည်။ သူ့အမြင်တွင်ပါရမီရှင်ဆိုတာ ရုပ်ပိုင်းဆိုင်ရာရော၊ နည်းစနစ်ပိုင်းဆိုင်ရာမှာပါ တူညီစွာ အထမြောက်ကျွမ်းကျင်သည့်သူဖြစ်သည်။

သူက ဓားလည်းသုံးတတ်သည်။ စိတ်ဝိညာဉ်နည်းစနစ်များနှင့်လည်း အဆင်ပြေသည်။ နောက်ဆုံး လက်သီးချင်းယှဉ်ထိုးရင်တောင် သူက အသားစီးရမည့်သူဖြစ်သည်။ သာမန်ပါရမီရှင်များထက် သူပို၍ သန်မာလေပြီ။

“ငါ နင့်ကို ဖိနှိပ်ပြမယ်” လျှိုလင်းလင်း အေးတိအေးစက် တုန့်ပြန်လိုက်သည်။ သူမ၏ လက်လေးချောင်းကို တြိဂံပုံ ပူးကပ်လိုက်ပြီး စုရှောင်ရှန်ကို ထိုတြိဂံ၏ အလယ်၌ ထားလိုက်သည်။

စုရှောင်ရှန်၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အား ဘယ်လောက် ကြမ်းသလဲ သူမ မသိပါ။ ထိုအခြေအနေတွင် အနီးကပ်သွားတိုက်ခိုက်ခြင်းက ဦးနှောက်မရှိသူများသာလုပ်ပေမည်။ ကနဦးတည်းက သူမက ဓားသမားလည်းမဟုတ်ရာ နောက်ဆုံးရွေးချယ်ချက်က အဝေးတိုက်ခိုက်ခြင်းဖြစ်သည့် နည်းစနစ်များပင်။

သူမ၏ လက်ကွက်ကိုမြင်သောအခါ စုရှောင်ရှန် အန္တရာယ်ကို အာရုံခံလိုက်ရသည်။ သူ့ခေါင်းကိုမော့ကြည့်လိုက်ရာ ကောင်းကင်ယံ၌ အနက်ရောင် တိမ်တိုက်များ စုစည်းလာတာကိုတွေ့လိုက်ရသည်။ ထိုတိမ်တိုက်များအကြား၌ လျှပ်ပန်းများ ငွေရောင်မြွေများသဖွယ် ပြိုးပြိုးပြက်ပြက် ကူးလူး လှုပ်ခတ်သွားလာနေကြ၏။

“ငါ့ကို အတင်းအကြပ် အဆင့်တက် မိုးကြိုး ခံခိုင်းမလို့လားဟ”

စုရှောင်ရှန်က ထိုစာအုပ်ထဲမှ ငတုံးကောင်တချို့လို့ ငူငူကြီးရပ်၍ မိုးကြိုးအပစ်ကိုတော့ ခံမည်မဟုတ်ပါ။ ချက်ခြင်း အနက်ရောင် တိမ်ဆိုင်တိမ်ခဲများအကြားကိုဖောက်၀င်သွားလိုက်သည်။

သူ့ကိုအပ်ထောင်ပေါင်းများစွာဖြင့် ထိုးစွနေ‌သလို စူးဆူးသလို ခံစားချက်ကြီးရလာခဲ့သည်။ သို့သော် ၎င်းက ဖျော့တော့တော့သာဖြစ်ရာ သူခံနိုင်သည့်အတိုင်းအတာထဲမှာရှိသည်။

“ဟားဟား နင့် မိုးကြိုးတွေလည်း အထက်ကို တက်လား သိချင်မိတယ်”

စုရှောင်ရှန်၏ ထင်မှတ်မထားသော အကွက်ကြောင့် လျှိုလင်းလင်း အံ့အားသင့်သွားရပြီး သတိပြန်လည်လာအောင် အချိန်ခဏယူလိုက်ရ၏။

“ဟက်… နင်ခန့်မှန်းတာ မှန်တယ်”

ဂျိမ်းးးး…။

ခရမ်းရောင်မိုးကြိုးအလင်းတန်းတစ်ခု မြွေတစ်ကောင်အလား ကောင်းကင်အထက်ကို ပျံတက်သွားသော ‌စုရှောင်ရှန်နောက်လိုက်သွားလိုက်သည်။

သူဒီတစ်ခါတော့ ပြင်ဆင်ထား၏။ မိုးကြိုး၏ အလင်းလိုအလျှင်နောက်ကို လိုက်၍ ရှောင်နိုင်မှာမဟုတ်တာ သိသလို ရူပဗေဒကို သင်ခဲ့ရသောကြောင့် ၎င်းတို့၏ ဂုဏ်သတ္တိကိုလည်း ကောင်းကောင်းကြီးသိပါသည်။

သူ့တိတ်တခိုးနာကျင်ခြင်းကို ဆတ်ကတည်း တုန်ခါရာ မိုးကြိုးအလင်းများက ဓားကိုချက်ခြင်းလာရစ်ပတ်လိုက်ကြ၏။ စုရှောင်ရှန် ထိုအလင်းတန်းများကို ဘေးတစ်ဘက်သို့ ပစ်လွှတ်လိုက်သည်။

ဘုန်း…။

အနီးနားမှ ပေါက်ကွဲသံကြီးက သူ့နားစည်များကို တုန်ခါသွားစေ၏။ တိတ်တခိုးနာကျင်ခြင်း အဆင်ပြေပါစေဟု ဆုတောင်းလိုက်ပြီး လက်သီးကျစ်ကျစ်ပါအောင်ဆုပ်ကာ သူ့အောက်မှ တိမ်ထူကြီးကိုကြည့်လိုက်သည်။

“ငရဲမီးတောက် ကောင်းကင်”

သူ့ဒန်ထျန်ထဲမှ စိတ်ဝိညာဉ်အနှစ်များ ချက်ခြင်း ကုန်ခမ်းလာခဲ့ပြီး သူ့နံဘေးရှိ လေဟာနယ်တွင် အပူချိန် အပူတပြင်းတက်လာခဲ့သည်။

ထိုစိတ်ဝိညာဉ်စွမ်းအင်များက ရှေးပဝေသဏီကတည်းက တည်ရှိခဲ့သည့်အလား ကောင်းကင်နှင့် မြေပြင်အကြားတွင် ကူးခတ်နေတာ ကြည့်ရှူသူတိုင်းကို သွေးဆူလာစေလောက်သည်။ ထိုစွမ်းအင်များတောင် မြူခိုးများအဖြစ် အသွင်ပြောင်းကာ လေအထက်သို့တက်သွားကြ၏။

စုရှောင်ရှန်၏ လက်သီးဆုပ်လိုက်ခြင်းနှင့်အတူ ထိုမိုးတိမ်ဆိုင်ခဲများ ချက်ခြင်း အငွေ့ပျံတက်သွားတော့သည်။

သူတို့အကြားရှိ တိမ်တိုက်များ မရှ်ိတော့ရာ လျှိုလင်းလင်း၏ အံ့အားသင့်နေသောအကြည့်နှင့် သူ့အကြည့်တို့ ဆုံဖက်သွားကြလေသည်။

နောက်စက္ကန့်ပိုင်းအတွင်း သူမ၏ အမူအရာက နာကျင်မှုကို ဖော်ပြသလိုဖြစ်လာခဲ့၏။

ရှဲ ရှဲ

“ငရဲမီးတောက်… လျှပ်တစ်ပြက်အတွင်း” စုရှောင်ရှန် ဘ၀ခိုက်သွားသည်။

ငရဲမီးတောက်ကောင်းကင်၏ မျက်စိဖြင့် မမြင်နိုင်သော မီးလျှံများက လျှိုလင်းလင်းကို ‌ရစ်ပတ် လောင်ကျွမ်းလိုက်ကြသည်။

သူတို့သုံးလိုက်သော နည်းစနစ်များက အလွန် အဖျက်စွမ်းအားကြီးသလို ချက်ခြင်းလည်း အကျိုးသက်ရောက်မှုရှိကြပေသည်။

“ဘယ်လို မှော်အတတ်လဲဟ”

လျှိုလင်းလင်းက အကြောင်းဖန်သောထိုညက ရှောင်းယီခံစားသလို ခံစားနေကြရသည်။ စိတ်ဝိညာဉ်အနှစ်များဖြင့် အလိုလို သူမကိုကာလိုက်ရာတွင် စိတ်ဝိညာဉ်အနှစ်များကိုပါ လောင်ကျွမ်းသွားတာ ထိန်လန့်တုန်လှုပ်ဖွယ်ရာ တွေ့လိုက်ရ၏။

စုရှောင်ရှန်က ထိုကြမ္မာငင်သည့် နေ့က စုရှောင်ရှန် မဟုတ်တော့ပါလေ။

မူလနန်းတော်နယ်ပယ်ကို သူတက်ရောက်သွားခဲ့ပြီးဖြစ်၏။ အစောပိုင်းအဆင့်၌သာဖြစ်သော်လည်း စိတ်ဝိညာဉ်အနှစ်ကို စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် ကတည်းက ရှိခဲ့တဲ့သူ့အဖို့အလား ယခု စိတ်ဝိညာဉ်အနှစ်၏ အရည်အသွေးနှင့် အရည်အတွက်က သာမန်လူများနှင့်ယှဉ်လျှင် အင်မတန် မြင့်မား နေသည်။

ထို့ပြင် စစ်မှန်ခြင်းနယ်ပယ်သို့ရောက်သောအခါတွင်လည်း သူ၏ ဒန်ထျန်က ဩချရလောက်အောင် မယုံနိုင်စွာ ကြီးမားလာခဲ့သည်။

သူ့”အဆင့်မြင့်စွမ်းအင်” ကိုတောင် အဆင့်မြှင့်စရာမလိုပါဘဲ စိတ်ဝိညာဉ်စွမ်းအင်ပြန်လည်ပြည့်ဖြိုးနှုန်းက ဒန်ထျန် ကျယ်သွားသည်တောင် မပြောင်းမလဲရှိနေသေးသည်။ သို့ဖြင့် သူစိုးရိမ်စရာမလိုပါပေ။

လျှိုလင်းလင်း သူမ၏ စိတ်ဝိညာဉ်အကာအကွယ်ကို အသည်းအသန်ပြန်လုပ်နေချိန် စုရှောင်ရှန် အငိုက်ဖမ်းလိုက်သည်။ သူ့တစ်လက်ချောင်းကို ကွေးလိုက်ရာ လျှိုလင်းလင်းကို လောင်ကျွမ်းနေသော ငရဲမီးတောက်ကောင်းကင်မီးလျှံများက အရွယ်အစားကျုံ့သွားခဲ့သလို တစ်ချိန်တည်း ပို၍လည်း ပူပြင်းလာခဲ့သည်။

သူ့စစ်မှန်ခြင်းနယ်ပယ် စာဖိုမှူးနှင့်ဆိုလျှင် မီးလျှံများကို စိတ်ကြိုက်အဝေးမှ ထိန်းချုပ်နိုင်ပေပြီ။

လျှိုလင်းလင်း နာကျင်မှုကိုသာ ခံစားနေရသည်။ သူမတွင် စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်မရှိပါပေ။ မိုးကြိုးနတ်ဘုရားသဏ္ဌာန်အကာအကွယ်ကြောင့်သာမဟုတ်ပါက ထိုမီးလျှံများသူမကို ဒဏ်ရာ ပြင်းပြင်းထန်ထန်ရအောင်တစ်မျိုး မဲချိတ်သွားအောင်တစ်ဖုံ လောင်ကျွမ်းပြီးသွားလောက်ပြီ။

“သူ့စိတ်ဝိညာဉ်နည်းစနစ်က ဘာလို့ ဒီလောက် ကြမ်းရတာလဲ”

လျှိုရှင်းရှင်း ခုခံကာကွယ်သည့်စိတ်ဝိညာဉ်နည်းစနစ်အချို့ကိုသိပါသည်။ သို့ဖြင့် ခံစစ်ဖြင့်သာ အကောင်းဆုံးတိုက်စစ် ဖွင့်ရန် ဆုံးဖြတ်လိုက်သည်။

သူမ၏ လက်ချောင်းများကို ကုတ်လိုက်ပြီး လေထဲကို ပိုင်းဖြတ်လိုက်ရာ ကောင်းကင်ယံတွင် အပေါက်ကြီးဖြစ်ပေါ်လာတော့သည်။

“မိုးကြိုးငရဲ”

အရှင်သခင်နယ်ပယ် စိတ်ဝိညာဉ်နည်းစနစ်…။

မီတာ ရာနှင့်ချီ၍ စုရှောင်ရှန်အနားရှိ လေဟာနယ်ပေါက်ပြဲသွားသည်။ ထို့နောက် အနက်ရောင်လျှပ်စီးများတစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားကြပြီး ရှေးဟောင်နတ်သစ်ပင်အမြစ်များသဏ္ဌာန်ပေါ်လာတော့သည်။

ဘုန်း ဘုန်း ဘုန်း

ကောင်းကင်ယံတစ်ခုလုံးတွင် ပိုးအိမ်သဏ္ဌာန်မိုးကြိုးပင်လယ်ပြင်ကြီးဖြစ်သွားပြီး စုရှောင်ရှန်အပေါ် ရွာချလိုက်ကြ၏။

လျှိုလင်းလင်း အသက်ကို ပြင်းပြင်းရှိုက်လိုက်သည်။ ထိုတိုက်ကွက်က သူမ၏ စိတ်ဝိညာဉ်အနှစ်များအတော်များများကို ကုန်ခမ်းသွားစေလေသည်။ ရုတ်တရက် အပေါ်သို့ မော့ကြည့်နေရင်း ချက်ခြင်း သူမ၏ မျက်ဆံများကျုံ့သွားပြီး ကြက်သီးမွှေးညှင်းများထောင်ထလာ၏။

မိုးကြိုးငရဲအတွင်း၌ ဆေးမီးဖိုအိုးကြီး တစ်လုံးပေါ်လာခဲ့သည်။

အဲ့တာဘာကြီးလဲ။

စုရှောင်ရှန်ဘယ်ရောက်သွားတာလဲ။

သူမ၏ စိတ်ဝိညာဉ်အာရုံကိုဖြန့်ကျက်လိုက်သောအခါ သူမထံကို လေကိုခွင်းပြီးဝင်လာနေသည့် မတည်မငြိမ် ဖြစ်‌နေသော စွမ်းအင်လုံးကြီးတစ်ခုကိုတွေ့လိုက်ရသည်။

“အဆင့်နိမ့်မီးဘောလုံး”

သန့်စင်ထားသောထိုမီးတောက်အစေ့မှ ကျစ်ကျစ်တောက်ပူနေသည့် အပူချိန်က လုံး၀ ကြောက်မက်ဖွယ်ရာအတိဖြစ်သည်။ လျှိုလင်းလင်း ၎င်းကို တွေးစရာတောင်မလိုဘဲ အလိုလို ရှောင်လိုက်သည်။

ဘုန်းးးး…။

ပေါက်ကွဲမှုကြီးတစ်ခုက ကောင်းကင်အနှံ့ကို အပူလှိုင်းများ လွင့်ပြန့်သွားစေ၏။ မြေပြင်ပေါ်သို့ ကျလာနေသော နှင်းများလည်း အပူနှင့် ထိတွေ့ပြီး ရေငွေ့ပျံသွားကြကာ ကောင်းကင်ယံတွင် မှိုသဏ္ဌာန် တိမ်ဆိုင်တိမ်ခဲကြီးပေါ်လာတော့သည်။

ထိုပေါက်ကွဲမှုမှ အားက လျှိူလင်းလင်းကို အဝေးသို့ လွင့်ထွက်သွားစေ၏။

တိုက်တိုက်ဆိုင်ဆိုင် သူမ လွင့်ထွက်သွားသောနေရာမှာ နောက်ထပ်ငရဲမီးတောက်အစေ့တစ်စေ့ ‌ကြိုရောက်နှင့်နေပြီဆိုတာ သိလိုက်ရရာ လိပ်ပြာလွင့်မတတ် ရင်တဖိုဖိုဖြစ်သွားတော့သည်။

‌အဝေးတစ်နေရာ၌ လက်ထဲတွင် ငရဲမီးတောက်အစေ့ သုံးစေ့ကို ကစားနေသော ခပ်ညစ်ညစ်အပြုံးနှင့် စုရှောင်ရှန်ကိုမြင်ရ၏။

“အေးဆေးပေါ့။ လောစရာမလိုပါဘူး” သူပြောသည်။

“နင်နောက်တစ်ခုကိုရှောင်နိုင်ရင်လည်း နောက်တစ်ခုက ရောက်လာမှာပဲ။ အဲ့တစ်ခုကို ရှောင်နိုင်လိုက်ပြန်ပြီဆိုရင်လည်း နောက်(၃) ခုက ဆက်ရောက်လာနေဦးမှာပဲ”

လျှိုလင်းလင်း ထိုငရဲမီးတောက်အစေ့နှင့် အလျှင်အမြန်နီးကပ်သွားပြီဖြစ်သည်။ ထိုမှ သူ့စကားကိုကြားလိုက်ရရာ ဘေးသို့ ချက်ခြင်းတိမ်းရှောင်လိုက်သည်။

“ခရမ်းရောင်လျှပ်ပြက်ခြင်း”

လျှိုလင်းလင်း အချိန်ကိုက် သူ့ မီးတောက်အ‌စေ့ကို ရွှေရောင်လျှပ်စီးအသွင်ပြောင်းပြီး ရှောင်သွားတာကို စုရှောင်ရှန်မြင်လိုက်ရသည်။

“မီနာတိုလားဟ” စုရှောင်ရှန် လန့်ဖျပ်သွားသည်။ (Naruto အဖေ)

ဤသို့သော ကြည့်၍လှကာ မိုက်သော နည်းစနစ်ရှိသည့်သူများကို သူတကယ် အားကျရပါသည်။

ကံဆိုးစွာဖြင့် သူ့ပါရမီကြောင့် ပျင်းစရာ‌ကောင်း‌ ပေမယ့် အဖျက်စွမ်းအားက‌တော့ ခံရသူအဖို့ လက်ဖျားခါသွားရလောက်သော သူကိုယ်တိုင်ဖန်တီးထားသော နည်းစနစ်များဖြင့်သာ နှစ်ပါးသွားနေရသည်။

ဇက် ဇက်

ငှက်တေးသီသလိုအသံများနှင့်အတူ လျှိုလင်းလင်း၏ လက်တစ်ဖက်တွင် လျှပ်စစ်များ ရစ်သိုင်းလာသည်ကို စုရှောင်ရှန်မြင်ရ ကြားရလိုက်သည်။

“ချီဒိုရီလားဟ” (Naruto ရဲ့ အချစ်တော် Sasuke ရဲ့ sig move)

“မိုးကြိုးရိုက်ချက်” သိမ်းငှက်အစာကုတ်သကဲ့သို့ ဖမ်းဆုပ်ချင်သလိုမျိုး စုရှောင်ရှန်စီကို ဦးတည်ပြီး လေးကြိုးမှ ပစ်လွှတ်လိုက်သည့် မြှားပမာ လေကိုခွင်းပြီး ၀င်သွားလိုက်သည်။

စုရှောင်ရှန်မှာ အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ရှိတော့ဘာဖြစ်လဲ။ သူမတွင်လည်း ဧရိယာ သေးငယ်ပေမယ့် အဖျက်စွမ်းအားအရာမှာ လက်ဖျားခါရလောက်သည့် အရှင်သခင်နယ်ပယ် စိတ်ဝိညာဉ်နည်းစနစ်ရှိပါသည်။

ဟူးးးး…။

လုံး၀ အရေးအကြီးသည့်အခိုက်အတန့်တွင် စုရှောင်ရှန် အချိန်ကိုက် အသက်ကို ပြင်းပြင်းရှိုက်လိုက်သည်။

၎င်းက စိတ်ဝိညာဉ်စာကြည့်တိုက်၌ အလင်းပေါက်ပြီး အကြီးအကဲစန်းကိုထိမှန်သွားသော ငရဲမီးတောက်အစေ့ကို စုပ်ယူချိန်က အသုံးပြုလိုက်သော အကွက်ဖြစ်သည်။ ၎င်းကို အနီးကပ်တိုက်ကွက်လို့ပြောလို့ရပေမည်။

ထိုစဉ်က ပျို့ချင်သလို အန်ချင်သလို အချဉ်နံ့ကြီးကိုရမယ့်အစား စုရှောင်ရှန် မိန်းမပျိုလေးတစ်ဦး၏ လန်းဆန်းဖွယ် ကိုယ်သင်းရနံ့ကိုသာ အနံ့ခံလိုက်ရသည်။

ဂျစ်…။

သူမ လက်က စိတ်ဝိညာဉ်အနှစ်များ ရုပ်ချည်း အားနည်းသွားမှုက လျှိုလင်းလင်းကို မှင်တက်သွားစေ၏။ ဘယ်အရာက ဤအချင်းအရာကို ဖြစ်စေလဲ သူမသိပါ။

သူမ လက်၌ ရစ်ပတ်မြူးပျော်နေကြသော လျှပ်စီးများ ချက်ခြင်း စုရှောင်ရှန်၏ အ၀တ်အစားကို လောင်ကျွမ်းနိုင်ရုံလောက်သာ အားပျော့သွားသည်။ သူမ၏ လက်သည်းများက စုရှောင်ရှန်၏ အသားကိုမဖောက်ထွင်းသွားစေဘဲ ထိုအစား ကလူကျီဆယ်သလို ကုပ်လိုက်သလိုသာဖြစ်သွားသည်။

သူ့ရင်ဘက်တွင် တင်ထားသော လျှိုလင်းလင်း၏ ဖြူဖွေးနေသော လက်ကို စုရှောင်ရှန် ငူငူကြီးစိုက်ကြည့်လိုက်သည်။

“နင်ငါ့ကို အသားယူနေပြန်ပြီ”

“…”

လျှိုလင်းလင်း မတုန့်ပြန်‌နိုင်ခင် စုရှောင်ရှန်သူမ၏ ဖြူဖွေးဖွေးလက်ကောက်၀တ်ကို ကိုင်၍ ဆောင့်လိုက်ရာ ကိုယ်အရှေ့ဘက်ခြမ်း အကာအကွယ်မဲ့သွားခဲ့၏။

ထို့နောက် သူ့လက်ချောင်းများကိုဓားသဏ္ဌာန် ပြောင်းလိုက်ကာ မိန်းကလေးဆို၍ ညှာတာမှုပြမနေပါဘဲ ရင်ဘက်ထဲကို လက်ချောင်းများ ထိုးစိုက်ပစ်လိုက်တော့သည်။

“ဟင့်…”

လျှိုလင်းလင်း၏ မျက်လုံးများပြူးကျယ်သွားပြီး စုရှောင်ရှန်၏ မျက်နှာပေါ် ပါးစပ်နှင့်အပြည့် သွေးတစ်လုတ် အန်ထုတ်လိုက်သည်။

စုရှောင်ရှန်က အသက်ကို သာသာလေး ရှိုက်ထုတ်လိုက်ပြီး သူမကို အေးတိအေးစက် စိုက်ကြည့်လိုက်သည်။

၎င်းက စစ်မှန်ခြင်းနယ်ပယ်သို့ ရောက်ပြီးနောက် သူ၏ ပထမဆုံးတိုက်ပွဲဖြစ်သည်။ သူမက အဆင့်မြင့်စိတ်ဝိညာဉ်နယ်ပယ် သူတော်စင်အစေအပါးတစ်ယောက်ဖြစ်သည့်အတွက် လျှိုလင်းလင်းကို သူ့ထက်သန်မာလိမ့်မည်ဟု မျှော်မှန်းထားသော်လည်း အထင်နှင့်အမြင်နှင့် တစ်လွဲစီဖြစ်နေ၏။ သူမက အလွန့်အလွန်ကို အားနည်းပေလေသည်။

“မှတ်ထား။ နင့်စိတ်ဝိညာဉ်နည်းစနစ်တွေ ဘယ်လောက်သန်မာနေပါစေ။ ငါနဲ့ အနီးကပ်တိုက်ပွဲမှာတော့ ဘယ်တော့မှ ယှဉ်လို့မရဘူး။ ဒါမျှော်လင့်ချက်မရှိတဲ့ တိုက်ပွဲပဲ”

ထို့နောက် သူ့မျက်နှာမှ သွေးများကိုသုတ်လိုက်ပြီး တဖြည်းဖြည်းအရောင်မှိန်လာသော လျှိုလင်းလင်း၏ မျက်လုံးတည့်တည့်ကိုစိုက်ကြည့်ကာ ခံစားချက်ကင်းမဲ့စွာဆိုလိုက်သည်။ “နင်ရှုံးသွားပြီ”

Comment

Leave a Reply

Options

not work with dark mode
Reset