Chapter – 42
“ကလင်”
ဝိုက်ခွက်၂ခွက် တိုက်လိုက်သည်။
ဝမ်ချင်းသည် ဝိုင်ခွက်ကို သူမ၏ မက်မွန်ရောင်နှုတ်ခမ်းသားပေါ်သို့ တင်ကာ တစ်ငုံသောက်လိုက်သည်။ ထို့နောက် ခွက်ကို ဘေးချကာ ခမ်းနားသည့်စန္ဒရားရှေ့တွင် ထိုင်လေသည်။ သူမ၏ သေးသွယ်သော လက်ချောင်းများအား အဖြူအမည်းသံစဥ်ကီးဘုတ်များအပေါ် တင်လိုက်ပြီး တေးသံသာတီးလုံးများ ထွက်ပေါ်လာသည်။
မူသည် သူ့အိတ်ကပ်ထဲမှ ကျောက်သလင်းပုလင်းကို ထုတ်လာသည်။ အရွယ်အစားမှာ သေးသော်လည်း အထဲရှိ အပြာရောင်ပစ္စည်းမှာ စိတ်ကူးယဥ်ဆန်ဆန်အရောင်အဆင်းရှိပြီး ပုံမှန်နှင့်မတူသော ရောင်ခြည်ထွက်နေသည်။
ဒါသည် တောထဲရှိ ဆင့်ကဲပြောင်းလဲပြီးသူများအား အစွမ်းအစတိုးစေသည့် ဆေးအသစ်ဖြစ်သည်။ ဤဆေးသည် သဘာဝဆေးဖြစ်သော်လည်း ထုတ်လုပ်ရ ခက်ခဲသည်။ ဟိုဘက်တွင် ဆေးအာနိသင်ပြသည်ကို ကြည့်ခြင်းဖြင့် ထိုဆေးထုတ်လုပ်ခြင်းမှာ တန်သွားပြီဖြစ်သည်။
မူသည် သူ့လက်ထဲရှိ ထိုပစ္စည်းကို စိုက်ကြည့်နေသည်။ နတ်ဘုရားကို ကြည်ညိုလေးစားသောအကြည့်ကဲ့သို့ ကြည့်နေသည်။ အလွန်အမင်းသဘောကျ၍ ထိုကျောက်သလင်းပုလင်းကို စုပ်ကိုင်ထားရင်း သတင်းကောင်းစောင့်လျက်ရှိသည်။
“အရာအားလုံးက စီမံပြီးသားပဲ” သူတီးတိုးပြောလိုက်သည်။
တောထဲတွင် အသက်ရှင်ကျန်သူ ၁၃ယောက်တွင် ၄ယောက်က ချက်ချင်းပစ်လဲကာ ပြုတ်ကျသေသွားသည်။ နားရွက်နှင့်နားများမှ သွေးများယိုထွက်လာသည်။
ချူဖုန်းအသံလှိုင်းမလွှင့်ခင်ကတည်းက သူတို့၏ အခြေအနေမကောင်းတော့ချေ။ ထိုအသံလှိုင်းများက သူတို့ကိုယ်ခန္ဓာနှင့် စိတ်မတောင့်ခံနိုင်သည့် အတိုင်းအတာကို ကျော်သွားစေသည့် လှုံ့ဆော်မှုအဖြစ် ဆောင်ရွက်လိုက်သည်။
“အား…”
အချို့မှာ အသက်ရှင်သေးသော်လည်း အသက်တစ်ခါရှူတိုင်း နာကျင်မှုဝေဒနာကို ခံစားရသည်။ သူတို့မျက်နှာအမူအရာမှာ ရက်စက်ကြမ်းကြတ်လျက်ရှိသည်။ အချို့မှာ သူတို့၏ အက်ကွဲသွားသော ဦးခေါင်းခွံကို ဖိထားရင်း နာကျင်မှုဖြင့် ညည်းတွားနေသည်။ သူတို့၏အသက်မှာ သေသွားသောအပေါင်းအဖော်တွေနဲ့ မခြားမနားပင် ဖြစ်သည်။
အချို့ဆင့်ကဲပြောင်းလဲပြီးသူမှာ သစ်ပင်နှင့် သူတို့ခေါင်းကို ဝင်ဆောင့်ကြသည်။ အကြိမ်များစွာဆောင့်ခြင်းကြောင့် သစ်ပင်များ၏ ပင်စည်များ အက်ကွဲကာ ကျိုးကုန်သည်။
ဆေးပြာမှာ အမှန်တကယ်အစွမ်းထက်သည်။ ဆေးသုံးသူကို အတွင်းအားပေးရုံသာမက နာကျင်မှုနှင့် သေခြင်းတရားကိုပါ ပေးသည်။ အဖြစ်ဆိုးဖြင့် သေဆုံးသွားသူများ၊ ရှင်လျက်နှင့် ဝေဒနာအပြင်းအထန် ခံစားနေရသူများအားလုံးသည် ထိုဆေး၏ သွယ်ဝိုက်အကျိုးဆက်ကြောင့် ဖြစ်သည်။
“ဒီဆေးက ငါပင်ပင်ပန်းပန်း ဖော်စပ်ထားတာ၊ မအောင်မြင်တာမဟုတ်ဘူး၊ ပြန်ပြုပြင်ဖို့ပဲ လိုတာ၊ ငါ အကောင်းဆုံးဖြစ်အောင် လုပ်မှာ ငါလုပ်နိုင်တယ်…” ဓာတုပညာရှင်သည် သူ့ကိုယ်သူပြောနေသည်။ သူမတ်တပ်ရပ်ရန် ကြိုးစားသော်လည်း အားနည်းနေသည့် သူ့ခန္ဓာကိုယ်မှာ ပြန်ခွေ၍ ကျလာသည်။ စိုစွတ်နေသည့် မြေကြီးပေါ်တွင် လှဲချကာ ပါးစပ်ထဲမှ သွေးများစီးထွက်လာသည်။
သူ ဆေးသောက်လိုက်ခြင်းမဟုတ်၍ သူ့အသိစ်တ်မှာ ပုံမှန်အတိုင်းရှိသည်။ သို့သော် သူသည် ဆင့်ကဲပြောင်းလဲခြင်းအစွမ်းအားများမရှိသော လူအိုတစ်ယောက်ဖြစ်သည့်အတွက် ချူဖုန်း၏သေစေနိုင်သော အသံလှိုင်းများက သူ့အတွက် ဒဏ်ရာပြင်းရစေသည်။
“ဟားဟားဟား…” ရုတ်တရက် ဆင့်ကဲပြောင်းလဲပြီးသူတစ်ယောက် နောက်လှည့်လာသည်။ သူသည် ခန္ဓာကိုယ်တောင့်တင်းပြီး ၃မီတာအမြင့်ရှိသည့် ဧရာမလူသားဖြစ်သည်။ ပါးစပ်ထောင့်မှ တံတွေးများစီးကျကာ သူငယ်အိမ်လည်း ကျယ်နေသည်။
ရုတ်ချည်းစိတ်အခြေအနေပြောင်းလဲခြင်းက သူ့ကို အရူးတစ်ယောက်ဖြစ်သွားစေသည်။ စိတ်ဖောက်ပြန်သွားသော ဤဧရာမလူသားကြီးမှာ အသိစိတ်အားလုံးပျောက်ဆုံးပြီး အသက်ရှိသည့် အလောင်းကောင်ဖြစ်သွားသည်။
ထိုဆင့်ကဲပြောင်းလဲပြီးသူသည် လက်ဆန့်ထုတ်ကာ ဓာတုပညာရှင်ကို ဆွဲကိုင်လိုက်သည်။ ထို့နောက် တက်နင်း နင်းချေကာ နောက်ဆုံးတွင် အားပြင်းပြင်းဖြင့် ဓာတုပညာရှင်၏ ခန္ဓာကိုယ်ကို တစ်စစီ ဆွဲဖြဲလိုက်သည်။ အလွန်နာကျဥ်းစွာ အော်မြည်ပြီးနောက် ဓာတုပညာရှင်မှာ မကြာမီ သူ၏ဖန်တီးမှုဖြင့် အဆုံးသတ်သွားရှာသည်။
ချူဖုန်းသည် ဤစက်ဆုပ်ဖွယ်မြင်ကွင်းကို မကြည့်ရက်ဖြစ်သည်။ ခုနက သူကိုယ်တိုင်လူသတ်ခြင်းမှာလည်း စက်ဆုပ်ရက်စက်သော်လည်း ဤမြင်ကွင်းလောက် မကြမ်းကြုတ်ခဲ့ချေ။ တောအုပ်ကြီးမှာ ရူးသွပ်မှုနှင့် ကြမ်းကြုတ်ရက်စက်ခြင်းတို့ ပေးသည့် အရူးအိမ်ဖြစ်သွားသည်။ ထိုမြင်ကွင်းကြောင့် ချူဖုန်း သွေးဆူနေပြီ။
မြေပြင်ပေါ်တွင် နာကျင်၍ ညည်းတွားနေသည့် ဆင့်ကဲပြောင်းလဲပြီးသူများလည်း ရှိသေးသည်။ အချို့မှာ အပြန်အလှန်ဆွဲထိုးကာ သူတို့၏ အဆုံမရှိအတွင်းအားဖြင့် အချင်းချင်းဆွဲဖြဲကြသည်။ အရူးအိမ်တော်ကြီးမှာ စည်းမျဥ်းစည်းကမ်းမရှိ၊ ရန်သူနှင့် အပေါင်းအဖော်မခွဲခြားခြင်းမရှိသည့် ဗြောင်းဆန်သော စစ်မြေပြင် ဖြစ်သွားသည်။
နောက်ဆုံးတွင် ချူဖုန်းသည် သူ၏ နောက်ဆုံးထိုးချက်ဖြင့် ထိုဆင့်ကဲပြောင်းလဲပြီးသူများ၏ အဖြစ်ဆိုးနှင့် ဝေဒနာတို့ကို အဆုံးသတ်ပေးလိုက်သည်။ လက်တွင် ဓားမြောင်မဲကို ကိုင်ကာ ထိုဗြောင်းဆန်နေသော အုပ်စုတွင်းသို့ လျှောက်လှမ်းသွားသည်။ မျက်စိတစ်မှိတ်၊ နှလုံးခုန်သံတစ်ချက်အတွင်း ရမ်းကားနေသော ဆင့်ကဲပြောင်းလဲပြီးသူအားလုံး ခေါင်းပြတ်ကာ အေးချမ်းသွားသည်။
အကယ်၍ ချူဖုန်းသာ ထိုအရူးကောင်များကို တောထဲတွင် လွှတ်ထားလိုက်လျှင် အနီးအနားရှိရွာများအား ဆိုးရွားသော ထိခိုက်မှုများ ပေးမည်ဖြစ်သည်။
ထို့အပြင် ချူဖုန်းသည် အစကတည်းက ထိုဆင့်ကဲပြောင်းလဲပြီးသူများကို လွှတ်ပေးလိုစိတ် မရှိပါ။ “ငါ့ကိုသေစေချင်တဲ့သူအကုန်လုံး ငါမသေခင်သေရမယ်” ဒါသည် ချူဖုန်း တစ်သက်လုံးလက်ကိုင်သွားမည့် လက်သုံးစကားဖြစ်သည်။
“သွေးအေးပြီး အသည်းနှလုံးမရှိတဲ့ကောင်၊ လူမဟုတ်ဘူး မင်းက တိရစ္ဆာန်ပဲ”
လူသေအပုံလိုက်အောက်တွင် လူတစ်ယောက်သည် ရုတ်တရက် မျက်လုံးဖွင့်ကာ ပြောလေသည်။ သူ မတ်တပ်ရပ်လိုက်သည်။ ယိုင်တိုင်ယိုင်တိုင်ဖြစ်နေသော်လည်း သူ့အသိစိတ်ပြန်ရလာပြီ ဖြစ်သည်။ သူက ချူဖုန်းသူ့အပေါင်းအဖောများကို သတ်မှန်းသိသည်၊ သို့သော် သူ့မျက်လုံးထဲတွင် သတိထားမှုနှင့် ကြောက်လန့်ခြင်းတို့ ရှိနေသည်၊ ထို့အပြင် သတ်ဖြတ်ခြင်းကို မျက်မြင်တွေ့ရသည့်အတွက် အမျက်ဒေါသလည်း ထွက်နေသည်။
“ငါက တိရစ္ဆာန်ဟုတ်လား၊ မင်းကကော၊ လူတစ်ယောက်တည်းကို သေနတ်တွေနဲ့ကော လူအင်အားနဲ့ပါ အသာစီးယူပြီး ချောင်းတိုက်တာ၊ ဒါလူသားတစ်ယောက် လုပ်သင့်တာလား” ချူဖုန်း စိတ်တိုတိုဖြင့် ပြန်မေးလိုက်သည်။
“သတ်ပစ်မယ်”
ဆင့်ကဲပြောင်းလဲပြီးသူ အသံကျယ်ဖြင့် အော်လိုက်သည်။ သူ့သူငယ်အိမ်မှာ စတင်ကျယ်လာသော်လည်း သူ့ရန်သူကို အသက်ထွက်သည်အထိ ရင်ဆိုင်လိုသည်။
ထိုလူက အကြောက်တရားမရှိပဲ ဂုဏ်ထိုက်စွာဖြင့် သေဆုံးလို၍ မဟုတ်ချေ၊ သူ့အသက်နှင့်ရင်းပြီး မတိုက်ခိုက်လည်း သူ့ရှေ့ရှိလူသည် မကြာခင် သူ့အသက်ကို သေချာပေါက် ယူမည်ကို သူသိသည်။ အရှုံးမပေးပဲ တိုက်ခိုက်မှသာ အသက်ရှင်သန်ခွင့် နည်းနည်းရှိမည်ဖြစ်သည်။
ရုတ်တရက် သူ့ခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ်ကောင်းလာသည်။ ထို့နောက် သူ့တစ်ကိုယ်လုံးသည် ဧရာမတောင်တန်းအရွယ်ရှိသည့် ကျောက်တုံးကြီး ဖြစ်သွားသည်၊ သို့သော် ဤဆင့်ကဲပြောင်းလဲခြင်းက သူ့ကို မနှေးကွေးစေချေ။ ခြေလှမ်းတိုင်းမှာ ကျယ်လောင်သောအသံဖြင့် ကမ္ဘာကြီးနှင့် သစ်ပင်များကို တုန်လှုပ်သွားစေသည်။ မြေမှုန်များထကာ ထိုကျောက်တုံးလူသားသည် ကြောက်ခမန်းလိလိ ဖြစ်သည်။
သူထိလိုက်သော အရာတိုင်း၊ သူ့ခြေထောက်ချလိုက်သော နေရာတိုင်းမှာ ခြွင်းချက်မရှိ ကျောက်တုံးပစ္စည်းအဖြစ် ပြောင်းသွားသည်။
ချူဖုန်းသည် သူ့ဓားမြောင်ကို ထုတ်လိုက်သည်။ ထိုကျောက်တုံးလူသားနှင့် ထိတွေ့မိ၍ လူသားကျောက်တုံးအဖြစ် ပြောင်းသွားကာ ထာဝရကျောက်ရုပ်ဖြစ်သွားမည် စိုး၍ ချူဖုန်းသည် သူ့လက်သီးများကို မသုံးခဲ့ချေ။
ဓားမြောင်မဲသည် ကျောက်တုံးလူသား၏ လက်ဖဝါးကို ခုတ်လိုက်ကာ သူ့ကျောက်တုံးလက်မနှင့် ကျန်သည့်ကျောက်တုံးလက်ဖဝါးကို ဆက်ထားသော အရွတ်ကို ပျက်သွားစေသည်။ အမဲရောင်သွေးပုပ်များ စီးကျလာသည်။ ကျောက်တုံးလူသားသည် သူ၏ဒဏ်ရာရှိသော လက်ကို ဝှေ့ယမ်းပြီး ရန်သူရှိရာဘက်သို့ သဲမှုန်အခိုးအလိပ်များ ထသွားစေသည်။
ထိုအခိုးအလိပ်များကြောင့် ချူဖုန်းလန့်သွားသည်၊ သို့သော် အလျင်အမြန် သူ့ကိုယ်နေကိုယ်ထားကို ထိန်းကာ နွားနတ်ဆိုးလက်ဝှေ့ထိုးနည်းပုံစံအတိုင်း နေလေသည်။ ထိုအဝါရောင်အခိုးအလိပ်များ သူ့ဆီ ရောက်လာချိန်တွင် လက်မောင်းကို ဖြတ်သွားသော မသိမသာထုံကျင်မှုကိုသာ ခံစားရသည်။
ထိုအခိုးအလိပ်နှင့် ထိတွေ့သည့်အရာအားလုံး ကျောက်တုံးများဖြစ်သွားသည်၊ သို့သော် သူ့အစွမ်းအားသက်ရောက်မှုကို ချူဖုန်းသည် လက်ဝှေ့ထိုးနည်းပုံစံမှ အတွင်းအားဖြင့် ခုခံလိုက်သည်။
ချူဖုန်းသည် နွားနတ်ဆိုးလက်ဝှေ့ထိုးနည်းပုံစံကွက်ကို ထုတ်သုံးလိုက်စဥ်က သူ့ခန္ဓာကိုယ်ရှိ အရေပြားပေါ်တွင် လျှို့ဝှက်အစွမ်းအားတစ်လွှာရှိကြောင်း ခံစားရသည်။ ထိုအစွမ်းက အဝါရောင်အခိုးအလိပ်တို့ကို လမ်းကြောင်းလွဲစေကာ ကျောက်ရုပ်ဖြစ်ခြင်းမှ ကာကွယ်ပေးလိုက်သည်။
အခု ချူဖုန်းသည် တုန့်ဆိုင်းခြင်းမရှိတော့ချေ။ ကျောက်တုံးလူသား၏ အစွမ်းမှာ ကြောက်ဖို့ကောင်းသော်လည်း သူ့အပေါ်တွင် အကျိုးမရှိကြောင်း သိလိုက်သည်။
ဖုန်း!
၃ ၄ခေါက် အပြန်အလှန်ချပြီးနောက် နောက်ဆုံးတွင် ချူဖုန်းသည် သူ၏ အားပြင်းလက်သီးကို ထိုလူ၏ ရင်ဘတ်ပေါ်သို့ ထိုးလိုက်သည်။ ပြင်းထန်သည့်ထိုးချက်ကြောင့် ထိုလူသားကို ပေါ့ပါးသော စွန်ကဲ့သို့ လွင့်ထွက်သွားသည်။ ထို့နောက် အက်ကွဲသံများဆက်တိုက်ကြားရပြီးနောက် ကျောက်တုံးလူသား၏ ပုံစံပျက်သွားပြီး လေထဲတွင် လုံးဝပျောက်ကွယ်သွားသည်။
အပိုင်းအစစီဖြစ်သွားသည့်ခန္ဓာကိုယ်အစိတ်ပိုင်းများမှာ ကျောက်တုံးများသာဖြစ်ပြီး မြေကြီးပေါ်သို့ ပြန်ပြုတ်ကျလာသည်။ ကျောက်တုံးပေါ်ရှိ ကြီးမားသောအက်ကွဲကြောင်းရာပေါ်တွင် သွေးများစိမ့်ထွက်သည်ကို တွေ့ရပြီး အဝါရောင်မြူခိုးငွေ့များ တဖြည်းဖြည်းဖြင့် ပျောက်ကွယ်သွားသည်။ ကျောက်တုံးလူသားကြီး သေဆုံးသွားပြီ၊ တိုက်ပွဲကြောင့်ကျန်ရှိခဲ့သည့် မြင်ကွင်းမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။
“မင်းက အရူးပဲဖြစ်ဖြစ် မိစ္ဆာကောင်ပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး၊ မင်းကို သတ်ဖို့ တစ်ချက်ပဲ လိုတယ်” ချူဖုန်း တည်ငြိမ်စွာဖြင့် ပြောလေသည်။
အခု နောက်ဆုံးကျန်သူမှာ အစပိုင်းက ချူဖုန်း အန္တရာယ်အရှိဆုံးဟု ထင်ထားသော ခြေထောက်တွင် ချော်ရည်အုပ်ထားသော တစ်ယောက်ဖြစ်သည်။ သို့သော် အခုချိန်တွင် သူသည် လုံးဝစိတ်ကစဥ့်ကလျား ဖြစ်နေသည်။ သူ့ဦးခေါင်းခွံကို တင်းကျပ်စွာ ဖိကိုင်ကာ သစ်ပင်အိုကြီးဘေးတွင် ငူငိုင်စွာဖြင့် ထိုင်နေသည်။
သူသည် နောက်ဆုံးအသက်ရှင်ကျန်ရစ်သူဖြစ်ပြီး အားလုံးထဲတွင် အင်အားအကြီးဆုံးလည်း ဖြစ်သည်။ သူ့စိတ်အခြေအနေမဟန်ကြောင်း တွေ့ရသော်လည်း သူ့အသိစိတ်မှာ ရှိသေးသည်။ ချော်ရည်က သူ့အသားအရောင်ကို အနီရောင်ဖြစ်စေသည်။ သူသည် ချူဖုန်းကို အမုန်းတရားနှင့် ဒေါသတို့ ထင်ဟပ်နေသည့် မျက်လုံးနီဖြင့် စိုက်ကြည့်လေသည်။
“အကုန် သေကုန်ပြီ၊ ငါ့ရဲဘော်တွေရဲ့ အရိုးကို တက်နင်းပြီး သူတို့ရဲ့သွေးစွန်းနေတဲ့လက်နဲ့…. မထင်ထားဘူး မင်းက ဒါတွေအားလုံးနောက်ကွယ်က လက်သည်ဆိုတာ”
သူသည် ချူဖုန်း၏ ဓာတ်ပုံကို တွေ့ဖူး၍ သူ့ကို သိနေသည်။ ဆင့်ကဲပြောင်းလဲပြီးသူများ၏ ခေါင်းဆောင်ဖြစ်သည့်အတွက် အချို့မပြောပြထားသော လျှို့ဝှက်ချက်များကို သိနေသည်။
“မင်း သွားချိန်တန်ပြီ” ချူဖုန်း သူ့ကို ပြောလိုက်သည်။ အသံကျယ်ကျယ်အော်ပြောခြင်း မဟုတ်ပဲ လေးနက်သော အသံအနေအထားဖြင့် ပြောလိုက်သည်။
ဘွန်း!
ဆင့်ကဲပြောင်းလဲပြီးသူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် မီးတောက်လှိုင်းများ ထုတ်လာသည်။ မီးတောက်မှာ ကောင်းကင်ထက်သို့ ထိုးတက်သွားပြီး အမြင့်ပေ ၁၀မီတာအထိ ရောက်သွားသည်။ ထိုမီးတောက်သည် နှလုံးခုန်သံတစ်ချက်အတွင်း သစ်ပင်အားလုံးကို ပြာဖြစ်သွားစေသည်။
သူ့အတွက် အသေဆိုးဖြင့် သေရပါစေ တိုက်ခိုက်လိုသည်။ သူ့ကိုယ်တွင်းကျန်ရှိသည့် နောက်ဆုံးအင်အားဖြင့် ရန်သူကို ထိုးလိုက်သည်။ သူ့လက်သီးမှာ ကြောက်မက်ဖွယ်ကောင်းသော ချော်ရည်ပူများအဖြစ် ပြောင်းသွားပြီး ချူဖုန်းရှိရာဘက်သို့ ရက်စက်စွာ ထိုးလေသည်။
သူ့ခြေဖဝါးအောက်ရှိ ချော်ရည်သည် ဤတောအုပ်၏ မြေပြင်ဖြစ်သည့် ကမ္ဘာမြေကြီးကို အရည်ပျော်သွားစေသည်။ မြေဆီလွှာနှင့် ကျောက်တုံးတို့မှာ အမြင့်ဆုံးဆူမှတ်ရောက်သွားပြီး ထိုမီးကောင် ဖြတ်သန်းသွားလျှင် အရည်ပျော်သွားသည်။
ချူဖုန်းသည် ထိုမီးကောင်၏ အစွမ်းအားကို တိတ်တခိုးလေးစားနေသည်။ အကယ်၍ သူသာ စိတ်အခြေအနေမဟန်ခြင်း မရှိခဲ့ပဲ အစွမ်းအားအစစ်အကုန် ထုတ်သုံးလိုက်လျှင် ချူဖုန်း အခုလောက်ဆို လူသေဖြစ်နေလောက်ပြီဖြစ်သည်။
သို့သော် သူ၏ခန္ဓာကိုယ်အခြေအနေက အစွမ်းအကုန်ထုတ်သုံးခွင့် မပေးချေ။ ပြင်းထန်သော ခေါင်းကိုက်ခဲမှုနှင့် အားပျော့သော ကိုယ်ခန္ဓာကြောင့် သာမန်လူထက်ပို၍ အင်အားနည်းသူ ဖြစ်စေသည်။
သေရေးရှင်ရေးတိုက်ပွဲများစွာ ဆင်နွဲပြီးသော ချူဖုန်းသည် အတွေ့အကြုံရှိသော တိုက်ခိုက်သူဖြစ်လာသည်။ သူ့ခြေထောက်ပေါ်တွင် မြဲမြံစွာ ရပ်ကာ ရန်သူကိုယ်တိုင် မီးပုံထဲတိုးဝင်သော ပိုးဖလံကဲ့သို့ဖြစ်ရန် စောင့်ဆိုင်းနေသည်။ ထို့နောက် မီးလူသားမှာ တဖြည်ဖြည်းအနီးကပ်လာသည်၊ ချူဖုန်းသည် သူ့ခြေလက်များကို အကွက်ကျကျသုံး၍ နွားမဲကို တစ်ဖန်စေခေါ်ပြန်သည်။ နွားမဲသည် ချူဖုန်း၏ ခေါင်းပေါ်တွင် မှောင်မိုက်သည့်တောအုပ်ကို လင်းထိန်ပေးသော အမဲရောင်ရောင်ခြည်ကဲ့သို့ ထွက်ပေါ်လာသည်။ ချူဖုန်းက သူ့လက်သီးကို ရှေ့သို့ ဝှေ့ယမ်းလိုက်သောအခါ ထိုနွားမှာ ရန်သူဆီသို့ တစ်ဟုန်ထိုး ချီတက်လေသည်။
ဘွန်း!
တိုက်ခိုက်မှုမှာ တောင်ကုန်းပေါ်ရှိ အရာအားလုံးကို ပျက်စီးစေသည်။ နှစ်ချို့သည့် သစ်ပင်များ၏ပင်စည်ပတ်လုံးများ တစ်ဝက်ကွဲကုန်ပြီး ချုံပင်များက ပြာဖြစ်သွားသည်။ နွားမဲ၏အရိပ်နှင့် မီးလူသားထိပ်တိုက်တိုး၍ ကြီးမားသော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။ ပတ်ဝန်းကျင်အနီးအနားရှိ အရာအားလုံးဖျက်ဆီးလိုက်သည်။
“အား…”
မီးတောက်များဖြင့် ဖုံးလွှမ်းထားသော မီးလူသားသည် ချော်ရည်အိုင်ထဲတွင် ရှိသေးသည်၊ သို့သော် သူသည် အကြီးအကျယ်ဒဏ်ရာရနေပြီဖြစ်သည်။ ထိန်းချုပ်မနိုင်အောင်ပင် ဆင့်ကဲပြောင်းလဲပြီးသူသည် သွေးအန်ကာ ဝေဒနာအပြင်းအထန်ခံစားနေရသည်။ သူ့ခေါင်းမှာ တိုက်ပွဲကြောင့် ပေါက်ကွဲမတတ်ဖြစ်နေသည်။ နွားမဲက သူ့ခန္ဓာကိုယ်အတွင်း ဖြတ်ပြေးသွားကာ သူ့ဝိညာဥ်နှင့် အဂ်ါများကို ချေဖြတ်လိုက်သည်။ သူ့ပါးစပ်၊ နှာခေါင်း၊ မျက်လုံးနှင့် နားရွက်များမှ သွေးများထွက်လာသည်။
ထို့အပြင် သူ့ရင်ဘတ်တွင် အပေါက်ကြီးတစ်ပေါက် ဖြစ်သွားသည်။ သူ့ခန္ဓာကိုယ်အပေါ် ပိုင်းမှာ နောက်ကျောရှိ အပေါက်ထဲသို့ ကွေးဝင်သွားသည်။
“အဲ့တာ ဟိုဆေး…ဆေးက ငါ့ကို သတ်တာ” ဆင့်ကဲပြောင်းလဲပြီးသူသည် အော်ဟစ်ညည်းတွားနေသည်။ သူ့မျက်လုံးမှာ ဒေါသမီးဖြင့် တောက်လောင်ပြီး သူ့မျက်နှာမှာ နာကျင်မှုဖြင့် တွန့်နေသော်လည်း သူ့ရန်သူကို အရှုံးမပေးလိုချေ။ သို့သော် သူသည် အတွင်းအားနှင့် အစွမ်းအစမရှိသည့် အရိုးခြောက်သာဖြစ်နေကြောင်း သိလေသည်။ သူ၏ကြောက်မက်ဖွယ်အသွင်အပြင်မှာ အနှစ်မရှိသည့် အကာသာဖြစ်သည်။
ထိုအချိန်တွင် ချူဖုန်းလည်း အန္တရာယ်လာမည်ကို ခံစားမိလိုက်သည်။ သူမော့ကြည့်လိုက်ကာ ရဟတ်ယာဥ်မှာ သူ့ဆီ ဦးတည်လာကာ နောက်ထပ်ဗုံးကြဲရန် လုပ်နေသည်။
ရဟတ်ယာဥ်မောင်းသူသည် ချူဖုန်း၏ အသံလှိုင်းဒဏ်မှ ပြန်ကောင်းလာရုံရှိသည်။ ဆင့်ကဲပြောင်းလဲပြီးသူမဟုတ်သည့်သူတစ်ယောက်အတွက် ဒါသည် အလွန်ကြောက်ရွံ့ဖွယ်ကောင်းသော အတွေ့အကြုံဖြစ်သည်။ ဆင့်ကဲပြောင်းလဲပြီးသူများ တိုက်ခိုက်ရာ စစ်မြေပြင်မှ အလှမ်းဝေးတွင် ရှိနေသော်လည်း ချူဖုန်း၏ အားပြင်းသော အသံလှိုင်းများကြောင့် စိတ်ဖောက်ပြားမတတ် ဖြစ်သွားသည်။
မြေပြင်ပေါ်တွင် အသေအလဲတိုက်ခိုက်ချိန်တွင် ရဟတ်ယာဥ်မှာ သတိလွတ်နေသည့် ရဟတ်ယာဥ်မှူးလက်ထဲတွင် ငြိမ်သက်အောင် ရုန်းကန်နေရသည်၊ သို့သော် နောက်ဆုံးတွင် ရဟတ်ယာဥ်မှူး ပြန်လည်အသိစိတ်ဝင်လာ၍ သူ့ပစ်မှတ်ကို ပစ်ရန် နောက်တစ်ကြိမ် ပြန်ရောက်လာသည်။
ဘွန်း!
ရဟတ်ယာဥ်ပေါ်မှ ဒုံးကျည်မိုးရွာသွန်း၍ တောအုပ်ကြီး ပေါက်ကွဲသွားသည်။
ကျည်ဆံများမှာ ဒုံးကျည်ဖြင့် အတူကျလာကာ ထိုနေရာကို အကြီးစားပျက်စီးမှု ဖြစ်စေသည်။
အခုအခြေအနေမှာ မီးလူသားထွက်ပြေးရန်အတွက် အကောင်းဆုံးအချိန်ဖြစ်သည်။ သို့သော် သူကျောလှည့်လိုက်ချက်ချင်း ကျောရိုးထဲ ရုတ်တရက်ချမ်းစိမ့်သွားသည်။ သူ့ကျောကုန်းရှိ ချမ်းစိမ့်သော ခံစားချက်မှာ မကြာမီ ထုံကျဥ်လာပြီး ကျည်ဆန်မိုးများအကြား သူသိလိုက်ချိန်တွင် ချူဖုန်းသည် သူ့အပေါင်းအဖော်များ၏ အသက်ကို သိမ်းယူလိုက်သည့် ဓားမြောင်မဲဖြင့် ခေါင်းဖြတ်လိုက်သည်။ ထိတ်လန့်ကြောက်ရွံ့မှုဖြင့် ထိုအကျည်းတန်ခေါင်းမှာ ခန္ဓာကိုယ်မှ ပြုတ်ထွက်လိမ့်ဆင်းလာသည်။ ယခုဆိုလျှင် ထိုခေါင်းသည် အသက်မရှိသော်လည်း လွတ်လပ်သောအရာတစ်ခုအဖြစ် ဆွေးမြေ့ပြီး မြေကြီးမဖြစ်သွားခင်အထိ ဤတောအုပ်၏ မြေပြင်ပေါ်တွင် နေနိုင်မည်ဖြစ်သည်။
နောက်ဆုံးကျန်ရှိသည့် ဆင့်ကဲပြောင်းလဲပြီးသူကို ရှင်းပြီးနောက် ချူဖုန်းသည် အလျင်အမြန် တောထဲသို့ နောက်ဆုတ်သွားသည်။
သိပ်မကြာခင် လက်နက်အပြည့်အစုံတပ်ဆင်ထားသော ရန်သူအုပ်ကြီးနှင့် တိုးလေသည်။ သို့သော် ကျည်ဆန်တစ်ချက်မှ သူ့ကိုမထိပဲ အားလုံး၏လည်ပင်းမှာ ချူဖုန်း၏ ရက်စက်သောဓားမြောင်ဖြင့် အလှီးခံလိုက်ရသည်။
တစ်ခဏအကြာ ရဟတ်ယာဥ်၏ ဒလတ်လည်သံကို ကြားရပြန်သည်။ ချူဖုန်းသည် သေသွားပြီဖြစ်သော ရန်သူထံမှ အမြောက်သေနတ်တစ်ခုကို ငှားယူကာ တုန့်ဆိုင်းခြင်းမရှိပဲ ချူဖုန်းသည် ရဟတ်ယာဥ်တည့်တည့်ကို အမြောက်ဖြင့် ပစ်လိုက်သည်။
ဘွန်း!
လေထဲတွင် ရဟတ်ယာဥ်မှာ လောင်ကျွမ်းပြီး တစ်စစီဖြစ်သွားသည်။ ထို့နောက် သတ္တုအမဲချပ်များအဖြစ် တစ်စီဖြစ်သွားကာ ကောင်းကင်ထက်တွင် အဆုံးသတ်သွားသည်။
မြို့ထဲရှိ အိမ်ရာတွင်
စန္ဒရားမှ ထွက်လာသော တီးလုံးသံမှာ ဝမ်ချင်း၏ ဂီတပိုင်း ကျွမ်းကျင်မှုကို ပြသသည်။ ထိုတေးသံသာမှာ စမ်းချောင်းငယ်လေး ဖြည်းညှင်းစွာ စီးဆင်းသကဲ့သို့ ရှိသည်။ ရံဖန်ရံခါ နေရောင်ခြည်နှင့် နှင်းဆီပွင့်များကြား ကခုန်ပျော်မြူးနေသည့် လိပ်ပြာကဲ့သို့ ကြားရသည်။
ကီးနုတ်တစ်ခုချင်းစီတိုင်းမှာ နားထောင်သူကို ကျီစယ်စနောက်သကဲ့သို့ ရွှင်လန်းသော တီးလုံးကို ခံစားရသည်။
ဤတေးသွားမှာ ဝမ်ချင်း၏ စိတ်အခြေအနေကို တန်ပြန်ဟပ်စေသည်။ သိသာသည်မှာ သူမ စိတ်ပျော်နေသည်ဖြစ်သည်။
သီချင်းသံ ရပ်သွားသည်။ မူဘက်လှည့်ကာ အပြုံးဖြင့် မေးလိုက်သည်၊ “သတင်းကောင်း ကြားရပြီလား”
“မရောက်သေးဘူး၊ ဒါပေမဲ့ သိပ်မလိုတော့ဘူး” မူ ပြန်ပြုံးပြလိုက်သည်။ သူစေလွှတ်လိုက်သည့်လူများ အောင်ပွဲခံရလိမ့်မည်ဟု ယုံကြည်ချက်ရှိသည်။
ထိုအချိန်တွင် ရုတ်တရက် ဖုန်းအသံမြည်လာသည်။ ဖုန်းသံမှာ အသက်ဝင်စွာ မြည်နေသည်။ ၂ယောက်လုံး အချင်းချင်းပြုံးကြည့်ကာ အောင်ပွဲခံရန် အသင့်ဖြစ်နေသည်။
“သေ…အားလုံး…သေကုန်ပြီ” ဖုန်း၏အခြားတစ်ဖက်တွင် တုန်လှုပ်ချောက်ချားနေသည့် အသံကိုကြားရသည်။ သူ့စကားမှာ ပျက်တောက်ပျက်တောက်ဖြစ်ပြီး အသက်ရှူသံမှာလည်း ပြင်းသည်။ သူအသက်ရှိသေးပုံပေါက်သော်လည်း အခြေအနေမကောင်းချေ။
“မင်းဘာပြောလိုက်တယ်” မူသည် ဆိုဖာပေါ်မှ ခြေထောက်ချလိုက်သည်။
“ကျွန်တော်တို့ လူအကုန်…ဟိုမိစ္ဆာကောင်သတ်လို့ သေသွားပြီ”
“စိတ်အေးအေးထားပြော ဘယ်လိုဖြစ်တာလဲ” မူ၏ နှင်းဆီရောင်ပါးမှာ ဖြူစွပ်သွားသည်။ ဖုန်းခေါ်သူကို အော်ဆူလိုက်ပြီး သေချာအောင်ထပ်မေးလိုက်သည်။
“မလုပ်နဲ့…မလုပ်နဲ့…ကျွန်တော့်ကို မသတ်ပါနဲ့…လွှတ်ပေးပါ…” ဒါသည် ဖုန်းခေါ်သူ၏ နောက်ဆုံးစကားဖြစ်သည်။ အလွန်အမင်းကြောက်ရွံ့တုန်လှုပ်စွာ ပြောပြီး ဖုန်းကျသွားသည်။ ဘာမျှဆက်မကြားရတော့ချေ။
တောထဲတွင်
ချူဖုန်းသည် သူ့ဘေးရှိ လူသေ၏ဖုန်းကို ကောက်လိုက်ပြီး အာရုံစိုက်နားထောင်သော်လည်း အသံမကြားရချေ။ ဖုန်းနောက်တစ်ဖက်ရှိလူမှာ အသံပိတ်လိုက်ပြီဖြစ်သည်။
တစ်ခွန်းမှ မပြောပဲ ဤဗြောင်းဆန်သည့် စစ်မြေပြင်အလယ်တွင် ဖုန်းကိုကိုင်ထားပြီး ရပ်နေသည်။
ထို့နောက် ဖုန်းချသွားသည်။
ချူဖုန်းသည် တောအုပ်ထဲသို့ ပြန်လာကာ သူ့အား လုပ်ကြံသူများကို ရှာဖွေသည်။ ထို့နောက် လူတစ်ချို့ ရောက်လာပြန်သည်။ အားလုံးမှာ လက်နက်အပြည့်အစုံဖြင့် တပ်ဆင်လာသော်လည်း အားလုံးမှာ ထိုလက်နက်များမသုံးလိုက်ရပဲ သေသွားလေသည်။
နာရီဝက်အကြာတွင် အနားမယူရသေးသော တောအုပ်ကြီးမှာ နောက်ဆုံးတော့ အနားရသွားပြီ။
ချူဖုန်းသည် သူ့ဓားမြောင်မဲပေါ်ရှိ သွေးစွန်းကွက်များကို သုတ်ပြီးနောက် ဒူးခေါင်းထိအရှည်ရှိသည့် သူ့ဘွတ်ဖိနပ်ထဲသို့ ထိုးထည့်လိုက်သည်။ ခြေထောက်အောက်ရှိ သွေးစွန်းသော မြေကြီးနှင့် မြေပြင်ပေါ်ထွက်ကျနေသော အူကလီစာများအား တက်နင်းပြီး ချူဖုန်းသည် မြို့ထဲသို့ သွားရန် ခရီးဆက်လေသည်။
အပိုင်း ၄၂ ပြီး၏။