Switch Mode

Chapter – 675

အခန်း (၆၇၅) အသက် ၂၀၀,၀၀၀ ပြည့်ခြင်း
နှစ်တစ်ထောင် ကုန်ဆုံးသွားပါတယ်။ ပထမတော့ ဟန်ကျွယ်ဟာ သူ့အသက် နှစ်သိန်းပြည့်တဲ့ အချိန်အထိ ဂူအောင်းကျင့်ကြံချင်တာပါ။ ဒါပေမဲ့ လီရွှမ်အောက်က တာအိုစက်ကွင်း အပြင်မှာ စောင့်နေတာ အတော်ကြာပြီ ဖြစ်တဲ့အတွက် ဟန်ကျွယ်ဟာ ကျင့်ကြံအားထုတ်တာကို ရပ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ လီရွှမ်အောက်ကို တာအိုဘုံကျောင်းထဲ ရွှေ့လိုက်ပါတယ်။ လီရွှမ်အောက်ဟာ ဆယ်နှစ်ကျော် စောင့်ဆိုင်းပြီးနောက် ဟန်ကျွယ်ကို တွေ့လိုက်ရတဲ့အတွက် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပါတယ်။
လီရွှမ်အောက်ဟာ အများကြီး မတွေးပါဘူး။ ဟန်ကျွယ်က နှစ်တစ်ထောင် ဂူအောင်းကျင့်ကြံလေ့ရှိတာကို သူလည်း သိထားပါတယ်။ နှစ်တစ်ထောင် မပြည့်ရင် တာအိုပညာရှိလာတောင် အတွေ့မခံဘူး မဟုတ်ပါလား။
“ဂိုဏ်းချုပ်… အခု တိတ်ဆိတ်ဂိုဏ်းက…”
လီရွှမ်အောက်ဟာ တိတ်ဆိတ်ဂိုဏ်းရဲ့ အခြေအနေကို စပြီးတော့ တင်ပြပါတယ်။ အပြင်စည်း တပည့်အရေအတွက်က ဆယ်သန်းကျော်သွားပါပြီ။ ဒါတောင် တိတ်ဆိတ်ဂိုဏ်းထဲဝင်ဖို့က အနည်းဆုံး မဟာညီညွတ်မှု ကောင်းကင် အင်မော်တယ် ဖြစ်ရမယ်ဆိုပြီး သတ်မှတ်ထားလို့ပါ။ တပည့်တွေ လက်ခံရရှိတာအပြင် တခြားတာအိုပညာရှိဂိုဏ်းတွေကလည်း လက်ဆောင်တွေ ပို့လာပါတယ်။
ဒီအတောအတွင်း တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ် အပြင်ဘက်က တိတ်ဆိတ်ဂိုဏ်းထဲမှာ အရည်အချင်းရှိသူတွေ တော်တော်များများ ပေါ်ထွက်လာပါတယ်။
ဒါက ကောင်းကင်တာအိုပါ။ ကောင်းကင်တာအိုဟာ အဆုံးသတ် အပျက်အစီး နတ်ဘုံကို မမီဘူး ထင်ရပေမဲ့ အုတ်မြစ်နက်တဲ့အတွက် မကြာခဏဆိုသလို ပါရမီရှင်တွေ ထွက်ပေါ်လေ့ရှိပါတယ်။ အဆုံးသတ် အပျက်အစီး နတ်ဘုံက မဟာတာအိုပညာရှိတွေဟာလည်း ကောင်းကင်တာအို သက်ရှိတွေ ဖြစ်ခဲ့ဖူးပါတယ်။
အခုဆိုရင် သူတို့တွေဟာ ပဋိပက္ခနတ်ဘီလူး တချို့နဲ့တောင် ယှဉ်လို့ရနေပါပြီ။ ဒါကို ကြည့်ခြင်းအားဖြင့် ကောင်းကင်တာအိုသက်ရှိတွေရဲ့ အရည်အချင်းကို ခန့်မှန်းကြည့်လို့ ရပါတယ်။
လီရွှမ်အောက်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ ကျင့်ကြံအားထုတ်ဖို့ တပည့်အချို့ကို ထောက်ခံချက် ပေးချင်ပါတယ်။ တာအိုစက်ကွင်းထဲက စိတ်ဝိညာဉ်ချီဟာ အင်မော်တယ်ကမ္ဘာမှာရှိတဲ့ ဘယ်မြင့်မြတ်နယ်မြေထက်မဆို ပိုသိပ်သည်းပါတယ်။ ဟန်ကျွယ် တာအိုမဟောကြားရင်တောင် ဒီစိတ်ဝိညာဉ်ချီ သိပ်သည်းမှုနဲ့တင် တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ထဲမှာ ကျင့်ကြံအားထုတ်ရတာက မဟာအခွင့်အရေးကြီးပါ။
ဟန်ကျွယ်ဟာ လီရွှမ်အောက်ရဲ့ အဆိုကို မငြင်းပယ်ဘဲ အယောက်တစ်ရာစာ နေရာပေးလိုက်ပါတယ်။ တကယ်တော့ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ဟာ အရမ်းကို ကြီးမားပြီး အလွန်တရာမှ ကျယ်ပြန့်လွန်းပါတယ်။ အယောက်တစ်ရာ မပြောနဲ့၊ အယောက်တစ်သန်းလာရင်တောင် ချောင်ချောင်ချိချိ ရှိနေဦးမှာပါ။ ဒါပေမဲ့ ဟန်ကျွယ်ဟာ အရည်အချင်းအရှိဆုံး တပည့်တွေကိုပဲ လိုချင်တာကြောင့် အယောက်တစ်ရာစာ နေရာပဲ ပေးလိုက်တာ ဖြစ်ပါတယ်။ နောက်ပြီး ရှားပါလေလေ တန်ဖိုးရှိလေလေ ဖြစ်တဲ့အတွက် ဝင်လာတဲ့ တပည့်တွေက ပိုပြီးတော့ ကြိုးစားအားထုတ်ကြမှာပါ။
လီရွှမ်အောက်ဟာ ဟန်ကျွယ်ရဲ့ သဘောတူညီမှုကို ရတဲ့အခါမှာ တော်တော်လေး စိတ်လှုပ်ရှားသွားပါတယ်။ လီရွှမ်အောက်ဟာ အနည်းဆုံး ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ဖြစ်လာဖို့ အရည်အချင်းရှိတဲ့ ကံကောင်းရင် တာအိုပညာရှိအတုတောင် ဖြစ်လာနိုင်တဲ့ ပါရမီရှင်တစ်ရာကို ရွေးချယ်ဖို့ ယုံကြည်ချက် ရှိပါတယ်။
လီရွှမ်အောက်ဟာ သူ့ရဲ့ တိုးမြှင့်မှုကြောင့် အနာဂတ်မှာ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် တစ်ရာ ပေါ်လာမှာကို တွေးကြည့်ရင်း စိတ်မလှုပ်ရှားဘဲ မနေနိုင်ပါဘူး။ လီရွှမ်အောက် ကိုယ်တိုင်လည်း ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်ဆိုပေမဲ့ အရည်အချင်းချင်းယှဉ်ရင် လီတောက်ခုံးကို ဘယ်လိုမှ မမီပါဘူး။
လီရွှမ်အောက်ဟာ ကျင့်ကြံမှုကို တိုးတက်အောင်လုပ်ဖို့က အရမ်းခက်ခဲတယ်လို့ ခံစားရတဲ့အတွက် တိတ်ဆိတ်ဂိုဏ်းကို စီမံဖို့ အားစိုက်ပြီး တခြားနေရာတွေမှာ အင်အားကြီးလာအောင် တိုက်ခိုက်တာပါ။ ဟန်ကျွယ်ဟာ လီရွှမ်အောက်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး လုံးဝကို ကျေနပ်ပါတယ်။
လီရွှမ်အောက် ထွက်သွားတဲ့အခါ ဟန်ကျွယ်ဟာ ဆက်ကျင့်ကြံ အားထုတ်ပြီး အသက် ၂၀၀,၀၀၀ ပြည့် မွေးနေ့ကို ကြိုဆိုဖို့ ပြင်ဆင်ပါတယ်။ လက်ရှိ အင်မော်တယ်ကမ္ဘာက စည်ပင်သာယာ ဝပြောနေတယ်လို့ ပြောလို့ရပါတယ်။ ကပ်ဘေးမျိုးနွယ်စုကလည်း ကောင်းကင်တာအိုနဲ့ ပေါင်းစပ်ပြီးသွားပါပြီ။ သေမျိုးကမ္ဘာတွေကလည်း တစ်ကမ္ဘာပြီးတစ်ကမ္ဘာ မွေးဖွားလာပါတယ်။ တာအိုပညာရှိတွေရဲ့ ညွှန်ကြားမှုအောက်မှာ ဂိုဏ်းတွေနဲ့ မျိုးနွယ်စုတွေဟာ အမှောင်တားမြစ်နယ်မြေကို ပိုပိုပြီးတော့ စူးစမ်းလေ့လာ လာကြပါတယ်။
အမှောင်တားမြစ်နယ်မြေက ဘာမှမရှိပေမဲ့ ဒီနယ်မြေမှာ ကျဆုံးခဲ့တဲ့ ထိပ်သီးကျင့်ကြံသူတွေက မနည်းပါဘူး။ ဒါကြောင့် ဒါကလည်း အခွင့်အရေးတစ်ခုပါ။ နောက်ပြီး လျှို့ဝှက်နယ်မြေ အချို့နဲ့ ဒိုင်မေးရှင်း အာကာသ တချို့ဟာလည်း အမှောင်တားမြစ်နယ်မြေမှာ ပုန်းလျှိုးကွယ်လျှိုး ရှိနေကြပါတယ်။ ဒါတွေ အကုန်လုံးက အင်အားစုတစ်ခု တိုးတက်လာဖို့အတွက် လိုအပ်တဲ့အရာတွေ မဟုတ်ပါလား။
တာအိုပညာရှိတွေအတွက် ဒီလိုစီစဉ်တာက ကောင်းကင်တာအိုကို ပဋိပက္ခအကြောင်း ပိုမိုနားလည်စေပြီး ရန်သူဖြစ်ဖို့ အလားအလာ ရှိနိုင်တဲ့အရာတွေကို ကြိုတင်ပြီး သိမြင်စေပါတယ်။
အင်မော်တယ်ကမ္ဘာမှာ တိုက်ပွဲတွေ မပြတ်ပေမဲ့ အကုန်လုံးကို ခြုံကြည့်ရင် အရမ်းငြိမ်းချမ်းပါတယ်။ ဒီလို ရွှေခေတ်မျိုးမှာ အရည်အချင်းရှိသူက အမြင့်ကို ရောက်စမြဲပါ။ တိုက်ပွဲတွေ မရှိပေမဲ့ ပါရမီရှင်တွေဟာ ပိုကောင်းအောင် ကြီးထွားနိုင်ကြပါတယ်။ ကောင်းကင်တာအို ကံတရား အထောက်အပံ့ခုံမှာလည်း ပါရမီရှင်တော်တော်များများ ထွက်ပေါ်လာပါတယ်။
ဒီလိုနဲ့ အချိန်ဟာ ပုံမှန်ကုန်ဆုံးသွားပြီး နှစ်တစ်ထောင် ကြာသွားတဲ့အခါ ဟန်ကျွယ်ရဲ့ရှေ့မှာ စာကြောင်းသုံးကြောင်း ပေါ်လာပါတယ်။
[သင်သည် အသက် ၂၀၀,၀၀၀ ပြည့်ပြီး ဖြစ်သောကြောင့် သင့်ဘဝတွင်‌ နောက်ထပ်ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပါပြီ။ သင့်တွင် အောက်ပါရွေးချယ်မှုများ ရှိသည်။]
[၁။ ကောင်းကင်တာအိုမှ ချက်ချင်းထွက်ခွာ၍ လောကဦး နတ်ဘီလူး နာမည်ကို ပဋိပက္ခတွင် ကျော်စောစေပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ကောင်းကင်တာအို စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံး၊ ဖန်တီးရှင် စိတ်ဝိညာဉ် ကျောက်တုံး တစ်တုံး၊ တာအိုစက်ကွင်း အဆင့်မြှင့်တင်ရန် အခွင့်အရေး တစ်ကြိမ်၊ ဆန်းကြယ်စွမ်းအား တစ်ပါးနှင့် အကောင်းစား ရတနာတစ်ပါးကို ရရှိမည်။]
[၂။ သိုသိုသိပ်သိပ် ဆက်ကျင့်ကြံပြီး ပဋိပက္ခနှင့် ဝေးဝေးတွင်နေပါ။ ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် အကောင်းစား ရတနာ တစ်ပါးအား ရရှိမည်။]
ဟန်ကျွယ် ထင်ထားသလိုပဲ ရွေးချယ်မှုက နှစ်တစ်သိန်းမှ တစ်ခါပဲ လာပါတော့တယ်။ ဒါပေမဲ့ ပေးတဲ့ဆုတွေကတော့ တော်တော်လေး ရက်ရောပါတယ်။ ဟန်ကျွယ်ဟာ သူ့ရဲ့ မူလရည်ရွယ်ချက်ကို အပျက်မခံဘဲ နံပါတ်နှစ်ကိုသာ ရွေးချယ်လိုက်ပါတယ်။
[သင်သည် သိုသိုသိပ်သိပ် ဆက်ကျင့်ကြံမည်ကို ရွေးချယ်ခဲ့သောကြောင့် ဆုလာဘ်အဖြစ် မဟာတာအို အပိုင်းအစ တစ်စ၊ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးနှင့် အကောင်းစား ရတနာတစ်ပါးအား ရရှိပါသည်။]
[ပဋိပက္ခ အကောင်းစား ရတနာ အချိန်တာအို ဝတ်ရုံအား ရရှိခြင်းအတွက် ဂုဏ်ပြုပါသည်။]
[အချိန်တာအို ဝတ်ရုံ: ခံစစ် ပဋိပက္ခ အကောင်းစား ရတနာ။ အကောင်းစား ခံစစ်ရတနာ တစ်ပါးဖြစ်ပြီး အချိန်စွမ်းအားမှ ဖြစ်တည်လာသည်။ ဤဝတ်ရုံသည် မဟာတာအို တည်ရှိမှုများ၏ တိုက်ခိုက်မှုကို ခုခံနိုင်သည်။]
‘မဟာတာအို တည်ရှိမှုတွေရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်တာလား…’ ဟန်ကျွယ်ဟာ ဝမ်းသာသွားပါတယ်။ ဟန်ကျွယ် အကြိုက်ဆုံးက ခံစစ် ရတနာတွေ မဟုတ်ပါလား။ ပန်ရှင်းရဲ့ ပဋိပက္ခကြာစိမ်းက ဟန်ကျွယ်ကို တော်တော်လေး အားကျစေပါတယ်။
ဒါ့အပြင် ဟန်ကျွယ်ဟာ မဟာတာအို အပိုင်းအစ ရှစ်စကို စုမိသွားပါပြီ။ နောက်တစ်စသာ ထပ်ရရင် ဟန်ကျွယ်ဟာ နောက်ထပ် မဟာတာအို ဆန်းကြယ်စွမ်းအား တစ်မျိုးကို သုံးသပ် နားလည်နိုင်တော့မှာပါ။ ဒါ့အပြင် ဟန်ကျွယ်ဟာ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးကိုပါ ရလိုက်တာကြောင့် နောက်ထပ် ပဋိပက္ခနတ်ဘီလူး တစ်ပါး မွေးဖွားလာအောင် ပျိုးထောင်နိုင်တော့မှာပါ။ ဒီလို အကြောင်းတွေကြောင့် ဟန်ကျွယ် မျက်နှာမှာ အပြုံးပန်းတွေ ဝေနေပါတယ်။
ဟန်ကျွယ်ဟာ အချိန်တာအို ဝတ်ရုံကို ချက်ချင်း ထုတ်ယူပြီး ကိုယ်ပိုင်ပစ္စည်း ပြုပါတယ်။ အချိန်တာအို ဝတ်ရုံက တော်တော် သားနားပါတယ်။ အတွင်းပိုင်းအလွှာက ဝတ်ရုံဖြူဖြစ်ပြီး မဟာတာအို ပုံစံတွေနဲ့ ပြည့်နေပါတယ်။ အချိန်တာအို ဝတ်ရုံဟာ ငွေရောင်နဲ့ အပြာရောယှက်နေပြီး လျှို့ဝှက်ဆန်းကြယ်ပါတယ်။ အပြင်ပိုင်းအလွှာကိုတော့ တာအိုအလင်းရောင်တွေက ဇာချည်လိုမျိုး ဖုံးကာထားတဲ့အတွက် အရောင်အဝါ တောက်ပပြီး ခံ့ညားထည်ဝါနေပါတယ်။
နှစ်အနည်းငယ် သုံးစွဲပြီးနောက်မှာတော့ ဟန်ကျွယ်ဟာ အချိန်ဝတ်ရုံ တာအိုပေါ်မှာရှိတဲ့ စည်း လေးဆယ့်ကိုးစည်းကို အောင်မြင်စွာ သန့်စင်ပြီး ကိုယ်ပိုင်ပစ္စည်းပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီအချိန်ကစပြီး ဟန်ကျွယ်ဟာ အချိန်တာအိုဝတ်ရုံကို လုံးဝ ထိန်းချုပ်နိုင်သွားပါပြီ။
အချိန်တာအိုဝတ်ရုံကို ကိုယ်ပိုင်ပစ္စည်း ပြုရတဲ့ နည်းလမ်းက တခြားဓမ္မရတနာတွေနဲ့ မတူပေမဲ့ ဟန်ကျွယ်အတွက်တော့ သိပ်မခက်ပါဘူး။ ဟန်ကျွယ်ဟာ အချိန်တာအိုဝတ်ရုံကို ဝတ်ဆင်ပြီးနောက် သူ့ကိုယ်သူ ပိုချောသွားတယ်လို့ ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်ဟာ လွတ်လပ်မှု နတ်အလင်းရောင်နဲ့ နေလ ယင်ယန် အကာအကွယ်ရဲ့ အလင်းရောင်တွေကို ရုပ်သိမ်းလိုက်ပါတယ်။ ဒီအခါ ဟန်ကျွယ်ရဲ့ ပြိုင်ဘက်ကင်း ချောမောလှတဲ့ ရုပ်ရည် ထွက်ပေါ်လာပါတယ်။ အရင်တုန်းက ဟန်ကျွယ်ဟာ နတ်အလင်းရောင်တွေ ရှိနေတာက အရမ်း အထင်ကြီးဖို့ ကောင်းတယ်လို့ ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ အခုတော့ ဟန်ကျွယ်ဟာ ဒါတွေကို ရိုးအီသွားပါပြီ။ ဘိုးဘေးရှီတျန်လိုမျိုး တည်ရှိမှုတောင် သူ့မူလပုံစံအတိုင်း နေထိုင်တယ် မဟုတ်ပါလား။
ဟန်ကျွယ်ဟာ အသွင်တူ လက်ရည်စမ်းပွဲကို စတင်လိုက်ပါတယ်။ ဒီတစ်ခါ ဟန်ကျွယ်ရဲ့ ပြိုင်ဘက်က ပန်ရှင်းပါပဲ။
ဟန်ကျွယ်ဟာ မတ်မတ်ရပ်ပြီး ပန်ရှင်း ပုဆိန်နဲ့ ခုတ်တာကို ခံပါတယ်။ တစ်နာရီကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ပျင်းသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပန်ရှင်းက သူ့ခံစစ်ကို မချိုးဖျက်နိုင်လို့ပါပဲ။ ဟန်ကျွယ်ဟာ ဘိုးဘေးရှီတျန်ကို ဆက်ပြီးတော့ စိန်ခေါ်ပါတယ်။ ဘိုးဘေးရှီတျန်လည်း ဟန်ကျွယ်ရဲ့ ခံစစ်ကို မချိုးဖျက်နိုင်ပါဘူး။ ဒါပေမဲ့ ဟန်ကျွယ်ကလည်း ဘိုးဘေးရှီတျန်ကို မသတ်နိုင်ပါဘူး။
ဟန်ကျွယ်ဟာ ပန်ရှင်းတစ်ယောက်တည်း မဟာတာအိုပညာရှိတွေကို ရင်ဆိုင်တဲ့ အတွေ့အကြုံမျိုး ခံစားလိုက်ရပါတယ်။ ဒီခံစားချက်က တကယ်ကို အားရဖို့ကောင်းတာပါ။ ဟန်ကျွယ်ဟာ ပြိုင်ဘက်တွေကို တစ်ယောက်ပြီး တစ်ယောက် ပြောင်းပါတယ်။ အသွင်တူ လက်ရည်စမ်းပွဲထဲမှာရှိတဲ့ ဘယ်ကျင့်ကြံဿူမှ အချိန်တာအိုဝတ်ရုံရဲ့ ခံစစ်ကို မချိုးဖျက်နိုင်ကြပါဘူး။
‘ဟင်း… ပြိုင်ဘက်ကင်းတော့လည်း အထီးကျန်ဖို့ ကောင်းလိုက်တာ…’ ဟန်ကျွယ်ဟာ သူ တော်တော်လေး ဘဝင်မြင့်လာတယ်လို့ ခံစားလိုက်ရပါတယ်။ ဒါကြောင့် လောကဦးကမ္ဘာထဲမှာရှိတဲ့ နတ်ဘီလူးချီကို အာရုံစိုက်ပြီး အသစ်ပျိုးထောင်မဲ့ ပဋိပက္ခနတ်ဘီလူးအသစ်ကို ရွေးချယ်ပါတယ်။
“ငါ ခွန်အား နတ်ဘီလူးကို ပျိုးထောင်ရင် ပန်ကူး သတိထားမိနိုင်လား” ဟန်ကျွယ်ဟာ စိတ်ထဲကနေ စနစ်ကို မေးလိုက်ပါတယ်။
[သက်တမ်း ၂၀၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ ခွန်အားနတ်ဘီလူးကို ရည်ရွယ်ပြီး မေးလိုက်တာက ပန်ကူးကို မေးရင် တွက်ရမှာ မဟုတ်မှန်း သိနေလို့ပါ။
[သတိထားမိလိမ့်မည်။]
ဟန်ကျွယ်ဟာ ချက်ချင်းပဲ သူ့အတွေးကို ဖျက်လိုက်ပါတယ်။ လောလောဆယ်မှာ ဟန်ကျွယ်ဟာ ပန်ကူးကို ရန်စလို့ မရသေးပါဘူး။ ဒါကြောင့် နောက်ဆုံးမှာ ဟန်ကျွယ်ဟာ ဖန်တီးရှင် စိတ်ဝိညာဉ်ကျောက်တုံးနဲ့ အချိန်နတ်ဘီလူးကို ပျိုးထောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အချိန်နတ်ဘီလူး ဓမ္မရုပ်တုက ဟန်ကျွယ် အစောကြီးကတည်းက တတ်မြောက်ခဲ့တဲ့ ဓမ္မရုပ်တုတစ်ခုပါ။ အချိန်နိယာမက မဟာတာအိုသုံးထောင်ထဲမှာ အလွန်တရာစွမ်းအားကြီးတဲ့ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ အနာဂတ်မှာ အချိန်နတ်ဘီလူးက သူ့ကို ကူညီကောင်း ကူညီလာနိုင်ပါတယ်။
ဖန်တီးတဲ့ ဖြစ်စဉ်က အချိန်လိုပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ်ကို အာရုံစိုက်လိုက်ပါတယ်။ ရှင်းဟုန်ရွှမ်ရဲ့ ဝမ်းဗိုက်ဟာ မဆိုစလောက်လေး ထွက်လာပေမဲ့ ကိုယ်ဝန်ဆောင်ထားတယ်လို့ မထင်ရသေးပါဘူး။ ကလေးကတော့ ရှင်းဟုန်ရွှမ်ရဲ့ ဝမ်းဗိုက်ထဲမှာ နဂိုအတိုင်း ရှိနေပါသေးတယ်။
နောက်ဆုံးတော့ ဟန်ကျွယ် နားလည်သွားပါပြီ။ လောကဦး နတ်ဘီလူးအဖြစ် မွေးဖွားလာမဲ့လူနဲ့ သူ့လိုမျိုး အသွင်ပြောင်းလဲလာတဲ့ လောကဦး နတ်ဘီလူးက မတူကွဲပြားမှုတွေ ရှိနေပါတယ်။ ကောင်းကင်နက္ခ နတ်ဘီလူးနဲ့ မုရုံချီ ကွာခြားသလိုမျိုးပေါ့။
ဟန်ကျွယ်ဟာ အသွင်ပြောင်းလဲလာတဲ့ လောကဦး နတ်ဘီလူး ဖြစ်ပါတယ်။ ဟန်ထော်ကတော့ အသွင်ပြောင်းလဲဆဲပဲ ရှိပါသေးတယ်။ ဟန်ကျွယ်ဟာ သူ့အငယ်ဆုံးသား မွေးဖွားလာရင် ဘယ်လိုအရည်အချင်းမျိုး ရှိလာမလဲဆိုတာကို မျှော်ကြည့်မိလိုက်ပါတယ်
ဟန်ကျွယ်ဟာ မတော်တဆ တစ်ခုတစ်လေမှ မဖြစ်ရလေအောင် ရှင်းဟုန်ရွှမ်ကို အကြွင်းမဲ့သန့်စင်ခြင်းနဲ့ မကြာခဏ သန့်စင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset