အပိုင်း (၁၃၇) ခွန်အားချည်းသက်သက် အသုံးပြုခြင်း
ထျန်းရွှမ်တံခါး၊ အနက်ရောင် ချောက်ကမ်းပါး…။
“ဟီးဟီးဟီး ဟီးဟီးဟီး…”
ရေအောက်ရှိ ကျောက်ဖျာကြီးတစ်ခုပေါ်၌ ဒူးပိုက်ကာဆောင့်ကြောင့်ထိုင်နေရင်း တဟီးဟီး တဟားဟား အရူးတစ်ယောက်လိုရယ်နေသော အတွင်းခံနှင့် လူငယ်လေးတစ်ယောက်ကိုမြင်ရသည်။ ထိုသို့ဖြစ်နေသည်မှာ အချိန်တစ်ခုရှိသွားလေပြီ။
စုရှောင်ရှန်ကိုယ်၌ကတောင် သူဘယ်လောက် သန်မာလာသလဲမသိတော့ပါ။ အတွင်းစည်းထိပ်သီး (၃၃) ယောက်လိုခွန်အားမျိုးဖြင့် ကျောက်ရှုကိုသတ်ဖို့ ပြင်းပြင်းထန်ထန် အကြံကုန်ထုတ်ကာ သေမတတ်ကြိုးစားခဲ့ရသည်။ ယခု စစ်မှန်ခြင်းနယ်ပယ်သို့ရောက်သွားသောအခါ ထိုသို့ ပြန်လုပ်ရန် မည်မျှ လွယ်ကူလိမ့်မည်ဖြစ်ကြောင်းကို သူမသေချာတော့ချေ။
“ကျန်းရှင်းရှုံလား။ အေးဆေး ငပိချက်လေး”
ထိုလူကို အန္တရာယ်အဖြစ်တောင် စုရှောင်ရှန် မမှတ်ယူထားတော့ပေ။ ထိုလူတွင် အရှင်သခင်နယ်ပယ်လို အကိုကြီးဘာညာ ရှိနေရင်တော့ သူ့အတွက် ပြဿနာ နည်းနည်းရှိလာနိုင်သည်။
စုရှောင်ရှန် မောက်မာနေခြင်းမဟုတ်ရပါ။ အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်က ထိုမျှလောက်ကို တကယ် သန်မာခြင်းဖြစ်ပါသည်။
ဒါတောင် အရှင်သခင်အဆင့်ရှိ ထာ၀ရအသက်စွမ်းအင်ကိုတောင်ထည့်မတွက်ရသေးကာ လူ့ဘီလူးကြီး၏ ဒေါသလည်း မပါသေးပေ။
“အိုးဟုတ်သား အရှင်သခင်အဆင့် လျင်မြန်မှု လည်းပါသေးတယ်။ သေချာစဉ်းစားကြည့်ရင် ငါ ပညာသင်တာကိုတောင် ပြီးဆုံးချင်ရင် လုပ်လိုက်လို့ရနေပြီမလား”
စုရှောင်ရှန် ဓာတ်လိုက်သည့်အလား တုန်ခါသွားပြီး ထိုအတွေးကို ခေါင်းထဲမှထုတ်လိုက်သည်။ နို့မဟုတ်ပါက ထိုသို့များလုပ်လိုက်မိလျှင် သူ့အသက်ကလေး အန္တရာယ်တောထဲကျသွားနိုင်၏။
အဖိုးကြီးစန်း၏ ပုံပြင်အရတော့ ယခုလို ငယ်ငယ်ရွယ်ရွယ်နဲ့တောင် ကိုယ်ပိုင်ကြိုးစားမှုဖြင့် အရှင်သခင်နယ်ပယ် ခန္ဓာကိုယ်ကို ကျင့်ကြံနိုင်လေရာ သူ့ထက် ပါရမီပိုမြင့်သလို အစွမ်းလည်းထက်ပေသည်။
ယခုဆို ထင်မထားနိုင်လောက်သည့် အဆင့်၌ ရှ်ိနေနိုင်၏။
“ဒါပေမယ့် တစ်ခုခုတော့မှားနေသလိုပဲ။ စစ်မှန်ခြင်းနယ်ပယ်လေးရောက်လိုက်တာကို လူတိုင်းက ငါ့အောက်မှာပဲ ရှိနေသလိုလို ခံစားချက်ကြီးရနေတယ်။ မဖြစ်ဘူး မဖြစ်ဘူး။ အောက်ခြေလွတ်နေတာ။ တကယ် တိုက်ခိုက်တဲ့အခါကြမှ ငါက စက္ကူကျားလေးဖြစ်နေရင် ဘယ်လိုလုပ်မတုန်း”
စုရှောင်ရှန် ကိုယ့်ကိုယ်ကိုယ် သံသယအပြင်းအထန်၀င်သွားသည်။ ထိုသို့ဖြစ်ရခြင်းကလည်း သူ၏ အင်မတန် မြန်သော ကြောက်မက်ဖွယ်ရာအတိဖြစ်သည့် တိုးတက်လာခဲ့သောခွန်အားကြောင့်ဖြစ်လေသည်။
“ထားလိုက်ပါတော့။ နောင်ခါလာ နောင်ဈေးပေါ့”
စုရှောင်ရှန် အတွေးများကိုခါထုတ်လိုက်ပြီး ဝှက်ဖဲအဖြစ် ထိန်းသိမ်းထားရန် ကြံသော ပင်ကိုယ်မှတ် သုံးသောင်းရှစ်ထောင်ကို စစ်ဆေးကြည့်လိုက်သည်။
သူမနိုင်သည့်တစ်စုံတစ်ယောက်နှင့်တွေ့ပါက ဓားထိပ်သီးကို အဆင့်(၅) ခါလောက် တစ်ပါးတည်း အဆင့်မြှင့်ပစ်လိုက်လေမည်။ အသိအမြင်များကြောင့် သွေးနားထင်တက်ကာ မမေ့လဲသွားသ၍ကတော့ ခေါင်းကွဲကြေမည့်သူက သူ၏ ရန်သူဖြစ်ပေမည်။
“ဟမ်”
အရာအားလုံးကို နောက်ထပ် ပြန်စစ်ကြည့်သောအခါ သူကျော်သွားသော အရာတစ်ခုကိုတွေ့လိုက်ရသည်။
[စားဖိုမှူး(စတင်ခြင်းအဆင့်၆)]
“ဘာလို့ စတင်ခြင်းနယ်ပယ် ပင်ကိုယ်စွမ်းရည်တစ်ခုက ရှိနေရသေးတာတုန်းဟ။ ထားလိုက်ပါ ပင်ကိုယ်မှတ်ငါးထောင်လောက်ကတော့ သုံးနိုင်ပါတယ်လေ”
[စားဖိုမှုး (စစ်မှန်ခြင်းအဆင့်၁)]
အသိအမြင် အလုံးလိုက်အရင်းလိုက် သူ့စိတ်ထဲကို၀င်လာခဲ့သည်။ စုရှောင်ရှန် စတင်ခြင်းနယ်ပယ် ဆေးပင်နှင့် အသားများအားလုံး၏ အကြောင်းအရာများကို ခရေစေ့တွင်းကျသိသွား၏။
အလင်းပေါက်သလိုမျိုး ဘယ်အသားက ဘယ်ဆေးပင်နှင့် ပေါင်းလိုက်လျှင် ဘယ်လို ရလဒ်မျိုးရလာမလဲကိုသိနေတော့သည်။ သူတို့၏ ဆေးဖက်၀င်မှုနှင့် တစ်ခုနှင့်တစ်ခု အစပ်အဟပ်တည့်မှုတို့ကို သိနေသလို ရောနှောခြင်းမှ ရလဒ်ကိုလည်း သိနေသည်။ ထိုမှ သူသိမျှ အတွေးအမြင်တွေအားလုံးက ချိတ်ဆက်နေသော ကွန်ရက်ကြီးတစ်ခုဖြစ်လာခဲ့၏။
“ဘာလဲဟ။ အသားနဲ့လုပ်တဲ့ ဆေးလုံးတွေလည်း ဖော်လို့ရတာလား…” စုရှောင်ရှန်၏ မျက်နှာထက်၌ ပဟေဠိ ဖြစ်ဟန်ပေါ်လာသည်။ ထိုသို့ကြိုးစားခြင်းက သဲထဲရေသွန်သာ ဖြစ်မည်ဖြစ်ကြောင်းကိုလည်း သိလိုက်ရသည်။
ကြည့်ရတာ မူလနန်းတော်ပွင့်လာပြီးနောက် အသိအမြင်များအားလုံးကို တစ်ခဏအတွင်း ချေဖျက်နိုင်နေသည့်ဟန်ပေါ်သည်။
“ထားလိုက်တော့။ နောက်မှပဲ ထပ်စဉ်းစားကြည့်တော့မယ်”
ထျန်းရွှမ်တံခါးထဲ၌ ရှိနေခြင်းဖြစ်ရာ ဆေးဖော်စပ်ဖို့အကြောင်းကို ခေါင်းထဲကထုတ်လိုက်ရန် ကိုယ့်ကိုယ်ကိုယ်အသိပေးလိုက်သည်။ ဤသို့သောအရာမျိုးက အချိန်နှင့် အလုပ်တို့ပေါင်းစပ်၍မှ ရသည့်အရာဖြစ်ရာ တံခါးထဲကထွက်မှ ပြန်စဉ်းစားခန်းဖွင့်ရန် ဆုံးဖြတ်လိုက်၏။
“ပင်ကိုယ်မှတ် နှစ်သိန်းရှစ်သောင်းကို အကျိုးရှ်ိရှိ အသုံးချလိုက်နိုင်တာပဲ”
စုရှောင်ရှန် စနစ်မှ ဆုလဒ်များကြောင့်ပျော်ရသလို သူ့ပင်ကိုယ်ဓာတ်စွမ်းအင်များကို စားသွားသည့်အတွက်လည်း နာကျဉ်းရသည်။ ထိုကြားထဲလွန်ဆွဲနေပြီး ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။
ထိုအရာအတွက် အနက်ရောင်ရေတံခွန်ကြီးကိုလည်း ကျေးဇူးတင်သင့်သည်။
ဖြစ်ပျက်နေသည်များအားလုံး စကားတစ်လုံးဖြင့်ဖော်ပြပါဆိုရင် : နေလို့ကောင်းခြင်း။
စုရှောင်ရှန် ရေတံခွန်ထဲကိုနောက်တစ်ကြိမ်ထပ်၀င်လိုက်သည်။ ယခုဆိုလျှင် လေးလံသောရေ၏ အလေးချိန်ကို လုံး၀ လစ်လျူရှူနိုင်ပြီဖြစ်သည်။ ဘာမှ မခံစားရပါလေ။
အဖြူရောင်ဓားစွမ်းအင်များကလည်း သူ့ကို နာကျင်အောင် လုပ်နိုင်ခြင်းမရှိတော့ပါ။ ထိလိုက်မည် ဆိုသည်နှင့် ချက်ခြင်း ရှောင်ကွင်းသွားကြသည်။
သူမော့ကြည့်ပြီး ယခင် သူ၏ ခန့်မှန်းချက်ကို ပြန်သွားလိုက်သည်။
အနက်ရောင်ချောက်ကမ်းပါးကြီး အသိရှိတာတော့မဖြစ်နိုင်ပေ။ ဖြစ်နိုင်ခြေတစ်ခုဖြစ်တာကို ငြင်းလို့မရသော်လည်း ချောက်ကမ်းပါး၏ ထိပ်၌ အသိရှိသည့်အရာတစ်ခုခုရှိသောကြောင့်ဖြစ်ဖို့ကပိုများသည်။
မဟုတ်လျှင် အဘယ်ကြောင့် အဖြူရောင်ဓားစွမ်းအင်များ ကျလာရသနည်းကို မတွေးခေါ်နိုင်ပါတော့ပေ။ ချောက်ကမ်းပါးကိုယ်တိုင်ကထုတ်လွှတ်ပေးနေတာတော့ ယုတ္တိမရှိပါ။
ထို့ပြင်…
“အနက်ရောင်ချောက်ကမ်းပါးတဲ့… ရောက်နေတာက အောက်ခြေမှာ။ တကယ် အပေါ်မှာ တစ်ခုခု ရှိကိုရှိရမယ်”
“အဲ့တာက ဓားတစ်ချောင်းလည်းဖြစ်နိုင်တာပဲ။ ရတနာဆိုတာ သူတို့ကို ဖွေရှာတဲ့သူနဲ့ပဲ ထိုက်တန်တယ် ဆိုတဲ့ ဆိုရိုးစကားလည်းရှိတယ်မလား ငိငိ”
သူ့ကိုယ်သူ ထိုထိုက်တန်သည့် လူတစ်ယောက်အဖြစ်သတ်မှတ်ပြီး အပေါ်တည့်တည့်ကို မျက်စိဖြင့် လိုက်မမြင်နိုင်သည့်အလျှင်ဖြင့် ပျံတက်သွား၏။ အနက်ရောင်ရေတံခွန်၏ သံတုံးအလား လေးလံသော စီးကျနေသောရေအောက်တွင်ပင် တစ်စက်ကလေးမှ မနှေးကွေးသွားပါ။
ဤနေရာက သူ့ကို ပင်ကိုယ်မှတ်များ မပေးနိုင်တော့ပါက ရနိုင်သမျှကို အပြောင်ရှင်းပြီး အခြားတစ်နေရာသို့ သွားပေမည်။
ထျန်းရွှမ်တံခါးကိုလာရသည့် ရည်ရွယ်ချက်ပန်းတိုင်နှစ်ခုစလုံး ပြီးမြောက်သွားပြီဖြစ်ရာ အချိန်တွေအားနေလေသည်။ သို့ဖြင့် ရသမျှ အကုန်ယူရန်ကို နောက်ပန်းတိုင်တစ်ခုအဖြစ် ထားလိုက်သည်။
“အနက်ရောင်ချောက်ကမ်းပါးတောင်ရှိတာ အဖြူရောင်ချောက်ကမ်းပါး၊ ခရမ်းရောင်ချောက်ကမ်းပါး မရှိဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ… သွားကြည့်ရအောင်”
စုရှောင်ရှန် (၁) ကီလီုမီတာကျော်ကျော် ဓားဖြင့်မပျံရဲသော အမြင့်အထိ အထက်သို့ တည့်တည့် ပျံတက်လာပြီးဖြစ်သည်။ သူ့ကိုယ်ပိုင်စွမ်းအင်ဖြင့်လည်း ပျံနိုင်နေရာ ပြုတ်ကျမှာ မကြောက်ပါတော့ချေ။
“အောက်ကိုမကြည့်မချင်း ဘာမှ မဖြစ်ဘူး ဆက်လုပ်ထား”
(၃) ကီလိုမီတာကျော်ကျော်အမြင့်သို့ရောက်သော် သူ့ခြေထောက်များတုန်ရင်လာပြီး အံလည်း တဂျွတ် ဂျွတ်ကြိတ်နေသည်။
“အရမ်းတောင် မြင့်နေပြီ အဆုံးက မတွေ့ရသေးပါလား”
အနက်ရောင်ရေတံခွန်းက အဆုံးမရှိမသည့်အလား မျက်စိတစ်ဆုံးမြင်နေရသည်။ သို့သော် အဆုံးမရှိသည့် ရေတံခွန်ရှိတယ်လို့ စုရှောင်ရှန် မယုံကြည်ပါပေ။
“ဟမ့်။ မင်းကိုယ်မင်းများ ကြယ်စင်အလင်းတန်းက၊ နတ်ပြည်ကိုးထပ်က ဆင်းလာတယ်များထင်နေတာလား”
ဘုတ်…။
သူ ဆက်လက်၍ ကြောက်မက်ဖွယ်ရာအတိဖြစ်သော အမြန်နှုန်းနှင့် ပျံတက်နေရင်း သဏ္ဌာန်မဲ့သော အကာအကွယ်လို အရာတစ်ခုခုနှင့်၀င်တိုက်မိသွားသည်။ ထိုမှ သက်ရောက်မှုကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ခါသွား၏။
“ဆုံးပြီလားဟ” စိတ်လှုပ်ရှားရမည်ဆိုတာထက် စုရှောင်ရှန် မှင်တက်သွားသည်။
သူမော့ကြည့်လိုက်လျှင်လည်း ရေတံခွန်က ရှေ့ဆက်သွား၍ ရသေးသည်မဟုတ်ပါလား။
သူ့ရှေ့၌ ဂယက်ထနေသော လေဟာနယ်ကိုမြင်လိုက်ရ၏။ သူ့အရှင်သခင်နယ်ပယ် ခန္ဓာကိုယ်နှင့်တိုက်သွားသည့် သဏ္ဌာန်မဲ့ အကာအကွယ် ဖြစ်ကြောင်းထင်ရှားသည်။
ထို့နောက်အကာအကွယ်နားကို တစ်ကြော့ပြန်သွား၍ ကိုင်ကြည့်လိုက်ရာ ပျော့အိအိနှင့် စေးကပ်ကပ်ကြီးဖြစ်နေသည်။
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ပြီး ထိုးချက်တစ်ခု ပစ်သွင်းလိုက်၏။
ဘုန်း…။
စုရှောင်ရှန် ကြော့ကွင်းကြောင့် ပြန်လွင့်ထွက်သွားသည်။ သို့သော် သူ့အကြားအမြင်က ထိုအကာအကွယ်မည်မျှ ပြင်းပြင်းထန်ထန်တုန်ခါသွားပြီး မတည်မငြိမ်ဖြစ်လာသလဲကို သတင်းပို့ပေးလိုက်၏။
“အထင်ကြီးစရာတော့ကောင်းသားပဲ။ အရှင်သခင်နယ်ပယ်ခန္ဓာကိုယ်နဲ့ ငါ့ခွန်အား (၃၀) ရာခိုင်နှုန်းကို သုံးထားတာတောင် မကျိုးပျက်သွားဘူး”
စုရှောင်ရှန် နောက်လက်သီးတစ်ချက်ပစ်ထိုးတော့မည့်အချိန် တုန်ခါမှုရပ်တန့်သွားပြီးနောက် အကာအကွယ်၏ မျက်နှာပြင်၌ စာလုံးများပေါ်လာသည်ကို တွေ့လိုက်ရသည်။
[ချိုးဖောက်၀င်ရောက်ခြင်းသည်းခံပါ]
ဘုန်း…။
သို့ဖြင့် အကာအကွယ်တစ်ခုလုံး အလင်းတန်းများအဖြစ် ပေါက်ကွဲ လွင့်ပြယ်သွားတော့သည်။ စုရှောင်ရှန် ဇဝေဇဝါဖြင့် အပေါ်ဆက်တက်လိုက်၏။
“တစ်ခုခုတော့တစ်ခုခုပဲ ဝေဝါးနေတော့ ဘာလဲဆိုတာ သေချာမတွေ့လိုက်ရဘူး”
ထိုအကာအကွယ်ကိုဖြတ်သန်းပြီးသည့်နောက်တောင် အဆုံးတကယ်မရှိသည့်အလား အနက်ရောင်ရေတံခွန်ကြီးကိုသာ မြင်နေရသေးလေသည်။
သို့သော်လည်း ရပ်တန့်ခြင်းမရှိဘဲ စုရှောင်ရှန် ဆက်လက်၍ ပျံတက်လိုက်သည်။ “ငါ့ပြိုင်ဘက်နဲ့လာတွေ့နေပါလား။ ကောင်းကင်ကိုတက်ရမယ်ဆိုရင်တောင် ရေတံခွန်ရဲ့ အဆုံးကို ရအောင်တက်မယ်ကွ”
မြေပြင်မှ (၇) ကီလိုမီတာခန့်အကွာမှာ နောက်ထပ် အကာအကွယ်တစ်ခုကို စုရှောင်ရှန် မြင်လိုက်ရလေသည်။
“နောက်တစ်ခုလာပြန်ပြီ”
သူမတိုက်ခိုက်ရသေးခင်ပင် [ချိုးဖောက်၀င်ရောက်ခြင်းသည်းခံပါ] ဟူသည့် စကားလုံးများက အကာအကွယ်၌ ထပ်၍ ပေါ်လာလေသည်။
ဘုန်း…။
ဘုန်း…။
(၇၀) ရာခိုင်နှုန်း၊ (၁၀၀) ရာခိုင်နှုန်း… သို့မှ အကာအကွယ် ကြေကွဲသွားသည်။
တဖြည်းဖြည်း အံ့အားသင့်မှုတို့၀င်ရောက်လာပြီး ဆက်ပျံတက်လိုက်၏။ မည်သည့်အရာကို ထားထားသောကြောင့် ဤသို့သော ကာကွယ်မှုမျိုးကို လိုရပါသနည်း။
အရှင်သခင်နယ်ပယ် ကျင့်ကြံသူများက ထျန်းရွှမ်တံခါးကိုမဝင်နိုင်ပါလေ။ သို့တောင် အဘယ်ကြောင့် သာမန် အရှင်သခင်နယ်ပယ် ကျင့်ကြံသူများတောင် မဖောက်နိုင် သည့် အကာအကွယ်များ ထားရှိထားပါသနည်း။
ဆယ်ကီလိုမီတာကျော်ကျော်အမြင့်သို့ရောက်သည့်တိုင် သူထင်ထားသလို အသက်ရှူခက်သည့် ပြဿနာမျိုးဖြစ်မလာရပါ။ ထို့ပြင် တတိယမြောက်အကာအကွယ်ကို ထင်ထားသလို တွေ့လိုက်ရ၏။
စုရှောင်ရှန် အသက်ကို ခပ်ပြင်းပြင်းရှူပြီး ထိုအရှ်ိန်အတိုင်း ဆက်သွားလိုက်သည်။
“စမ်းကြည့်ရအောင်”
သူ့ခွန်အား (၁၂၀) ရာခိုင်နှူန်းလောက်ကို အသုံးပြုပြီး ပျံသန်းမှုကို နောက်မှ တစ်ချက်ဆောင့်ကာ အားယူပြီး အသံထက်မြန်သောအလျှင်ဖြင့် အကာအကွယ်ကို ခန္ဓာကိုယ်ဖြင့်၀င်တိုက်ပစ်လိုက်သည်။
ဖူးးး…။
ကြော့ကွင်းကြောင့် သွေးတစ်ပွက် အန်ထုတ်လိုက်ရပြီး မီတာတစ်ရာကျော်အကွာအဝေးကို လွင့်ထွက်သွားလေသည်။
စုရှောင်ရှန် တိုက်ခိုက်နေတာများကိုရပ်လိုက်သည်။ သူ့မျက်လုံးများက စိတ်လှုပ်ရှားမှုတို့ဖြင့်ပြည့်နေ၏။
“တကယ် ရတနာ တစ်ခုခု ရှိကိုရှိရမယ်။ ဒီလို အကာအကွယ်တွေတောင်ထပ်ဆင့်ခံပြီးထားရတယ်ဆိုတာ တော်ရုံအချဉ်တော့မဟုတ်ဘူး”
စုရှောင်ရှန် အရှုံးမပေးလိုက်ပါ။ သူ့ထို၀င်တိုက်မှုအောက်၌ ခွန်အား (၁၂၀) ရာခိုင်မှူန်းပါတယ်ဆိုပေမယ့် သာမန် ဝင်တိုက်ချက်သာဖြစ်သေးသည်။
“ငါ စုရှောင်ရှန်က ဒီလိုနည်းနဲ့တိုက်ခိုက်တယ်ထင်လို့လား။ ဟာသပဲ။ သာမန်ကိုယ်တိုက်ချက်နဲ့မရရင် သာမန်အတွေးစွမ်းအင်နဲ့ လုပ်ရတော့မှာပေါ့ကွာ”
သူ့မျက်လုံးများကို မှိတ်ပြီး အကာအကွယ်ကို ထိလိုက်သည်။ ဤသို့သော အကာအကွယ်မျိုးက နာနာလေး တိုက်ခိုက်လေလေ ပိုကြီးတဲ့ တန်ပြန်မှုကိုခံရလေလေ ဖြစ်သည်။
“ဒါပေမယ့် တစ်နေရာတည်းကို အာရုံစိုက်ထားလိုက်မယ်ဆိုရင်တော့…”
“ဓားလက်ချောင်း(၁၀)ခန်း”
ထို့နောက်လက်နှစ်ချောင်းဖြင့် အကာအကွယ်ကိုထိုးလိုက်သည်။ တကယ်လဲ ခရက် ဟူသည့် အသံဖြင့် ပေါက်ပြဲသွား၏။
ထို့နောက် ထိုဟရာနှစ်ဖက်ကိုဆွဲဖြဲပြီး အတွင်းဘက်ကို ခုန်၀င်လိုက်လေသည်။
ချောက်ကမ်းပါးထိပ်။
နေရာတစ်ဝိုက်ကို ဟိုလှည့် ဒီလှည့်ကြည့်လိုက်ရာ သူ့မျက်ဆံများကျုံ့သွား၏။
“ဒါက…”