အပိုင်း (၁၄၂) စုရှောင်ရှန် ဘယ်တော့မှ အရင် မတိုက်ခိုက်ဘူး
“လာနောက်နေတာလား”
လျှိုလင်းလင်း အနေခက်နေသည်။
သူမဆွဲထုတ်ဖို့အမျိုးအမျိုးကြိုးစားခဲ့တဲ့ဓားအိမ်ကို စုရှောင်ရှန်က ခွန်အားချည်းသက်သက်ဖြင့် ဆွဲထုတ်လိုက်နိင်သည်လော။ လျှိုလင်းလင်း သူမ၏ ကိုယ်ပိုင် စွမ်းရည်များကိုတောင် သံသယဖြစ်မိသွားသည်။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
လေထဲရှိ စုရှောင်ရှန် ဓားအိမ်ကိုကောင်းကောင်းတောင် မကြည့်ရသေးခင် ၎င်းက အပြင်းအထန်တုန်ခါလာပြီး အဝေးသို့ ပျံသန်းသွား၏။
“ကိုယ်ပိုင်အသိရှိတာလားဟ”
စုရှင်းရှင်း၏ နှင်းမြို့တော်ရဲ့အလွမ်းသာ သူတွေ့ဖူးသမျှအတွင်း ကိုင်ပိုင်အသိရှိလေသည်။
စုရှောင်ရှန် စိတ်ဝင်တစားရှိသွားသည်။ ထိုဓားအိမ်အရွယ်အစားဖြင့်ဆိုပါက တိတ်တခိုးနာကျင်ခြင်းနှင့် ကွက်တိဖြစ်ပေမည်။ အမှန်ပြောရသော် တိတ်တခိုးနာကျင်ခြင်းအတွက် ထိုဓားအိမ်က ကောင်းလွန်းလှသည်။
သူ့ကိုအကြိမ်ရေပေါင်း နှစ်သိမ်းရှစ်သောင်းလောက် ထိုးထားသည့်အတွက် ၎င်းက ဘာမှ မပြောသာသော တန်ဖိုးဖြစ်လေသည်။
ဓားအိမ်ပြေးဖို့ကြိုးစားနေသလား စုရှောင်ရှန် ဂရုမစိုက်ပါ။ လွယ်လွယ်နှင့်တော့ ထိုအရာကို ထွက်ပြေးခွင့်ပေးမည်မဟုတ်ပေ။
အရှင်သခင်အဆင့် လျင်မြန်မှုက အချဉ်မဟုတ်ရပါ။ မျက်စိတစ်မှိတ်အတွင်း ထိုဓားအိမ်ရှေ့ကို သူရောက်သွား၏။
ရုတ်တရက် စုရှောင်ရှန် ၎င်းရှေ့ပေါ်လာသောကြောင့် ထိုဓားအိမ် အံ့အားသင့်သွားသည့်ဟန်ရပြီး တုန့်ခနဲရပ်တန့်သွားကာ အခြားတစ်ဘက်သို့ ပျံသန်းသွားလိုက်ပြန်သည်။
“တကယ် ကိုယ်ပိုင် အသိရှိနေတာပဲ”
ဓားအိမ်ရှေ့၌ နောက်တစ်ခါပြန်ပေါ်လာပြီးနောက် စုရှောင်ရှန် ဓားအိမ်ကို ဖမ်းလိုက်လေသည်။ သူ့အာရုံကို ဖမ်းစားလိုက်သည့်အရာတစ်ခုကို အလွတ်ပေးမည်မဟုတ်ပါ။
ရုတ်တရက် ခရမ်းရောင်လျှပ်စီးတစ်ဖြတ်နှင့်အတူ ဖြူဖြူဖွေးဖွေး လက်တစ်ဖက် ဓားအိမ်ကိုကိုင်ထားသော သူ့လက်အပေါ် ကျလာလေသည်။
လျှိူလင်းလင်း…။
လျှိုလင်းလင်းသူ့ရှေ့၌ ပေါ်လာပြီး ဓားအိမ်လည်း အပြင်းအထန် ရုန်းကန်တော့သည်။
“နင်…” စုရှောင်ရှန် သူမကို မယုံကြည်နိုင်စွာကြည့်လိုက်သည်။
“ဘာလဲ”
သူမ ကတိကို ဖောက်ကာ ယခု ဓားအိမ်ကိုလုရန်ကြိုးစားနေတဲ့အတွက် လျှိုလင်းလင်း အလွန် ရှက်ရွံ့မိလေသည်။ သို့သော် ယခု အချိန် နာမည်တွေ၊ ဂုဏ်ဒြပ်တွေကို ပူနေရမည့်အချိန်မဟုတ်ပေ။ နို့မဟုတ်ပါက ဓားအိမ်ကို ယူဖို့အတွက် နှစ်ပေါင်းများစွာ သူလျှိုအဖြစ်နေလာသည်များအားလုံး အလဟသတ်ဖြစ်သွားပေလိမ့်မည်။
“နင့်ကို ဒီနေ့ သင်ခန်းစာတစ်ခုပေးရပစေ… မိန်းမတွေအားလုံးက လူလိမ်တွေချည်းပဲ”
စုရှောင်ရှန် သူမကို မျက်လုံးပြူးမျက်ဆန်ပြူး ပါးစပ်အဟောင်းသားဖြင့် ကြည့်နေလိုက်တော့သည်။ သူ၏ အကြည့်က သူ့လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသော သူမ၏ လက်ထံရောက်သွားသည်။ သူစကားပြောတာတောင် အံ့အားသင့်နေသည့် လေသံဖြင့် “ငါ့ကို အသားယူဖို့ ကြိုးစားနေတာလား”
ထိုစကားက လျှိုလင်းလင်းကို မိုးကြိုးပစ်ခတ်လိုက်သည့်အလား။
ဘာကြီး…။
တစ်ပါးသူကို အသားယူချင်စိတ် လုံး၀မရှိရပါဘဲ သူမက ဓားအိမ်ကို လိုချင်ခြင်းသာဖြစ်ပါသည်။
သို့မှ ငုံ့ကြည့်လိုက်ရာ စုရှောင်ရှန်၏ လက်ကို ကိုင်ထားသော သူမလက်ကို တွေ့လိုက်ရလေသည်။
“… …”
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
သူမ၏ ပါးပြင်နှစ်ဘက်စလုံးနီးမြန်းသွားပြီး ဓာတ်လိုက်ခံလိုက်ရသလို သူမ၏ လက်များကို ပြန်ဆုတ်ယူလိုက်သည်။ “ငါမရည်ရွယ်…”
ဝှစ်…။
အရှင်သခင်နယ်ပယ် လျင်မြန်မှုနှင့် စုရှောင်ရှန်ဘယ်လောက်လျှင်မြန်သလဲဆိုတာတော့ ပြောနေစရာကိုမလိုပေ။
လျှိုလင်းလင်း သူမ၏ လက်ကို ဖယ်လိုက်သည်နှင့်တစ်ပြိုင်နက် ဓားအိမ်ကို ကိုင်ပြီး စုရှောင်ရှန် လျှပ်တပြက်အတွင်း ပျောက်သွားတော့သည်။
ဓားအိမ်ကို က်ိုင်ရင်း ခြေလှမ်းအနည်းငယ်တည်းဖြင့် လျှိုလင်းလင်းနှင့်သူ့အကြား အင်မတန်ဝေးကွာသော နေရာကွက်လပ်တစ်ခုဖြစ်သွားစေသည်။
“ငါ့ကို သင်ခန်းစားပေးချင်တယ်ဟုတ်လား” လျှိုလင်းလင်းကို ပျက်ရယ်ပြုသလို အကြည့်တစ်ချက်ပေးပြီးနောက် “နင့်မှာ အတွေ့အကြုံမရှိသေးပါဘူး”
“နင်…” လျှိုလင်းလင်း အံကိုကြိတ်ထားရလွန်းလို့ သွေးထွက်မတတ် နာကျင်လာတော့သည်။
သူရည်ရွယ်ချက်ရှိရှိလုပ်လိုက်တာလား။
တင်းမာနေသည့် အခြေအနေကြားက သူမ၏ ကတိဖျက်မှုကို ဂရုမထားဘဲ ထိုသို့ ခြောက်ပစ်ကင်းစင်သည့် ဟန်ပန်မျိုးကို လုပ်ဆောင်လိုက်ခြင်း။ သူဘယ်လိုလုပ်လိုက်တာလဲ။
ဒီလူ တစ်ခုခုတော့ လွဲနေရမည်။
“ဓားအိမ်ကို ထားခဲ့။ မဟုတ်ရင် ငါ့အဆိုးမဆိုနဲ့” လျှိုလင်းလင်း၏ မျက်လုံးများ အရောင်မှေးမှိန်သွားသည်။
“လာနောက်နေတာလား။ တစ်စုံတစ်ယောက်ပြောတာတော့ ဓားအိမ်ကိုဆွဲထုတ်နိုင်ရင် ငါအပိုင်ယူလို့ရတယ်တဲ့လေ။ ဟားဟား” စုရှောင်ရှန် သူမကို ရန်စလိုက်သည်။
လျှိုလင်းလင်း၏ မျက်ခုံးများလှုပ်သွားသည်။ ဤအကောင့်ကို လူထူးလူဆန်းဖြစ်မည်ဟု သူမ အဘယ်မှာ သိလိမ့်မည်နည်း။ နုနယ်သေးသော သူမ၏ အတွေ့အကြုံကြောင့် ပါးစပ်ဖွာလိုက်ခြင်းကိုသာ အပြစ်တင်လိုက်တော့သည်။
“ငါပြောလို့လား။ မေ့သွားပြီ” ခေါင်းမော့ရင်ကော့ကာ လျှိုလင်းလင်း အရှက်မရှိ ဆိုလိုက်သည်။
“ဟက်။ မိန်းမတွေများ”
ရုတ်ချည်း စုရှောင်ရှန်၏ ပုံရိပ်ဝေဝေဝါးဝါးဖြစ်လာပြီး ဓားအိမ်နှင့်အတူ ပျောက်ကွယ်သွားတော့သည်။
“လာဖမ်းလေ”
လျှိုလင်းလင်းစွံ့အသွားသည်။
ဘယ်လိုငကြောက်လဲ။
တစ်ယောက်ယောက်သာ အနားမှာရှိမယ်ဆိုရင် လျှိုလင်းလင်း၏ အံကြိတ်သံကို ကြားနိုင်လောက်ကြသည်။ စုရှောင်ရှန် သူမကို စကားပြောသည့်ပုံစံကြောင့် လုံး၀အတိ ဒေါကန်သွားရ၏။
“နင်ဘယ်သူနဲ့ အပြေးပြိုင်ဖို့ကြိုးစားနေလဲ သိရဲ့လား”
လေတိုက်ခတ်သွားပြီး သူမ၏ အင်္ကျီစများ လေထဲလွင့်သွားကာ လျှိုလင်းလင်း လက်သီးကျစ်ကျစ်ဆုပ်လိုက်သည်။
လေဟာနယ်ထဲတွင် မိုးချိမ်းသံကြီးများ ပဲ့တင်ထွက်လာကာ ခရမ်းရောင်လျှပ်ပန်းများ လျှိုလင်းလင်းအနား ဝဲလည်လာကြသည်။ သူမ၏ မျက်စိမှလည်း ခရမ်းရောင်လျှပ်စီးများ တစ်စ တစ်စ ပေါ်နေလေသည်။
“ဗုဒ္ဓေါ”
ထွက်ပြေးသွားတယ်ဆိုပေမယ့် သူ့စိတ်အာရုံက လျှိုလင်းလင်းထံတွင်သာရှိသေးလေသည်။ ယခု သူမကို ကြည့်ရတာ အလွန်ကြောက်စရာကောင်းနေသည်။ လျှိုလင်းလင်းက သာမန် ကျင့်ကြံသူမဟုတ်ပါလေ။ သူမတွင် ပင်ကိုယ်စွမ်းရည်အဖြစ် လျှပ်စစ်ဓာတ်ရှိလောက်သည်။
ထိုအတွေးဖြင့် သူ့နှလုံးတစ်ချက် ခုန်သွား၏။
ထိုစနစ်စုတ်ကြောင့်သာမဟုတ်လျှင် သူလည်း ဤသို့သော အားကျဖွယ်ရာ ပင်ကိုယ်စွမ်းရည်မျိုးရှိနေမည်ဖြစ်လေသည်။
ခရက်…။
လျှပ်တစ်ချက်ပြက်သွားခြင်းနှင့်အတူ သူလည်း အတွေးနွံထဲမှ ပြန်ရုန်းထွက်လာတော့သည်။ ထိုချိန် လျှပ်စီးများနှင့် ၀န်းရံထားခံရသော လျှိုလင်းလင်းက သူ့ရှေ့ရောက်လာ၏။
“လခွမ်း။ ဘယ်လောက်တောင် မြန်လိုက်လဲ”
သူ့ယခု အလျင်နှင့် လျှိုလင်းလင်းကို အလွန်ဝေးကွာသည့်နေရာ၌ချန်ထားခဲ့ပြီးဖြစ်တာတောင် ထိုကောင်မလေးက သူ့ကို မျက်စိတစ်မှတ်အတွင်း ပြန်လိုက်မှီသွား၏။
“နင်က ခုမှ ထိပ်သီး (၃၃) ဦးထဲကို ၀င်လာတဲ့ အတွင်းစည်းဂိုဏ်းသူသစ်မလား” မှင်တက်နေသော စုရှောင်ရှန်၏ ပါးစပ်မှထွက်သွားသည်။
“ဟုတ်တယ်” လျှိုလင်းလင်းကိုကြည့်ရတာ ပန်းခြံထဲ လမ်းလျှောက်နေရသည့်အလား “ကိုယ့်အတွက်ဘာကောင်းလဲ နင်သိမှာပါ။ ငါ့ကို ဓားအိမ်ပေးလိုက်။ မဟုတ်ရင်တော့ ငါ့အကြောင်းကောင်းကောင်းသိသွားစေရမယ်”
ထို့နောက် ကတိဖောက်သည့်အတွက် သူမ အမှားဆိုတာကို သတိရသွားပြီး တုံ့ခနဲရပ်သွားသည်။ သို့ဖြင့် ထပ်လောင်းကာ “ငါနင့်ကိုလျော်ကြေးပေးမယ်။ လိုချင်တာတစ်ခုခုရှိရင်ပြော ငါလုပ်ပေးနိုင်တဲ့အတိုင်းအတာအတွင်းမှာရှိရင်တော့ အစွမ်းကုန်လုပ်ပေးမယ်”
သူမတကယ် စကားပြောမစောလိုက်သင့်ပေ။ မဟုတ်ပါက ဘာအပြစ်ရှိသလိုခံစားချက်မှ ရှိမှာမဟုတ်ဘဲ စုရှောင်ရှန်ထံမှ ဓားအိမ်ကို လွယ်လင့်တကူ လုယူနိုင်လောက်မည်။
သူမ နှလုံး နူးညံ့လွန်းလှပေသည်။
သူမ ပြောတာကိုလစ်လျူရှူပြီး စုရှောင်ရှန် ထပ်၍ ထွက်ပြေးသွားတာကို တွေ့သော် လျိုလင်းလင်းမျက်မှောင်ကြုတ်လိုက်ကာ သူ့နောက်ကို ဆက်လိုက်သွားလိုက်သည်။
“ပြေးဖို့မကြိုးစားနဲ့တော့။ နင်ကနှေးလွန်းတယ်။ ငါ့လက်ထဲကနေ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး” ကြင်ကြင်နာနာ ပြောလိုက်ပါသည်။
စုရှောင်ရှန် အသက်ပြင်းပြင်းရှိုက်လိုက်သည်။ အတွင်းစည်းထိပ်သီး (၃၃) ဦးထဲမှ လူသစ်နှင့်သူ့အကြား ထိုမျှ ကွာဟချက်ရှိမည်ဟု မထင်ပါလေ။
“ဟက်… နင်က ငါတွေ့ဖူးသမျှထဲမှ အမြန်ဆုံး ကျင့်ကြံသူဆိုတာ ၀န်ခံပါတယ်။ ဒါပေမယ့် ဓားအိမ်ကိုလိုချင်တယ်ဆိုရင်တော့…”
စုရှောင်ရှန်၏ နှုတ်ခမ်းများကွေးတက်သွားပြီး ဓားအိမ်ကို သိုလှောင်လက်စွပ်အပေါ်ဖိလိုက်သည်။ “… မေ့ထားလိုက်တော့”
ဝှစ်…။
သို့သော် သူ့ အောင်နိုင်သော အပြုံးက ကြာကြာမခံလိုက်ပါ။ သူ့ရင်ဘက်က သိုလှောင်လက်စွပ်ထဲကနေ အနက်ရောင်အလင်းတန်းတစ်ခု ကောင်းကင်ထက်ကို ပျံသန်းသွား၏။
“ခစ်ခစ်” လျှိုလင်လင်း ပါးစပ်ကို ကွယ်ကာ ခိုးခိုးခစ်ခစ် ရယ်မောလိုက်သည်။ သို့သော် သူ့မလက်ထဲ ဓားအိမ် နောက်တစ်စက္ကန့်အကြာ ပြန်ပေါ်လာသောအခါ သူမ၏ မျက်နှာတည်သွားသည်။
“စုရှောင်ရှန် နင်တကယ် အတာလား ဘာလား။ ကိုယ်ပိုင်အသိရှိတဲ့ စိတ်ဝိညာဉ်ပစ္စည်းတွေက သိုလှောင်လက်စွပ်ထဲ သိမ်းလို့မရဘူးလေ”
စုရှောင်ရှန် စွံ့အသွားသည်။
‘ဘာလဲဟ’ သူအတွက်အချက်မှားသွားလေပြီ။
သို့မှ စုရှင်းရှင်း အဘယ်ကြောင့် သူမ၏ ဧရာမဓားကြီးကို အမြဲလွယ်ထားလဲသိရတော့သည်။ သူ့မှာ အတွေ့အကြုံမှ မရှိတာ ဤသို့သောပစ္စည်းကို သိုလှောင်လက်စွပ်ထဲထည့်မရဘူးဆိုတာ ဘယ်လိုသိမှာလဲ။
“လျှိုလင်းလင်း ငါ့ပစ္စည်းကို ငါ့စီပြန်အပ်လိုက်တာကောင်းမယ်။ ငါက လူကြီးလူကောင်းတစ်ယောက်နော်။ မိန်းမတွေကိုမရိုက်ချင်ဘူး” အလေးအနက်ဆိုလိုက်သည်။
“အေး” ချိုမြိန်တဲ့ ကလဲ့စားကို ခံစားလိုက်ရပြီးနောက် လျှိုလင်းလင်း အစအနမကျန်ပျောက်ကွယ်သွားသည်။
“ရရင် လာယူလေ”
စုရှောင်ရှန် စွံ့အသွားသည်။ ဘယ်လိုတောင် စိတ်ပုတ်လိုက်တဲ့ မိန်းမလဲ။
သူတွေ့ဖူးသောလူများထဲတွင် ပထမဆုံးအကြိမ် သူ့ကို အရူးလုပ်ရဲခြင်းဖြစ်ပါသည်။ အကြိမ်ရေနှစ်သိန်းရှစ်သောင်းကျော် တိုက်ခိုက်သည့် ထိုဓားအိမ်ထက်တောင် ပိုမုန်းဖို့ကောင်းနေသည်။
“နင့်ကိုဖမ်းရမယ်ဟုတ်လား။ ကိုယ့်ကိုယ်ကိုယ် အတော်အထင်ကြီးတာပဲ။ ငါ စုရှောင်ရှန်က ဘယ်တော့မှ အရင်ဆုံးမတိုက်ခိုက်ဘူး”
လက်နှစ်ချောင်းကို ပူးကပ်ပြီးထောင်လိုက်သောအခါ လက်ထိပ်များ၌ ဖျော့တော့တော့ ဓားဆန္ဒများပေါ်လာတော့သည်။ သာမန်အတွေးစွမ်းအားက စုစည်းလာခဲ့ပြီးတော့ ကောင်းကင်ပြင်ကို အတားအဆီးမရှိ ဖြတ်သန်းသွား၏။
နောက်တစ်စက္ကန့်အတွင်း နတ်ဘုရားများ၏ ဒေါသကို ဖော်ထုတ်နေသည့်အလား စိတ်ဝိညာဉ်မြူခိုးများ ကောင်းကင်၌ လေပွေတစ်ခုလို ဝဲလည်လာပြီး မြေပြင်ပေါ် ဆင်းသက်လာခဲ့သည်။ နဂါးတစ်ကောင် ကောင်းကင်ကိုဖြတ်သန်းသွားသလိုလည်း လေများကို တဝေါဝေါတိုက်ခတ်ကုန်ကာ တိမ်တိုက်များကို လွင့်ပြယ်သွားစေ၏။
သေခြင်းက နီးကပ်လာသလိုမျိုး လျှိုလင်းလင်း သူမ၏ ဆံနွယ်များ တစ်ဆုံး ထောင်ထသွားတာကိုခံစားလိုက်ရသည်။ သူမ ချက်ခြင်းနောက်သို့လှည့်ကြည့်လိုက်သောအခါ ကောင်းကင်ကို ပိုင်းဖြတ်နိုင်ဟန်ရသည့် ဓားအလင်းတန်းတစ်ခုက သူမထံကို လေကိုခွင်း၍ ၀င်လာနေသည်ကို မြင်လိုက်ရ၏။
ဘုန်း…။
သူမ မှင်တက်နေချိန် ထိုဓားအလင်းတန်းက သူမရှေ့မှ ဓားအိမ်ကို ရိုက်ခတ်ပြီး တစ်ပါတည်း သူမ၏ ရင်ဘက်ကိုပါ ထပ်ဆင့် ရိုက်ခတ်သွားသည်။
ခရက်…။
သူမ၏ နံရိုးအချို့ ကျိုးသွားသလို လျှိုလင်းလင်း ခံစားလိုက်ရပြီး သွေးတစ်လုတ်အန်ထုတ်ကာ အဝေးသို့ လွင့်စင်သွားတော့သည်။
ဓားအိမ်လည်း အပြင်းအထန်တုန်ခါသွားပြီး သူမ၏ လက်ကိုစုတ်ဖြဲကာ လွင့်ပျံထွက်သွား၏။
ရွှစ်…။
ဓားပျံကိုစီးထားတဲ့ စုရှောင်ရှန် လျိုလင်းလင်းအထက်၌ ပေါ်လာကာ ဓားအိမ်ကို လွယ်လင့်တကူ ဖမ်းလိုက်သည်။
ထို့နောက် ထိုကြောက်မက်ဖွယ်ရာအတိဖြစ်သော ဓားအလင်းတန်းကို ထုတ်လွှတ်လိုက်သည့် သူ့လက်နှစ်ချောင်းကို နှုတ်ခမ်း၌တေ့ကာ မှုတ်လိုက်ရာ စိတ်ဝိညာဉ်အငွေ့တန်းတစ်ခု လက်ချောင်းများမှ ထွက်ပေါ်လာပြီး ကောင်းကင်သို့ တည့်တည့်ပျံတက်သွားသည်။
သူ့ အေးစက်စက်အသံက ကောင်းကင်တစ်ခွင်ကို ပြန့်သွားလေတော့သည်။
“ဓားတစ်လက် ဆန္ဒတစ်ခု”