အခန်း (၆၇၆) တျန်ယုံ
ကောင်းကင်ဘုံ အပြင်ဘက်၊ ပန်ကူးခန်းမ။
ပန်ရှင်းဟာ ပဋိပက္ခကြာစိမ်းပေါ်ထိုင်ပြီး သူ့ရှေ့မှာ ဒူးထောက်နေတဲ့ လူတစ်ယောက်ကို အထင်သေးစွာ ကြည့်နေပါတယ်။ ဒီလူဟာ အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်တွေ ရှုပ်ပွကာ မျက်နှာကလည်း အတော်လေး အိုမင်းရင့်ရော်နေပါတယ်။ ဒီအချိန်မှာ ဒီလူရဲ့ မျက်နှာသာ သွေးဆုတ်နေပြီး မျက်လုံးတွေကလည်း အရောင်မဲ့နေပါတယ်။
“ကျင်းရှန်… အို ကျန်းရှန်… အရင်တုန်းက မင်းကိုယ်မင်း သိပ်ပြီးတော့ ဂုဏ်ယူခဲ့တာ မဟုတ်ဘူးလား၊ ငါ့ကို ပုရွက်ဆိတ်လို့ ထင်သေးလား” ပန်ရှင်းက သရော်သံနဲ့ မေးလိုက်ပါတယ်။ ကျင်းရှန်ဟာ ဘာမှပြန်မဖြေဘဲ ဆက်ပြီးတော့ ဒူးထောက်နေပါတယ်။
ပန်ရှင်း တာအိုပညာရှိ ဖြစ်လာပြီးနောက် ပန်ရှင်းကို ကျေနပ်အောင်လုပ်ဖို့အတွက် တာအိုပညာရှိတွေဟာ ရွေးချယ်စရာမရှိဘဲ ကျင်းရှန်ကို ကိုယ်တိုင်လာပြီး တောင်းပန်ခိုင်းပါတယ်။ ပန်ရှင်းက ဘာမှမပြောပေမဲ့ ဒီကိစ္စက ဒီအတိုင်းထားလိုက်ရင် ပြဿနာကြီးသွားနိုင်ပါတယ်။
ကျင်းရှန်ဟာ တာအိုပညာရှိတွေရဲ့ ဖိအားကို မခံနိုင်တာကြောင့် ပန်ရှင်းဆီ ကိုယ်တိုင်လာပြီး တောင်းပန်ရတာပါ။ ကျင်းရှန်ဟာ တာအိုပညာရှိတွေကို မမုန်းပါဘူး။ ဒါက လက်တွေ့ဘဝ မဟုတ်ပါလား။ အရင်တုန်းက သူလည်းပဲ သူစွမ်းအားကိုသုံးပြီး တခြားလူတွေကို ဖိနှိပ်ခဲ့ပါတယ်။ အခုကိစ္စကတော့ ဝဋ်ပြန်လည်တယ်လို့ ပြောလို့ရပါတယ်။
ဒါပေမဲ့ ကျင်းရှန်ဟာ နောင်တမရပါဘူး။ အပြစ်တင်ချင်ရင် ပန်ရှင်းက ကံကောင်းလွန်းပြီး ပန်ကူးရဲ့ အမွေအနှစ် ရသွားတာကိုပဲ အပြစ်တင်ရပါလိမ့်မယ်။ တိတ်ဆိတ်နေတဲ့ ကျင်းရှန်ကိုကြည့်ပြီး ပန်ရှင်းဟာ ရုတ်တရက် ပျင်းသွားပါတယ်။
ကောင်းကင်တာအိုကို ပြန်မရောက်ခင် ပန်ရှင်းဟာ ကျင်းရှန်ကို ဘယ်လိုလုပ်မယ်ဆိုပြီး နည်းလမ်းပေါင်း တစ်သောင်းလောက် တွေးတောစဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ ကျင်းရှန် သူ့ရှေ့မှာ ဒူးလာထောက်တော့ ပန်ရှင်း ရင်ထဲက မုန်းတီးမှုဟာ ရုတ်တရက် လွင့်ပါးပျောက်ကွယ်သွားပါတယ်။
ပန်ရှင်းဟာ ကျင်းရှန် သူ့ကို လာတောင်းပန်တာက တကယ် တောင်းပန်ချင်လို့ မဟုတ်ဘဲ တခြားတာအိုပညာရှိတွေရဲ့ ဖိအားကြောင့်ဆိုတာ သိပါတယ်။ ရုတ်တရက်ဆိုသလို ပန်ရှင်းဟာ တစ်စုံတစ်ခုကို နားလည် သဘောပေါက်သွားပါတယ်။ ကျင်းရှန်သာ သူ့ကို တကယ် သတ်ချင်တယ်ဆိုရင် ဘာဖြစ်လို့ အကြိမ်ပေါင်းများစွာ ဖိနှိပ်နေမှာလဲ။ ဒီအကြောင်းကို တွေးမိလိုက်တဲ့ ပန်ရှင်းဟာ ဒီပြဿနာနောက်ကို ဆက်မလိုက်ချင်တော့ပါဘူး။ ဘယ်တာအိုပညာရှိပဲဖြစ်ဖြစ် ကေင်းကင်တာအိုထဲမှာ ရှိနေရင် အဲဒီတာအိုပညာရှိကို သူ သတ်နိုင်မှာ မဟုတ်ပါဘူး။
နောက်ပြီး ပန်ရှင်းဟာ ကိုယ့်အကြောင်း ကိုယ်သိပါတယ်။ အရင်တုန်းက ပါးစပ်သရမ်းမှုကြောင့် တာအိုပညာရှိ အသစ်တွေကလွဲရင် ကျန်တဲ့ တာအိုပညာရှိ အကုန်လုံးကို ပန်ရှင်းက အပြစ်ပြုမိခဲ့ပါတယ်။ တကယ်လို့ ပန်ရှင်းသာ ဒီကိစ္စတွေကို တစ်ခုချင်းလိုက်ရှင်းရင် တော်တော်လေး ပြဿနာများမှာပါ။ ဒါပေမဲ့ ပန်ရှင်းဟာ ကျင်းရှန်ကို ဒီအတိုင်း မလွှတ်ပေးနိုင်ပါဘူး။ ကျင်းရှန်ကို ဒီအတိုင်း လွှတ်ပေးလိုက်ရင် သူ့မျက်နှာ ထားစရာ နေရာ ရှိတော့မှာ မဟုတ်ပါဘူး။
ပန်ရှင်းက တစ်လုံးချင်း ပြောလိုက်ပါတယ် “ကျင်းရှန်… မင်းရဲ့ လက်ရှိနေရာကို ကျေနပ်လား၊ မင်းမှာ တခြား ဘာအတွေးမှ မရှိဘူးလား”
ကျန်းရှန်က ပြန်ဖြေလိုက်ပါတယ် “ကျွန်တော် တာအိုပညာရှိရဲ့ စီမံမှုကို နာခံပါမယ်”
“ငါ မင်းကို တာအိုပညာရှိ ဖြစ်အောင် ကူညီပေးမယ်၊ မင်း တာအိုပညာရှိ ဖြစ်ချင်လား”
ပန်ရှင်းက သူ့ရဲ့ ကောင်းကင်တာအို အဆင့်အတန်းကို အရင်ဆုံး ဖယ်ရှားပြီး၊ ကောင်းကင်တာအို ကာကွယ်မှု ဆုံးရှုံးသွားတဲ့ သူ့ကို ပြီးမှ သတ်မယ်ဆိုရင် ကျင်းရှန်ဟာ အံ့ဩမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပန်ရှင်းရဲ့ သူ့ကို တာအိုပညာရှိ ဖြစ်အောင် ကူညီမယ်ဆိုတဲ့ စကားက ကျင်းရှန်ကို ကိုယ့်နားကိုယ် မယုံနိုင်အောင် ဖြစ်သွားစေပါတယ်။ ကျင်းရှန်ဟာ ပန်ရှင်းကို ရုတ်တရက် မော့ကြည့်လိုက်ပါတယ်။
ကျင်းရှန်ဟာ တာအိုပညာရှိအတု ဖြစ်တာကြောင့် သူနားကြားမမှားဘူးဆိုတာကို ယုံပါတယ်။ ကျင်းရှန်ဟာ အံ့ဩတကြီး ဖြစ်သွားပြီး အတန်ကြာမှ သတိပြန်ဝင်လာပါတယ် “ဘာဖြစ်လို့လဲ”
“မင်းကို တခြား တာအိုပညာရှိတွေက စွန့်လွှတ်လိုက်ပြီပဲ၊ ငါကလွဲရင် မင်း ဘယ်သူ့နောက်ကို လိုက်နိုင်မှာလဲ”
ပန်ရှင်းရဲ့ တည်ငြိမ်တဲ့ စကားသံကြောင့် ကျင်းရှန်ဟာ ခါးသီးသွားပါတယ်။ သူ့နောက်က တာအိုပညာရှိတွေက သူ့ကို တကယ်ပဲ စွန့်ပစ်လိုက်ပါပြီ။ အခုအချိန်မှာ ပန်ရှင်းကလွဲရင် သူ့ကို ဘယ်သူကများ လက်ခံမှာလဲ။
နောက်ပြီး တခြား တာအိုပညာရှိတွေ နောက်ကို လိုက်ရင်တောင် သူ တာအိုပညာရှိ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခု သူ့ရှေ့မှာ တာအိုပညာရှိနေရာ ရှိနေပါတယ်။ ကျင်းရှန်က ဒီလိုအခွင့်အရေးကို ဘယ်လိုလုပ်ပြီး ငြင်းဆန်နိုင်မှာလဲ။
“ကောင်းကင်တာအို အင်အားကြီးလာတာနဲ့အမျှ တာအိုပညာရှိနေရာက ပိုပိုပေါ်လာလိမ့်မယ်၊ ငါ မင်းကို ထောက်ပံ့တာက မင်းကို လိမ်ချင်လို့ မဟုတ်ဘူး၊ ငါက မင်းအကြောင်းကို ကောင်းကောင်းသိလို့ပဲ၊ အရင်တုန်းက မင်းငါ့ကို ပစ်မှတ်ထားပြီး ဖိနှိပ်ခဲ့တယ်ဆိုပေမဲ့ မင်းရဲ့ စရိုက်နဲ့ စွမ်းဆောင်ရည်ကို ငါ အသိအမှတ်ပြုပါသေးတယ်”
ပန်ရှင်းရဲ့ စကားက အမှန်ပါ။ ကျင်းရှန်ဟာ အမြဲတမ်း သိုသိုသိပ်သိပ်နေပြီး တစ်ခါမှာ တခြားသူတွေကို သူ့နောက်ခံနဲ့ အနိုင်မကျင့်ခဲ့ပါဘူး။ ကောင်းကင်တာအို ကံတရား အထောက်အပံ့ခုံကြောင့်သာ မဟုတ်ရင် သက်ရှိတွေက ကျင်းရှန် ရှိမှန်းတောင် သိကြမှာ မဟုတ်ပါဘူး။
ကျင်းရှန်ဟာ အံကြိတ်လိုက်ပါတယ် “တာအိုပညာရှိက ပြီးခဲ့တာတွေကို ပြီးပါစေတော့ဆိုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးတယ်၊ ဒါက တာအိုပညာရှိရဲ့ ကရုဏာတရား ကြီးမားမှုပါ၊ တာအိုပညာရှိက ကျွန်တော်ကို ထောက်ပံ့ပေးချင်မှတော့ ကျွန်တော်ကလည်း မငြင်းပါဘူး၊ အနာဂတ်မှာ တာအိုပညာရှိ ခိုင်းချင်တာ မှန်သမျှ ကျွန်တော်ကို ခိုင်းလို့ရပါတယ်”
ပန်ရှင်းဟာ ကျေနပ်စွာ ပြုံးလိုက်ပါတယ်။ ကျင်းရှန်ကို သိမ်းသွင်းတာက ပန်ရှင်းရဲ့ ပထမဆုံး ခြေလှမ်းပါ။ ပန်ရှင်းရဲ့ တကယ့်ရည်ရွယ်ချက်က တာအိုပညာရှိတွေကို ထိန်းချုပ်ပြီး ကောင်းကင်တာအိုကို စိုးမိုးချင်တာပါ။
လူသားဧကရာဇ်မြို့တော်။
ဟန်ကျွယ်ဟာ သံပြားတစ်ချပ်ကို လက်မှာကိုင်ပြီး ထပ်ခါထပ်ခါ လေ့လာနေပါတယ်။ သံပြားပေါ်မှာ ထူးဆန်းတဲ့ စာလုံးမျိုးစုံ ရှိနေပြီး ဟန်ယွီတောင် ဒီစာလုံးတွေရဲ့ အဓိပ္ပာယ်ကို မသိပါဘူး။ ဟန်ယွီဟာ ဒီသံပြားကို မြေအင်မော်တယ်ကမ္ဘာကနေ ရလာခဲ့တာ ဖြစ်ပါတယ်။ ဒီသံပြားက အတော်မာပြီး လုံဟောင်တောင် မဖျက်ဆီးနိုင်ပါဘူး။
ဟန်ယွီဟာ ဒီသံပြားထဲမှာ အခွင့်အရေး အကြီးကြီးတစ်ခု ရှိရမယ်လို့ တွေးဆပြီး ဒီသံပြားကို သိမ်းထားခဲ့တာပါ။ ဒီအချိန်မှာပဲ ဝတ်ရုံစိမ်းနဲ့ လူတစ်ယောက်ဟာ ခြံဝင်းထဲကို ခပ်သုတ်သုတ် ဝင်လာပါတယ်။ ဝတ်ရုံစိမ်းနဲ့လူဟာ ဟန်ယွီရှေ့မှာ ဒူးထောက်ပြီး ပြောလိုက်ပါတယ် “ဘိုးဘေး… သခင်လေးက ဧကရာဇ်မြို့တော် အပြင်ဘက်မှာ လူတစ်ယောက်နဲ့ တိုက်ခိုက်နေတယ်၊ အဲဒီလူက ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်နေတော့ သခင်လေး တာအိုပညာရှိ တာအိုစက်ကွင်းဆီ သွားပြီး တာအိုနားထောင်ဖို့က…”
ဟန်မိသားစု ဦးစီးက ဟန်ယွီ မဟုတ်ပါဘူး။ ဟန်ယွီရဲ့ သားပါ။ သခင်လေးဆိုတာကတော့ ဟန်ယွီရဲ့ မြေးပါ။ ဟန်ယွီဟာ သူ့မြေးကို ဂရုစိုက်ပါတယ်။ ဒါကလည်း ဟန်ကျွယ်ရဲ့ လွှမ်းမိုးမှုကြောင့်ဆိုရင် မမှားပါဘူး။ ဟန်ယွီဟာ မျက်ခုံးပင့်တင်ပြီး လှမ်းကြည့်လိုက်တဲ့အခါ တအံ့တဩ ဖြစ်သွားရပါတယ် “မဟာညီညွတ်မှု ရွှေအင်မော်တယ်… ဒါပေမဲ့ ဝိညာဉ်က နတ်မင်းအဆင့်မှာ… ထူးဆန်းတယ်”
ဟန်ယွီဟာ မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါးအဆင့်ကို ရောက်နေပြီမလို့ ဝိညာဉ်ကို ထိုးဖောက်မြင်နိုင်ပါတယ်။
“အဲဒီလူက ဘယ်ကလာတာလဲ” ဟန်ယွီက မေးလိုက်ပါတယ်။
“ဒီကလေးက အင်မော်တယ်ကမ္ဘာမှာ ဒီအတောအတွင်း နာမည်ကျော်ကြားလာတယ်၊ သူက ကပ်ဘေးမျိုးနွယ်စု ထိပ်သီးကျင့်ကြံသူတစ်ဦး ပြန်ဝင်စားတာလို့ ပြောကြတယ်၊ သူက တော်တော်လေး အရည်အချင်း ရှိတယ်၊ သူက မဟာညီညွတ်မှု ရွှေအင်မော်တယ် အဆင့်ပဲ ရှိသေးပေမဲ့ အင်မော်တယ်ကမ္ဘာ လေးငါးဆယ်ပါးကို သတ်ပြီးပြီ”
ဟန်ယွီဟာ လက်မြှောက်ပြီး လေထဲကို ဖမ်းဆုပ်လိုက်တဲ့အခါ သူ့ရှေ့ကို လူတစ်ယောက် ရောက်လာပါတယ်။ ဒီလူဟာ အေးစက်တဲ့ မျက်နှာထားနဲ့ အားကောင်းတဲ့ သွေးအနှစ် ရှိပြီး ကြမ်းတမ်းတဲ့ ရောင်ဝါကို ထုတ်လွှတ်ကာ အားကုန် ရုန်းကန်နေပါတယ်။ ဒါပေမဲ့ မူလဆန်းကြယ် နတ်စွမ်းအား ခြောက်ပါးအဆင့်ရဲ့ ဓမ္မစွမ်းအားက မဟာညီညွတ်မှု ရွှေအင်မော်တယ် ရုန်းထွက်နိုင်တဲ့အရာ မဟုတ်ပါဘူး။ ဟန်ယွီဟာ ဝတ်ရုံစိမ်းနဲ့လူကို ထွက်သွားဖို့ အချက်ပြလိုက်ပါတယ်။
အဲဒီနောက် ဟန်ယွီဟာ သူ့ရှေ့ကလူကို သေချာကြည့်လိုက်ပါတယ်။ သခင်လေးရဲ့ ရန်သူ အဖမ်းခံလိုက်ရတာကို တွေ့လိုက်ရတာကြောင့် ဝတ်ရုံစိမ်းဟာ ရင်ထဲကအလုံးကြီး ကျသွားပြီး ချက်ချင်း ထွက်ခွာသွားပါတယ်။
“ခင်ဗျားက ဘယ်သူလဲ” လွတ်အောင် မရုန်းနိုင်တာကြောင့် သခင်လေးရဲ့ ရန်သူက ခပ်တိုးတိုး မေးလိုက်ပါတယ်။
“ငါက ဟန်မိသားစုရဲ့ ဟန်ယွီပဲ၊ မင်းနဲ့ ငါ့မြေးကြားမှာရှိတဲ့ ကံတရားက သေးလည်းမသေးသလို ကြီးလည်း မကြီးဘူး၊ သူသေကိုယ်သေ တိုက်ခိုက်ဖို့ မလိုပါဘူးကွာ၊ လွှတ်ချလိုက်ပါတော့…. ငါ မင်းကို တပည့်အဖြစ် လက်ခံမယ်လေ၊ ဘယ်လိုလဲ…”
သခင်လေးရဲ့ ရန့်သူဟာ နှလုံးလှုပ်သွားပါတယ်။ သူဟာ ဟန်ယွီဆိုတဲ့ နာမည်ကို ကြားဖူးပါတယ်။ လူသားမျိုးနွယ်စုမှာ ဟန်ယွီက လူသားဧကရာဇ်နဲ့ ယှဉ်နိုင်တဲ့ တည်ရှိမှုတစ်ခုပါ။ နောက်ပြီး တာအိုပညာရှိ လီတောက်ခုံးရဲ့ တစ်ဦးတည်းသော တပည့်လည်း ဖြစ်ပါတယ်။ သခင်လေးရဲ့ ရန်သူက ခပ်တိုးတိုး ထပ်ပြောပြန်ပါတယ် “ဒါက တာအိုပညာရှိ တပည့်တစ်ယောက်ရဲ့ သည်းခံနိုင်မှုလား… အငယ်တွေကိစ္စကို ဝင်ပါချင်တာလား…”
ဟန်ယွီဟာ ခေါင်းခါလိုက်ပါတယ် “ဒီအတိုင်းဆက်သွားလို့ မင်း ငါ့မြေးကို သတ်လိုက်ရင် ဟန်မိသားစုက မင်းကို လိုက်သတ်မှာပဲ၊ အခန့်မသင့်ရင် လူသားမျိုးနွယ်စုနဲ့ ကပ်ဘေးမျိုးနွယ်စုကြားမှာ အရှုပ်အရှင်းတွေ ဖြစ်လာနိုင်တယ်၊ ကပ်ဘေးမျိုးနွယ်စုက ကောင်းကင်တာအိုထဲကို ဝင်လာကတည်းက သိုသိုသိပ်သိပ်နေ,နေတာ၊ မင်းက ဒီကိစ္စအတွက်နဲ့ မျိုးနွယ်စုနှစ်စုရဲ့ ငြိမ်းချမ်းရေးကို ဖျက်ဆီးချင်တာလား…”
သခင်လေးရဲ့ ရန်သူဟာ တိတ်ဆိတ်သွားပါတယ်။ ဒီစကားတွေက ပြန်ပြောဖို့ အရမ်းအန္တရာယ် များတယ် မဟုတ်ပါလား
“ငါက ဒီအရှုပ်အထွေးကို ဖြေရှင်းချင်လို့သာ မင်းကို တပည့်အဖြစ် လက်ခံတာ”
သခင်လေးရဲ့ ရန်သူဟာ ဟန်ယွီရဲ့ စကားကို စိတ်ဝင်စားသွားပါတယ်။ သူ ကောင်းကင်တာအိုကို လာခဲ့တာက တာအိုကိုရယူနိုင်တဲ့ တကယ့်နည်းလမ်းကို လိုချင်လို့ပါ။ သူဟာ သူ့အမေရဲ့ တာအိုရယူနည်းလမ်းကို အထင်သေးပါတယ်။ သူဟာ သူ့အမေနဲ့ မတူဘဲ အဆုံးမဲ့စွမ်းအားတွေရှိတဲ့ လမ်းကို လျှောက်လှမ်းချင်တာပါ။ ဒါက သူ့အတွက် အခွင့်အရေးတစ်ခု ဖြစ်နိုင်ပါတယ်။ တာအိုပညာရှိ လီတောက်ခုံး အကြောင်းကိုလည်း သူ အများကြီး ကြားထားပါတယ်။
ပြီးခဲ့တဲ့ကပ်ဘေးမှာ လီတောက်ခုံးက တာအိုပညာရှိတွေအောက် အစွမ်းအထက်ဆုံး တည်ရှိမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအို ပညာရှိရဲ့ တပည့် ဖြစ်လာခဲ့ပြီး တာအိုပညာရှိနေရာကို အရယူနိုင်ခဲ့ပါတယ်။
သူသာ ဟန်ယွီရဲ့ တပည့်ဖြစ်သွားမယ်ဆိုရင် တာအိုပညာရှိ လီတောက်ခုံးနဲ့ တွေ့ဆုံဖို့ အခွင့်အရေး ရသွားမှာပါ။ ကံကောင်းရင် အနန္တကုသိုလ်ကံရှင် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိကိုတောင် တွေ့ခွင့်ရနိုင်ပါတယ်။
သခင်လေးရဲ့ ရန်သူဟာ သူ့အရည်အချင်းကို ယုံံကြည်ချက်ရှိပေမဲ့ သူ့အမေထက် စွမ်းအားကြီးချင်ရင် အင်အားကြီးတဲ့နောက်ခံ လိုတာကို နားလည်ပါတယ်။ တိတ်ဆိတ်ဂိုဏ်းရဲ့ ဒုတိယ အစောင့်အရှောက်က တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်မှာ တပည့်တွေ စုဆောင်းနေတာကို သခင်လေးရဲ့ ရန်သူဟာ သွားစုံစမ်းခဲ့ပါသေးတယ်။ ဒါပေမဲ့ အမည်ခံတပည့်မှန်း သိလိုက်ရတဲ့အခါ စိတ်မဝင်စားတော့ပါဘူး။
အမည်ခံတပည့်ကနေ စမယ်ဆိုရင် တိတ်ဆိတ်ဂိုဏ်းချုပ်ထက် တော်တော်လေး အဆင့်နိမ့်သွားမှာပါ။ ဒါပေမဲ့ ဟန်ယွီရဲ့ တပည့် ဖြစ်လာမယ်ဆိုရင်တော့ တိတ်ဆိတ်ဂိုဏ်းချုပ်ထက် မျိုးဆက်သုံးဆက်ပဲ နိမ့်ပြီး တိတ်ဆိတ်ဂိုဏ်းရဲ့ စတုတ္ထမျိုးဆက် ဖြစ်လာမှာပါ။ သခင်လေးရဲ့ ရန်သူဟာ လျှပ်တစ်ပြက်အတွင်း အများကြီးကို တွေးတောစဉ်းစားလိုက်ပါတယ်။ အဲဒီနောက် ဟန်ယွီကို ခေါင်းမော့ကြည့်ပြီး ပြောလိုက်ပါတယ် “တပည့်တျန်ယုံ… ဆရာသခင်ကို ဂါရဝပြုပါတယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 676
? Views, Released on December 13, 2024