အပိုင်း (၁၄၁) မုန်လာဥလား
“ဒါက…”
စုရှောင်ရှန် အကာအကွယ်အလွှာများကိုဖြတ်ပြီး အနက်ရောင်ချောက်ကမ်းပါးထိပ်ကို ပျံသွားလိုက်သည်။ ထိုတွင်တွေ့လိုက်ရသောအရာကြောင့် မှင်တက်သွားတော့သည်။
အဖြူရောင်၀တ်မိန်းမပျိုတစ်ဦးက သူ့ကိုကျောပေးထားကာ ဖင်ဘူးတောင်းထောင်ပြီး တစ်ခုဆုံတစ်ခုကို အားဖြင့်ဆွဲနေလေသည်။ ခန္ဓာကိုယ် အချိုးအစားအရ မိန်းမပျိုလေးက နတ်သမီးအလား လှပလောက်သော်လည်း ထိုသို့ ပြုနေခြင်းကြောင့် ကြော့ရှင်းသော မိန်းမပျိုလေးတစ်ဦး၏ ပုံရိပ်ကိုဖျက်ဆီးလိုက်တော့သည်။
“ယားးးး” သူမအားကုန်သုံးပြီး မြေပြင်မှ တစ်စုံတစ်ခုကို ဆွဲထုတ်နေလေသည်။
“မုန်လာဥ နှုတ်နေတာလား” စုရှောင်ရှန်မေးလိုက်သည်။ “ဒါဆိုရင် အကူအညီလိုသေးလား ငါတော်တော်သန်မာတယ်”
“ဘယ်သူလဲ” ထိုမိန်းမျိုလေး လန့်ဖျပ်သွားပြီး နောက်သို့ အလျင်အမြန်လှည့်လိုက်ရာ ခြေခေါက်သွားပြီး မြေကြီးပေါ်ကို ဖင်ထကျသွား၏။ “နင်က စုရှောင်ရှန်မလား”
စိတ်ဝိညာဉ်နန်းတော်ထဲမှ လူတိုင်း စုရှောင်ရှန်ကို သိကြသည်။ ပထမက အတွင်းစည်းမှာ သူ့ကို ဘယ်သူမှ အဲ့လောက်မသိချေ။ သို့သော် ကျောက်ရှူသေပြီး နေ့တောင်ကောင်းကောင်းမကူးရသေးခင် အတွင်းစည်းက လူတိုင်း သူ့ကို သိသွားကြလေသည်။
“အယ်… ဓားတစ်ချောင်းပါလား”
နောက်ဆုံးတော့ သူမ ဘာကိုဆွဲထုတ်ဖို့ကြိုးစားနေသလဲဆိုတာ စုရှောင်ရှန် မြင်လိုက်ရသည်။ သူထင်နေသည့် မုန်လာဥက မြေပြင်၌ စိုက်နေသော ဓားတစ်ချောင်းဖြစ်နေ၏။
နေပါဦး။ ဓားမဟုတ်ဘူး။ ဓားအိမ်တစ်ခုဟ။
ထိုဓားအိမ်က အနက်ရောင်ဖြစ်ပြီး ရိုးရိုးရှင်းရှင်းရှိပေသည်။ ရှေးဟောင်းဆန်သလိုရှိရုံမှ တစ်ပါး ဘာမှ မထူးခြားပါလေ။
သို့မှ တောင်ထိပ်၌ မြေကြီးထဲ တစ်၀က်စိုက်ထားသော ဓားအိမ်နှင့် ရေတံခွန်ပေါ်မှ စီးကျလာသော ဓားစွမ်းအင်တို့ကို အချိတ်အဆက်မိသွားတော့သည်။ ထိုဓားစွမ်းအင်များက ဤဓားအိမ်မှ လာခြင်းဖြစ်ဟန်ရသည်။
ထို့ပြင်… ဒီမိန်းမပျိုလေး ထိုဓားအိမ်ကို မြေပြင်မှ ဆွဲထုတ်နေခြင်းကြောင့်လည်း အဖြူရောင် ဓားစွမ်အင်များ ပျောက်ဆုံးသွားတာဖြစ်နိုင်သည်။
‘ငါ့ကို အကြိမ်ရေ နှစ်သိန်းရှစ်သောင်းကျော်တောင် လာထိုးလို့ဖြစ်တာ။ နည်းတောင်နည်းသေးတယ်’
ထို့နောက် မြေပြင်ပေါ်၌ လဲကျနေသော မိန်းမပျိုလေးထံ အကြည့်ရောက်သွား၏။
သူမက ပိန်ပါးပြီး ချစ်စရာမျက်နှာလေးကိုပိုင်ဆိုင်ထားသည်။ မြေပြင်မှဓားကိုအားဖြင့်ဆွဲထုတ်နေသောကြောင့်လား သူမ၏ ပါးပြင်နှစ်ဖက်က နီမြန်းနေ၏။ သူမ၏ အ၀တ်အစားများကလည်း ရေလား ချွေးလားတော့မထိ ခန္ဓာကိုယ်၌ ကပ်နေကာ အမို့အမောက် ကောက်ကြောင်းများကိုဖော်ပြနေတော့သည်။
“မိန်းကလေးရဲ့ နာမည်ကိုသိခွင့်ရှိမလား” စုရှောင်ရှန် ယဉ်ယဉ်ကျေးကျေးမေးလိုက်ပါသည်။
“လျှိုလင်းလင်း”
သူမ၏ နာမည်ကိုပြောပြီးသည်နှင့် ထိုလျှိုလင်းလင်းထံမှ လုံး၀ မသိသာလောက်သော သတ်ဖြတ်ချင်သည့် စိတ်ဆန္ဒဖျော့ဖျော့လေးကို စုရှောင်ရှန် အာရုံခံလိုက်ရလေသည်။
လူငယ်တွေ ယနေ့ခေတ်မှာ လုပ်စရာကုန်နေကြပြီလား။ နာမည်လေးမေးတာတောင် သတ်ချင်နေကြတယ်။ ဘာတွေဆိုးဆိုးရွားရွားဖြစ်ကုန်တာလဲ။
စုရှောင်ရှန် စကားဆက်လိုက်သည်။ “ငါ့ကိုသတ်ချင်တယ်ပေါ့”
လျှိုလင်းလင်း တံတွေးသီးတော့မလိုတောင်ဖြစ်သွားပြီး အာစေးမိသွားသည်။
ထိုအတွေးက လျှပ်တပြက်မျှလေးသာဖြစ်တာကို စုရှောင်ရှန် ဘယ်လို အာရုံခံနိုင်လိုက်သလဲ။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
သူမ ဘာမှ ပြန်မပြောတာကို မြင်သော် စုရှောင်ရှန် နောက်ထပ် မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။ “အသက်ဘယ်လောက်ရှိပြီလဲ”
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
‘ဘယ်သူက တွေ့တာနဲ့ မိန်းကလေးတစ်ယောက်ကို အသက်မေးလို့လဲဟဲ့။ ဒီကောင်ရည်းစားရမှာမဟုတ်ဘူး’
“နင်ဒီကိုဘယ်လိုရောက်လာတာလဲ။ ဘာလို့ရောက်လာတာလဲ။ ပြီးတော့… အ၀တ် ၀တ်ဦးဟဲ့” လျှိူလင်းလင်း သူ့ရဲ့ ကျစ်လစ်ပြီး ကြည့်ကောင်းသော ကြွက်သားများကို ရှက်ကိုးရှက်ကန်းကြည့်လိုက်သည်။
စုရှောင်ရှန် သူက အတွင်း၀တ်နဲ့ဆို မေ့နေရာ လျှိုလင်းလင်း၏ စကားကြောင့် အေးခဲသွားပြီးနောက် အလျှင်အမြန် အ၀တ်အစားများ ထုတ်၀တ်လိုက်တော့သည်။
လျှိူလင်းလင်း၏ မေးခွန်းများကို လစ်လျူရှူပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ “ရုပ်ကတော့နုသေးပါတယ်။ အသက်ကဖြင့်(၃၀) စွန်းစွန်း လောက်ပဲရှိဦးမယ်။ ဒါတောင် ဒီလောက်တောင် စွာနေတာ။ ရည်းစားရမယ့်ဟာမဟုတ်ဘူး”
အသက်ဆုံးဆယ်၊ စွာတယ် ဟုတ်လား…။
လျှိုလင်းလင်း အံကိုတင်းတင်းကြိတ်လိုက်၏။
“နင် သေချင်နေတာလား”
“ဟက်…” အင်္ကျီ ကြယ်သီး တပ်ရင်းက စုရှောင်ရှန် ခြောက်ကပ်ကပ်ရယ်သံတစ်ချက်ပြုလိုက်သည်။ “ဘာလို့ ဟန်ဆောင်နေသေးတာလား။ နင့်သရုပ်မှန်ဘာလဲဆိုတာ ငါတို့ နှစ်ယောက်လုံး သိနေတာကို”
လန်ရှင်းရှီ၏ ဘာမှမဖြစ်သလို သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ခံစားရပြီးကတည်းက မိန်းမများနှင့်ပတ်သက်လာလျှင် စုရှောင်ရှန် ပေါ့တီးပေါ့စ မလုပ်ရဲပါတော့ချေ။
ဒီလျှိုလင်းလင်းဆိုတဲ့ မိန်းမပျိုလေးတောင် ခုမှတွေ့ဖူးတာကို ခုပဲသတ်ချင်နေသည်တဲ့။ ဆင်တစ်ကောင်လုံးမြင်နေတာကို ဆင်ခြေရာဘယ်မှာလဲ လိုက်ရှာနေစရာမလိုပါပေ။
ကျန်းရှင်းရှုံ သူမကို လွှတ်လိုက်ခြင်းသာဖြစ်ရမည်။
စုရှောင်ရှန်က သူ့ကိုသတ်ဖို့လာတဲ့ ယွမ်တုကိုသာ စိတ်ခု နေတာကြောင့် ကျန်းရှုံးမှာ တခြား အစီအစဉ်တွေရှိသေးမယ်လို့ မထင်ပါလေ။
စုရှောင်ရှန် စိတ်ထဲ၌ ရယ်မောလိုက်သည်။ ထိုလူက ဘယ်အချိန်ရပ်ရမလဲမသိပါချေ။
စုရှောင်ရှန်ကို လျှိုလင်းလင်း တိုက်ခိုက်ချင်နေတာ တစ်ပိုင်းသေနေလေပြီ။ သို့သော် ရုတ်တရက် သူမ၏ မျက်နှာဖုံးကွာကျသွားမည်ဟုမထင်ထားရာ မှင်တက်သွားတော့သည်။ ထို့နောက် စတင်၍ ထိတ်ထိတ်ပျာပျာ ဖြစ်လာ၏။
သူမ ဘယ်တုန်းက သရုပ်မှန်ကို ဖော်ပြမိလိုက်လို့လဲ။ ဒီလောက် ကောင်းကောင်းမွန်မွန်ဖုန်းကွယ်ထားတာကို။ စိတ်ဝိညာဉ်နန်းတော်က သူမကို သတ်ဖို့ သူ့ကိုလွှတ်လိုက်တာလား။ ဒါကြောင့် သူမ၏ သရုပ်မှန်ကိုသိနေရတာလား။
စိတ်ဝိညာဉ်နန်းတော်က သူမ၏ သရုပ်မှန်ကို သိရှိဖို့ မဖြစ်နိုင်ပါပေ။ သင်္ကာမကင်းဖြစ်မည့် အရာများလည်း ဂရုတစိုက်မလုပ်မိအောင် နေထိုင်ခဲ့သည်မဟုတ်ပါလား။ သို့သော် အဘယ်ကြောင့် စုရှောင်ရှန်က အလွန်ယုံကြည်ချက်ပြင်းပြနေပါသနည်း။
သူလည်း သူမလို အနက်ရောင်ဓားအိမ်အတွက် ရောက်လာတာလား တွေးမိပြီး လျှိူလင်းလင်း၏ မျက်လုံးများ ၀င်းပသွားတော့သည်။
ထို့အတွက် စမ်းသပ်မှုပြုပြီး ကြည့်ရပေမည်။
“နင်လည်း ဒီကို ဒီဓားအိမ်အတွက် ရောက်လာတာလား” အနက်ရောင်ဓားကို လက်ညှိုးထိုးပြပြီး လျှိုလင်းလင်းမေးသည်။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
“…”
အသိပေးချက်ဖန်သားပြင်ပေါ်မှ အသိပေးချက်များထံ စုရှောင်ရှန်၏ အာရုံရောက်သွားသည်။ ဤလျှိုလင်းလင်းဆိုသူကလည်း ဖုန်းကုန်းလို ထင်ချင်ရာဇွတ်ထင်တတ်သည့်လူတစ်ယောက်ပေလော။
အနက်ရောင်ဓားအိမ်ကတော့… စုရှောင်ရှန်လိုချင်မိသည်။ ဘယ်လောက်ပဲ သာမန်ဆန်နေဟန်ရပါစေ ဒီလို နေရာမျိုးမှာ ရှိနေသည့်အရာက မထူးခြားဘဲကို မဖြစ်နိုင်တာပါ။
ဒါပေမယ့်…
“ရတယ်ပါတယ် ဆက်ဆွဲထုတ်ပါ။ ငါ့ကို ဂရုမစိုက်နဲ့။ နင်ပြီးမှ ငါလုပ်တော့မယ်”
စုရှောင်ရှန် ဘာကိုမှ မစိုးရိမ်ပါပေ။ သူတွေ့ရသလောက်ကတော့ အဆိုပါ လျှိုလင်းလင်းဆိုသူက ဓားအိမ်ကိုဆွဲထုတ်နိုင်သည့်ဟန်မရချေ။
ဓားအိမ်အတွက် လာတယ်လို့ စုရှောင်ရှန် မငြင်းသော် လျှိုလင်းလင်း စိတ်ပိုင်းဖြတ်လိုက်၏။ ဓားအိမ်အတွက် နှစ်ယောက်စလုံးလာကြတယ်ဆိုမှတော့ အလုပ်အတူတွဲလုပ်လေမည်။
“ငါတို့ ရည်ရွယ်ချက်တွေက တူနေတော့ နင့်ကို မလိမ်တော့ပါဘူး။ တကယ်က ဒီဟာကို ဘယ်လိုဆွဲထုတ်ရမလဲဆိုတာ ငါမသိဘူး”
စုရှောင်ရှန် အံ့အားသင့်သွားသည်။ ဓားအိမ်ကိုဆွဲမထုတ်နိုင်ဘူးဆိုတာ ၀န်ခံတာတောင် သူမ၏ လေသံက ယုံကြည်ချက်မြင့်မားနေ၏။
“ငါတို့ အတူတူဆွဲရင် ဒီဟာကို ထုတ်နိုင်မှာပါ။ ပြီးမှ ဘယ်လို အညီအမျှခွဲမလဲ ဆုံးဖြတ်မယ်လေ” လျှိုလင်းလင်း ရင်ကော့ပြလိုက်သည်။
“အတူတူ လုပ်မယ်ဟုတ်လား” စုရှောင်ရှန် ရယ်ချင်သွားသည်။
သူကိုယ်တိုင်ဆေးအေးလုပ်နိုင်သည့်အရာတစ်ခုအတွက် အဘယ်ကြောင့် အလုပ်အတူ စုပေါင်းစပ်ပေါင်းလုပ်ရမည်နည်း။
“မလိုဘူး။ ကိုယ့်ကိုယ်ကိုယ် လုပ်မယ်။ နင်မဆွဲနိုင်တော့ဘူးဆိုမှ ငါ့ကိုပြော။ ငါဆွဲထုတ်လို့ရင်တော့ ငါ့အပိုင်ပဲ” စုရှောင်ရှန် စိတ်အားထက်သန်စွာပြောလိုက်သည်။
စုရှောင်ရှန် သူမ၏ ကမ်းလှမ်းချက်ကို သဘောမတူသောကြောင့် လျှိုလင်းလင်း နှာခေါင်းရှုံ့လိုက်သည်။
ထိုဓားအိမ်က သူမကိုယ်တိုင်တောင် မြေကြီးထဲကနေဆွဲထုတ်လို့မရတာ။ သူ့လို မူလနန်းတော်အစောပိုင်းက လူက တစ်ယောက်တည်း ဆွဲထုတ်ကြည့်ချင်သည်တဲ့လား။
နေပါဦး။ မူလနန်းတော်ဟုတ်လား။ ထျန်းရွှမ်တံခါးမ၀င်ခင်က သူ၏ ကျင်ကြံမှုနယ်ပယ်က စိတ်ဝိညာဉ်ကျင့်ကြံခြင်း အဆင့်(၉) မှာပဲမဟုတ်လား။
“သိသားပဲ။ ကောလဟာလတွေက ယုံလို့မရဘူးဆိုတာ”
“ကောင်းပြီလေ ဒါဆို နင်ဆွဲထုတ်ကြည့်ပေါ့” သူမက အထင်အမြင်သေးစွာပြုံးပြပြီး ပြောသည်။ ထို့နောက် သဘောထားကြီးသလို ထပ်လောင်းကာ “စိတ်မပူပါနဲ့။ ခဏနေမှ ငါနဲ့ အတူပူးပေါင်းလုပ်ချင်ပါတယ်လို့ လာတောင်းဆိုရင် ငါလက်ခံပေးပါ့မယ်”
စုရှောင်ရှန် မျက်၀န်းများ အလင်းတစ်ချက်လက်သွားပြီး မေးလိုက်သည်။ “တကယ်မဆွဲထုတ်တော့ဘူးဆိုတာ သေချာပြီနော်”
“ဟုတ်တယ် ငါမဆွဲထုတ်တော့ဘူး”
“ငါဓားအိမ်ကို ဆွဲထုတ်နိုင်လိုက်ရင်ရော….”
ဘယ်လိုတောင် နုံ့အလိုက်တဲ့ကောင်လေးလဲ။ လျှိုလင်းလင်း ချိုမြိန်စွာပြုံးလိုက်သည်။
“နင်ပြောသလို နင်ဆွဲထုတ်နိုင်ရင် နင့်အပိုင်”
“ကြိုက်တယ် ဒါမျိုးကို။ ကတိတည်ပါစေ” ရုပ်ခြည်း စုရှောင်ရှန် ထဖောက်ပြီး အော်လိုက်မှုက လျှိုလင်းလင်းကို လန့်ဖျပ်သွားစေလိုက်၏။
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၁]
“ဘေးဖယ် ငါဘာကောင်လဲဆိုတာ ပြရသေးတာပေါ့” သူ့အင်္ကျီလက်များကို ပင့်တင်လိုက်သည်။
သူ့တွင် အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်ရှိလေသည်။ ဓားအိမ်လေးတစ်ချောင်းကိုတောင်မဆွဲထုတ်နိုင်ရင် ဘာလုပ်စားရတော့မည်နည်း။ ချောက်ကမ်းပါးပေါ်ကနေ ခုန်ချလိုက်တာမှ ကောင်းဦးမည်။
မြေထဲသို့စိုက်ဝင်နေသော ဓားအိမ်က လက်နှစ်ဖက်ဆုပ်စာလောက်သာ ပေါ်နေလေသည်။
စုရှောင်ရှန် ဓားအိမ်ကို ဆုပ်ကိုင်ပြီး အားဖြင့်ဆွဲလိုက်သည်။
ဘုတ်…။
ဘာမှ မရလိုက်ပါဘဲ စုရှောင်ရှန် နောက်ပြန်ဖင်ထိုင်ကျသွား၏။
လျှိုလင်းလင်းလည်း သူ့လိုဖြစ်ဖူးရာ တခစ်ခစ် ထရယ်လိုက်တော့သည်။ တခြားသူများ သူမလို ခံစားရတာကို ကြည့်တာက ခံစားလို့ကောင်းပေသည်။
“မလုပ်နိုင်ဘူးလား ကိုလေပေါ” သူမ စနောက်လိုက်သည်။
စုရှောင်ရှန် ရှက်ကိုးရှက်ကန်း ရယ်လိုက်ပြီး အပြင်းအထန် လက်ဝှေ့ရမ်းကာ ဆိုလိုက်သည်။ “ငါတွက်ချက်တာမှားသွားတယ်”
ထိုချောက်ကမ်းပါးပေါ်၌ စိုက်နေသော ဓားအိမ်က သာမန်ဓားအိမ်မဟုတ်တာကိုသိရဲ့သားနှင့် ပေါ့သေးသေးမမှတ်ယူသင့်ပါလေ။
ဓားအိမ်ကို ထပ်ဆုပ်ကိုင်လိုက်သည်။ သို့သော် ဤတစ်ကြိမ်တော့ ချက်ခြင်းဆတ်ကတည်း ဆွဲမထုတ်လိုက်ပါပေ။ ထိုအစား လက်ချော်မထွက်သွားအောင်လို့ ဆုပ်ကိုင်ထားသောလက်များတွင် အားပိုထည့်လိုက်ပြီး ဖြေးဖြေးချင်းဆွဲထုတ်လိုက်သည်။
သူလုပ်နေသည့်အရာကို မြင်သော လျှိုလင်းလင်းက ရယ်လိုက်ပြီး “လုပ်မနေနဲ့။ ငါအဲ့လို လုပ်ဖူးတာ မနည်းဘူး”
စုရှောင်ရှန် သူမကို ပြန်မဖြေလိုက်ပါ။ ဖြည်းဖြည်းခြင်း အားပို၍ စိုက်ထုတ်နေသောကြောင့် ဖင်ဘူးတောင်ထောင် ထောင်နှင့် သူ့မျက်နှာက ရဲရဲနီနေတော့သည်။
“ထွက်လာစမ်း”
စုရှောင်ရှန်ကို လျှိုလင်းလင်း ကဲ့ရဲ့စကားဆိုတော့မည့်စဉ် သူမခြေထောက်အောက်မှ မြေပြင်စတင်၍ တုန်ခါလာသည်ကိုခံစားလိုက်ရသည်။ ချောက်ကမ်းပါးတစ်ခုလုံး တုန်ခါလာပြီး အက်ကြောင်းများ နေရာအနှံ့၌ ပေါ်လာ၏။
“သူ ခွန်အားချည်းသက်သက်တည်းနဲ့ ဆွဲထုတ်နေနိုင်တာလားဟ”
လျှိုလင်းလင်းမှင်တက်သွားရသည်။ သူမရှေ့မှ စုရှောင်ရှန်က စိတ်ဝိညာဉ်အနှစ်များ တစ်စိတ်တစ်ဒေသကိုမှ မသုံးပါဘဲ ရုပ်ပိုင်းဆိုင်ရာ ခွန်အားတစ်ခုတည်းဖြင့် ဓားအိမ်ကို မြေပြင်မှ ဆွဲထုတ်နေလေသည်။
သူ လူမှ ဟုတ်သေးရဲ့လား။ လူအရေခြုံထားတဲ့ မကောင်းဆိုးဝါးလား။
ဘုန်း…။
ဓားအိမ်၏ ပတ်ပတ်လည်၌ ချုပ်နှောင်ထားသော သံကြိုးသဏ္ဌာန် ချိတ်စည်းများစတင်၍ အလင်းတန်းများအဖြစ် တစ်ခုပြီးတစ်ခု ပုံပေါ်လာတော့သည်။
လျှိုလင်းလင်း အာစေးမိနေသည်။ စုရှောင်ရှန်က ရုပ်ပိုင်းဆိုင်ရာခွန်အားတစ်ခုတည်းဖြင့် ဓားအိမ်မှ ချိတ်စည်းများကို ဆွဲဖြုတ်နေနိုင်၏။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
စုရှောင်ရှန် မပြီးသေးပေ။ ဟာကွက်တစ်ခုကိုတွေ့သွားသဖြင့် အခွင့်ကောင်းယူလိုက်တော့သည်။ သူ့မျက်လုံးများပြူးကျယ်သွားပြီး လည်ပင်းရှိ ထောင်ထနေသော သွေးကြောများလည်း အပြင်းအထန် လှုပ်ရှားလာလေသည်။
ဘုန်း…။
မြေကမ္ဘာကို တုန်ဟီးစေသော ပေါက်ကွဲမှုကြီးဖြစ်ပွားသွားသည်။ ထိုပေါက်ကွဲမှု၏ သက်ရောက်မှုကြောင့် မြေကြီးထဲမှဓားအိမ်နှင့်အတူ စုရှောင်ရှန်လည်း ဆတ်ကတည်း လွင့်ထွက်သွားသည်။
ချောက်ကမ်းပါးအစွန်နားရောက်မှ တည်ငြိမ်အောင်လုပ်နိုင်လိုက်ပြီး ချောက်ထဲကျသည့် ဘေးကို ရှောင်နိုင်လိုက်သည်။ စုရှောင်ရှန် စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်လိုက်၏။
“အေးဆေးပဲ”