အပိုင်း (၁၄၃) အမှန်တရား
“စု… ရှောင်… ရှန်”
သွေးဆုတ်ဖြူရော်သွားသော လျှိုလင်းလင်းက ဆေးတစ်လုံးမျိုချလိုက်ပြီးနောက် ရင်ဘက်ကိုကိုင်ကာ အသက်ပြင်းပြင်ရှူလိုက်မှ နေသာထိုင်သာရှိသွားတော့သည်။
သူမက ကတိဖောက်သူဖြစ်သည်။ သို့ကြောင့် စုရှောင်ရှန်နှင့် အသေအချာဆွေးနွေးပြီး တစ်ခုခု အလျော်အစား ပြန်ပေးဆို ပေးဖို့တောင် တွေးထားသည်။ တစ်ခုနှင့်မရလျှင် တန်ဖိုးရှိသော ပစ္စည်းများစွာနှင့်လဲဖို့တောင် ဆန္ဒရှိ၏။
သို့သော် စုရှောင်ရှန်က သူမ ဘာမှ မဘာရသေးခင် တစ်စက်ကလေးမှ မထိန်ချန်ထားဘဲ ပြင်းပြင်းထန်ထန် အရင်ဆုံးတိုက်ခိုက်လေသည်။ မိန်းမတွေကို မရိုက်ချင်ဘူးဆိုတဲ့ သူ၏ စကားက ဟာသလော။
“ယောက်ျားတွေအားလုံး လူလိမ်တွေ”
ဘာဖြစ်ဖြစ် သူ့တိုက်ကွက်ကြောင့် သူမ အံ့အားသင့်သွားရသည်။ အတွင်းစည်း၌ အသေအချာ ၀င်ရောက်ရောနှောက်ပြီးနောက်ပိုင်းမှာတောင် သူမကို ယှဉ်နိုင်သည့် လူရှားလေသည်။
သို့ဖြင့် ထျန်းရွှမ်တံခါးအတွင်း ထိုက်တန်သည့် ရန်သူတွေ့မှာမဟုတ်ဘူး တွေးထင်ထားသည်။ သို့သော် ကံဆိုးစွာ စုရှောင်ရှန်နှင့်လာတိုး၏။
ထိုစုရှောင်ရှန်၏ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် ဒဏ်ခံနိုင်ရည်တို့က အင်မတန်ကြောက်မက်ဖွယ်ရာအတိဖြစ်ပြီး ဓားလမ်းစဉ်၌လည်း အများသူငှာလိုက်မမှီနိုင်သော အဆင့်တစ်ခုထိ ရောက်ရှိနေပြီးဖြစ်သည်။
အကိုရွှမ်ရှင်း နှင့် ယှဉ်ရလျှင်… ထားလိုက်ပါတော့ မယှဉ်တာကောင်းပါတယ်။
“စုရှောင်ရှန် နင်တကယ် သေချင်နေတာလား” သူမ ဒေါသူပုန်ထပ်ထသွားပြီး စုရှောင်ရှန်ကို ဒေါသမျက်လုံးများဖြင့် စူးစူးရှရှ စိုက်ကြည့်လိုက်သည်။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[လွမ်းဆွတ်ခြင်းခံလိုက်ပါရသည်။ ပင်ကိုယ်မှတ် +၁]
“လွမ်းတယ်” စုရှောင်ရှန် ပျံသန်းနေတာကို ရပ်လိုက်သည်။ သူ့လက်နှစ်ချောင်းက ရန်သူတိုင်းကို ဖျက်ဆီး ဖို့ အဆင့်သင့်ဖြစ်နေသယောင်ယောင်။
“ဘာလို့ သူမက ငါ့ကို လာလွမ်းတာတုန်းဟ”
ကျိန်ဆဲခံရမှာကို သူမကြောက်ပါ။ ဒါပေမယ့် မှတ်ထားခံရတာတို့ လွမ်းဆွေးခြင်းခံရတာတို့ကိုတော့ ကြောက်မိသည်။ အထူးသဖြင့် ထိုလွမ်းဆွတ်သူက မိန်းကလေးတစ်ယောက်ဆိုပါတော့။
ထိုသို့သော အသိပေးချက်များ ဘယ်သောအခါကမှ ကောင်းတာ မဖြစ်လာဖူးပါပေ။ သူမှတ်မိသလောက်ကတော့ ထိုသို့ပေါ်လာသည်မှာ မျက်နှာဖုံးတပ်နှင့် လူကိစ္စတုန်းကဖြစ်၏။
စုရှောင်ရှန် မခံမရပ်နိုင်အောင် တုန်ခါသွားသည်။
“နေပါဦး။ ငါဘာမလိုချင်ဘူး”
သူ့လက်နှစ်ဖက်ကို ငြိမ်းချမ်းရေးပုံစံ လက်နှစ်ချောင်းပြလိုက်ပြီး “နင်ငါ့စီက ဓားအိမ်ကိုလုတယ်လေ။ ဒါကြောင့် ငါတိုက်ခိုက်လိုက်တယ်။ ငါတို့နှစ်ယောက် ကြေပြီ။ ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပြီး ကိုယ့်လမ်းကိုယ် သွားရအောင်”
လျှိုလင်းလင်း ဒေါသထွက်လွန်းလို့ သွေးတစ်လုတ်တောင် ထပ်အန်ထုတ်မိမတတ်ဖြစ်သွားတော့သည်။ သူမကို တိုက်ခိုက်တာနဲ့ သူ့ဓားကိုလုတာကို မျှတတဲ့ ဖလှယ်မှုလို့ထင်နေတာလား။
သူ့တိုက်ကွက်က ထိသွားမှတော့ သူမကို ထိုဓားအိမ်မပေးလိုက်သင့်ဘူးလား။ ဒီလူ တကယ် အရှက်မရှိပါပေ။
“စိတ်ထိန်း စိတ်ထိန်း”
ဘာပြောပြော သူကလည်း သူမလို လျှို့ဝှက်တာ၀န်ထမ်းဆောင်နေသည့်သူဖြစ်ရာ စွမ်းဆောင်ရည်ရှိတာကတော့ သေချာပြီး လွယ်လွယ်နှင့် သွားရှုပ်လို့ရမည်မဟုတ်။
သူမကိုလည်း တမင်တကာ ရန်စနေခြင်းဖြစ်နိုင်သည်။ လုံး၀ ပေါက်ကွဲထွက်သွားလို့မရပါလေ။
စုရှောင်ရှန် စကားတစ်ခွန်းမှ ပြန်မပြောဘဲ ဟောဟဲသာစိုက်နေသော လျှိုလင်းလင်းကို ကြည့်ပြီး အကြီးအကျယ်ကြီး အံ့အားသင့်သွားရသည်။
သူမ မသက်သာသေးဘူးလား။ ဆေးတစ်လုံးသောက်လိုက်တယ်မလား။ ဘာလို့ သူ့ကို ပြန်မချသေးတာလဲ။
“နင်သေတော့မှာလား။ ဒီလိုတော့မလုပ်နဲ့ ငါ့မှာ ဆေးရည်တစ်မျိုးရှိတယ်။ နင့်ကိုကယ်နိုင်တယ် သောက်ကြည့်မလား” စုရှောင်ရှန် ရပ်တန့်လိုက်ပြီး လျှာသပ်ကာ “အရသာလည်းရှိတယ်”
“ငါ…” သူမကြားလိုက်ရသည်များကို မကြည်နိုင်သဖြင့် လျှိုလင်းလင်း မျက်လုံးပြူး မျက်ဆံပြူးဖြစ်သွားသည်။
သူမကိုသေတော့မယ်လို့ ဆဲလိုက်တာလား။ ဘယ်လို လူကောင်းတစ်ယောက်က ထိုသို့ မေးခွန်းမျိုးမေးမှာလဲ။ ဒါသူ့ကြောင့်ဖြစ်သွားတာမဟုတ်လား။
အော့…။
လျှိုလင်းလင်း မခံနိုင်တော့ဘဲ သွေးတစ်လုတ်အန်ထုတ်လိုက်ရတော့သည်။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
[မုန်းတီးခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၁]
လျှိုလင်းလင်း ကို သတ်ရန် ရည်ရွယ်ချက်မရှိသည့်အတွက် စုရှောင်ရှန် ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ ကျန်းရှင်းရှုံက သူမကို လွှတ်လိုက်တယ်ဆိုပေမယ့် သူမက တခြားလုပ်ကြံသူများလို ခက်ထန်ခြင်းမရှိဘဲ ကွဲပြားလေသည်။
သူမက ဟောင်သာဟောင်တတ်သော ခွေးနှင့်တူသည်။ သူ့ကို သတ်မယ်လို့ ပြောနေပေမယ့် အတည်လုပ်မည့်ဟန်မရပါလေ။
ထို့အတွက် သူမကို သတ်ရန်အတွက် အပြစ်ရှိသလို စုရှောင်ရှန်ခံစားရသည်။
သူဖော်စပ်ထားသော ဆေးရည်တစ်ပုလင်းထုတ်လိုက်ကာ “သောက်ကြည့်။ တကယ် အရသာရှိတယ်”
စားဖိုမှူး လက်ရာ ကြောင့် ထိုပရင်းရောင်အချိုရည်က ချိုမြိန်ပြီး အစပ်အဟပ်လည်း တည့်သွားလေသည်။ စုရှောင်ရှန် ပုလင်းအနည်းငယ်ကို ကိုယ်နဲ့မကွာဆောင်ထားတတ်ပြီး ဘာမှ လုပ်စရာမရှိလျှင် အချိုရည်လို သောက်တတ်သည်။
၎င်းက သူမဟုတ်သည့်အခြားတစ်ယောက်အပေါ်တွင် ထိုဆေးရည်၏အစွမ်းကို စမ်းသပ်ကြည့်ပြီး နောက်မှ ကြေငြာတင်ရောင်းရင် အကျိုးပိုမရှိဘူးလား။
ပါးစပ်ထောင့်က သွေးများကို သုတ်ရင်း လျှိုလင်းလင်း၏ ဒေါသများ ပို၍ ထင်ပေါ်လာခဲ့သည်။
“ဟက်…”
စိတ်ထဲတွင် ဒေါသူပုန် မထရန် သူမကိုယ်သူမ ထိန်းလိုက်သည်။ စုရှောင်ရှန်က သူမကို သွေးအန်သည်အထိ ဒေါသထွက်အောင်လုပ်နိုင်သော ပထမဆုံးလူလည်းဖြစ်သည်။
သူမက တစ်ခြားသူများကိုသာ တစ်နည်းမဟုတ် တစ်နည်း ဒေါသထွက်အောင် လုပ်ခဲ့သူဖြစ်လေသည်။
စုရှောင်ရှန်နဲ့ ပတ်သက်ပြီး ရိုးရိုးသားသား အမှန်တရားကိုဆိုရန် လျှိုလင်းလင်း ဆုံးဖြတ်လိုက်သည်။ “စုရှောင်ရှန် နင့် မျက်နှာဖုံးကိုငါ့ရှေ့မှာလာမပြနဲ့ မျက်နှာချေးတွေနဲ့။ ငါတို့ အဖွဲ့စည်းက နှစ်ယောက် ဒီကို ဒီဓားအိမ်ကြောင့် ရောက်လာကြတာ နင်သိပါတယ်။ ခုလိုဆက်လုပ် နေလို့မဖြစ်ဘူး။ ဒီလိုလုပ်လိုက်ပါလား။ ငါ့ကို ရောင်းလိုက်လေ။ ဈေးကောင်းပေးမယ်”
“ငါတို့ ဟုတ်လား” စုရှောင်ရှန်၏ မျက်ခုံးများပင့်သွားသည်။ သူ့စိတ်ဝိညာဉ်အာရုံက ၀န်းကျင်တစ်၏ဝိုက်ကို ဆန်းစစ်ကြည့်လိုက်သော်လည်း ဘယ်သူမှ မတွေ့ရပါပေ။
သူမ သူ့ကို ခြောက်နေသည်လော။ သူ့စိတ်ဝိညာဉ်အာရုံကို အသုံးမပြုတတ်ဘူးထင်နေတာလား။
သူအကြားအမြင်ဖြင့် ဆက်ရှာကြည့်လိုက်သော်လည်း ၀န်းကျင်းတစ်ဝိုက်မှာ သူတို့ကလွဲပြီး သက်ရှိတစ်ကောင်မှ မတွေ့ပါလေ။
စုရှောင်ရှန် စွံ့အသွားသည်။ စိတ်၀င်စားဖို့တော့ကောင်းလာပြီ။ ရန်သူများ သူ့တည်ရှိမှူကို တစ်နည်းနည်းနဲ့ ဖုန်းကွယ်နိုင်သည်လားမသိ။ မဟုတ်လည်း လျှိူလင်းလင်း သူ့ကို လှည့်စားဖို့ကြံနေတာများလား။
အခြား လျှိုလင်းလင်း၏ အဖော်ရှိမယ်ဆိုရင်လည်း ထျန်းရွှမ်တံခါးအတွင်း မရှိလောက်ဟု စုရှောင်ရှန် ကောက်ချက်ချလိုက်သည်။ သူတို့ (၁၀) ယောက်သာ လျှို့ဝှက်နယ်ပယ်ထဲကို၀င်လာနိုင်သည်မဟုတ်ပါလား။
ထိုဆယ်ယောက်လုံး သူ့အကြားအမြင်ကို မထောက်လှမ်းနိုင်အောင် မလုပ်နိုင်ပါလေ။ လျှိူလင်းလင်းသာ တစ်ခုခု ကြံစည်နေတာဖြစ်ရမည်။
ဘယ်လိုပြောရမလဲ… သူလဲ ဒီလို ကစားပွဲမျိုးကို နှစ်သက်ပါသည်။ စုရှောင်ရှန် မေးကိုငေါ့ပြီး သူ၏ အမူအရာက ပြက်ရယ်ပြုနေသယောင်ယောင်ပြုလိုက်သည်။
“ကောင်းပြီလေ။ ဒါဆို ငါလည်း ဖုန်းကွယ်ထားမနေတော့ဘူး။ ငါတို့လည်း ဒီဓားအိမ်ကို တအားလိုချင်နေကြတာ။ အဖွဲ့အစည်းထဲမှာတောင် ဘယ်လို ညီတူမျှတူ ခွဲရမလည်း မသိဘူး”
သူမမှာ တစ်ယောက်ယောာက် ရှိတယ်လို့ပြောတယ်မလား။ သူ့မှာ အဖွဲ့လိုက်ကြီးကိုရှိတာ။ ရေလိုက်ငါးလိုက်လေး လုပ်ပေးရတာပေါ့။
၎င်းက သူဤသို့လုပ်ဖူးသည့် ပထမဆုံးအကြိမ်လည်းမဟုတ်ပါပေ။ ယခင်ကလည်း ဒီလို အယောင်ဆောင်ပြီး ဖုန်းကုန်းတို့ ရှောင်းယီတို့ကို သတ်ဖူးသည်။ လျှိုလင်းလင်း သူမနှင့် ပြိုင်ဘက်ကိုတွေ့လေပြီ။
လျှိုလင်းလင်း၏ အမူအရာ အေးစက်သွားသည်။ ကနဦးက စုရှောင်ရှန်၏ အဖွဲ့အစည်းက သေးငယ်ပြီး ဘာမှ မဟုတ်ဟု ထင်နေသော်လည်း ယခုတော့ကြည့်ရတာ သူတို့လည်း အစွယ်ပါသည့်ဟန်ရသည်။
“သေချာလို့လား။ နင်ကောင်းကင်အမြင်ကိုသိတယ်မလား။ ဒီဓားသာ အကာအကွယ်အပြင်ဘက်ကိုထွက်သွားရင် အပြင်ဘက်ကလူတွေ ချက်ချင်းသိသွားကြမှာပဲ။ အဲ့ချိန်ကြမှ ထျန်းရွှမ်တံခါးပြန်ဖွင့်ရင် နင့်ကို… ထျန်းစန်းနန်းတော်ရဲ့ ထိပ်ပိုင်းကလူတွေစောင့်နေကြတာ တွေ့ရလိမ့်မယ်” လျှိုလင်းလင်း ရယ်မောလိုက်သည်။
ဘာတွေပြောနေတာလဲ။ စုရှောင်ရှန် အံ့ဩမှင်တက်သွားသည်။ လျိုလင်းလင်းဘာပြောနေလဲ သူနားမလည်တော့ပါ။ သူတို့နှစ်ဦးကိုကြည့်ရတာ ကိစ္စတစ်ခုတည်းကို ပြောနေသည့်မဟန်မရပါလေ။
သူမ၏ ဦးနှောက်များ သူ့ဓားအလင်းတန်းကြောင့် ချောင်သွားတာလား ဘာလား…။
လေထဲတွင် လျှိုလင်းလင်းကို စိတ်ထဲမှ လှောင်ပြောင်ရယ်မောနေချိန် လျှိုလင်းလင်းက ကဲ့ရဲ့သည့် လေသံဖြင့် ဆက်ဆိုလိုက်သည်။ “ထျန်းရွှမ်တံခါးထဲကိုရောက်လာပြီး ဓားအိမ်ကို ခက်ခက်ခဲခဲ ခိုးယူပြီးမှ နင့်အသက်ရော ဓားအိမ်ရော ဆုံးရှုံးသွားမယ်ဆိုရင် နှမျောစရာမကောင်းဘူးလား။ သနားစရာနော်”
စုရှောင်ရှန်၏ နှလုံးတစ်ချက်ခုန်သွားသည်။
တကယ်ပဲ ဓားအိမ်ကို ယူတာက သူမပြော ဆိုသလိုဆို ခိုးတာဖြစ်နေမလား။
ထို့နောက် သူတို့နှစ်ယောက်ပြောနေတာများ အစကတည်းက ကိုက်ညီမနေတာကို တွေးမိသွားပြီး အကြောအခြင်များ စိမ့်နေအောင် တုန်သွားတော့သည်။
သူမက အစကတည်းက ဓားအိမ်ကိုပဲ ခိုးဖို့လာတာများလား။ ဘုရား ဘုရား။
စုရှောင်ရှန် အံ့ဩတုန်လှုပ်မှုများဖြင့် မှင်တက်နေတော့သည်။
ထို့နောက် ရင်ဘက်ထဲက ခုန်ထွက်လာမတတ် ခုန်နေသော နှလုံးကို တစ်ဖန်ပြန်ဖိလိုက်ပြီး ဘာမှ အထင်လွဲမှားမှုမရှိသလိုမျိုး လေသံနှင့် အတတ်နိုင်ဆုံး လေသံမာမာဖြင့်ပြောလိုက်သည်။ “နင်.. ကျန်းရှင်းရှုံကိုသိလား”
“ကျန်းရှင်းရှုံဟုတ်လား” လျှိုလင်းလင်းခပ်သဲ့သဲ့ ရယ်လိုက်သည်။ စုရှောင်ရှန်က တကယ် တမူထူးခြားသည့် လူငယ်ဖြစ်သည်။ သူတို့ လေးနက်သော စကားကိုပြောနေသည့်ကြားမှ ဘာမှမဟုတ်သလို စကားလမ်းကြောင်းလွှဲပြီး တင်းမာနေသော အခြေအနေကို ပြေလျော့သွားစေလိုက်၏။
“ဒါပေါ့။ အတွင်းစည်းမှာ နေတာကြာလာပြီ။ အတွင်းစည်းကလူတိုင်းသူ့ကိုတယ်လေ။ ဘာလို့မေးတာလဲ”
‘လခွီးကို ဒါပေါ့’ စုရှောင်ရှန် စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ ကြည့်ရတာ လျှိုလင်းလင်းကို ကျန်းရှင်းရှုံ လွှတ်လိုက်သည့်ဟန် မရပါလေ။
အခြေအနေက ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားလေပြီ။ တစ်ချက်မှားသွားတာနဲ့ သူ့မျက်နှာဖုံးကွာကျပြီး အသက်အန္တရာယ်တောင် စိုးရိမ်လာနိုင်ရသည့် အခြေအနေမျိုးဖြစ်သည်။
ထိုအခိုက်အတန့်၌ စုရှောင် သူ့ဦးနှောက်ကို မြင်းဒုန်းဆိုင်းခိုင်းလိုက်တော့သည်။ အခက်အခဲကို ကြုံလာတဲ့အခိုက်မှာ ဆုံးဖြတ်ချက်ပြတ်သားမှရပေမည်။
လျှိုလင်းလင်းနှင့် တွေ့စဉ်အခါက စ၍ ပြောခဲ့ လုပ်ခဲ့သည်များ သူ့စိတ်ထဲ လျှပ်တပြက် ပြန်ပေါ်လာခဲ့သည်။
ကြည့်ရတာတော့ သူ့ကိုသတ်ရန်လာသည်မဟုတ်ပါဘဲ သူမက အစကတည်းက အရာအားလုံးကိုစီစဉ်ပြီးတော့ ထျန်းရွှမ်နန်းတော်ထဲကို ဓားအိမ်ကို ခိုးရန်လာခဲ့ပုံရသည်။
စုရှောင်ရှန် လေညှင်းကလေးနှင့်အတူ ချမ်းစိမ့်သွားသည်။
သူ့ကံက ဘာဖြစ်နေတာလဲ။ ထျန်းရွမ်တံခါး ထဲကို ၀င်ပြီးနောက်မှာ ဒီလို ကံမကောင်းတာတွေဖြစ်နေရတာလဲ။ တကယ်ပဲ ဓားအိမ်ကို လာခိုးတဲ့သူနဲ့တွေ့ရတယ်လို့။
အတွေးများ လျှပ်စီးအလား သူ့စိတ်ထဲ၌ ဖြစ်ပျက်သွားသော်လည်း တစ်ခုကိုမှ အပြင်ပန်း၌ မဖော်ပြလိုက်ပါပေ။ ထို့နောက် သာမန်ကာလျှံပြောလိုက်သည်။ “စိတ်မပူပါနဲ့။ ထျန်းရွှမ်တံခါးထဲကနေထွက်သွားတာနဲ့ ဖြစ်လာမယ့်အရာတွေအတွက် ပြင်ဆင်ထားပြီးပြီ။ နင်ကရော ဘယ်သူမလို့ မကြောက်ဘူးလား”
လျှိုလင်းလင်း စုရှောင်ရှန်ကို မျက်စောင်းထိုးလိုက်သည်။ ဒီလူ တကယ် အရှက်မရှိပါပေ။ ဘယ်သူက သူ့မေးခွန်းမျိုးကိုဖြေမှာလဲ။
“နင့်ကိုယ်နင်တောင် အသေအချာ မိတ်မဆက်ရသေးဘဲ ငါ့က ဘာလို့ နင့်အမေးကို ဖြေရမှာ” လျှိုလင်းလင်း ပြုံး၍ ခေါင်းကို အနည်းငယ် တဘက်သို့ တိမ်းစောင်းလိုက်ရင်း “နင်ကကော ဘယ်ကလာတာလဲ”
လျှိုလင်းလင်းကို သူ လျှောက်ရွှီးထားလိုက်ပြီးမှတော့ ယခုမှ နောက်ဆုတ်လို့မရတော့ချေ။
“ငါဘယ်ကလာတာလဲဆိုတာ သိရင် နင်ကြောက်ချေးပါသွားလိမ့်မယ်” စုရှောင်ရှန် လက်နှစ်ဖက်ကို နောက်ပစ်ပြီး ဆက်မပြောဘဲ ရပ်လိုက်သည်။ ထို့နောက် အချိန်အတန်ကြာမှ မေးအနည်းငယ် မော့ကာ “ငါက သူတော်စင်အစေအပါး တစ်ယောက်”
ထိုသူတော်စင်အစေအပါးက မျက်နှာဖုံးတပ်နှင့်လူ လာသော အဖွဲ့အစည်းဖြစ်ဟန်ရသည်။ ၎င်းက အလွန်ကြောက်မက်ဖွယ်ရာအတိဖြစ်ပြီး အစေအပါးတစ်ယောက်ကတောင် ထျန်းစန်းနန်းတော်တစ်ခုလုံးကို သိမ်းကြုံး တိုက်ခိုက်နိုင်၏။
စုရှောင်ရှန် သူ့အကြားအမြင်ကို အသက်သွင်းလိုက်သည်။ လျှိုလင်းလင်း၏ အမူအရာကို အသေးစိတ်ကအစ စောင့်ကြည့်ရာတွင် သူထင်ထားသလို အံ့ဩတုန်လှုပ်မှုမျိုး မပေါ်လာပါပဲ နားမလည်နိုင်ဟန်များပေါ်လာတာကိုတွေ့လိုက်ရသည်။
“သူတော်စင်အစေးအပါးဟုတ်လား” လျှိုလင်းလင်းကိုကြည့်ရတာ သူပြောတာ ယုံသည့်ဟန်မရပေ။ “ငါနင့်ကို အဖွဲ့အစည်းထဲမှာ တစ်ခါမှ မမြင်ဖူးပါဘူး”
ထိုအချင်းအရာကို ကြားပြီး စုရှောင်ရှန် လန့်ဖျပ်သွား၏။
ချလန်းး…။
သူ့အောက်က တိတ်တခိုးနာကျင်ခြင်း စွန်ကြိုးပြတ်ပြုတ်ကျသွားပြီး စုရှောင်ရှန်လည်း ၎င်းနှင့်အတူ မြေပြင်သို့ တစ်ပါးတည်းလိုက်ပါသွား၏။