အခန်း (၆၇၉) လှေခွက်ချည်းကျန် အလံမလှဲ
အမှောင်တားမြစ်နယ်မြေမှာ တိုက်ကြီးတစ်တိုက်ဟာ တိတ်တဆိတ် မျောပါနေပါတယ်။ ရေတွက်ဖို့ မဖြစ်နိုင်တဲ့ နတ်ဆိုးငှက်တွေဟာ ဒီတိုက်ကြီးကို ဝန်းရံလှည့်ပတ်နေကြပြီး ချပ်ဝတ်တွေ ဝတ်ဆင်ထားတဲ့ အသွင်ပြောင်းလဲ သက်ရှိတွေ ကင်းလှည့်နေတာကိုလည်း နေရာတိုင်းမှာ တွေ့မြင်နိုင်ပါတယ်။
ဒီတိုက်ကြီးက အလွန်တရာမှ ကျယ်ပြောပါတယ်။ ဘယ်ကိုကြည့်ကြည့် တောတောင်မြစ်ချောင်းတွေ ရှိနေပြီး တိုက်ကြီးရဲ့ အလယ်ဗဟိုမှာတော့ ပင်လယ်တစ်စင်း ရှိနေပါတယ်။
ဒီအချိန်မှာပဲ ခြောက်ကပ်နေတဲ့ လွင်ပြင်တစ်ခုမှာ လျှပ်စီးတွေ ရှုပ်ယှက်ခတ်ပြီး ရုပ်သွင်တစ်ခုဆီ စုစည်းသွားပါတယ်။ ဒီရုပ်သွင်ကတော့ ကျိုးဖန်ပါ။ ကျိုးဖန်ဟာ မိမွေးတိုင်း ဖမွေးတိုင်း ခန္ဓာကိုယ်နဲ့ မြေကြီးပေါ်မှာ ထိုင်နေပါတယ်။ ဘယ်လောက်ပဲ လျှပ်စီးတွေ ထိမှန်ပါစေ ကျိုးဖန်ဟာ တစ်ချက်ကလေးတောင် တွန့်မသွားပါဘူး။ သူ့ခန္ဓာကိုယ်က လေပြင်း ဘယ်လောက် တိုက်တိုက် မလှုပ်ရှားတဲ့ ကျောက်တုံးလိုပါပဲ။
“ခန်းမကို ပြန်လာခဲ့” အသံတစ်သံဟာ ကျိုးဖန်နားထဲကို ဝင်လာပါတယ်။ ကျိုးဖန်ဟာ ချက်ချင်းပဲ လျှပ်စီးအသွင် ပြောင်းလဲပြီး ကောင်းကင်ပေါ် ထိုးတက်ကာ ပျောက်ကွယ်သွားပါတယ်။
လွင်ပြင်ရဲ့အဆုံးမှာ တိမ်တွေကြားထဲ ထိုးထွက်နေတဲ့ တောင်ထိပ်တစ်ခု ရှိနေပါတယ်။ ဒီတောင်ထိပ်ပေါ်မှာ ခမ်းနားတဲ့ နန်းတော်တစ်ဆောင် ရှိနေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ခမ်းနားမှုက ရက်စက်ကြမ်းကြုတ်မှုတွေ ပြည့်နှက်ပြီး သွေးဆာနေတဲ့ သားရဲတစ်ကောင်လိုဆိုတော့ ဘယ်လိုပဲကြည့်ကြည့် ကျောချမ်းစရာပါ။
လျှပ်စီးတစ်ကြောင်းဟာ ခန်းမထဲကို တစ်ဟုန်ထိုး ဝင်ရောက်လာပြီး လူသားအသွင် ပြောင်းလဲကာ ကြမ်းပြင်ပေါ် ဆင်းသက်လိုက်ပါတယ်။ ကျိုးဖန်ဟာ ခေါင်းမော့ပြီး မေးလိုက်ပါတယ် “ဘာကိစ္စလဲ”
ကျိုးဖန်ရဲ့ အကြည့်နောက်ကို လိုက်ကြည့်မယ်ဆိုရင် လှေကားထစ်ပေါင်း ရာချီရှိတဲ့ ဧရာမ ကျောက်သား ကုလားထိုင်ကြီးပေါ်မှာ ထိုင်နေတဲ့ ဝတ်ရုံနက် လူတစ်ယောက်ကို တွေ့မြင်နိုင်မှာပါ။ ဝတ်ရုံနက်ဟာ သူ့မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်သာ ဒီနေရာမှာ ရှိနေမယ်ဆိုရင် ဒီဝတ်ရုံနက်က ဘယ်သူလဲဆိုတာကို ကျိန်းသေပေါက် သိမှာပါ။
ဒီဝတ်ရုံနက်က တခြားလူ မဟုတ်ပါဘူး။ ခုနစ်ပါး တာအိုပညာရှိပါ။
ခုနစ်ပါး တာအိုပညာရှိဟာ ကျိုးဖန်ကို ငုံ့ကြည့်ပြီး မေးလိုက်ပါတယ် “မင်းက တာအိုကို ရယူပြီးပြီ၊ မင်းမှာ နောက်ထပ် ဘာအစီအစဉ် ရှိလဲ”
ကျိုးဖန်က ပြန်ဖြေလိုက်ပါတယ် “အရာအားလုံးအတွက် စီနီယာကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော် စီနီယာကို ကျေးဇူးကြွေးတစ်ခု တင်သွားပြီ၊ ကျွန်တော် စီနီယာကို ဘယ်လို ပြန်ပေးဆပ်ရမလဲ၊ ကျွန်တော်ရဲ့ စည်းမျဉ်းတွေနဲ့ နောက်ဆုံးစည်းကို မဆန့်ကျင်ဘူးဆိုရင် စီနီယာ ဘာပဲပြောပြော ကျွန်တော် လုပ်ပေးမယ်”
“ငါက ကောင်းကင်တာအိုကို ချိုးဖျက်ခိုင်းရင် မင်း လုပ်ပေးနိုင်မလား”
ကျိုးဖန်ဟာ ခုနစ်ပါး တာအိုပညာရှိရဲ့ စကားကြောင့် အံ့ဩမှင်တက်သွားပြီးနောက် မျက်မှောင်ကြုတ်သွားပါတယ်။ ကျိုးဖန် ပဋိပက္ခမြို့ကို စေလွှတ်ခံရတာက ကောင်းကင်တာအိုကို ကာကွယ်ဖို့ပါ။ ကောင်းကင်တာအိုကို ဖျက်ဆီးမယ်ဆိုရင် ကျိန်းသေပေါက် ဟန်ကျွယ်နဲ့ ရန်သူ ဖြစ်လာမှာပါ။
“ဒါက ကျွန်တော်ရဲ့ နောက်ဆုံးစည်းကို ကျော်သွားပြီ” ကျိုးဖန်ဟာ ခပ်တိုးတို ပြန်ဖြေလိုက်ပါတယ်။ တစ်ဖက်လူက သူ့ထက် စွမ်းအားပိုကြီးပြီး သူ့အပေါ် ကျေးဇူးရှိတယ်ဆိုပေမဲ့ ဒီလိုကိစ္စမျိုးမှာ ကျိုးဖန်ဟာ နောက်ဆုတ်မှာ မဟုတ်ပါဘူး။
ခုနစ်ပါး တာအိုပညာရှိက ခပ်တည်တည်ပဲ ပြောလိုက်ပါတယ် “မင်း ကောင်းကင်တာအိုထဲမှာ အကြိမ်ပေါင်းများစွာ ပြန်ရှင်သန်လာနိုင်တာက တိုက်ဆိုင်မှုလို့ ထင်လား”
“စီနီယာရဲ့ စကားက ဘာကိုဆိုလိုတာလဲ” ကျိုးဖန်ဟာ မျက်မှောင်ပိုကြုတ်သွားပါတယ်။ ကျိုးဖန်ဟာ သူ့အတွေ့အကြုံတွေနဲ့ ပတ်သက်ပြီး အမြဲတမ်း ပဟေဠိ ဖြစ်နေခဲ့တာပါ။ ကျိုးဖန်ဟာ အကြိမ်ပေါင်းများစွာ မျှော်လင့်ချက်ကင်းမဲ့ပြီး သေခြင်းတရားကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ အကြိမ်တိုင်းမှာ ပြန်ရှင်သန်နိုင်ခဲ့ပါတယ်။ ဒီလို ပြန်ရှင်သန်တာ အချိန်ကြာလာတာတော့ ကျိုးဖန်ဟာ မောက်မာလာပြီး အခြေအနေတွေက ဘယ်လောက်ပဲ ဆိုးရွားပါစေ၊ ဘယ်လောက်ပဲ မျှော်လင့်ချက် ကင်းမဲ့ပါစေ လုံးဝ မကြောက်တော့ပါဘူး။
ကျိုးဖန်ရဲ့ အကြောက်အလန့် မရှိမှုက အဆုံးမဲ့ ပြန်ရှင်သန်နိုင်လို့ပါ။ ဒီလို ပြန်ရှင်နိုင်တာက သူ့အရည်အချင်းလို့တောင် ကျိုးဖန်က ထင်ခဲ့ပါတယ်။
“ကောင်းကင်တာအိုက မင်းကို ရှင်းပစ်ချင်တိုင်း ဓမ္မစွမ်းအားတွေ အများကြီး အကုန်ခံပြီး ကာကွယ်ခဲ့တာ ငါပဲ၊ မင်းမွေးဖွားလာတာက ငါရဲ့အလိုပဲ” ခုနစ်ပါး တာအိုပညာရှိဟာ ခံစားချက် ကင်းမဲ့တဲ့မျက်နှာနဲ့ လေးနက်စွာ ပြောလိုက်ပါတယ်။ ခန်းမထဲမှာ မိုးခြိမ်းသံတွေလည်း ဆူညံသွားပါတယ်။
ခုနစ်ပါး တာအိုပညာရှိရဲ့ စကားကြောင့် ကျိုးဖန်ဟာ ငယ်ထိပ် မိုးကြိုးကျသလိုမျိုး ခံစားလိုက်ရပါတယ်။
ခုနစ်ပါးတာအိုပညာရှိဟာ မတ်တတ်ရပ်ပြီး ထပ်ပြောပါတယ် “ကျိုးဖန်… မင်းက ငါ့ရဲ့ နယ်ရုပ်ပဲ၊ ငါ မင်းကို ဖန်တီးခဲ့တယ်၊ ငါ မင်းကို ကယ်တင်ခဲ့တယ်၊ ဒီလိုပဲ ငါ မင်းကို ဖျက်ဆီးလို့ရသလို ဖိနှိပ်လို့လည်း ရတယ်၊ ကောင်းကင်တာအိုကို ဖျက်ဆီးဖို့က မင်းရဲ့ မွေးရာပါတာဝန်ပဲ၊ ငြင်းဆန်လို့ မရဘူး”
ကျိုးဖန်ရဲ့ အမူအရာဟာ လုံးဝပြောင်းလဲသွားပြီး လက်သီးကို တင်းနေအောင် ဆုပ်လိုက်ပါတယ်။ ကျိုးဖန်ဟာ ခုနစ်ပါး တာအိုပညာရှိကို မော့ကြည့်ပြီး စူးရှတဲ့အကြည့်နဲ့ မေးလိုက်ပါတယ် “အရင်တုန်းက ငါ ရူးသွပ်ပြီး လုပ်ချင်ရာ လျှောက်လုပ်ခဲ့တာက ခင်ဗျားရဲ့ ကြံစည်မှုလား”
ခုနစ်ပါး တာအိုပညာရှိက တိတ်ဆိတ်နေတဲ့အတွက် ကျိုးဖန်ရဲ့ မျက်လုံးတွေဟာ မီးဝင်းဝင်း တောက်သွားပါတယ်။
အရင်တုန်းက ကျိုးဖန်ဟာ ရူးသွပ်ပြီး သူ့ရဲ့ သူငယ်ချင်းကောင်း ဖြစ်တဲ့ မော့ဖူချိုကို ပြန်သတ်မိခဲ့ပါတယ်။ ဒီကိစ္စက ကျိုးဖန်ရဲ့ နှလုံးသားထဲမှာ ဘယ်တော့မှ ပြန်မကောင်းလာနိုင်တဲ့ အမာရွတ်တစ်ခုပါ။ ကျိုးဖန်ဟာ သူ့ကိုယ်သူ ရုပ်သေးရုပ် ဖြစ်နေမှန်း သိလိုက်ရတဲ့အခါ အရင်တုန်းက သူရူးသွပ်ပြီး မော့ဖူချိုကို သတ်ခဲ့မိတာက သူများပယောဂ ကင်းရဲ့လားလို့ သံယဝင်သွားခဲ့ပါတယ်။
ကျိုးဖန်ဟာ မော့ဖူချိုကို တွေးမိတိုင်း ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ဘဲ မနေနိုင်ပါဘူး။ မော့ဖူချိုက သူ့အတွက် အရေးအကြီးဆုံး ပုဂ္ဂိုလ် ဖြစ်ခဲ့တာပါ။ ကျင့်ကြံခြင်းလမ်းပေါ် သူ ရောက်လာကတည်းက မော့ဖူချိုက သူ့ကို ဂရုစိုက်ခဲ့တာပါ။
ဒါပေမဲ့ ကံအကြောင်းမလှတော့…
“ဝုန်…”
ကျိုးဖန်ရဲ့ ခန္ဓာကိုယ်က ထွက်ပေါ်လာတဲ့ ရောင်ဝါဟာ သာမန်မျက်စိနဲ့ မြင်နိုင်လောက်တဲ့ မီးလျှံကြီးတစ်ခု ဖြစ်လာပြီး သူ့ပတ်လည်က အရာအားလုံးကို လောင်ကျွမ်းပါတော့တယ်။ ကျိုးဖန်ဟာ ခုနစ်ပါး တာအိုပညာရှိကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ပါတယ် “ခင်ဗျား ဘာလို့ ဒီလိုလုပ်တာလဲ”
“ဟွန်း…” ခုနစ်ပါးတာအိုပညာရှိဟာ ကျိုးဖန်ကို အေးစက်စွာ ကြည့်ပြီး အဆုံးမဲ့ဖိအားကို ထုတ်လွှတ်ကာ ကျိုးဖန်ကို ကြမ်းပြင်ပေါ် ဖိချလိုက်ပါတယ် “အသန်မာဆုံးလမ်းက ဆက်နွှယ်မှုမှန်သမျှကို ဖြတ်တောက်ပစ်ဖို့ပဲ၊ သူက သေမျိုး၊ သူ့အရည်အချင်းက မင်းနဲ့ ရင်ပေါင်တန်းလျှောက်နိုင်ဖို့ အများကြီး လိုတယ်၊ ငါ မင်းကို သူ့ကို သတ်ခိုင်းရတာက ပုန်းလျှိုးနေတဲ့အန္တရာယ်ကို ရှင်းပစ်ဖို့ပဲ၊ မဟုတ်ရင် မင်းရန်သူတွေက သူ့ကို အသုံးချပြီး မင်းကို အကျပ်ကိုင်လိမ့်မယ်၊ ဒီလိုဆိုရင် မင်းရဲ့ အနာဂတ်လမ်းက ဒီလောက်ထိ ဖြောင့်ဖြူးလိမ့်မယ်လို့ မင်း ထင်လား… ဟွန်း…”
ကျိုးဖန် အသက်ပြန်ရှင်နိုင်တဲ့ အခွင့်အရေး အကုန်လုံးကို ခုနစ်ပါး တာအိုပညာရှိ ထိန်းချုပ်ထားပါတယ်။ ခုနစ်ပါး တာအိုပညာရှိရဲ့ အမြင်မှာ သေမျိုးတစ်ယောက် သေတာက ပုရွက်ဆိတ်တစ်ကောင် သေသလိုပါပဲ။ ဘာကိစ္စ ကြီးကြီးမားမား ရှိနိုင်မှာလဲ။ ကျိုးဖန်ကသာ သူ့ရဲ့ ဓမ္မရုပ်တု မဟုတ်ဘူးဆိုရင် ခုနစ်ပါး တာအိုပညာရှိဟာ ဒီလို လေကုန်ခံပြီး ရှင်းပြနေမှာ မဟုတ်ပါဘူး။
ကျိုးဖန်ဟာ မတ်တတ်ရပ်ဖို့ ကြိုးစားပေမဲ့ တစ်လက်မတောင် မလှုပ်နိုင်ပါဘူး။ ကျိုးဖန်ရဲ့ မျက်လုံးတွေဟာ သွေးရောင်လို နီရဲတွတ်လာပြီး ခုနစ်ပါး တာအိုပညာရှိကို ဝါးစားမတတ် စိုက်ကြည့်ကာ အသံဩဩကြီးနဲ့ အော်မေးလိုက်ပါတယ် “ဘာဖြစ်လို့လဲ… ဘာဖြစ်လို့ ငါ ဖြစ်ရတာလဲ”
“ငါ မင်းကို ရွေးချယ်ခဲ့တာ မဟုတ်ဘူး၊ မင်းက ငါစိတ်ဆန္ဒရဲ့ တစ်စွန်းတစ်စပဲ၊ ဒါပေမဲ့ ကောင်းကင်တာအိုရဲ့ သေမျိုးကမ္ဘာက မင်းရဲ့ စိတ်ဆန္ဒကို တိုက်စားလိုက်တာပဲ၊ ငါ့ဆီမှာ အညံ့ခံတာက မင်းရဲ့ တစ်ခုတည်းသော လမ်းစစ်စစ်ပဲ၊ မင်းနဲ့ ငါက တစ်ခုတည်းပဲ၊ ငါက မင်းရဲ့ ပင်မခန္ဓာကိုယ်ပဲ၊ မင်း နားလည်လား…”
“မင်း ကောင်းကင်တာအိုထဲမှာ မွေးဖွားလာတာက တာအိုပညာရှိ ဖြစ်လာပြီး ကောင်းကင်တာအိုကို ဖျက်ဆီးပစ်ဖို့ပဲ၊ မင်း တန်ဖိုးထားနေတဲ့ စိတ်ခံစားချက် အားလုံးက ကောင်းကင်တာအို ငါတို့ကို တားဆီးဖို့ ကြံစည်ထားတဲ့ ကံတရားနှောင်ကြိုးတွေပဲ၊ မင်း နိုးမလာဘူးဆိုရင် ဒီမှာပဲ တစ်သက်လုံး နေရလိမ့်မယ်၊ အဆုံးမဲ့တဲ့ အထီးကျန်မှုကို ခံစားခိုင်းပြီး မင်းရဲ့ ပုန်ကန်တဲ့စိတ်ဆန္ဒကို အချိန်နဲ့ တိုက်စားပစ်မယ်”
ကျိုးဖန်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ် တုန်သွားပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကျိုးဖန်ဟာ ခုနစ်ပါး တာအိုပညာရှိကို အရှင်လတ်လတ် ဝါးစားပစ်မှာပါ။
ခုနစ်ပါး တာအိုပညာရှိက ပြောလိုက်ပါတယ် “မင်းရဲ့ ဆရာသခင်က မင်းကို ကယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ မင်းဘဝမှာ သူ ဘယ်တုန်းက တိုက်ခိုက်တာကို မြင်ဖူးလို့လဲ၊ သူက မင်းကို သတ်မိတော့မလို့ပဲ၊ ငါ့ကြောင့်သာ မဟုတ်ရင် မင်း ဒီနေ့ ဒီနေရာမှာ ရှိမနေဘူး၊ မင်း ဆက်ပြီးတော့ ခေါင်းမမာတော့နဲ့”
ကျိုးဖန်ဟာ ခုနစ်ပါးတာအိုပညာရှိကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင်နေတုန်းပါ “ငါ့ကိုလာပြီး ကြောင်သူတော် ကြွက်သူခိုးစကားတွေ လာမပြောနဲ့၊ ငါ သိတာက အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းပဲ၊ မင်း ငါ့ရဲ့ ညီအစ်ကိုကို သတ်လိုက်တယ်၊ ငါ မင်းကို ပြန်သတ်မယ်”
“အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်း… ဟားဟား… အဓိပ္ပာယ်မရှိလိုက်တာ၊ မင်း လူ ဘယ်နှယောက်တောင် သတ်ခဲ့လဲဆိုတာ မေ့သွားပြီလား…”
“သူတို့က ငါ့ကို မသတ်နိုင်ဘူး၊ အဲဒီလိုပဲ ငါကလည်း မင်းကို မသတ်နိုင်ဘူး၊ ဒါပေမဲ့ မင်း ငါ့ကို မသတ်ဘူးဆိုရင် တစ်နေ့မှာ ငါ မင်းကို မရရအောင် သတ်ပြမယ်” ကျိုးဖန်ရဲ့ အသံဟာ အဆုံးမဲ့ မှုန်းတီးမှုတွေနဲ့ ပြည့်နှက်နေပါတယ်။
ခုနစ်ပါး တာအိုပညာရှိ လက်ဝှေ့ယမ်းလိုက်တဲ့အခါ ရွှေရောင်ခေါင်းလောင်းတစ်လုံး ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာပြီး ကျိုးဖန်ကို ဖိနှိပ်လိုက်ပါတယ်။
“ဘယ်လောင်တောင် ရယ်စရာ ကောင်းလိုက်လဲ၊ နယ်ရုပ်ကများ သခင်ကို တိုက်ခိုက်ရဲတယ်တဲ့… မင်းရဲ့ နောက်ခံက ငါတစ်ယောက်တည်း ရှိတယ်၊ ဒါကို မင်း မကြာခင် နားလည်လာမှာပါ”
ခုနစ်ပါးတာအိုပညာရှိဟာ အထင်သေးစွာ ပြုံးပြီး ကျောက်သားကုလားထိုင်ပေါ် ပြန်ထိုင်ကာ မျက်လုံးမှိတ်လိုက်ပါတယ်။ ကျိုးဖန်ဟာ တာအိုပညာရှိ ဖြစ်လာပေမဲ့ သူ့ကို ယှဉ်နိုင်ဖို့ အများကြီး လိုပါသေးတယ်။ ကျိုးဖန်က သူ အချိန်အကြာကြီး ပျိုးထောင်ခဲ့ရတဲ့ ဓမ္မရုပ်တု မဟုတ်ဘူးဆိုရင် ခုနစ်ပါး တာအိုပညာရှိဟာ ကျိုးဖန်ကို တစ်ခါတည်း သတ်ပစ်လိုက်မှာပါ။ ကျိုးဖန်ရဲ့ စကားကြီး စကားကျယ်တွေကို စိတ်ရှုပ်ခံပြီး နားထောင်နေမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ကျိုးဖန် ဖိနှိပ်ခဲ့ရတဲ့ သတင်းကို နှစ်တစ်ထောင်ကြာမှပဲ သိလိုက်ရပါတယ်။ ဟန်ကျွယ်ဟာ သူ့ဂူအောင်းကျင့်ကြံမှု ပြီးဆုံးလို့ စာစောင်တွေကို စစ်ဆေးရာကနေ ဒီသတင်းကို တွေ့သွားတာပါ။
[သင့်တပည့် ကျိုးဖန်သည် သင့်ရန်သူ ခုနစ်ပါး တာအိုပညာရှိ၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်တပည့် ကျိုးဖန်သည် သင့်ရန်သူ ခုနစ်ပါး တာအိုပညာရှိ၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။]
ဟန်ကျွယ်ဟာ မှင်တက်သွားပါတယ် ‘ဘာတွေ ဖြစ်ကုန်တာလဲ၊ ဘယ်လိုဖြစ်ပြီး ဒီနှစ်ယောက် ကွဲသွားရတာလဲ’ ဟန်ကျွယ်ဟာ ချက်ချင်းပဲ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်နဲ့ ကောက်တွက်လိုက်ပါတယ်။
သက်တမ်း ၃ ဘီလီယံ သုံးစွဲပြီးတဲ့နောက်မှာတော့ ကျိုးဖန်နဲ့ ခုနစ်ပါး တာအိုပညာရှိ အချေအတင် ပြောဆိုတဲ့ ပုံရိပ်ယောင်ကို ဟန်ကျွယ် မြင်တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး သက်ပြင်းချလိုက်ပါတယ် ‘ငါ့တပည့် ကျိုးဖန်က မခေဘူးပဲ… လှေခွက်ချည်း ကျန်တာတောင် အလံမလှဲတဲ့ စိတ်ဓာတ်ရှိတယ်၊ ခုနစ်ပါး တာအိုပညာရှိ… မင်းကများ ရာရာစစ ငါ့ကို အထင်သေးရဲတယ်၊ တွေ့ကြသေးတာပေါ့ကွာ…’
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။ ဟန်ကျွယ်ဟာ ခုနစ်ပါး တာအိုပညာရှိကို သူ အရူးအမူး ကျိန်စာတိုက်ရင် သူ အမှောင်သခင်ကြီးဆိုတာ ပေါ်သွားနိုင်တာ သိပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ ဂရုမစိုက်ပါဘူး။ ကျိုးဖန်ရဲ့ လုံးဝအညံ့မခံတဲ့ စိတ်ဓာတ်က တစ်ခါမှ သွေးမဆူဖူးတဲ့ ဟန်ကျွယ်ကို သွေးဆူသွားစေပါတယ်။
‘တပည့်လေး… စောင့်နေ… မင်းတစ်ယောက်တည်း မဟုတ်ဘူး…’
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 679
? Views, Released on December 13, 2024