Switch Mode

Chapter – 678

အခန်း (၆၇၈) တိတ်ဆိတ်ဂိုဏ်း၏ တာအိုပညာရှိနှစ်ပါး
တာအိုပညာရှိတွေဟာ တာအိုပညာရှိ ၂ နေရာအတွက် လေးငါးဆယ်ရက်ကြာအောင် အချေအတင် ပြောဆိုကြပေမဲ့ ဘယ်သူ့ကို ပေးရမယ်ဆိုတာ မဆုံးဖြတ်နိုင်ကြပါဘူး။ တာအိုပညာရှိတွေ အချင်းချင်း ပူးပေါင်းလိုက်ကတည်းက သူတို့အကုန်လုံး ကောင်းကင်တာအိုကို အကျိုးဆောင်ပြီး ကောင်းတဲ့လုပ်ရပ်တွေ အများကြီး လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့် သူတို့အားလုံးမှာ တာအိုပညာရှိ ၂ နေရာအတွက် တိုက်ခိုက်ဖို့ အရည်အချင်း ပြည့်မှီကြပါတယ်။
ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ရောက်တာနဲ့ ဂူအောင်းကျင့်ကြံပါတယ်။ ကောင်းကင်တာအိုထဲမှာ သူ့ကို ဘယ်သူမှ မယှဉ်နိုင်ဘူးဆိုပေမဲ့ ဟန်ကျွယ်ဟာ အရင်အတိုင်းပဲ ဆက်ကျင့်ကြံပါတယ်။ အချိန်ဟာ လျင်မြန်စွာ ကုန်ဆုံးသွားပါတယ်။ မျက်တောင်တစ်ခတ် အတွင်းမှာပဲ နှစ် ငါးထောင် ကုန်ဆုံးသွားပါတယ်။
ဒီနှစ် ငါးထောင်အတွင်း အင်မော်တယ်ကမ္ဘာဟာ အများကြီး ပြောင်းလဲသွားပါတယ်။ အင်မော်တယ်ကမ္ဘာတင် မဟုတ်ပါဘူး။ အမှောင်တားမြစ်နယ်မြေတောင် စည်ကားလာပါတယ်။ လူသားမျိုးနွယ်စုက ကောင်းကင်တာအို မျိုးနွယ်စု ဖြစ်နေပါပြီ။ ဒါပေမဲ့ သူတို့ကံတရား အထောက်အပံ့က တခြားမျိုးနွယ်စုတွေကို ကျော်လွန်သွားပြီဆိုတာ တရားဝင်ကြော်ငြာဖို့ တာအိုပညာရှိတစ်ပါး လိုနေပါတယ်။
လူသားတွေရဲ့ ဇွဲလုံ့လက တကယ်ကို ကြီးမားသလို သူတို့အရည်အချင်းက အံ့မခန်းပါပဲ။ လူသားမျိုးနွယ်စုက မွေးဖွားခါစမှာ တခြားမျိုးနွယ်စုတွေကို မယှဉ်နိုင်ပေမဲ့ ကျင့်ကြံတဲ့နေရာမှာတော့ လူသားမျိုးနွယ်စုက ရှေ့ကို တော်တော်လေး ရောက်ပါတယ်။ တခြားမျိုးနွယ်စုတွေက အသွင်ပြောင်းလဲဖို့ နှစ်ထောင်ချီ အချိန်ယူရပါတယ်။
ဒီလိုအချိန်အကြာကြီး တည်ငြိမ်အေးချမ်းနေတဲ့အတွက် အင်မော်တယ်ကမ္ဘာနဲ့ အနန္တကမ္ဘာမှာရှိတဲ့ သက်ရှိအရေအတွက်ဟာ အတိတ်မှာရှိခဲ့တဲ့ အရေအတွက်ထက် အများကြီး ပိုများသွားပါတယ်။ ကပ်ဘေး အကြိုကာလ ထက်တောင် ပိုများပါသေးတယ်။ အထူးသဖြင့် ကပ်ဘေးမျိုးနွယ်စု ဝင်ရောက်လာပြီးနောက်ပိုင်း ကောင်းကင်တာအိုထဲမှာရှိတဲ့ သက်ရှိအရေအတွက်ဟာ ရှေးခေတ်ကတည်းက ဘယ်တုန်းကမှမရှိခဲ့တဲ့ အမြင့်တစ်ခုကို ရောက်ရှိလာခဲ့ပါတယ်။
တာအိုပညာရှိ ၂ နေရာ ထွက်ပေါ်လာတဲ့ သတင်းက အင်မော်တယ်ကမ္ဘာမှာ အတော်လေး ပျံ့နှံ့သွားတဲ့အတွက် အချိန်တစ်ခုအတွင်း ကောင်းကင်တာအို ကံတရား အထောက်အပံ့ခုံဟာ ထပ်ပြီးတော့ ဖရိုဖရဲ ဖြစ်လာပါတယ်။ တိတ်ဆိတ်ဂိုဏ်းရဲ့ တိုးတက်မှုကတော့ အလွန်တရာမှ ချောမွေ့လှပါတယ်။ အမည်ခံတပည့် အရေအတွက်ကလည်း သန်းတစ်ရာ ကျော်သွားပါပြီ။ ဒါတောင် လီရွှမ်အောက်က တပည့်လက်ခံတာကို တမင်ထိန်းချုပ်ထားလို့ပါ။ မဟုတ်ရင် ဒီထက် အများကြီး ပိုများမှာပါ။
ဒီနေ့မှာတော့ ဟန်ကျွယ်ဟာ ဂူအောင်းကျင့်ကြံတာကို အဆုံးသတ်ပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲက တိတ်ဆိတ်ဂိုဏ်းတပည့်တွေကို တာအိုဟောကြားပါတယ်။ ကျင့်ကြံမှု မြင့်မားလာတာနဲ့အမျှ ဟန်ကျွယ် တာအိုဟောကြားတဲ့ အရေအတွက်ကလည်း ပိုပိုနည်းလာပါတယ်။ ဒါပေမဲ့ တပည့်တွေဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မဖြစ်ကြပါဘူး။ သူတို့တွေဟာ တာအိုဟောကြားတာကို ကြားရဖန်များလွန်းလို့ နားရည်တောင်ဝနေပါပြီ။
ဒါပေမဲ့ မကြာသေးခင်ကမှ အသစ်ရောက်လာတဲ့ တပည့်တစ်ရာဟာ ဟန်ကျွယ် တာအိုဟောကြားတာကို နားထောင်ရတဲ့အတွက် အရမ်းစိတ်လှုပ်ရှားနေကြပါတယ်။ သူတို့တွေဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ နှစ်ထောင်ချီ နေထိုင်ပြီး နောက်ဆုံးမှာတော့ တာအိုပညာရှိ တာအိုဟောကြားတာကို ကြားနာရပြီ မဟုတ်ပါလား။
အန္တိမမူလ မဟာတာအိုက တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် တစ်ခုလုံးကို လွှမ်းခြုံထားတဲ့အတွက် တပည့်အားလုံးကို တာအို သုံးသပ်နားလည်တဲ့ အခြေအနေဆီ လျင်မြန်စွာ ဝင်ရောက်သွားစေပါတယ်။ ဒီတာအိုဟောကြားမှုက နှစ်တစ်ရာ ကြာပါတယ်။
တာအိုဟောကြားမှု ပြီးဆုံးတဲ့အခါ ဟန်ကျွယ်ရဲ့ အကြည့်ဟာ လီရွှမ်အောက် ပို့ထားတဲ့ တပည့်အသစ် တစ်ရာဆီ ရောက်သွားပါတယ်။ ဒီတပည့်သစ် တစ်ရာရဲ့ အရည်အချင်းက တော်တော်လေး ထက်မြက်ပါတယ်။ တာအိုဟောကြားမှုကို တစ်ကြိမ်တည်း နားထောင်ရတာနဲ့တင် အများစုက အဆင့်ကြီးတစ်ဆင့် ထိုးဖောက်နိုင်သွားကြပါတယ်။
ဟန်ကျွယ်ဟာ နည်းနည်းပဲ ကျေနပ်ပြီး အံ့အားသင့်ခြင်း မရှိပါဘူး။ တိတ်ဆိတ်ဂိုဏ်းမှာ တာအိုပညာရှိ အတု တစ်ထောင် ပေါ်လာရင်တောင် ဟန်ကျွယ်ဟာ အံ့ဩမှာ မဟုတ်ပါဘူး။ တိတ်ဆိတ်ဂိုဏ်းမှာ တာအိုပညာရှိတစ်ပါး ပေါ်ထွန်းလာမှာပဲ ဟန်ကျွယ်ကို အံ့အားသင့်စေနိုင်တော့မှာပါ။ ဟန်ကျွယ်ဟာ ဒုတိယ တာအိုစက်ကွင်းကို ရွှေ့ပြောင်းသွားလာလိုက်ပြီး အသစ်မွေးဖွားလာတဲ့ အချိန်နတ်ဘီလူးကို လွှတ်ပေးကာ မုရုံချီလက်ထဲ အပ်လိုက်ပါတယ်။
အချိန်နတ်ဘီလူးက လူသားအသွင် ပြောင်းလဲထားပါတယ်။ သူ့မျက်နှာက အေးစက်ပြီး သူ့ရဲ့ ငွေရောင်ဆံပင်တွေက သူ့ပခုံးပေါ် ကျနေပါတယ်။ ဒီနတ်ဘီလူးအသစ်ကို ကြည့်ပြီး မုရုံချီဟာ စိတ်ထဲမှာ လန့်သွားပါတယ် ‘ဆရာဘိုးဘိုး… ပဋိပက္ခ နတ်ဘီလူးတွေကို ဖန်တီးတာက မြန်လှချည်လား…’
မုရုံချီနဲ့ အချိန်နတ်ဘီလူး ထွက်သွားတဲ့အခါ ဟန်ကျွယ်ဟာ ရွမ့်ကန်းနဲ့ ယင်ဟုန်ချန်ကို အာရုံစိုက်လိုက်ပါတယ်။ ရွမ့်ကန်းနဲ့ ယင်ဟုန်ချန်ဟာ လွမ်ဟွေအာကာသမှာပဲ ရှိသေးပြီး အင်မော်တယ် ဧကရာဇ်တွေ ဖြစ်နေကြပါပြီ။ သူတို့နှစ်ယောက်ရဲ့ အရည်အချင်းက ကောင်းတယ်လည်း ပြောလို့မရသလို ဆိုးတယ်လည်း ပြောလို့မရပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ အုတ်မြစ်ကတော့ အတော်လေး ခိုင်ခံ့ပါတယ်။
ဟန်ကျွယ်ဟာ ရွမ့်ကန်းနဲ့ ယင်ဟုန်ချန်ကို ချက်ချင်းခေါ်သင့် မခေါ်သင့် ဆုံးဖြတ်ရ ခက်သွားပါတယ်။ သူတို့တွေ ဒုတိယ တာအိုစက်ကွင်းထဲကို ဝင်လာမယ်ဆိုရင် ပြန်ထွက်သွားလို့ရမှာ မဟုတ်တော့ပါဘူး။ ဟန်ကျွယ်ဟာ ရွမ့်ကန်းနဲ့ ယင်ဟုန်ချန်က ဒီကိစ္စအတွက် ပြင်ဆင်ထားပြီးပြီလား ဆိုတာကို မသေချာပါဘူး။
ဟန်ကျွယ် တွက်ချက်ကြည့်တဲ့အခါ ရွမ့်ကန်းနဲ့ ယင်ဟုန်ချန်ကြားက ကံတရားဟာ ဒီအတောအတွင်း တော်တော်လေး ရှုပ်ထွေးလာတာကို တွေ့လိုက်ရပါတယ်။ သူတို့နှစ်ယောက်ဟာ ဆက်ပြီးတော့ မကျင့်ကြံပါဘူး။ ဒါကြောင့် ဟန်ကျွယ်ဟာ လွှတ်ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်ကျွယ်ဆီမှာ ပဋိပက္ခနတ်ဘီလူး လေးငါးပါး ရှိနေပါပြီ။ ရန်တုနဲ့ ကွမ်းပုပိုင်တောင် ပဋိပက္ခ နတ်ဘီလူး မဖြစ်သေးတဲ့အတွက် ရွမ့်ကန်းနဲ့ ယင်ဟုန်ချန်တို့ ဒုတိယ တာအိုစက်ကွင်းထဲ ဝင်လာရင်တောင် ချက်ချင်းကြီး ပဋိပက္ခ နတ်ဘီလူး ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။
အဲဒီနောက် ဟန်ကျွယ်ဟာ ဟန်မိသားစုကို အာရုံစိုက်လိုက်ပါတယ်။ ဒီဟန်မိသားစုက ဟန်ယွီ တည်ထောင်ထားတဲ့ မိသားစုဖြစ်ပြီး မြေအင်မော်တယ်ကမ္ဘာမှာ အတော်လေး အင်အားကြီးပါတယ်။ လွမ်ဟွေ အာကာသက ကူညီတာလည်း ပါပါတယ်။ လွမ်ဟွေ အင်မော်တယ်ဧကရာဇ်ဟာ ဟန်ယွီနဲ့ ဟန်ကျွယ်ရဲ့ ဆက်ဆံရေးကို ဟန်ယွီ မျက်နှာ ကြည့်တာနဲ့ သိပါတယ်။ ဒါကြောင့် ဟန်ယွီကို အတတ်နိုင်ဆုံး ကူညီပါတယ်။
ဟန်ကျွယ်ဟာ ဟန်မိသားစုအပေါ်မှာ ဘာခံစားချက်မှ မရှိပါဘူး၊ ဒီအတိုင်း တစ်ချက်ကလေး ကြည့်လိုက်ရုံပါ။ ဟန်မိသားစုကို အကဲခတ်ပြီးနောက် ထူးချွန်ထက်မြက်တဲ့ ပါရမီရှင်တွေ မတွေ့ရတဲ့အတွက် ဟန်ကျွယ်ဟာ ပင်မ တာအိုစက်ကွင်းကို ပြန်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ ကမ္ဘာဖျက်ကြာနက်ပေါ်ထိုင်ပြီး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်သည် အမင်္ဂလာ မကောင်းဆိုးဝါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၅၈၀၀၃၂၁၃၃
[သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ် တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်သား ဟန်ထော်သည် ပြန်မွေးဖွားပြီး သွေးစည်း အရည်အချင်း လှုံ့ဆော်ခံလိုက်ရ၏။]
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် သင့်မိတ်ဆွေ ဂိုဏ်းချုပ်တျန်ကျွယ်၏ လမ်းညွှန်မှုကြောင့် ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
[သင့်မိတ်ဆွေ ကျန်းကူရှင်းသည် အမှောင်တားမြစ်နယ်မြေသို့ ဝင်ရောက်သွားသည်။]
[သင့်မြေးတပည့် ဖန်းလျန်၏ ဝိညာဉ်သည် လောကဦးခေတ်သို့ ဖြတ်ကျော် ရောက်ရှိသွား၏။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် သင့်ရန်သူ ခုနစ်ပါး တာအိုပညာရှိ၏ လမ်းညွှန်မှုကြောင့် ကိုယ်စွမ်းကိုယ်စဖြင့် တာအိုကို ရယူနိုင်သွားခဲ့သည်။]
ဟန်ကျွယ်ဟာ ကျိုးဖန်ရဲ့ အချက်အလက်ကို စစ်ဆေးပြီး မျက်မှောင်ကြုတ်သွားပါတယ်။ ကျိုးဖန်က တကယ်ကို လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ကနဦးအဆင့်ကို ရောက်နေတာပါ။
‘တော်လိုက်တဲ့ ကောင်လေး… ဘာမပြော ညာမပြောနဲ့ တာအိုကို တကယ်ကြီး ရယူလိုက်တယ်…’
ဟန်ကျွယ်ဟာ ကျိုးဖန်ကို ဂရုမစိုက်တာ အတော်ကြာခဲ့ပါပြီ။ ခုနစ်ပါး တာအိုပညာရှိက ကျိုးဖန်ကို ပစ်မှတ်ထားလိမ့်မယ်လို့ ဟန်ကျွယ် ထင်မထားခဲ့ပါဘူး။ ဒါပေမဲ့ ကံကောင်းထောက်မစွာပဲ ကျိုးဖန်ရဲ့ သူ့အပေါ် မျက်နှာသာပေးမှုက လျော့မသွားပါဘူး။ ကျိုးဖန်အကြောင်းကို တွေးရင်း ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။ ကျိုးဖန်က ဟန်ကျွယ် မြင်ဖူးသမျှထဲမှာ ခေါင်းအမာဆုံးပုဂ္ဂိုလ်ပါ။ လျှောက်လှမ်းခဲ့တဲ့ လမ်းတစ်လျှောက် ဘယ်နှကြိမ် ပြန်ရှင်ပြီး ဘယ်နှကြိမ် အသွင်ပြောင်းပြီလဲဆိုတာ ဟန်ကျွယ် မမှတ်မိတော့ပါဘူး။
ဟန်ကျွယ်ရဲ့ ကူညီမှုက ဒီလောက်ကြီး မဟုတ်ပါဘူး။ ကျိုးဖန်ရဲ့ တကယ့်နောက်ခံက ခုနစ်ပါး တာအိုပညာရှိပါ။ ကျိုးဖန်က အင်မော်တယ်ကမ္ဘာမှာ မဟုတ်တော့တဲ့အတွက် အမှောင်တားမြစ်နယ်မြေထဲမှာ ခုနစ်ပါး တာအိုပညာရှိနဲ့ တွေ့ဆုံနိုင်ခြေက ရာခိုင်နှုန်း တော်တော်လေး များပါတယ်။ ဟန်ကျွယ်ဟာ ကျိုးဖန် သစ္စာဖောက်မှာကို မစိုးရိမ်ပါဘူး။ ကျိုးဖန် ဘယ်လို ရွေးချယ်မှုမျိုး လုပ်မလဲဆိုတာကိုပဲ စိတ်ဝင်စားပါတယ်။
ကောင်းကင်တာအို အင်အားကြီးမားလာတာနဲ့အမျှ အမှောင်တားမြစ်နယ်မြေကို စူးစမ်းလေ့လာတဲ့လူတွေ ပိုပိုများလာပါတယ်။ မဟာတာအိုပညာရှိတွေကလည်း ကောင်းကင်တာအိုကို လောလောဆယ် လက်လွှတ်ထားပုံပါပဲ။
နတ်ဒေါင်းအရှင်ကတော့ ဟန်ကျွယ် စာစောင်တွေထဲမှာ တစ်ဦးတည်းသော ဒုက္ခ‌ရောက်တဲ့လူ ဖြစ်နေပါတယ်။ နတ်ဒေါင်းအရှင်က အမင်္ဂလာနတ်ဧကရာဇ် လိုက်တာကို ခံနေရတုန်းပါ။ ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ကို ဂရုမစိုက်တာ မဟုတ်ပေမဲ့ ဒီကိစ္စကိုတော့ ထိုင်ကြည့်ရုံပဲ တတ်နိုင်ပါတယ်။
“ငါ ကျယ်ကျောင်းတော် ဂိုဏ်းချုပ် ဟွမ်ဇွမ်တျန်က ဒီနေ့မှာ တာအိုကို ရယူနိုင်ခဲ့ပြီ၊ ငါ ကျယ်ကျောင်းတော်ကို ဒီထက်မြင့်မားတဲ့ အမြင့်ဆီ ဦးဆောင်ပြီး ကောင်းကင်တာအိုထဲမှာရှိတဲ့ သက်ရှိအားလုံးအတွက် အခွင့်အရေးတွေ ပိုရအောင် ဖန်တီးပေးမယ်လို့ ကတိပေးတယ်”
အသံတစ်သံဟာ အနန္တကမ္ဘာကို ရုတ်တရက်ဆိုသလို ပဲ့တင်ထပ်သွားပါတယ်။ ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ရဲ့ အသံကြောင့် မှင်တက်သွားပါတယ် ‘ဒီကောင် ဘယ်လိုလုပ်ပြီး တာအိုပညာရှိ ဖြစ်သွားတာလဲ’
တာအိုပညာရှိတွေက တာအိုပညာရှိ နေရာအတွက် တိုက်ခိုက်နေကြတာဆိုပေမဲ့ လောကဦး ခရမ်းရောင်ချီ မရှိဘဲ တာအိုကို မရယူနိုင်ပါဘူး။ တာအိုပညာရှိတွေက နေရာမှာ ဘယ်သူထိုင်ရမယ် ဆိုတာကိုသာ အရင်ဆုံးဖြတ်နေကြတာပါ။
ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ရဲ့ အချက်အလက်ကို စစ်ဆေးလိုက်တဲ့အခါ ဟွမ်ဇွမ်တျန်က တကယ်ကြီး ကောင်းကင်တာအိုပညာရှိ ဖြစ်လာတာကို တွေ့လိုက်ရပါတယ်။
‘ကောင်းကင်အရှင် ရွှမ်တုက တခြားတာအိုပညာရှိတွေနဲ့ မဆွေးနွေးခင်ကတည်းက လောကဦး ခရမ်းရောင်ချီ နှစ်ခုကို ရထားပြီးတာလား… ဒါ အဖြစ်နိုင်ဆုံးပဲ’
ဟန်ကျွယ် မော့ကြည့်လိုက်တဲ့အခါ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်မှာ တာအိုစက်ကွင်း ဖွင့်လှစ်နေတဲ့ ဟွမ်ဇွမ်တျန်ကို တွေ့လိုက်ရပါတယ်။ တာအိုပညာရှိတွေဟာ ဟွမ်ဇွမ်တျန်ကို ဂုဏ်ပြုစကား လာပြောကြပါတယ်။ ပန်ရှင်းတောင် ဟွမ်ဇွမ်တျန်ကို သူ့ဘက်ပါအောင် စည်းရုံးပါတယ်။ ဟွမ်ဇွမ်တျန်က ဟန်ကျွယ်ရဲ့ သူလျှိုဆိုတာကို သူတို့တွေ မသိရှာပါဘူး။ ဂိုဏ်းချုပ်တျန်ကျွယ်ကို ကျွန်ပြုထားပြီ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ ဟွမ်ဇွမ်တျန်ရဲ့ အခြေအနေကို နည်းနည်းတောင် မစိုးရိမ်ပါဘူး။
ဒီဆက်ဆံရေးက ဖုံးထားလို့ ရပါသေးတယ်။ နောင်တစ်ချိန်မှာ ဒီဆက်ဆံရေးက အသုံးမဝင်လာဘူးလို့ ဘယ်သူကမှ မပြောနိုင်ပါဘူး။
အခုဆိုရင် တိတ်ဆိတ်ဂိုဏ်းမှာ တာအိုပညာရှိနှစ်ပါး ထွက်ပေါ်လာပါပြီ။
တစ်ချိန်တည်းမှာပဲ…
တာအိုပညာရှိတွေနဲ့ စကားစမြည် ပြောဆိုနေတဲ့ ဟွမ်ဇွမ်တျန်ဟာ အပေါ်ယံမှာ တည်ငြိမ်နေပေမဲ့ အတွင်းပိုင်းမှာတော့ အရမ်းအရမ်း စိတ်လှုပ်ရှားနေပါတယ် ‘ဂိုဏ်းချုပ်… ဂိုဏ်းချုပ် မြင်လား… ကျွန်တော် တာအိုကို ရယူနိုင်ခဲ့ပြီ’
ဟွမ်ဇွမ်တျန်ဟာ တာအိုပညာရှိတွေ သူ့ကို ဂုဏ်ပြုစကား လာပြောကြပေမဲ့ ဟန်ကျွယ်ပဲ ပေါ်မလာတာကို ရှာတွေ့သွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်က သူ့ကို သူလျှိုဆက်လုပ်ခိုင်းတယ်လို့ ကောက်ချက်ချလိုက်ပြီး ဘဝင်မြင့်တာတို့ မာနကြီးတာတို့ မရှိပါဘူး။
ဟွမ်ဇွမ်တျန်ရဲ့ အမြင်မှာ ဟန်ကျွယ်က သူ့ကဒ်တွေကို ပြလို့ရနေပါပြီ။ ဟန်ကျွယ်၊ လီတောက်ခုံး၊ ဖန်းလျန်နဲ့ သူ့ကိုပါ ပေါင်းလိုက်ရင် တာအိုပညာရှိလေးပါးပါ။ ဒီအင်အားနဲ့ဆိုရင် တာအိုပညာရှိတွေရဲ့ ဆုံးဖြတ်ချက်ကို အများကြီး သက်ရောက်လို့ ရနေပါပြီ။ ဒါပေမဲ့ ဟွမ်ဇွမ်တျန်ဟာ ဟန်ကျွယ်ရဲ့ သတိကြီးတဲ့စရိုက်ကို နားလည်ပါတယ်။ ဟန်ကျွယ်က အမြဲတမ်း ဒီလိုပဲ မဟုတ်ပါလား။
ဧကရာဇ်ရှောင်နဲ့ ပန်ရှင်းက ဟွမ်ဇွမ်တျန်ကို တော်တော်လေး အလေးထားပြီး သူတို့တာအိုစက်ကွင်းကို လာလည်ဖို့တောင် ဖိတ်‌ခေါ်လိုက်ပါတယ်။ တကယ်တော့ ဒါက ဂိုဏ်းချုပ်တျန်ကျွယ်ရဲ့ မျက်နှာကို ပေါ်တင် ဖြတ်ရိုက်လိုက်တာပါ။
ဒါပေမဲ့ ဂိုဏ်းချုပ်တျန်ကျွယ်က ဟွမ်ဇွမ်တျန်ကို ဂုဏ်ပြုစကား ပြောပြီးတာနဲ့ သူ့တာအိုစက်ကွင်း သူပြန်ပြီး ကျင့်ကြံအားထုတ်နေပါတယ်။ ဟန်ကျွယ်ဆီမှာ ကျွန်ပြုခံလိုက်ရတည်းက ဂိုဏ်းချုပ်တျန်ကျွယ်ရဲ့ ရည်ရွယ်ချက်ဟာ ကျင့်ကြံဖို့ ဖြစ်သွားပါတယ်။ ဂိုဏ်းချုပ်တျန်ကျွယ်ဟာ ဟန်ကျွယ်ကို ကူညီနိုင်ဖို့ ဒီထက်စွမ်းအားကြီးလာဖို့ မျှော်လင့်နေပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset