အခန်း (၆၈၀) တားဆီးမရတဲ့ ကျိန်စာ
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ကိုင်ပြီး ခုနစ်ပါး တာအိုပညာရှိကို ကျိန်စာ စတိုက်ပါတယ်။ ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ လျင်မြန်စွာ လျော့ကျသွားပါတယ်။ ဒါပေမဲ့ ဒီလျော့ကျနှုန်းက ဟန်ကျွယ်ရဲ့ သက်တမ်းနဲ့ နှိုင်းယှဉ်ရင် မဟာသမုဒ္ဒရာနဲ့ မိုးရေစက်ကို နှိုင်းယှဉ်ရသလိုပါပဲ။
တခြားတစ်ဖက်မှာတော့ ကျင့်ကြံအားထုတ်နေတဲ့ ခုနစ်ပါး တာအိုပညာရှိဟာ မျက်လုံးပွင့်လားပြီး မျက်မှောင်ကြုတ်သွားပါတယ် “အမှောင်သခင်ကြီး…”
ခုနစ်ပါး တာအိုပညာရှိဟာ အမှောင်သခင်ကြီး ကျိန်စာတိုက်တာကို မခံရဖူးတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျိန်စာတိုက်ခံရတာက အမြဲတမ်း ငါးရက်ထက် ပိုမကြာပါဘူး။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ပထမဆုံးအကြိမ် ငါးရက်ကျော်သွားပြီး ကျိန်စာစွမ်းအားက ပိုပြင်းထန်လာပါတယ်။
‘အမှောင်သခင်ကြီးက ငါ့ကို တိုက်ခိုက်ချင်တာလား… ဘာဖြစ်လို့ ငါ့ကို တိုက်ခိုက်ချင်ရတာလဲ’
ခုနစ်ပါး တာအိုပညာရှိဟာ ခန်းမထဲက ရွှေခေါင်းလောင်းကို ကြည့်ရင်း ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိကာ မျက်လုံးတွေကို ကျဉ်းလိုက်ပါတယ်။ ခုနစ်ပါး တာအိုပညာရှိဟာ အမှောင်သခင်ကြီး ဘယ်သူလဲဆိုတာကို မှန်းဆမိသွားတာပါ။
‘မင်းက အမှောင်သခင်ကြီးကိုး… ဒါကြောင့် ငါ မင်းကို ရှာလို့မရတာ၊ ကြည့်ရတာ တာအိုဘိုးဘေးရဲ့ စကားက အမှန်ပဲ… မဟာတာအိုကပ်ဘေးရဲ့ မသိကိန်း… အမှောင်သခင်ကြီး…’
ခုနစ်ပါး တာအိုပညာရှိဟာ မျက်တောင်တစ်ချက် ခတ်လိုက်ပြီး သူ့စွမ်းအားတွေကို လှည့်ပတ်ကာ ကျိန်စာကို ခုခံပါတယ်။ အမှောင်သခင်ကြီးက နာမည်ဆိုးနဲ့ ကျော်ကြားသူမို့ ခုနစ်ပါး တာအိုပညာရှိဟာ သတိကြီးကြီးမထားဘဲ မနေရဲပါဘူး။ သူ့ရှေ့မှာ ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခနတ်မင်းနဲ့ ဆွမ်တိက အကောင်းဆုံး ဥပမာတွေ မဟုတ်ပါလား။
အမှောင်သခင်ကြီး ကျိန်စာတိုက်တာကို ရင်ဆိုင်ဖို့အတွက် ခုနစ်ပါး တာအိုပညာရှိဟာ ကြိုတင် ပြင်ဆင်ထားပြီးသားပါ။ ခုနစ်ပါး တာအိုပညာရှိ ဝတ်ဆင်ထားတဲ့ ဝတ်ရုံနက်ကနေ ထူးဆန်းတဲ့ အလင်းရောင်တွေ ထွက်ပေါ်လာပြီး ခုနစ်ပါး တာအိုပညာရှိရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းမိုးသွားပါတယ်။ တစ်ချိန်တည်းမှာပဲ ကျိန်စာစွမ်းအားက အားနည်းသွားတဲ့အတွက် ခုနစ်ပါး တာအိုပညာရှိရဲ့ ရင်ထဲက အလုံးကြီး ကျသွားပါတယ်။ ခုနစ်ပါး တာအိုပညာရှိဟာ အထင်သေးတဲ့ အပြုံး ပြုံးလိုက်ပါတယ်။
‘မင်းက ဘာမဟုတ်တဲ့ကျိန်စာနဲ့ ပဋိပက္ခကို စိုးမိုးချင်တယ်တဲ့လား… မဖြစ်နိုင်တာကို တွေးနေတာပဲ’
တာအိုဘုံကျောင်းထဲက ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်း ကိုယ်ရေးအကျဉ်းနဲ့ စာအိတ်ကို စိုက်ကြည့်နေပါတယ်။ ဟန်ကျွယ်ဟာ သူ့သက်တမ်း ၃ ကွာဒလီယံကို ဆုံးရှုံးသွားပေမဲ့ အခုထိ ခုနစ်ပါး တာအိုပညာရှိ တစ်ခုခုဖြစ်တာကို မမြင်ရသေးပါဘူး။ ခုနစ်ပါး တာအိုပညာရှိက တကယ်ကို မရိုးရှင်းတာပါ။
ဟန်ကျွယ်ဟာ ခုနစ်ပါး တာအိုပညာရှိကို လျှော့မတွက်ရဲပါဘူး။ ခုနစ်ပါး တာအိုပညာရှိက ကျိုးဖန်ကို ပျိုးထောင်ဖို့အတွက် နှစ် ၂၀၀,၀၀၀ တောင် အချိန်ယူခဲ့တာပါ။ သူ့မှာ တခြားနယ်ရုပ်တွေ မရှိဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ။
ဘာပဲဖြစ်ဖြစ် ဒီနေ့မှာ တာအိုဘိုးဘေး ပေါ်လာရင်တောင် ဟန်ကျွယ်ဟာ ခုနစ်ပါး တာအိုပညာရှိကို မရရအောင် သတ်ပစ်မှာပါ။ မောက်မာတယ်လို့ပြောလည်း မတတ်နိုင်ပါဘူး။ ခုနစ်ပါး တာအိုပညာရှိက သူ့တပည့်ကို အနိုင်ကျင့်ပြီး သူ့ကို မတိုက်ခိုက်ရဲဘူးလို့တောင် လှောင်ပြောင်ခဲ့တယ် မဟုတ်ပါလား။ ဒါကြောင့် ဟန်ကျွယ်ဟာ အားကုန်သုံးပြီး ကျိန်စာ ဆက်တိုက်ပါတယ်။
၄ ကွာဒလီယံ။
၅ ကွာဒလီယံ။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ခုနစ်ပါး တာအိုပညာရှိ၏ တာအိုနှလုံးသား ကွဲကြေသွား၏။]
‘ဟီးဟီး… ဒါပဲလေ… ငါက မင်းကို လူယောင်ဆောင်ထားတဲ့ ကံပုတီး မှတ်နေတာ… အခုတော့ ဘာတတ်နိုင်သေးလဲ…’ ဟန်ကျွယ်ဟာ ခုနစ်ပါး တာအိုပညာရှိကို စိတ်ထဲကနေ သရော်လိုက်ပါတယ်။ ကံပုတီးလိုမျိုး အကောင်းစား ရတနာက ဟင်းရွက်ကန်စွန်း မဟုတ်တဲ့အတွက် လေးငါးခု မရှိနိုင်ပါဘူး။
ဟန်ကျွယ်ဟာ ကျိန်စာဆက်တိုက်ပါတယ်။
၆ ကွာဒလီယံ။
၇ ကွာဒလီယံ။
ခန်းမထဲမှာ ကျိန်စာကို ခုခံနေတဲ့ ခုနစ်ပါး တာအိုပညာရှိရဲ့ မျက်နှာ မည်းမှောင်ချက်က ဒယ်အိုးဖင်လိုပါပဲ။ သူ့ခန္ဓာကိုယ်ဟာ အချိန်မရွေး ပျောက်ကွယ်သွားနိုင်သလိုမျိုး ဆက်တိုက်ကို မတည်မငြိမ် ဖြစ်နေပါတယ်။
“သေစမ်း… အမှောင်သခင်ကြီးရဲ့ ကျိန်စာက ဘာဖြစ်လို့ ဒီလောက်တောင် စွမ်းအားကြီးရတာလဲ… ကောင်းကင်တာအို တစ်ခုလုံးကို စတေးလိုက်လို့လား…” ခုနစ်ပါး တာအိုပညာရှိဟာ သူ့ဘာသာ ရေရွတ်ပြီး လှမ်းကြည့်လိုက်တဲ့အခါ ကောင်းကင်တာအိုက နဂိုအတိုင်း ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။
ခုနစ်ပါး တာအိုပညာရှိဟာ အကြောင်းရင်းကို စဉ်းစားမရပါဘူး။ ဒါပေမဲ့ လောလောဆယ်မှာ စဉ်းစားဖို့ကို အချိန်မရှိတာပါ။
‘မဖြစ်တော့ဘူး… ငါ ဒီအတိုင်းသာ ဆက်သွားရင် ပဋိပက္ခနတ်မင်းနဲ့ ဆွမ်တိနောက်ကို လိုက်ရလိမ့်မယ်…’
“ဝုန်း…”
ခုနစ်ပါး တာအိုပညာရှိရဲ့ ခန္ဓာကိုယ်ဟာ ပေါက်ကွဲထွက်သွားပြီး အမှုန့်အမွှားတွေအဖြစ် လွင့်ပါး ပျောက်ကွယ်သွားပါတယ်။
ချက်ချင်းဆိုသလိုပဲ ခုနစ်ပါး တာအိုပညာရှိဟာ သွေးဆုတ်တဲ့မျက်နှာနဲ့ သူ့ခန္ဓာကိုယ်ကို ပြန်စုစည်းလိုက်ပါတယ်။ ခုနစ်ပါး တာအိုပညာရှိဟာ တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ပါဘူး။ ကျိန်စာကို အစွမ်းကုန် ခုခံရင်း ဦးနှောက်ကို ၁၀,၀၀၀ ရာခိုင်နှုန်း အသုံးပြုကာ ဖြေရှင်းချက်ကို ရှာဖွေပါတယ်။
ဒီအချိန်မှာပဲ ခန်းမထဲကို အနက်ရောင် လေပြင်းတစ်ခု တိုက်ခိုက်လာပြီး အနက်ရောင် အရိပ်အသွင် ပြောင်းလဲကာ ခုနစ်ပါးတာအိုပညာရှိရှေ့ကို ရောက်လာပါတယ်။
ခုနစ်ပါး တာအိုပညာရှိဟာ မျက်မှောင်ကြုတ်သွားပါတယ် “မင်းက ဘယ်သူလဲ” တစ်ဖက်လူက အနက်ရောင် အရိပ်အသွင် ပြောင်းလဲတာကို တွေ့လိုက်ရတဲ့အတွက် ခုနစ်ပါး တာအိုပညာရှိဟာ အမှောင်သခင်ကြီးကို ချက်ချင်း တွေးမိလိုက်ပါတယ်။
အနက်ရောင် အရိပ်က ခုနစ်ပါး တာအိုပညာရှိရဲ့ မေးခွန်းကို ပြန်မဖြေဘဲ မေးခွန်း ပြန်ထုတ်လိုက်ပါတယ် “မင်း သူကျိန်စာတိုက်တာကို မတားနိုင်ဘူးမလား”
“မင်းနဲ့ အမှောင်သခင်ကြီးက ဘယ်လိုဆက်စပ်နေတာလဲ”
“ငါ ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး၊ ငါ မင်းကို သတိလာပေးတာ၊ မင်း သူကျိန်စာတိုက်တာကို မတားဆီးနိုင်ဘူးဆိုရင် အချိန်နည်းနည်း ထပ်စောင့်တာနဲ့ မင်းသေလိမ့်မယ်”
ခုနစ်ပါး တာအိုပညာရှိဟာ တိတ်ဆိတ်သွားပါတယ်။ အနက်ရောင် အရိပ်က ဆက်ပြောပါတယ် “မင်းကိုယ်မင်း သတ်သေပြီး လက်ကျန်ဝိညာဉ် ချန်ထားခဲ့ချည်၊ ပြီးရင် ငါ့နောက်ကို လိုက်ခဲ့၊ ငါ မင်းကို ကာကွယ်ပေးပြီး အမှောင်သခင်ကြီးကို ကလဲ့စားချေပေးမယ်”
“ဟာသပဲ… ငါက ဘာကိစ္စနဲ့ မင်းနောက် လိုက်ရမှာလဲ”
အနက်ရောင် အရိပ်ဟာ တိတ်ဆိတ်သွားပါတယ်။ ခုနစ်ပါး တာအိုပညာရှိရဲ့ ခန္ဓာကိုယ်ဟာ ထပ်ပေါက်ကွဲပြီး ထပ်ပြီးတော့ ပြန်ခဲပါတယ်။ ခုနစ်ပါး တာအိုပညာရှိဟာ ကြာကြာ တောင့်မခံနိုင်တော့ပါဘူး။
အရိပ်နက်က ပြောလိုက်ပါတယ် “ငါက ကျိန်စာ နတ်ဘီလူးပဲ၊ အမှောင်သခင်ကြီးက ငါရဲ့ မဟာတာအိုကို အသုံးပြုတာ ကျွမ်းကျင်တော့ ငါ သူ့ကို ကျိန်းသေပေါက် ရှင်းပစ်ရမှာပဲ၊ မင်း ငါ့နောက်လိုက်မှသာ သူ့ရဲ့ ကျိန်စာကို ရှောင်ရှားနိုင်လိမ့်မယ်”
‘ကျိန်စာ နတ်ဘီလူး… ပဋိပက္ခ နတ်ဘီလူးလား…’ ခုနစ်ပါး တာအိုပညာရှိရဲ့ မျက်ဆံတွေ ကျယ်သွားပါတယ်။ ခုနစ်ပါး တာအိုပညာရှိဟာ ကျိန်စာနဲ့ တာအိုကို ရယူနိုင်လိမ့်မယ်လို့ ထင်မထားပါဘူး။ သူ့အမြင်မှာ ကျိန်စာတိုက်တာက ကံတရား မဟာတာအိုနဲ့ အတူတူပဲလို့ ယူဆထားတာပါ။
နောက်ထပ် ပိုမိုပြင်းထန်တဲ့ ကျိန်စာစွမ်းအား တိုက်ခိုက်လာတဲ့အတွက် ခုနစ်ပါးတာအိုပညာရှိဟာ တုံ့ဆိုင်းဖို့ အချိန် မရှိတော့ပါဘူး။ ချက်ချင်း ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပြီး လက်ကျန်ဝိညာဉ်တစ်စ ချန်ထားလိုက်ပါတယ်။ အဲဒီလက်ကျန်ဝိညာဉ်စကလည်း ကျိန်စာနတ်ဘီလူးဆီ ပျံသန်းသွားပါတယ်။
ကျိန်စာနတ်ဘီလူးဟာ လက်ဝှေ့ယမ်းပြီး ခုနစ်ပါးတာအိုပညာရှိရဲ့ လက်ကျန်ဝိညာဉ်စကို သိမ်းယူကာ ခန်းမထဲကနေ ပျောက်ကွယ်သွားပါတယ်။
တစ်ချိန်တည်းမှာပဲ…
ဟန်ကျွယ်ဟာ သူ့ကျိန်စာစွမ်းအားကို ထူးဆန်းတဲ့ အင်အားတစ်ခုက စုပ်ယူနေတာကို ခံစားမိလိုက်ပါတယ်။ ဒီခံစားချက်ကို ဟန်ကျွယ် တစ်ခါမှ မခံစားဖူးတဲ့ ခံစားချက် အသစ်အဆန်းပါ။ ဒီအချိန်မှာပဲ ဟန်ကျွယ်ဆီ စာတစ်စောင် ရောက်လာပါတယ်။
[သင့်ရန်သူ ကျိန်စာနတ်ဘီလူးသည် သင့်ကျိန်စာစွမ်းအားကို စုပ်ယူနေသည်။]
‘ခွေးမသား ကျိန်စာနတ်ဘီလူး…’
ဟန်ကျွယ်ဟာ ကျိန်စာတိုက်တာကို ချက်ချင်း ရပ်လိုက်ပါတယ်။
ကျိန်စာနတ်ဘီလူးက မွေးဖွားပြီးကတည်းက ပျောက်နေတာပါ။ ခုနစ်ပါး တာအိုပညာရှိကို လာရှာလိမ့်မယ်လို့ ဟန်ကျွယ် ထင်မထားခဲ့ပါဘူး။ ကံကောင်းထောက်မစွာပဲ ခုနစ်ပါး တာအိုပညာရှိက သေပြီး လက်ကျန်ဝိညာဉ်စပဲ ကျန်ရှိပါတော့တယ်။ နှစ်ပေါင်းများစွာ ခေါင်းခြောက်ခံအောင် စဉ်းစားပြီး အစီအစဉ် အကြီးကြီးတွေ ကြံစည်နေခဲ့တဲ့ မဟာတာအို နတ်စိတ်ဝိညာဉ်ဟာ ဒီလိုမျိုး သေဆုံးသွားရတာ သနားစရာတော့ ကောင်းပါတယ်။
ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ် “ကျိန်စာနတ်ဘီလူးက ငါ့ကို ယှဉ်နိုင်လား”
[သက်တမ်း ၁၅၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် မယှဉ်နိုင်ပါ။]
ဟန်ကျွယ်က ထပ်မေးလိုက်ပါတယ် “ငါ ကျိုးဖန်ကို အခုသွားကယ်ရင် အန္တရာယ်ရှိနိုင်လား”
[သက်တမ်း ၃ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
[လောလောဆယ် မရှိပါ။]
ဟန်ကျွယ်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ကျိုးဖန်ကို ချက်ချင်း အိပ်မက်ပေးလိုက်ပါတယ်။
အိပ်မက်နယ်မြေ။
ကျိုးဖန်ဟာ ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် အံ့အားသင့်ခြင်းမရှိဘဲ မျက်နှာတစ်ခုလုံး မည်းမှောင်သွားပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ”
ကျိုးဖန်ဟာ ပြုံးလိုက်ပါတယ် “ဘာမှမဖြစ်ပါဘူး ဆရာသခင်… ကျွန်တော် မကြာသေးခင်ကမှ တာအိုပညာရှိ ဖြစ်လာတာ၊ ကျွန်တော် ပြန်ရောက်ရင် တိတ်ဆိတ်ဂိုဏ်းကို ဒီထက်အင်အားကြီးလာအောင် လုပ်ပေးမယ်”
ဟန်ကျွယ်ဟာ ဘာမှမဖြစ်သလို သရုပ်ဆောင်နေတဲ့ ကျိုးဖန်ကိုကြည့်ပြီး ဆွံ့အသွားပါတယ် ‘ဒီကောင်လေးက သရုပ်ဆောင်နေတာလား… ဟုတ်သားပဲ… ငါ့မှာ စနစ်မရှိရင် သူ ဘာဖြစ်နေတယ်ဆိုတာကို ဘယ်လိုလုပ်ပြီး သိမှာလဲ’
ကျိုးဖန်ဟာ သူ့အတွေ့အကြုံတွေကို စပြီးတော့ ပြောပြပါတယ်။ ဒါပေမဲ့ ခုနစ်ပါး တာအိုပညာရှိ အကြောင်းတော့ မပါပါဘူး။ ကျိုးဖန်က ဟန်ကျွယ်ကို မစိုးရိမ်စေချင်တာ သိသာလွန်းပါတယ်။ ခုနစ်ပါး တာအိုပညာရှိက တကယ်ကို စွမ်းအားကြီးတာပါ။ သူ့ကို တာအိုပညာရှိ ဖြစ်လာအောင် အသာလေး လုပ်ပေးနိုင်တယ် မဟုတ်ပါလား။ နောက်ပြီး ကျိုးဖန်ဟာ ဟန်ကျွယ်ကို ပြဿနာတွေ မပေးချင်ပါဘူး။
ကျိုးဖန်ဟာ အပြစ်ရှိသလို ခံစားလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ရဲ့ တပည့်ဖြစ်လာတာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပေမဲ့ နည်းနည်းပါးပါးတောင် ကျေးဇူးပြန်မဆပ်ရသေးလို့ပါပဲ။
ဟန်ကျွယ်က ဖြတ်ပြောလိုက်ပါတယ် “ဖိတ်ခေါ်ပညာရပ်ကို မြန်မြန်သုံးလိုက်”
ကျိုးဖန်ဟာ ဟန်ကျွယ်စကားကြောင့် မှင်တက်သွားပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလိုပဲ ဟန်ကျွယ် သူ့ကို အိပ်မက်ပေးတာက သူ ဒုက္ခရောက်နေမှန်း သိလို့ဆိုတာ နားလည်သွားပါတယ်။ ကျိုးဖန်ဟာ ရင်ထဲမှာ ထိသွားပါတယ်။
“ဆရာသခင်… ဆရာ…”
“မြန်မြန်လုပ်စမ်းပါ”
ကျိုးဖန်က ဆက်ပြောချင်ပေမဲ့ ဟန်ကျွယ်က ဖိတ်ခေါ်ပညာရပ်ကို မြန်မြန်အသုံးပြုဖို့ပဲ ခိုင်းစေပါတယ်။ အခုအချိန်က စကားအပိုပြောနေရမဲ့ အချိန်မဟုတ်ပါဘူး။ အချိန်ကြာသွားရင် ပြောင်းလဲမှု မရှိလာနိုင်ဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ။
ဟန်ကျွယ်ဟာ ဖိတ်ခေါ်ပညာရပ် တတ်မြောက်ထားတဲ့ တပည့်အားလုံးကို ပြန်ပြီးတော့ ဆင့်ခေါ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ဦးချင်းကိုတော့ ဆင့်မခေါ်နိုင်ပါဘူး။ ကျိုးဖန်ကို ကယ်တင်ဖို့အတွက်နဲ့ ဟန်ကျွယ်ဟာ တပည့်အားလုံးကို ပြန်ဆင့်ခေါ်ပြီး အုတ်အော်သောင်းနင်း ဖြစ်အောင် မလုပ်ချင်ပါဘူး။
“ကျွန်တော်…”
“ခုနစ်ပါး တာအိုပညာရှိမလား၊ ငါ သိပြီးပြီ၊ သူ မရှိတော့ဘူး”
“ဟင်…”
ကျိုးဖန်ဟာ လန့်သွားပါတယ်။ ဟန်ကျွယ်ဟာ တစ်ခါတည်း အိပ်မက်ကို အဆုံးသတ်လိုက်ပါတယ်။
မကြာခင်မှာပဲ ဟန်ကျွယ်ရှေ့မှာ ဝဲကတော့နက်တစ်ခု ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ ဝဲကတော့နက်ထဲ လှမ်းဝင်ပြီး ကျိုးဖန်ရှေ့ ရောက်သွားပါတယ်။ သူတို့နှစ်ယောက်လုံးကို ရွှေခေါင်းလောင်းက အုပ်ထားပြီး ခုနစ်ပါးတာအိုပညာရှိရဲ့ မန္တန်ကြောင့် ကျိုးဖန်ဟာ မလှုပ်ရှားနိုင်ပါဘူး။
ဟန်ကျွယ်ဟာ အင်္ကျီလက်စကို ဝှေ့ယမ်းပြီး ကျိုးဖန်ပေါ်က မန္တန်ကို ဖယ်ရှားလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့ကို အုပ်ထားတဲ့ ရွေခေါင်းလောင်းကလည်း ကွဲကြေသွားပါတယ်။
ခုနစ်ပါး တာအိုပညာရှိက ထွက်ပြေးသွားပြီ ဖြစ်တဲ့အတွက် ကျန်ရစ်နေခဲ့တဲ့ အစီအမံဟာ အားသိပ်မရှိတော့ပါဘူး။ ဒါပေမဲ့ သာမန်တာအိုပညာရှိတွေက ဒီရွှေခေါင်းလောင်းကို ချိုးဖျက်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်က သာမန်တာအိုပညာရှိမှ မဟုတ်တာ။
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 680
? Views, Released on December 13, 2024