Switch Mode

Chapter – 139

သူလျှို

အပိုင်း (၁၃၉) သူလျှို

“ဒါ ဘာသဘောလဲ”

အကြီးအကဲစန်း၏ ဆိုလိုရင်းကို နားလည်သဘောပေါက်လေရာ ရဲ့ရှောင်ထျန်း စားပွဲကို လက်ဖြင့်ရိုက်ချလိုက်သည်။ “မင်းသူ့ကို နယ်ပယ်ကိုတည်ငြိမ်အောင်လုပ်ထားပေးတဲ့ ရတနာတွေကို သွားယူခိုင်းလိုက်တာလား”

“မဟုတ်ပါဘူးဟ။ လျှောက်ကောက်ချက်မချပါနဲ့” အကြီးအကဲစန်း သူ့ကို စိတ်လျော့ရန် လက်ပြလိုက်ပြီး ရှင်းပြသည်။ “ငါသူ့ကို အနက်ရောင်ရေတံခွန်ကိုပဲ သွားဖို့ပြောလိုက်တာပါ”

“တကယ် တခြား ဘာမှ မပြောလိုက်ဘူးလား” ရဲ့ရှောင်ထျန်း အကြီးအကဲကို ယုံရမလားမသိ မယုံရမလားမသိ မျက်မှောင်ကြုတ်လိုက်သည်။

“ငါသူ့ကို တခြားကော ဘာပြောရမှာတုန်း။ တကယ်လို့ တစ်ခုခုကို ကိုယ်ပိုင်ခွန်အားနဲ့ ရသွားနိုင်တယ်ဆိုရင်တော့ ဒါ သူနဲ့ ရေစက်ပါလို့ပဲ။ ဘာမှမရလည်း သူအဆင့်တက်သွားနိုင်ရင်ကို ငါ့အတွက်တော့ လုံလောက်ပြီလေ” အကြီးအကဲစန်း သာမန်ကာလျှံ ပြောလိုက်သည်။

သူတကယ် စုရှောင်ရှန်ကို ရတနာတွေကိုချိတ်ပိတ်ထားသည့် အကာအကွယ်များကို ချိုးဖျက်သည့်နည်းမပြောလိုက်ပါ။ ဒါပေမယ့် အနက်ရောင်ချောက်ကမ်းပါးမှ စုရှောင်ရှန် တစ်ခုခုကို အရယူလာနိုင်မည်လို့ ခံစားချက်ရေးရေးလေးရနေသည်။

“ဘယ်လိုလဲ လောင်းရဲလား”

ရဲ့ရှောင်ထျန်းဘာမှ မပြောသည်ကိုမြင်သော် ကျောက်ကျန်းရှီ ရယ်ရင်း ကြား၀င်ဖြတ်လိုက်သည်။ “အဖိုးကြီး ခင်ဗျား တကယ် မညစ်ဘူးဆိုရင်တော့ စုရှင်းရှင်းတောင် မရယူနိုင်တဲ့ အရာတစ်ခုကို စုရှောင်ရှန် အရယူနိုင်တာကို ဘယ်လိုမှ ပုံဖော်လို့မရဘူး”

အကြီးအကဲစန်း ပုခုံးတွန့်လိုက်ပြီး “‌နောက်မှ ကြည့်ရတာပေါ့”

ရဲ့ရှောင်ထျန်း ကနဦးက အကြီးအကဲစန်းပြောတာကို ပြန်ချေပဖို့ ပြင်လိုက်သော်လည်း ကျောက်ကျန်းရှီ၏ စကားက သူ့ကို တစ်စုံတစ်ခုကို အမှတ်ရသွားစေ၏။ သို့ဖြင် ချက်ခြင်းမငြင်းပယ်လိုက်ပါဘဲ မေးသည်။ “မင်းရှုံးရင်ရော”

“ငါမရှုံးဘူး”

“ဟီးဟီး” အဖိုးကြီးများ ရှုံးသွားရင် ခေါင်းရှောင်မလားဟု တွေးမိပြီး ရဲ့ရှောင်ထျန်း အေးစက်စက်ရယ်မောလိုက်သည်။

“ငါ့ကို မယုံဘူးလား။ ရတယ်လေ။ ငါရှုံးရင် မင်းခိုင်းတာတစ်ခု လုပ်ပေးမယ်” အကြီးအကဲစန်း ၀က်ပေါင်ခြောက် အသားတစ်ဖက်ကို ကောက်ယူရင်းပြောသည်။

သူ့စကားက အခြားသူ(၃) ယောက်ကို အံ့အားသင့်သွားစေ၏။ ရဲ့ရှောင်ထျန်း ထိုအဆိုပြုချက်ကို စိတ်၀င်စားသွားပြီး မေးလိုက်သည်။ “စုရှောင်ရှန် ဘာမှ မရဘဲ ပြန်လာရင်ရော”

“ကိစ္စမရှိဘူး။ အတူတူပဲ” ၀က်ပေါင်ခြောက်ကို ကိုက်လိုက်ရာ ပါးစပ်အတွင်း နှပ်ထားသောအရည်များ စိမ့်ထွက်လာခဲ့၏။

“ကောင်းပြီလေ ငါပါမယ်” စားပွဲကို‌ရိုက်ရင်း ‌ရဲ့ရှောင်ထျန်းဆိုသည်။ “မင်းတို့နှစ်ယောက်က မျက်မြင်သက်‌သေလုပ်။ ဒီအဖိုးကြီး ပြီးမှ ခေါင်းရှောင်ရဲရင်တော့ ငါတို့အကြောင်း သိသွားစေရမယ်”

ကျောက်ကျန်းရှီ ပြုံးစိပြုံးစိ ပြုံးရယ်ရင်း တုန့်ပြန်လိုက်ချိန် ရှောင်ချိန်စွေကတော့ မသေချာမရေရာသည့် အမူအရာမျိုးရှိနေသည်။

သူက ရဲ့ရှောင်ထျန်းနှင့် ကွဲပြားကာ ဖျက်ဆီးဖို့ဆိုရင် စုရှောင်ရှန် ဘယ်လောက် လက်ဖျားခါရလောက်လဲ သိသည်။ ရတနာများကိုသာ စုရှောင်ရှန်တကယ်ယူသွားလျှင် ထျန်းရွှမ်တံခါး ဘာဖြစ်မလဲ တွေးမိလိုက်၏။

အကြီးအကဲစန်း သူ့ကိုကြည့်ပြီး သူတွေးနေတာသိသည့်အလား ဆိုလိုက်သည်။ “နယ်ပယ်ကိုတည်ငြိမ်အောင်လုပ်ဖို့ ငါတို့မှာ တစ်ခြား အရာတွေရှိသေးပါတယ်။ အဆိုးဆုံးတွေဖြစ်လာရင်တောင် အဲ့ဒီနေရာတွေမှာ အဆင့်ပိုနိမ့်တဲ့ ရတနာတွေ အစားပြန်ထိုးလို့ရနေတာပဲ။ အေးဆေးပေါ့ ဘာမှ မဖြစ်လောက်ပါဘူး”

ကနဦးက ရှောင်ချိစွေ ဘယ်လိုမှ မခံစားရသေးပါ။ ယခု “အေးဆေးပေါ့ ဘာမှ မဖြစ်လောက်ပါဘူး” ဟူသည့် စကားကြားမှ ပျာယာခတ်သွားသည်။

‘အရင်တစ်ခေါက်တုန်းကလဲ အဲ့လိုပြောခဲ့တာပဲ။ ဘာဆက်ဖြစ်လဲ။ စိတ်ဝိညာဉ်စာကြည့်တိုက်ကြီး မီးလောင်သွားတယ်လေ’ သူတွေးလိုက်သည်။

ဒေါက် ဒေါက် ဒေါက်

အလျှင်စလိုရနေသော တံခါးခေါက်သံများက သူတို့ လေးဦးအကြားမှ စကားဝိုင်းလေးကို ကြား၀င်ဖြတ်လိုက်သည်။

ကျောက်ကျန်းရှီ တံခါးသွားဖွင့်လိုက်သောအခါ ထိတ်ထိတ်ပျာပျာ ဖြစ်နေသည့် ကျေက်ကျစ်တုံ့ကို မြင်လိုက်ရ၏။

သူ့လက်ထဲမှ စိတ်ဝိညာဉ်ဘီးကြီးက လူတိုင်းရဲ့ အာရုံကိုဖမ်းစားထားသည်။ ပုလဲတစ်လုံးက နက်မှောင်သွားခဲ့ပြီး နောက်တစ်လုံးကလည်း မှိတ်တုတ်မှိတ်တုတ် ကလေးသာ လင်းနေတော့ကာ အခြေအနေဆိုးနေဟန်ရသည်။

ရဲ့ရှောင်ထျန်းပြောစရာစကားများပျောက်ရှသွားသည်။ လောင်းကြေးထပ်ကြေးတင်ပြီးမှ တန်းရှုံးရတော့မည်ဟု မထင်ထားပါလေ။

“ဘာဖြစ်နေတာလဲ”

ကျောက်ကျစ်တုံ့ ပြန်ဖြေတော့မလို့ရှိသေး ကျောက်ကျန်းရှီသူ့ကို အခန်းအတွင်း ဆွဲထည့်ကာ တံခါးပိတ်လိုက်သည်။ “အရင် ၀င်လာခဲ့‌” သူဆိုသည်။

အခန်းကျဉ်းပါတယ်ဆို လူငါးယောက်ဖြင့် ပိုကြပ်သွားတော့သည်။

ကျောက်ကျစ်တုံ့ စားပွဲပေါ်မှ ဟင်းလျာများကိုကြည့်ကာ တံတွေးမျိုချပြီး အကြည့်လွှဲလိုက်သည်။ “ဒီပထမပုလဲလုံးက စောနက ပျက်‌ဆီးသွားတယ်။ ခု ဒီတစ်လုံးကလည်း လမ်းမှာ လာနေတုန်း ပျက်ဆီးတော့မလိုလို အရောင်မှိန်သွားတယ်”

အကြီးအကဲစန်းတို့လေးဦး : “…”

သူတို့လေးဦးလုံးစွံ့အနေကြသည်ကို ကြည့်ပြီး သူစကားမှားပြောမိတာကို သိသွားကာ ပို၍ ပျာယာခတ်သွား၏။

“ကျုပ်လုပ်လို့ကွဲရတာမဟုတ်ဘူး။ ဒီကိုလာနေတုန်းက သူ့ဟာသူ အလိုလိုကွဲသွားတာ။ ပြီးတော့ ပထမတစ်ခုနဲ့ အသက်ရှိုက်စာ အနည်းငယ်ပဲ ကွာခြားတယ်”

သူတို့လေးဦးစလုံး ပြန်တိတ်ဆိတ်သွားကြသည်။

ထျန်းရွှမ်တံခါးကို တည်ငြိမ်အောင်လုပ်ထားသည့် ရတနာများက တစ်ခုနှင့်တစ်ခု အလှမ်းကွာဝေးလွန်းလှလေသည်။ အသက်ရှိုက်စာအနည်းငယ်အတွင်း တစ်စုံတစ်ယောက်က ရတနာနှစ်ခုမှ ချိတ်စည်းများကို ဖျက်နိုင်စွမ်းရှိလိမ့်မည်မဟုတ်ပါပေ။

ကျောက်ကျန်းရှီ တအံ့တအော ရေရွတ်လိုက်သည်။ “ဒါဆို သူလျှိုနှစ်ယောက်ပေါ့”

ပုလဲတစ်လုံးကွဲတာက သူတို့ သူတို့မျှော်မှန်းထားသလိုဖြစ်သေးသည်။ ထျန်းရွှမ်တံခါး၀င်ခွင့်ကိုက အစကတည်းက သူလျှိုဖမ်းဖို့ ထောင်ချောက်ကြီးဖြစ်လေသည်။

ယခုတော့ ကြည့်ရတာ သူလျှိုက နှစ်ယောက်ဖြစ်သည့်ဟန်ပေါ်သည်။

ရှောင်ချိစွေ အတန်ငယ် တုန့်ဆိုင်းသွားပြီး မေးလိုက်သည်။

“ဒါမှမဟုတ် တစ်ယောက်က သူလျှို နောက်တစ်ယောက်က စုရှောင်ရှန်များလား”

၎င်းက ဖြစ်နိုင်ခြေရှိသလို ဖြစ်နေ‌တာကြောင့် လူတိုင်း မှင်တက်သွားကြသည်။

ကျောက်ကျစ်တုံ့ အလွန်သိချင်သွားပြီး မေးလိုက်သည်။ “သူလျှို ဟုတ်လား။ ဘယ်က သူလျှိုလဲ”

သူတကယ် အလွန် သိချင်နေပါသည်။ ရှောင်ချိစွေက သူလျှိုရှိနိုင်ခြေရှိတယ်ဟုသာ ပြောထားပြီး အလုံးစုံကို မရှင်းပြထားပါလေ။

‘စိတ်ဝိညာဉ်နန်းတော်ထဲမှာ သူလျှိုရှိတာ သူတို့ဘယ်လိုသိတာလဲဟ။ ပြီးတော့ သိနေတာတောင် ဒီလောက် တည်ငြိမ်ကြသေးတယ်တဲ့’

ကျောက်ကျန်းရှီ သူတို့ သုံးဦးကိုကြည့်လိုက်သည်။ သူ့ကို အခြေအနေကို ဖော်ထုတ်မှာကို မတားမယ့်ဟန်ပေါ်သော် “အဲ့ဒီည မျက်နှာဖုံးတပ်နဲ့လူ လာတိုက်ခိုက်တာကို မှတ်မိတယ်မလား။ အဲ့တုန်းက အတွင်းလူကြောင့်သာမဟုတ်ရင် မျက်နှာဖုံးတပ်လူက နန်းတော်ရဲ့ မဟာ အစီအရင်ကို အချက်မပေးစေဘဲ ကျော်လာနိုင်မှာမဟုတ်ဘူး။ ဒါတောင် သိပ်မကြာခင် ငါ့ရဲ့ အစီအရင်နဲ့မှ ရှာတွေ့သွားလို့ပေါ့”

ကျောက်ကျန်းရှီ၏ လေသံက ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမှုတို့ဖြင့် ပြည့်နှက်နေသည်။ သို့သော် အဆုံး၌ သက်ပြင်းချကာ “အတွင်းလူက အဲ့ညက ထွက်ပြေးသွားတာမြန်လို့ပေါ့။ ဘာခြေရာမှလည်း မချန်ထားခဲ့တော့ အခက်တွေ့နေတယ်”

‌ဘာဖြစ်နေသနည်းကို ကျောက်ကျစ်တုံ့ ဇာတ်ရည်လည်သွားပြီး မေးလိုက်သည်။ “ထျန်းရွှမ်တံခါးထဲမှာ သူလျှိုပါတယ်ဆိုတာ ကျုပ်တို့ ဘယ်လိုသိတာလဲ”

“အစကတော့ ငါတို့လည်းမသေချာဘူး။ ခုမှ သေချာသွားတယ်” ကျောက်ကျစ်တုံ့၏ လက်ထဲမှ စိတ်ဝိညာဉ်ဘီးကြီးကို ကြည့်ပြီး ကျောက်ကျန်းရှီကို ပြောလိုက်သည်။

အခြားသုံးယောက် ကျောက်ကျန်းရှီ လျှောက်ပြောနေတာကို ကြည့်ပြီး ပြုံးစိစိလုပ်လိုက်ကြသည်။

‘လိုဏ်ဂူဖြူ’ က ဖွင့်တော့မည်ဖြစ်ပြီး “သူတော်စင်အစေအပါး” တို့ကလည်း “နံပါတ်လေးဓား” အပါအဝင် နာမည်ကြီး ဓား၂၁ ချောင်းတို့ကို လိုက်လံစုစည်းနေကြသည်။

နံပါတ်လေးဓားက နာမည်ကြီးဓား၂၁ချောင်းထဲမှ မဟုတ်သော်လည်း ကုန်းမြေကြီး၏ နတ်ဘုရား လက်နက် (၅) ခုထဲမှ အပါအ၀င်ဖြစ်ပြီး နာမည်ကြီးဓားများထက်ပို၍ လူသိများပေသည်။

ထို့ပြင် ထိုဓားက “ရှစ်ယောက်မြောက်ဓားနတ်ဘုရားရဲ့ ယခင်ကဓား” ဟူသည့် ‌နာမည်ရှိလေရာ ထိုတစ်ခုတည်းဖြင့်ပင် လူတိုင်းကို သွေး‌ဆောင်နိုင်ပြီဖြစ်သည်။ ပြောရလျှင် ရှောင်ချိစွေတောင် လက်ယားနေသည်။

ထိုသို့သော ပြိုင်စံရှားလက်နက်၏ ဓားအိမ်က ထျန်းရွှမ်တံခါးထဲမှာဖြစ်သည်။ သို့ဖြင့် ဓားအိမ်ကိုပိုင်ပြီဆိုလျှင် တိုက်ပွဲကို ချစရာမလိုဘဲ တစ်၀က်အနိုင်ရရှိနေပြီးဖြစ်၏။

ကျောက်ကျစ်တုံ့တစ်ချက်စဉ်းစားပြီးနောက် မေးလိုက်သည်။ “စုရှောင်ရှန်ရော သူလျှိုမဖြစ်နိုင်ဘူးလား”

ထိုမေးခွန်းကြောင့် ရှောင်ချိစွေ ဒေါသထွက်သွားကာ ကျောက်ကျစ်တုံ့၏ ‌နာရင်းကိုဖြတ်ရိုက်လိုက်သည်။ ကျောက်ကျစ်တုံ့ လက်ထဲမှ ဘီးကိုတောင် ပစ်ချလုမတတ် နာကျင်သွား၏။

“ဦနှောက်လေးဘာလေးသုံးဦးဟ။ သူလျှိုတွေက စိတ်ဝိညာဉ်နန်းတော်ထဲမှာ ပုန်းအောင်းနေတာ အချိန်အတော်ကြာလောက်ပြီ။ အဲ့ဒီ‌ကောင်လေး အတွင်းစည်းကိုရောက်တာမှ ဘယ်လောက်ရှိသေးလို့လဲ ပြောစမ်း။ မဟာအစီအရင်ဆိုတာတောင် သူမြင်ဖူးရဲ့လားမသိဘူး”

ကျောက်ကျစ်တုံ့ ခန္ဓာကိုယ်ပြန်ကျုံ့သွားသည်။ ဘာလို့ စုရှောင်ရှန်က သူလျှိုမဖြစ်နိုင်ရတာလဲ။

စုရှောင်ရှန်၏ အဆောက်အဦးတွေဖောက်ခွဲခြင်း၊ လူတွေသတ်ဖြတ်ခြင်း များကိုကြည့်လျှင် မပြောနိုင်ဘူးလော။ သူ့အမြင်တွင်တော့ စုရှောင်ရှန်၏ လုပ်ရပ်များက စိတ်ဝိညာဉ်နန်းတော်ကို ဖရိုဖရဲဖြစ်အောင် လုပ်နေခြင်းသာ။

၎င်းက သူလျှိုမဟုတ်လို့ ဘာဖြစ်ရမလဲ။

ကျောက်ရှူနှင့်ကိစ္စတုန်းကလည်း အကြီးအကဲစန်းခေါ်လို့ပါဆိုပြီး ဆင်ခြေပေးပြီး ရှောင်တိမ်းသွားသေးသည်။ ရှောင်ချိစွေကို ထိုကိစ္စပြောပြတာတောင် သူက ဘယ်လိုမှ မတုန့်ပြန်ပါပေ။

‘ငါ ထပ်မေးကြည့်ရင်ရော’ သူတွေးလိုက်သည်။

သို့သော် သူတို့လေးဦးကိုကြည့်ပြီး ပြောတော့မည့်စကားများကိုပြန်မျိုလိုက်တော့သည်။ ကိုယ်ကိုကျုံ့ပြီး မထင်ပေါ်အောင်နေလိုက်၏။

‘ထားလိုက်ပါတော့ ငါ့အသက်က အရေးကြီးပါတယ်လေ’

သူ့ရှေ့မှ လူငယ်လေးက စိတ်၀င်စားစရာကောင်းတယ်ဟု အကြီးအကဲစန်းတွေးမိလိုက်ပြီး မေးသည်။ “စုရှောင်ရှန်ကလွဲပြီးရင် သူလျှိုက ဘယ်သူဖြစ်နိုင်သေးတယ်လို့ မင်းထင်လဲ”

စုရှောင်ရှန်က ဘယ်လိုမှ သူလျှိုမဖြစ်နိုင်ပါလေ။ တပြည့်အဖြစ်လက်ခံတော့မည့် စုရှောင်ရှန်၏ ကျောထောက်နောက်ခံကို အကြိမ်ရေ မရေမတွက်နိုင်အောင် သူစစ်ကြည့်ဖူးပါသည်။ ထူးခြားတာ ဘာမှ တွေ့ရပါချေ။

ကျောက်ကျစ်တုံ့ တစ်ခဏ စဉ်းစားလိုက်ပြီးနောက် အကြီးအကဲများတွေးမထင်ထားသည့် နာမည်တစ်ခုကို ပြောလိုက်သည်။

“မိုမို”

ရှောင်ချိစွေ၏ မျက်နှာချက်ခြင်းရှုံ့မဲ့သွားသည်။ ကျောက်ကျစ်တုံ့ကို သူလျှိုက အကြံအစည်လုပ်နေတာ နှစ်ချို့နေပြီလို့ ပြောတယ်မလား။ ဒါဖြင့် ယခုမှ အတွင်းစည်းသို့၀င်လာသော ဂိုဏ်းသားများကို ဖယ်လိုက်လို့ရနေပြီဖြစ်သည်။ အဘယ်ကြောင့် မဟုတ်တရုတ် အကြံတွေထွက်လာရတာလဲ။

ကျောက်ကျစ်တုံ့ကို ထပ်ဆော်တော့မည့် ရှောင်ချိစွေ၏ အင်္ကျီလက်စကို အကြီးအကဲစန်း တူဖြင့်ညှပ်လိုက်သည်။ ထို့နောက် ကျောက်ကျစ်တုံ့ကို ဆက်လက်၍ “ဘာလို့ အဲ့လိုထင်တာ‌လဲ”

သူ့ရှေ့မှ ကျောက်ကျစ်တုံ့က သူ့လက်အောက်ငယ်သားဖြစ်နေရာ ရှောင်ချိစွေက လက်ရဲဇက်ရဲနိုင်လှသည်။ သူ့ရှေ့၌ရှိနေတာ တခြား ဘယ်သူမှ မဟုတ်ဘူးဆိုတာတော့ သိထားရမည်။

ကျောက်ကျစ်တုံ့က ထိပ်သီး (၃၃) ဦး၏ ထိပ်ဆုံးပိုင်းမှ ပညာသင်ပြီးစီးသွားသည့်သူဖြစ်ရာ ရှောင်ချိစွေပြောတာကိုတော့ လစ်လျူရှူပြီး ထင်ရာဆိုင်းပြောမည့်ဟန်မရချေ။

အကြီးအကဲလေးဦးစလုံး ကျောက်ကျစ်တုံ့များ အကြံကောင်ဉာဏ်ကောင်းများရှိမလား မျှော်လင့်တကြီး ကြည့်လိုက်သည်။ သို့သော် ကျောက်ကျစ်တုံ့က ရင်ကိုကော့ပြီး ဗုံးကိုချဲလိုက်၏။ “ယောက်ျားတစ်ယောက်ရဲ့ မသိစိတ်ကြောင့်”

အကြီးအကဲလေးဦးစလုံးစွံ့အသွားသည်။

ထို့နောက် ရှောင်ချိစွေ အသက်ပြင်းပြင်းရှိုက်ကာ သူ့လက်ထဲမှ စိတ်ဝိညာဉ်ဘီးကြီးကိုယူလိုက်၏။

“ဟမ်” ကျောက်ကျစ်တုံ့ နားမလည်နိုင်ဖြစ်သွားသည်။

ဖက်…။

သူ့လက်ထဲမှ ဘီးကိုယူပြီးသည်နှင့် အားဖြင့် နဘန်ကျင်းလိုက်ရာ အခန်းကျဥ်းလေး‌‌တောင်တုန်ခါသွားအောင် ကြမ်းခင်း၌ ပြားပြားကလေး၀ပ်သွား၏။

Comment

Leave a Reply

Options

not work with dark mode
Reset