အခန်း (၆၈၁) ကျင့်ကြံမှုအကူပစ္စည်း
ရွှေခေါင်းလောင်း ကွဲကြေသွားမှပဲ ခုနစ်ပါး တာအိုပညာရှိကို ဟန်ကျွယ် ဆော်ထုတ်လိုက်ပြီဆိုတာ ကျိုးဖန် ယုံသွားပါတယ်။
‘ခုနစ်ပါး တာအိုပညာရှိ မရှိတော့ဘူးလို့ ဆရာသခင်က ပြောတယ်… မရှိတော့ဘူးဆိုတော့ သေသွားတာလား…’ ကျိုးဖန်ဟာ ဟန်ကျွယ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ လက်မြှောက်ပြီး ကျိုးဖန်ကို အင်္ကျီလက်စထဲ ထည့်ဖို့ ပြင်လိုက်ပါတယ်။
“ခဏနေပါဦး ဆရာသခင်… ဆရာသခင် အရင် ပြန်သွားလိုက်ပါ၊ ခုနစ်ပါး တာအိုပညာရှိ မရှိတော့ဘူးဆိုတော့ ကျွန်တော် သူ့ရတနာကို သိမ်းလိုက်မယ်” ကျိုးဖန်ဟာ နှလုံးခုန်မြန်သွားပြီး မျက်လုံးတွေ အရောင် တောက်သွားပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “မင်း ယုံကြည်ချက် ရှိရဲ့လား”
“၁၀၀ ရာခိုင်နှုန်း ရှိပါတယ်”
“ကောင်းပြီလေ” ဟန်ကျွယ်ဟာ ဝဲကတော့နက်ထဲကို လှမ်းဝင်လိုက်ပါတယ်။
တာအိုဘုံကျောင်းထဲကို ပြန်ရောက်တဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကျိုးဖန်ကို သွားကယ်တာ အန္တရာယ်မရှိမှန်း သိပေမဲ့လည်း မဟာတာအိုထက် ကျော်လွန်တဲ့ တည်ရှိမှုတစ်ခု ရုတ်တရက် ပေါ်လာမှာကို တစ်ချိန်လုံး စိုးရိမ်နေခဲ့တာပါ။
ဒီလိုဖြစ်နိုင်ခြေက လျစ်လျူရှုလို့ရတဲ့အထိ နည်းပါးတယ်ဆိုပေမဲ့ ဟန်ကျွယ်ဟာ သတိထားနေတုန်းပါ။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူပြီး ခုနစ်ပါး တာအိုပညာရှိကို ကျိန်စာတိုက်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ကျိန်စာစွမ်းအား စုပ်ယူခံလိုက်ရတဲ့အတွက် ဟန်ကျွယ်ဟာ ချက်ချင်းပဲ လက်လျှော့လိုက်ပါတယ်။
‘ကျိန်စာနတ်ဘီလူး… မင်းက အသက်ရှင်ရတာ ပင်ပန်းနေပြီနဲ့ တူတယ်’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး ကျိန်စာနတ်ဘီလူးကို ဘယ်လိုရှင်းရမလဲဆိုတာ အကြံထုတ်ပါတယ်။ ဟန်ကျွယ်သာ ကျိန်စာနတ်ဘီလူးကို မြန်မြန်ဆန်ဆန် မရှင်းပစ်ဘူးဆိုရင် ကျိန်စာနတ်ဘီလူးက သူ ကျိန်စာတိုက်တဲ့လူ မှန်သမျှကို လိုက်ကာကွယ်မှာပါ။ ဒီလိုဆိုရင် မကြာခင်မှာ သူ့ကို အရေခွံဆုတ်ချင်တဲ့ မဟာမိတ်အဖွဲ့ကြီး ပေါ်ပေါက်လာမှာပါ။
ဟန်ကျွယ်ဟာ ရုတ်တရက်ဆိုသလို နတ်ဒေါင်းအရှင်ကို တွေးမိသွားပါတယ် ‘ငါ ကျိန်စာနတ်ဘီလူးကို ရှင်းပစ်ဖို့ နတ်ဒေါင်းအရှင်ကို တာဝန်ပေးလိုက်ရင် ကောင်းမလား၊ နတ်ဒေါင်းအရှင်က အမင်္ဂလာနတ်ဧကရာဇ် လက်ကနေ လွတ်အောင်ပြေးနိုင်သေးတာပဲ၊ ကျိန်စာနတ်ဘီလူးကိုတော့ နိုင်လောက်မှာပါ…’
ဟန်ကျွယ်ဟာ ချက်ချင်းပဲ နတ်ဒေါင်းအရှင်ကို အိပ်မက်ပေးလိုက်ပါတယ်။
အိပ်မက်ထဲမှာ နတ်ဒေါင်းအရှင်ဟာ အမှောင်သခင်ကြီးအသွင် ပြောင်းထားတဲ့ ဟန်ကျွယ်ကို တွေ့တာနဲ့ စောဒက တက်ပါတော့တယ် “ကျွန်တော် သခင်ကြီးဆီမှာ အညံ့ခံပြီးပြီလေ၊ ဘာဖြစ်လို့ အမင်္ဂလာနတ်ဧကရာဇ်က ကျွန်တော်နောက် လိုက်နေရသေးတာလဲ”
ဟန်ကျွယ်က ခပ်တည်တည်ပဲ ပြန်ပြောလိုက်ပါတယ် “အမင်္ဂလာနတ်ဧကရာဇ်က မင်းနောက်ကို တကယ်လိုက်တာ ဟုတ်လို့လား”
“အဟွတ်… ကျွန်တော် ကျင့်ကြံဖို့နေရာ ရှာမတွေ့လို့ အမင်္ဂလာ မကောင်းဆိုးဝါးတွေရဲ့ နယ်မြေမှာ နေနေတာပါ၊ အဲဒီမှာဆို တခြားကျင့်ကြံသူတွေ လာမနှောင့်ယှက်ရဲဘူးလေ…”
နောက်ဆုံးမှာတော့ ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင် ဘာဖြစ်လို့ ဆက်တိုက် တိုက်ခိုက်ခံနေရလဲဆိုတာ နားလည်သွားပါတယ်။ နတ်ဒေါင်းအရှင်က အမင်္ဂလာနတ်ဧကရာဇ်ရဲ့ နယ်မြေကနေ ထွက်မှ ထွက်မသွားတာကိုး။ ဒီအတိုင်းဆက်သွားရင် ဟန်ကျွယ်ရဲ့ အလိမ်က တစ်နေ့မဟုတ် တစ်နေ့ ပေါ်သွားနိုင်ပါတယ်။
“အဲဒီကနေ ထွက်လာခဲ့၊ ငါ့မှာ မင်းအတွက် ကျိန်စာနတ်ဘီလူးကို သတ်ဖို့ တာဝန်တစ်ခုရှိတယ်”
နတ်ဒေါင်းအရှင်က တအံ့တဩ ပြန်မေးပါတယ် “ကျိန်စာနတ်ဘီလူး… သခင်ကြီးက ကျိန်စာနတ်ဘီလူး မဟုတ်ဘူးလား”
ဟန်ကျွယ်က အထင်အမြင်သေးစွာ ပြောလိုက်ပါတယ် “ကျိန်စာက ငါ ထိန်းချုပ်တဲ့ မဟာတာအိုတွေထဲက တစ်ခုပဲ၊ ဒီနတ်ဘီလူးက မွေးဖွားလာတာ မကြာသေးတော့ သူ့ကျင့်ကြံမှုကလည်း သိပ်မမြင့်ဘူး၊ မင်း သူ့ကို ရင်ဆိုင်နိုင်မှာပါ၊ ဒါက မင်းအတွက် စမ်းသပ်မှုတစ်ခုပဲ… သူ့ကို ဘယ်လိုရှာရမလဲ ဆိုတာတော့ မင်းဘာသာပဲ ကြည့်ကျက်လုပ်လိုက်”
“ကိစ္စမရှိပါဘူး၊ အမင်္ဂလာနတ်ဧကရာဇ်လို စွမ်းအားကြီးတဲ့လူကိုတောင် ကျွန်တော်က မကြောက်တာ၊ ကျိန်စာနတ်ဘီလူးလိုမျိုး ပဋိပက္ခနတ်ဘီလူးကတော့ အသာလေးပါ” နတ်ဒေါင်းအရှင်ဟာ ပဋိပက္ခနတ်ဘီလူးတွေကို စိန်ခေါ်ဖူးပါတယ်။ ဒါက သူ့အတွက် ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ဒါကြောင့် နတ်ဒေါင်းအရှင်ဟာ လုံးဝမကြောက်ပါဘူး။
ဟန်ကျွယ်ဟာ အိပ်မက်ကို တစ်ခါတည်း အဆုံးသတ်လိုက်ပါတယ်။ နတ်ဒေါင်းအရှင်က သူ့ကို တောင်းဆိုချက်လုပ်ရင် မဖြည့်ဆည်းပေးနိုင်မှာကို ကြောက်လို့ ဟန်ကျွယ်က အိပ်မက်ကို မြန်မြန် အဆုံးသတ်လိုက်တာပါ။ တစ်ချိန်တည်းမှာပဲ အမှောင်သခင်ကြီးဆိုတဲ့ အဆင့်အတန်းကိုလည်း ထိန်းသိမ်းလိုက်တာပါ။
ဟန်ကျွယ်ဟာ သူ့စိတ်အခြေအနေကို ပြုပြင်လိုက်ပါတယ်။
ခုနစ်ပါး တာအိုပညာရှိကို သတ်လိုက်တာက ဟန်ကျွယ်ကို သက်ပြင်းချစေပါတယ်။ တစ်ခါတုန်းက တန်ခိုးစွမ်းအားကြီးမားပြီး လူပေါင်းများစွာရဲ့ လေးစားကြောက်ရွံ့မှုကို ခံခဲ့ရတဲ့ တည်ရှိမှုတစ်ခုက လူမသိသူမသိနဲ့ အဆုံးသတ်သွားတယ် မဟုတ်ပါလား။
ဒါပေမဲ့ ဟန်ကျွယ်ဟာ ဘဝင်မမြင့်သွားပါဘူး။ ဟန်ကျွယ်သာ မဟာတာအိုပညာရှိကို တကယ် သတ်ချင်တယ်ဆိုရင် ကျိန်စာနဲ့တင် မလုံလောက်ပါဘူး။
‘ငါ မင်းနဲ့ စစ်တုရင် မကစားချင်ဘူး၊ မင်းရဲ့ နယ်ရုပ်လည်း အဖြစ်ခံမှာမဟုတ်ဘူး၊ ငါက ပြဿနာတွေကို ကြောက်ပေမဲ့ တကယ်ပြဿနာတက်ရင်တော့ တစ်စက်ကလေးတောင် အလျှော့ပေးမှာ မဟုတ်ဘူး…’ ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ ပြတ်သားသွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ မဟာတာအိုကို ရရှိဖို့အတွက် ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
ဟန်ကျွယ်ဟာ ဓမ္မရတနာတွေကို အမြဲတမ်း မှီခိုနေလို့ မရပါဘူး။ တကယ်တမ်း အရေးကြီးတာက ဘယ်သူ့လက်သီး ပိုမာတယ်ဆိုတာပါ။
မှောင်မည်းတဲ့ ခန်းမတစ်ခုမှာ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ဧကရာဇ်ပလ္လင်ပေါ် ပျင်းရိလေးတွဲ့စွာ ထိုင်ပြီး အင်မော်တယ်တွေ ငြင်းခုံတာကို စိမ်ပြေနပြေ ထိုင်ကြည့်နေပါတယ်။
“ဒါက အဆုံးသတ် အပျက်အစီး နတ်ဘုံကို ဝင်ဖို့ အချိန်ကောင်း မဟုတ်ဘူး”
“ငါတို့တွေ ဘယ်လောက်ကြာအောင် ဆက်စောင့်ရမှာလဲ”
“အဆုံးသတ် အပျက်အစီး နတ်ဘုံက ဝရုန်းသုန်းကား ဖြစ်နေပြီ၊ ဒီအခွင့်အရေးကို အမိအရဖမ်းပြီး ကောင်းကင်ရုံးတော် အင်အားကြီးလာဖို့အတွက် အင်မော်တယ်တွေကို စည်းရုံးသိမ်းသွင်းရမယ်”
“ငါတို့မှာ ရှေးပျက်သုဉ်းနယ်မြေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တောင် မရှိဘူး၊ ဘယ်လိုလုပ်ပြီး သွားရမှာလဲ”
“မိစ္ဆာဘိုးဘေးက ရှေးပျက်သုဉ်းနယ်မြေကနေ လွတ်မြောက်သွားပြီလို့ ကြားတယ်၊ သူသာ အဆုံးသတ် အပျက်အစီး နတ်ဘုံမှာ ရှိနေရင် ငါတို့တွေ အဲဒီကိုသွားတာက ကိုယ့်သေတွင်း ကိုယ်တူးတာ ဖြစ်သွားလိမ့်မယ်”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အင်မော်တယ်တွေ ငြင်းခုံတာကို ဘာမှဝင်မပြောပါဘူး။ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ တခြားတစ်စုံတစ်ခုကို တွေးတော စဉ်းစားနေတာ ဖြစ်ပါတယ်။
ဒီအချိန်မှာပဲ…
အင်မော်တယ်အိုတစ်ပါးဟာ ခန်းမထဲကို အလောသုံးဆယ် ပျံသန်းလာပြီး စိုးရိမ်တကြီး လျှောက်တင်ပါတယ် “သတင်းပို့ပါတယ်… အဆုံးသတ် အပျက်အစီးနတ်ဘုံရဲ့ အရှင် ခုနစ်ပါး တာအိုပညာရှိ သေဆုံးသွားပါပြီ”
ခန်းမတစ်ခုလုံး အပ်ကျသံ ကြားရလောက်တဲ့အထိ တိတ်ဆိတ်သွားပြီး အင်မော်တယ်အကုန်လုံး ကြက်သေသေသွားကြပါတယ်။
‘ခုနစ်ပါး တာအိုပညာရှိ သေသွားပြီလား…’
ကောင်းကင်ရုံးတော်ရဲ့ အင်မော်တယ် အများစုဟာ ကောင်းကင်တာအိုငယ်လေးတွေက မဟုတ်ရင် ပဋိပက္ခကနေ လာကြတာ ဖြစ်တဲ့အတွက် အဆုံးသတ် အပျက်အစီး နတ်ဘုံ အကြောင်းကို တော်တော်လေး သိကြပါတယ်။ ဒီအထဲမှာ ခုနစ်ပါး တာအိုပညာရှိက နာမည်ကျော်ကြားပြီး မဟာတာအိုပညာရှိတွေ ကြားထဲမှာ ဩဇာကြီးမားတဲ့ တည်ရှိမှုတစ်ခု ဖြစ်ပါတယ်။
မိစ္ဆာကောင်းကင်ဧကရာဇ်လည်း လန့်သွားပြီး ခါးကို အလိုလို ဆန့်မိလိုက်ပါတယ် “ဒါ အမှန်ပဲလား”
အင်မော်တယ်အိုက အလောတကြီး ပြန်ဖြေပါတယ် “အမှန်ပါပဲ၊ ခုနစ်ပါး တာအိုပညာရှိ သေဆုံးတဲ့ သတင်းက ပျံ့နှံ့သွားပါပြီ၊ မဟာတာအိုမျှော်စင်ကိုလည်း ကျိုးဖန်လို့ခေါ်တဲ့ ကျင့်ကြံသူတစ်ဦး သိမ်းပိုက်ထားပါတယ်”
‘ကျိုးဖန်…’ မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ လက်ချောင်းတွေနဲ့ တွက်ချက်ကြည့်ပေမဲ့ ဘယ်ကျိုးဖန်လဲဆိုတာ တွက်ချက်လို့ မရပါဘူး။
အင်မော်တယ်တွေဟာ အုတ်အော်သောင်းနင်း ဖြစ်သွားပြီး ဆက်ပြီးတော့ အချေအတင် ပြောဆိုကြပါတယ်။ ဒါပေမဲ့ အဆုံးသတ် အပျက်အစီး နတ်ဘုံကို သွားဖို့ အားသန်တဲ့ အင်မော်တယ်တွေ အကုန်လုံး ပါးစပ်ပိတ်နေကြပါတယ်။ ဘယ်သူမှ စကားတစ်လုံးတောင် မပြောရဲတော့ပါဘူး။
ခုနစ်ပါး တာအိုပညာရှိတောင် သေသွားတာ ဖြစ်တဲ့အတွက် ဘယ်သူက အဆုံးသတ် အပျက်အစီးနတ်ဘုံကို သွားရဲဦးမှာလဲ။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ မျက်မှောင်ကြုတ်သွားပြီး အတွေးနက်သွားပါတယ်။ ခုနစ်ပါး တာအိုပညာရှိ သေဆုံးသွားတာက ကျိန်းသေပေါက် ကြောက်မက်ဖွယ် အချက်ပြမှုတစ်ခုပါ။ ခုနစ်ပါး တာအိုပညာရှိနဲ့ မဟာတာအိုပညာရှိ တော်တော်များများက တစ်အုပ်စုတည်းဆိုတာကို မိစ္ဆာ ကောင်းကင်ဧကရာဇ် သိပါတယ်။ ခုနစ်ပါးတာအိုပညာရှိကို သတ်လိုက်တာက အုပ်စုအသစ် ဖြစ်နိုင်ပါတယ်။
“တော်ပြီ”
မိစ္ဆာ ကောင်းကင်ဧကရာဇ်ရဲ့အသံကြောင့် အင်မော်တယ်တွေဟာ ပါးစပ်ပိတ်သွားပြီး မိစ္ဆာ ကောင်းကင်ဧကရာဇ်ကို ကြည့်လိုက်ကြပါတယ်။ မိစ္ဆာကောင်းကင်ဧကရာဇ်က ညွှန်ကြားလိုက်ပါတယ် “ခုနစ်ပါး တာအိုပညာရှိ ဘယ်နေရာမှာသေတယ်၊ ဘယ်သူ သတ်တယ်ဆိုတာကို ချက်ချင်း စုံစမ်းချည်၊ ကောင်းကင်စစ်သားတွေကို ချက်ချင်း စုစည်းပြီး ဆုတ်ခွာမယ်”
အင်မော်တယ်တွေဟာ မကန့်ကွက်ရဲတာကြောင့် ချက်ချင်း သဘောတူလိုက်ကြပါတယ်။
ဒီလိုနဲ့ မျက်တောင်တစ်ခတ်အတွင်း နှစ်တစ်ထောင် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ် ‘နေလို့ထိုင်လို့ ကောင်းသားပဲ… ဒါပေမဲ့ အရမ်းကြီး ကောင်းနေတာလည်း မဟုတ်ဘူး၊ ငါ နှစ်ငါးထောင်တစ်ခါ ဂူအောင်းကျင့်ကြံသင့်လား…’
ဟန်ကျွယ်ဟာ လွတ်လပ်မှု လောကဦး ပဋိပက္ခ နောက်ဆုံးအဆင့်ကို ထိုးဖောက်လိုက်ကတည်းက သူ့ကျင့်ကြံမှုအလျင်ဟာ နှေးကျသွားပါတယ်။
ဟန်ကျွယ် နှစ်တစ်ထောင်တစ်ခါ ဂူအောင်းကျင့်ကြံတာက သူ့တပည့်တွေ တစ်ခုခုဖြစ်ပြီး ဂရုစိုက်ဖို့ အချိန်မရှိလိုက်မှာကို စိုးရိမ်လို့ ဖြစ်ပါတယ်။ ဒါပေမဲ့ သေချာတွေးကြည့်ရင် အနန္တကမ္ဘာမြင်ကွင်းကျယ် ရှိနေတဲ့အတွက် အပြင်တပည့်တွေ တစ်ခုခုဖြစ်ရင် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲက တပည့်တွေကို သတင်းပေးနိုင်မှာပါ။ တစ်ဖက်လူက သတင်းမပေးရင်တော့ သူတို့ထိုက်နဲ့ သူတို့ကံပေါ့။
ဒါကြောင့် ဟန်ကျွယ်ဟာ အကြိမ်တိုင်းမှာ နှစ်ငါးထောင် ဂူအောင်းကျင့်ကြံဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်နေတဲ့ ရှင်းဟုန်ရွှမ်ကို ကြည့်လိုက်ပါတယ်။ ကိုယ်ဝန်ရလာကတည်းက ရှင်းဟုန်ရွှမ်ဟာ ဂူအောင်း ကျင့်ကြံအားထုတ်နေပြီး အပြင်ထွက်ခဲပါတယ်။ ဒီအတောအတွင်း ရှင်းဟုန်ရွှမ်ရဲ့ ကျင့်ကြံမှုက ပုံမှန်တိုးတက်လာပြီး မသိမသာနဲ့ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အလယ်အဆင့်ကို ထိုးဖောက်သွားပါတယ်။
‘ရှင်းဟုန်ရွှမ်က ကလေးကို ကျင့်ကြံမှုအကူပစ္စည်းလို အသုံးပြုနေတာလား… ငါ့ကလေး အခုထိ မမွေးသေးတာ သူ့အမေက မမွေးချင်မှန်းသိလို့ ဗိုက်ထဲမှာပဲ ပုန်းနေတာများလား… အဟွတ်… ငါ တော်တော် အတွေးလွန်နေပြီ…’
ဟန်ကျွယ်ဟာ သားအမိနှစ်ယောက်ကို တစ်ခဏ ကြည့်ပြီးတာနဲ့ စာအိတ်ကိုဖွင့်ကာ စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့မိတ်ဆွေတွေရဲ့ အခြေအနေကို ကြည့်တိုင်း ပဟေဠိသေတ္တာကို ဖွင့်ဖောက်ရသလို ခံစားရပါတယ်။
[သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်သား ဟန်ထော်သည် ပဋိပက္ခ လျှို့ဝှက်နယ်မြေသို့ မတော်တဆ ဝင်ရောက်သွားသည်။]
[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် သင့်ရန်သူ ကျောက်စိမ်းဗောဓိ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်တပည့် ကျိုးဖန်သည် လျှို့ဝှက်ဆန်းကြယ် တာအိုမိစ္ဆာတစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၆၆၅၂၀၉၄၂
[သင့်မိတ်ဆွေ ပန်ရှင်းသည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်မိတ်ဆွေ ကျန်းတုကူးသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ လမ်းညွှန်မှုကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
[သင့်မြေးတပည့် ဖန်းလျန်သည် ဖန်တီးရှင် ကျောက်စိမ်းပြားကို သုံးသပ်နားလည်ပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ လမ်းညွှန်မှုကြောင့် ကိုယ်စွမ်းကိုယ်စဖြင့် တာအိုကို ရယူနိုင်ခဲ့ပြီး လောကဦးပဋိပက္ခ တာအိုအသီးအား ရရှိသွား၏။]
‘ဧကရီဟုတ်ထိုက တာအိုကို ရသွားပြီလား..’ ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးလိုက်တဲ့အခါ ဧကရီဟုတ်ထိုက လွန်ခဲ့တဲ့နှစ်သုံးလေးရာကပဲ ကောင်းကင်တာအိုကနေ ထွက်ခွာသွားတာကို တွေ့လိုက်ရပါတယ်။
‘ဧကရီဟုတ်ထိုကို ဘယ်သူ လမ်းညွှန်ပေးတာလဲ… ဘိုးဘေးမှော်ပညာရှိ သိကျန်းများလား…’
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 681
? Views, Released on December 13, 2024