Switch Mode

Chapter – 41

Chapter – 41

တိတ်ဆိတ်၍ လူသွားလူလာနည်းပါးသော‌ တောအုပ်ထဲတွင် လေနှင့်အတူ သွေးညှီနံ့ပါ ပျံ့လွင့်သွားသည်။
လူသေသည် မျက်လုံးပွင့်လျက်ဖြင့် သွေးအိုင်ထဲတွင် တောင့်‌တောင့်ကြီး လဲလျောင်းလျက်ရှိသည်။ သူ့လည်ပင်းရှိ ဓားရာမှာ နက်ရှိုင်းသည်ဖြစ်၍ ဆင့်ကဲပြောင်းလဲထားခြင်းက သူ့ကို အစွမ်းအားမည်မျှရှိစေကာမူ သေမည်မှာ ဖြစ်သည်။
ချူဖုန်း၏ နှလုံးမှာ အပြင်းအထန်ခုန်နေသည်။ သူ့ရင်ဘတ်ထဲတွင် ဒေါသမီးတောက်လောင်နေသော်လည်း လူသတ်ခြင်းကို အသားမကျဖြစ်၍ နေထိုင်မကောင်းသလို ခံစားရသည်။ ဒါသည် သူ့လက်ဖြင့် လူသတ်ဖူးသော ပထမဆုံးအကြိမ်ဖြစ်သည်။
ချူဖုန်းသည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ စိတ်ကို ငြိမ်သက်လိုက်သည်။ တည်တည်ငြိမ်ငြိမ်ဖြင့် နောက်ထပ်ပစ်မှတ်တစ်ခုဆီ သွားလေသည်။
ဟိုအမျိုးသမီးမှာ တော်တော်ရမ်းကားခဲ့သည်။ မျက်လုံးတစ်လုံးဆုံးရှုံးလျှင် မျက်လုံးတစ်လုံးပေးဆပ်ရမည်ဖြစ်ပြီး ခုလိုအချိန်မျိုးတွင် စိတ်ပျော့ခြင်းလိုက်လျှင် ရန်သူ၏ ပြန်သတ်ခြင်းကို ခံရမည်ဖြစ်သည်။
ချူဖုန်းသည် တောထဲတွင် တိတ်တဆိတ် ရွေ့လျားသည်၊ သစ်ပင်များကို သူ၏အကာအကွယ်အဖြစ် သုံးပြီး သားကောင်ရှာနေသော ကျားသစ်တစ်ကောင်ကဲ့သို့ လွတ်လပ်စွာ ရွေ့လျားနေသည်။
ရှေးဟောင်းတောင်တန်းနက်ပိုင်းတွင် အပင်ပန်းခံခဲ့ခြင်းက ယခုအခါ သူ့ဘဝတွင် ပထမဆုံးလူသတ်ရာတွင် အထောက်အကူပြုသည်။
နောက်ထပ် ဆင့်ကဲပြောင်းလဲပြီးသူတစ်ယောက် တွေ့လိုက်သည်။
မျက်စိရှေ့ရှိ ဆင့်ကဲပြောင်းလဲပြီးသူ၏ လက်မောင်းမှာ ပုံမှန်ထက်ကြီးသည်။ သူ့အပေါ်ပိုင်းခန္ဓာကိုယ်မှာ တောင့်တင်းကာ မျောက်ဝံတစ်ကောင်ကဲ့သို့ ထင်ရသည်။ ဆံပင်ကိုလည်း ခါးအထိ ဖြန့်ချထားပြီး အမြစ်ရိုးတစ်ခုဖြင့် ပြေပြေလေး ချည်ထားသည်။ ဤလူသားကြီးမှာ သဲပြင်ပေါ်တွင် လဲလျောင်းလိုက်ကာ ဦးတည်ချက်တစ်ဖက်ကို အာရုံစိုက်ကြည့်လေသည်။
အမဲလိုက်သူများအနေဖြင့် ဆင့်ကဲပြောင်းလဲပြီးသူများသည် စိတ်ရှည်ရှည်ဖြင့် တိုက်ခိုက်ရန် ထိုင်စောင့်နေကြသည်။
သို့သော် သူတို့သည် အမဲလိုက်သူများမဟုတ်တော့ကြောင်း သတိမထားမိကြသေးချေ။ ယခုတွင် သူတို့သည် ချူဖုန်း၏ သေစေနိုင်သည့် ထိုးချက်များကို ခံရမည့် သားကောင်များဖြစ်သည်။
ချူဖုန်းသည် သူ့ကြွက်သားများကို တင်းလိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးရှိ လေပေါက်များကို ပိတ်လိုက်သည်။ သူ့တွင် ရန်သူကို ချက်ချင်း အလဲထိုးနိုင်စွမ်းရှိသော်လည်း ရုတ်တရက်ချုံခိုတိုက်လို၍ အခွင့်ကောင်းကို စောင့်နေသည်။
ဤဂိမ်း၏ အမဲလိုက်သူတစ်ယောက်အနေဖြင့် သူ၏သားကောင်များကို မတိုက်ခိုက်ရပဲ နာခံကာ သေစေလိုသည်။
စွက်! ပြင်းအားနှင့် တိကျမှုတို့ဖြင့် ဓားသည် ဧရာမလက်မောင်းရှိသော ဆင့်ကဲပြောင်းလဲပြီးသူ၏ လည်ပင်းကို ဖြတ်သွားသည်။ အရှိန်ပြင်းပြင်းဖြင့် လည်ပင်းကို ဓားဖြင့် လှီးဖြတ်လိုက်ရာ ထိုလူ၏ လည်ပင်းသွေးပြန်ကြောမှ သွေးများသည် စက္ကန့်ဝက်အတွင်း စီးထွက်လာသည်။
လူတွေကို အမဲလိုက်မှုကို ချူဖုန်း အထာကျပြီး ရက်စက်ကြမ်းကြုတ်လာသည်။ သတ်ဖြတ်ခြင်းမှာ သူ၏ ဒုတိယသဘာဝ ဖြစ်လာသည်။
သို့သော် ဤဆင့်ကဲပြောင်းလဲပြီးသူသည် အသက်ပြင်းပုံရသည်။ ဓားမှာ သူ၏ခေါင်းနှင့် ပခုံးကြားရှိ ကြွက်သားတစ်ရှူးများကို ပျက်စေသော်လည်း သူသည် ကြိုးစားရုန်းကန်ကာ ရှုံ့တွနေသော မျက်နှာဖြင့် နောက်လှည့်လာသည်။ သူ၏သန်မာသောကိုယ်ခန္ဓာမှာ ပိုကြီးလာပြီး လက်မောင်းမှာလည်း အဆများစွာ ကြီးမားလာသည်။
ရုတ်တရက် သူ့ခန္ဓာကိုယ်မှာ အမွှေးထူလာပြီး အမွှေးမဲအလွှာမှာ မျက်နှာမှ ခြေထောက်အထိ ဖုံးလွှမ်းသွားသည်။ သူ့ပါးစပ်အတွင်းမှ အစွယ်သွား၂ချောင်း ထွက်လာကာ သူ၏အသွင်သဏ္ဍာန်ကို ပိုကြောက်မက်ဖွယ်ကောင်းစေပြီး မသေခင် ရုန်းကန်မှုမှာ ပို၍စက်ဆုပ်ဖွယ်ကောင်းလာသည်။
သူသည် အော်ဟစ်ကြွေးကြော်ချင်သော်လည်း မလုပ်နိုင်ချေ။ သူ၏တွဲလဲဖြစ်နေသည့်ခေါင်းကို ပြုတ်မကျသွားစေရန် ကြိုးစားထိန်းထားသည်။ သူ့မျက်လုံးထဲရှိ အေးစက်သော အကြည့်မှာ လက်ရှိအခြေအနေကို မနာခံလိုခြင်း၊ စိတ်ပျက်အားငယ်ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ သူ ပြန်တိုက်ခိုက်ချင်ပြီး သူ၏အဖြစ်ဆိုးမှုပျောက်သွားရန် မျှော်လင့်သည်။
ချူဖုန်းသည် ထိတ်လန့်သွားသည်။ ဤသားရိုင်းကောင်၏ခေါင်းမှာ ပြုတ်ကျမတတ်ဖြစ်နေတာတောင်မှ နောက်ဆုံးထွက်သက်အထိ ပြန်လည်တိုက်ခိုက်လိုသည်။
ဤလူသားကြီးမှာ ဧရာမမျောက်ဝံကြီးအဖြစ် ပြောင်းသွားပြီး လက်၂ဖက်လုံးမှာ လှည်းဘီးအရွယ်မျှ ရှိသည်။
ခွက်!
စိတ်မကောင်းစွာဖြင့် ချူဖုန်းသည် အခွင့်အ‌ရေးမပေးပဲ ချက်ကောင်းထိုးလိုက်သည်။ သူ့လက်ထဲရှိ ဓားမြောင်မဲကို ပစ်လိုက်ကာ ရန်သူ၏ ခေါင်းကို ထိပြီး ဦးခေါင်းခွံပေါက်သွားသည်။ ဒီတစ်ခါ ဆင့်ကဲပြောင်းလဲပြီးသူသည် ဆက်မလှုပ်ရှားနိုင်တော့ချေ။ မျက်လုံးပွင့်လျက်ဖြင့် နောက်ပြန်လဲကျသွားသည်။
ချူဖုန်းသည် အလျင်အမြန် ရှေ့သို့တက်သွားသည်။ မြန်ဆန်သောအရှိန်နှင့် တိကျမှုတို့ဖြင့် လဲကျလာသည့် ဆင့်ကဲပြောင်းလဲပြီးသူကို လက်ဖြင့် ခံလိုက်သည်။ ချူဖုန်းသည် ထိုဧရာမလူသားကြီး ပြုတ်ကျသည့်အသံကြောင့် အခြားသူများကို အသိပေးသလိုဖြစ်မည် စိုး၍ အသာလေး အောက်ချလိုက်သည်။
သူ့ဓားမြောင်မဲကို ထုတ်ကာ ဓားပေါ်ရှိ သွေးစက်များကို သုတ်လေသည်။ ကျွမ်းကျင်သော လူသတ်သမားကဲ့သို့ ချူဖုန်းသည် နောက်ထပ်ပစ်မှတ်ရှာဖွေရန် သွားသည်။
ချူဖုန်း၏မျက်နှာအမူအရာမှာ အေးစက်ပြီး ဘာခံစားချက်မှ မရှိချေ။ မျက်နှာပေါ်တွင် သူ့ရင်ဘတ်ထဲမှ ‌ဒေါသနှင့် အမုန်းတရားတို့ ရောင်ပြန်ဟပ်လျက် ရှိသည်။ ရှေ့ဆက်ချီတက်ရင်း ချူဖုန်းသည် သူ၏လူသတ်ခြင်းကို တရားကျအောင် လုပ်သည်။ “သူတို့က ငါ့ကိုသေစေချင်တာဆိုရင် ငါမသေခင် သူတို့ အရင်သေရမယ်” ချူဖုန်း‌ ရေရွတ်လိုက်သည်။
သိပ်မကြာခင် တူညီသော ရက်စက်မှုဖြင့် နောက်ထပ် ၂ယောက်ကို ရှင်းလင်းလိုက်သည်။
တောအုပ်ကြီးမှာ သွေးချောင်းစီးသောနေရာတစ်ခု ဖြစ်လာသည်။ တဖြည်းဖြည်းဖြင့် တောရိုင်းကောင်များ၏ အော်မြည်သံ၊ ငှက်တို့၏ တွန်မြည်သံတို့ ပျောက်ကွယ်သွားသည်။ ဤနေရာမှာ ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသည်။
ချူဖုန်းသည် သူ့အနားတွင် ကြောက်မက်ဖွယ်ကောင်းစွာ တိတ်ဆိတ်သွားသည်ကို သတိထားမိသည်၊ ဒါသည် မကောင်းတာတစ်ခုခုဖြစ်တော့မည့် လက္ခဏာဖြစ်ကြောင်း သိလိုက်သည်။ သူ၏ အသည်းနှလုံးမဲ့ သတ်ဖြတ်ခြင်းကြောင့် ရန်သူက သူ့တည်နေရာကို သိသွားနိုင်သည်။
ဤကဲ့သို့ ကြီးမားကျယ်ပြောပြီး အထူးသဖြင့် တောရိုင်းကောင်မျိုးစုံ နေထိုင်သည့် တောအုပ်ကြီးသည် ခုလို တိတ်ဆိတ်မသွားနိုင်ချေ။
ရုတ်တရက် ချူဖုန်း၏ သတိရှိသော ခန္ဓာကိုယ်တွင် ထုံကျဥ်မှုကို ခံစားလိုက်ရသည်။ ထို့နောက် မပြောပြတတ်သော နာကျင်မှုဖြစ်လာသည်။ ထိုအနာ၏ စူးရှမှုသည် သူ့နောက်ကျောမှနေ၍ လှံဖြင့် အူကလီစာများကို ထိုးလိုက်သလို ခံစားရသည်၊ သို့သော် ထိုနာကျင်မှုမှာ အစစ်အမှန်မဟုတ်ချေ၊ သူ့ဆီ သေစေနိုင်သည့် တစ်ခုခုလာနေသည်ဟူသော အချက်ပေးခြင်းဖြစ်သည်။
ချူဖုန်းသည် ရောက်ရှိလာတော့မည့် အန္တရာယ်ကို သတိထားမိသည်။ ထို့နောက် ကျားသစ်တစ်ကောင်ကဲ့သို့ လျင်မြန်ဖျတ်လတ်မှုဖြင့် တောနက်ပိုင်းထဲသို့ ပြေးဝင်သွားသည်။
ဘွန်း!
တစ်ချိန်တည်းမှာပင် ခုနက သူမတ်တပ်ရပ်နေသော နေရာတွင် မီးထလောင်သွားသည်။ အမြောက်ကျည်လုံးတစ်ခု ကျရောက်လာကာ သစ်ပင်၊ကျောက်တုံးနှင့် ချုံပုတ်များကို ဖျက်ဆီးလိုက်ကာ ဘာမှမကျန်တော့ချေ။ စိမ်းစိုအုံ့မှိုင်းသည့် တောအုပ်မှာ တစ်ခဏတွင်း မြေရိုင်းကွက်လပ်ဖြစ်သွားသည်။
ချူဖုန်းသည် သူ့အပေါ်တွင် အတောင်ပံခတ်နေသော ဆင့်ကဲပြောင်းလဲပြီးသူတစ်ကောင်ကို တွေ့လိုက်သည်။ ထိုလူလည်း သူ့ကို သတိထားမိလိုက်သည်။ ကြီးမားသော အမြောက်သေနတ်ကြီးကို သယ်‌ဆောင်ထားပြီး သူ့ကို ငုတ်ကြည့်နေသည်။
ဘွန်း! အမြောက် ထပ်ပစ်လိုက်သည်။ “သူဒီမှာ” ပျံနေသော ဆင့်ကဲပြောင်းလဲပြီးသူသည် ပစ်လိုက်ပြီးချက်ချင်း အော်ပြောလိုက်သည်။
ဆင့်ကဲပြောင်းလဲပြီးသူများက သူတို့ပစ်မှတ်၏ ပုံပန်းအသွင်အပြင်ကို မသိသော်လည်း သူတို့၏ စက်ကွင်းအတွင်း ဝင်လာသူမှန်သမျှကို သတ်ရန် အမိန့်ရထားသည်။
ရန်သူများ ဘက်ပေါင်းစုံမှ ထွက်ပေါ်လာ၍ တိတ်ဆိတ်မှုပျောက်ကွယ်သွားသည်။ အရိပ်ပေါင်းများစွာ ပေါ်ထွက်လာသည်။ ရန်သူက သူတို့၏စက်ကွင်းကို ချုံ့နေခြင်း ဖြစ်သည်။
ဘွန်း!
အတောင်ပံနှင့်လူသည် အပေါ်မှနေ၍ အမြောက်ပစ်ကာ ချူဖုန်းကို အသာစီးမရနိုင်အောင် ဖိနှိပ်လျက်ရှိသည်။
ပြင်းထန်သည့် အမြောက်စွမ်းအားမှာ ကျောက်တုံးများကို ပေါက်ကွဲစေပြီး သစ်ပင်များ ပြိုလဲသွားသည်။ တောအုပ်မှာ မကြာခင် တောင်လောင်နေသော မြေရိုင်းပြင်ကြီးအဖြစ် ပြောင်းလဲသွားသည်။
သို့သော် ထိုဒုံကျည်တို့မှာ ပစ်မှတ်ကို မထိချေ။ ချူဖုန်း၏ အန္တရာယ်ကြိုမြင်နိုင်စွမ်းက နှေးကွေးစွာပစ်ခတ်သော အမြောက်များကို အသုံးမဝင်ဖြစ်သွားစေသည်။
“မင်း သေပြီသာမှတ်” တစ်စုံတစ်ယောက် အော်ပြောလိုက်သည်။
ထိုအချိန်တွင် လေထဲရှိ ဆင့်ကဲပြောင်းလဲပြီးသူမှာလည်း သူ့ပစ်မှတ်ကို ရှာဖွေနေသည်။ နှစ်ချက်ဆက်တိုက်မထိခြင်းကြောင့် သူကျောချမ်းသွားသည်။ “သူက ဘယ်လိုမိစ္ဆာကောင်လဲ” သူတွေးလိုက်သည်။ “သူ့ရှောင်လွှဲနိုင်စွမ်းက သာမန်လူသားထက် မြင့်တယ်”
သူသည် တစ်ချိန်က ဒိမ်ဒီဇီဝ‌ဆေးဝါးလုပ်ငန်းစုတွင် လေ့ကျင့်စဥ်က ဝူရှုဆရာအိုတစ်ယောက်ကို တွေ့ဖူးသည်။ ထိုဆရာကြီး ပြောဖူးသည်၊ အရင်က လူများသည် ကြိုတင်သိမြင်နိုင်ကြသည်။ ရက်စက်ကြမ်းကြုတ်သည့် ပစ်ချက်များကို ရှောင်လွှဲနိုင်သော သူတို့၏ ပင်ကိုယ်အသိစိတ်ကြောင့် လွယ်လွယ်နှင့် တိုက်ခိုက်နိုင်စေသည်။
“ဒါက ဟိုဆရာကြီး ပြောတဲ့သူများလား” အတောင်ပံနှင့်လူသား တွေးလိုက်သည်။
ထိုလူသား၏ ဆံပင်များထောင်လာပြီး လက်မောင်းပေါ်တွင် ကြက်သီးထကာ ကျောချမ်းသွားသည်။ ဟိုလူအပေါ် သူတို့တစ်ဖွဲ့လုံး၏ စက်ကွင်းနှင့် ဖိနှိပ်မှုတို့မှာ အဖြစ်ဆိုးနှင့်သာ ကြုံတွေ့မည်ကို သိနေသည်။ ထိုကဲ့သို့ ကြိုတင်သိမြင်နိုင်စွမ်းရှိခြင်းက မည်သူမျှ သူ့ကို ထိခိုက်အောင် မလုပ်နိုင်ချေ။
ရုတ်တရက် သူ့ဆံပင်အောက်ရှိ ဦးရေပြားတုန်လှုပ်သည်ကို ခံစားလိုက်ရသည်။ သူသည် ဆံပင်ဖျားမှ ရိုးတွင်းခြင်ဆီအထိ ကြောက်လန့်နေသည်။ တစ်ခုခုကြောက်ရွံ့စရာက စောင့်ကြည့်နေသလို ခံစားနေရသည်။
သို့သော် သူသည် လေထဲတွင် ရှိနေတာ ဖြစ်သည်။ ဘယ်သူက သူ့ကို ထိခိုက်အောင်လုပ်နိုင်မည်နည်း။ သူသည် အတောင်ကို ပြင်းထန်စွာခတ်၍ ကောင်းကင်အမြင့်ကြီးဆီသို့ ပျံတက်သွားသည်။
သို့သော် နောက်ကျသွားပြီဖြစ်သည်။ အရိပ်တစ်ခုသည် သူရှိရာ ကောင်းကင်ထက်သို့ ရောက်လာသည်။ အရိပ်မှာ လျင်မြန်သောအရှိန်ဖြင့် ရောက်လာခဲ့သည်။ ဧရာမမျောက်ဝံကဲ့သို့ အရိပ်သည် သစ်ကိုင်းကို အခံပြု၍ ခုန်တက်ပြီး ထိုအတောင်ပံနှင့်လူရှိရာအမြင့်သို့ ရောက်လာသည်။ နောက်ဆုံးတော့ ထိုလူသည် အရိပ်မှာ လူတစ်ယောက်၏ အရိပ်ဖြစ်ကြောင်း သိရပြီး ထိုအရိပ်လက်ထဲရှိဓားမြောင်အမဲရောင်က သူ့ကို ထိုးလိုက်သည်။
ဘွန်း!
ခွက်!
လေထဲတွင် အသံ၂သံ ဖြစ်ပေါ်သွားပြီးနောက် အခိုက်အတန့်တွင် ထိုအတောင်ပံလူသား၏ခေါင်း လိမ့်ဆင်းသွားသည်။ ခေါင်းပြတ်လူသား၏ ခန္ဓာကိုယ်မှာ မြေကြီးပေါ်သို့ ပြုတ်ကျလာကာ ထိုခေါင်းပြတ်အ‌ပေါက်ဝမှ သွေးများ ပန်းထွက်လာသည်။
အခြားဆင့်ကဲပြောင်းလဲသူများလည်း ဤမြင်ကွင်းကို အချိန်မီ မြင်လိုက်သည်။ အားလုံးမှာ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ သူတို့ရင်ဆိုင်တိုက်ခိုက်နေသူမှာ ဘယ်လိုမိစ္ဆာမျိုးလဲ။ သူသည် ဘယ်လောက်တောင် ရက်စက်ပြီး သွေးအေးလိုက်သလဲ။
သူတို့ အမြန်ခေါင်းမော့ကြည့်လိုက်ကာ အရိပ်တစ်ခုဖြတ်သန်းလာသည်ကို တွေ့ရသည်။ ဓားမြောင်ကိုင်ထားသည့် လူတစ်ယောက်ဖြစ်သည်၊ သို့သော် မကြာခင် ထိုအရိပ်မှာ သစ်ပင်၏ အရွက်များကြား ပျောက်ကွယ်သွားသည်။
ဆင့်ကဲပြောင်းလဲသူများ၏ စိတ်ထဲတွင် ကျရှုံးခြင်းကြောင့် အကြောက်တရားနှင့် သေဆုံးခြင်းတရားကို ကြောက်ရွံ့မှုတို့ စိုးမိုးနေသည်။ သူတို့ ချုံခိုတိုက်ပြီး သတ်မည့်လူသည် သူတို့၏ သားကောင်နေရာမှနေ၍ ယခု အမဲလိုက်သူဖြစ်သွားပြီဖြစ်သည်။ ထို့အပြင် သူတို့၏အသက်မှာ ထိုမိစ္ဆာကဲ့သို့သောလူသား၏ လက်ထဲတွင် ရှိသည်။
ဘွန်း!
ရဟတ်ယာဥ်မှာ ထိုနေရာသို့ ရောက်ရှိလာသည်။ တောအုပ်ပေါ်သို့ ကျည်ဆန်မိုးများ ရွာသွန်းလာသည်။ မျက်စိတစ်မှိတ်အတွင်း သစ်ပင်များပျက်စီးကာ ပြိုလဲသွားသည်။
သို့သော် သူတို့၏ပစ်မှတ်အရိပ်အယောင်ကို မတွေ့ရသေးချေ။ ချူဖုန်း ပျောက်ကွယ်သွားပြန်ပြီ ဖြစ်သည်။
မြို့ထဲရှိ အိမ်ရာတွင်
ဝမ်ချင်းသည် ဟောလမ်းမကြီးကို ခေါက်တုတ်ခေါက်ပြန် လျှောက်နေသည်။ သူ့ရန်သူသေပြီဟု မသိရမချင်း သူမစိတ်မှာ သက်သောင့်သက်သာရှိမည်မဟုတ်ချေ။ သူမဖော်ထုတ်လိုသော ကိစ္စများကို လင်းနွိုင်သိသွားမည်ကို စိုးရိမ်သည်။ သူ့ရန်သူလည်း သူ့ကို လက်စားချေရန် လာရှာမည်ကို ကြောက်ရွံ့နေသည်။
“စိတ်အေးအေးထား ဝမ် လာပြီး ဒီဝိုင်ကို သောက်ကြည့် သောက်ကောင်းတယ်”
အမျိုးသား မူသည် ဆိုဖာပေါ်တွင် တည်ငြိမ်စွာဖြင့် ထိုင်လျက်ရှိသည်။
ထိုအချိန်တွင် သူ့ဖုန်းမြည်လာသည်။ သူတို့၏ လုပ်ကြံမှုဖြစ်စဥ်အကြောင်း အချိန်နှင့်တပြေးညီ သတင်းပေးသူဖြစ်သည်။
“ပစ်မှတ်ကို မြင်နေရပေမယ့်…”
ဆင့်ကဲပြောင်းလဲပြီးသူ၅ယောက် သေဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ ဒါသည် သူ့ကုမ္ပဏီနှင့် သူ့အတွက် နောက်ထပ် ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်။
“မင်းတို့ ဘာကိုစောင့်နေတာလဲ၊ မင်းတို့ကို ပေးလိုက်တဲ့ ဆေးကို သောက်လိုက်၊ အဲ့တာသောက်လိုက်ရင် ခုန်းဂင်တောင် မင်းတို့နဲ့ ယှဥ်ချနိုင်မှာ မဟုတ်ဘူး”
ဖုန်းချလိုက်ပြီးနောက် ထိုအမျိုးသား၏ မျက်နှာပေါ်၏ အပြုံးမှာ အားနည်းလာသည်။ ပျော်ရွှင်တက်ကြွမှုက အေးစက်မှုဖြင့် အစားထိုးသွားသည်။ “သေချာတယ် သူက ဆရာကြီးဖြစ်ရမယ်၊ ကမ္ဘာ့အယောက်၁၀၀ဆင့်ကဲပြောင်းလဲပြီးသူများစာရင်းထဲတောင် ဝင်နိုင်တယ်”
“သူ အဲ့လောက်တောင် အင်အားကြီးလား” ဝမ်ချင်း ထိတ်လန့်သွားသည်။ ထိုအမျိုးသား၏ ခန့်မှန်းချက်က သူမကို ပို၍ စိတ်မတည်မငြိမ် ဖြစ်စေသွားသည်။
ဤကဲ့သို့သော ဆရာကြီးကို အလွတ်ပေးလိုက်လျှင် နောင်အနာဂတ်တွင် အဆုံးမရှိ နောက်ဆက်တွဲပြဿနာများ ဖြစ်မည်သာ ဖြစ်သည်။
“စိတ်ချပါ၊ ကိုယ် သူ့ကို အလွတ်မပေးဘူး၊ ကိုယ်လွှတ်လိုက်တဲ့သူတွေထဲမှာ အများစုက သူနဲ့အဆင့်တူတဲ့ လူတွေများတယ်၊ အထူးသဖြင့် ကိုယ်သူတို့ကို ပေးတဲ့ဆေးကို သောက်လိုက်ရငင် သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းက မိုးထိုးသွားမှာ၊ ဟိုကောင်ကို ရှင်းတာလောက်တော့ အသာလေးပဲ”
“ရှင့်ဆေးရဲ့ အာနိသင်ကို သေချာရဲ့လား” ဝမ်ချင်း မေးလိုက်သည်။
“အင်း သေချာတယ်၊ အဲ့ဆေးက ကိုယ်တို့လူတွေကို အစွမ်းအစတွေ ထုတ်ပေးလိမ့်မယ်၊ သူတို့ တိုက်ခိုက်စွမ်းရည်က ၁၀ဆ တိုးလာလိမ့်မယ်” မူ ပြန်ဖြေလိုက်သည်။ သူ့ကြည့်ရသည်မှာ နွေးထွေးဖော်ရွေပုံ ပေါက်သည်။ “ဆေးတွေကို စမ်းသပ်တုန်းပဲ ရှိသေးတာ ကိုယ်သိတယ်၊ ဒါပေမယ့် ဟိုကောင်ကို အစမ်းသပ်ခံအနေနဲ့ သုံးလိုက်မယ်လေ” မူရဲ့အသံမှာ အေးစက်လာသည်။
တောအုပ်ထဲတွင်
ချူဖုန်းသည် မသိသာသည့်နေရာများတွင် ပုန်းနေသည့်သူများကို သတိထားမိသည်။ သူသည် ဟိုလူများစွာကို ရှင်းလင်းပြီးသော်လည်း တစ်ယောက်ပြီးတစ်ယောက် ထပ်၍ ပေါ်ထွက်လာသည်။
ထိုအချိန်တွင် စက်ကွင်းမှာလည်း ကျဥ်းလာသည်။
ဆင့်ကဲပြောင်းလဲပြီးသူ ၅ယောက်ကို သတ်ပြီးနောက် ၁၃ယောက် ကျန်သေးသည်။ “၁၈ယောက်နှင့် ၁ယောက်၊ ပြီး‌နောက် ဟိုလက်နက်တွေနဲ့၊ မင်းတို့ကောင်တွေက ဘယ်လိုအနိုင်ကျင့်ရမလဲဆိုတာ သိတယ်ပေါ့လေ” ချူဖုန်းသည် ဆဲဆိုနေသည်။
ကျန်ရှိသည့် ဆင့်ကဲပြောင်းလဲပြီးသူများသည် ဆင့်ကဲပြောင်းလဲရာတွင် သူတို့၏ ပုံပန်းအသွင်အပြင်ကို ဂရုမစိုက်ပုံပေါ်သည်၊ အကုန်လုံး အကျဥ်းတန်ကာ ထူးဆန်းပြီး သူတို့အစွမ်းမှာ အမှန်တကယ် ပြင်းထန်သည်။
ဆင့်ကဲပြောင်းလဲပြီးသူ ၁၃‌ယောက်လုံးတွင် ဆန်းကြယ်သော ခန္ဓာကိုယ်နှင့် အစွမ်းအားတို့ ရှိကြသည်။ အချို့မှာ အမြင့်ပေ ၃မီတာအထိ ကြီးထွားလာပြီး အချို့တွင် သူတို့ထိလိုက်သည့်အရာတိုင်းကို ကျောက်တုံးဖြစ်သွားစေသည့် ကြောက်မက်ဖွယ်ခန္ဓာကိုယ်များ ရှိသည်။ မီးတောက်များဖြင့် ဝန်းရံထားပြီး ခြေထောက်အောက်မှ ချော်ရည်စီးထွက်သော ဆင့်ကဲပြောင်းလဲပြီးသူလည်း ရှိသည်။ ထို့အပြင် သူ့ခေါင်းပေါ်တွင် ရဲရဲတောက် တောက်လောင်နေသည့် မီးခဲလုံးတစ်လုံးလည်း ရှိသည်။
ပုံစံပြောင်းလဲလိုက်ကြသည့် ဆင့်ကဲပြောင်းလဲပြီးသူတို့သည် သူတို့၏ စက်ကွင်းကို တင်းကြပ်လိုက်သည်။ ခေါင်းပေါ်တွင် ရဟတ်ယာဥ်မှာ ဆက်လက်ပျံသန်းနေပြီး အချိန်မရွေး သူ၏အမြောက်ကို ပစ်ချရန် အသင့်ဖြစ်နေသည်။
ဆင့်ကဲပြောင်းလဲပြီးသူများသည် ဆေးသောက်လိုက်ပြီ ဖြစ်၍ တစ်ခဏတွင်း သူတို့၏ အစွမ်းအစမှာ သိသိသာသာ တိုးတက်လာသည်။ ထိန်းချုပ်မရသော တက်ကြွရမ်းကားမှုဖြင့် အော်ဟစ်ကြွေးကြော်ကြပြီး သူတို့၏ မျက်လုံးထဲတွင် ကြမ်းတမ်းရိုင်းစိုင်းမှုတို့ဖြင့် ပြည့်နှက်လျက်ရှိသည်။
ထိုအခင်းနေရာမှ အလှမ်းမဝေးသည့် နေရာတစ်ခုတွင် သစ်ရွက်ကြွေများအောက်တွင် ပုန်းခိုနေသည့် ဓာတုပညာရှင်တစ်ဦးသည် တိုက်ပွဲ၏ ဖြစ်စဥ်ကို တစ်ချိန်လုံးလေ့လာစောင့်ကြည့်နေသည်။ သူ့ဆေးသည် ဆင့်ကဲပြောင်းလဲပြီးသူများအပေါ် အကျိုးသက်‌ရောက်မှုရှိသည်ကို တွေ့သောအခါ ဝမ်းသားအားရဖြစ်သွားသည်။
ထို့နောက် မြို့ထဲရှိသူများကို ဖုန်းဆက်ပြောလေသည်။
“ဆေးအာနိသင်က တကယ်ကောင်းတယ်၊ သူတို့ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေ အနည်းဆုံး ၈ဆလောက် တိုးတက်လာတယ်” ဓာတုပညာရှင်မှာ ပီတိဖြစ်နေသည်။
“အရမ်းကောင်းတယ်” မူက ဓာတုပညာရှင်၏ ရလဒ်ကောင်းကို ချီးကျူးလိုက်သည်။ သူ့အသံမှာ ပုံမှန်အတိုင်း တည်ငြိမ်သော်လည်း သူ့မျက်နှာပေါ်ရှိ အမူအရာက ဤသတင်းကြောင့် သူအရမ်းပျော်ရွှင်နေကြောင်း ပြသသည်။ အောင်မြင်နိုင်ဖို့အလားအလာရှိခြင်းက သူ့ကို ပီတိဖြစ်သွားစေသည်။
တောထဲတွင် ဓာတုပညာရှင်သည် သူ့ကိုယ်ပေါ်သစ်ရွက်ခြောက်များဖြင့် ဖုံးအုပ်ပြီး စစ်မြေပြင်နှင့် ပို၍ နီးကပ်ရန်အတွက် ရှေ့သို့ တွားသွားနေသည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ မှန်ပြောင်းဖြင့် ဆင့်ကဲပြောင်းလဲသူများကို လေ့လာနေသည်။ “ဆေးကြောင့် ဆင့်ကဲပြောင်းလဲပြီးသူတွေ အရမ်းမြူးကြွရမ်းကာမနေဖို့ ဆုတောင်းတယ်၊ အရမ်းစိတ်အခြေအနေပြောင်းလဲသွားရင် ဆိုးကျိုးတွေ ဖြစ်နိုင်တယ်” သူ့ကိုယ်သူ‌ရေရွတ်လိုက်သည်။
ဒါသည် သူဆက်လက်ကြိုးစားရန် လိုအပ်သောအပိုင်းဖြစ်သည်။
ပုံစံပြောင်းလဲသွားသော ဆင့်ကဲပြောင်းလဲပြီးသူများသည် သူတို့ကိုယ်အတွင်း အစွမ်းအားတိုးတက်လာသည်ကို ခံစားရသည်။ သူတို့အစွမ်းအားမြင့်တက်လာခြင်းက သူတို့ကို ယုံကြည်မှုနှင့် ဂုဏ်ယူခြင်းတို့ ဖြစ်လာသည်။ ယုံကြည်ချက်အပြည့်ဖြင့် ရမ်းကားလျှောက်ကာ သူတို့၏ အစွမ်းအားအသစ်ကို စမ်းသပ်ကြည့်သည်။
“ဘာ…ဒါဘာတုန်း” ဆင့်ကဲပြောင်းလဲပြီးသူ၏ ရုတ်တရက် အော်သံကြောင့် အခြားသူများသည် စိတ်ကူးယဥ်ကမ္ဘာမှ နိုးထလာကြသည်။ ဆင့်ကဲပြောင်းလဲပြီးသူတစ်အုပ်စုလုံးသည် သူတို့ရှေ့ရှိ မြင်ကွင်းကို အံ့အားသင့်သွား၍ တုန့်ဆိုင်းသွားကြသည်။
ချူဖုန်း၏ခေါင်း‌ပေါ်တွင် နွားမဲတစ်ကောင်၏ အရိပ်ထွက်ပေါ်လာသည်။ ထိုနွားမဲသည် အော်ဟစ်မြည်တမ်းကာ လေထုကို စစ်မြေပြင်သွားစေသည်။
ဒါသည် ချူဖုန်း၏ နွားနတ်ဆိုးလက်ဝှေ့ထိုးနည်းပုံစံ၏ နောက်ဆုံးပုံစံဖြစ်သည်။ အန္တရာယ်ရင်ဆိုင်ကြုံတွေ့ရမည့်အချိန်တွင် ထွက်ပေါ်လာသည်။ ထို့အပြင် ချူဖုန်းသည် သူ့ကိုယ်သူ ထူးခြားသည့် အသက်ရှူခြင်းစည်းချက်တွင် နစ်မြောလိုက်သည်။ ဒါသည် သူ့အစွမ်းအားကို ၁၀ဆတိုးမြှင့်စေနိုင်သည့် ဝှက်ဖဲဖြစ်သည်။
ပုံမှန်အချိန်တွင် ချူဖုန်းသည် သူ့အစွမ်းအစအကုန် ထုတ်မသုံးပဲ ထိမ်ချန်ထားသူဖြစ်သည်။ တစ်ဖက်အင်အားကြီးရန်သူကြောင့် အသက်အန္တရာယ်ရှိသည့်အချိန်တွင်ပင် အသက်ရှူခြင်းစည်းချက်ကို သုံးပြီး နွားမဲကို ထုတ်လေ့မရှိချေ။
သို့သော် လက်ရှိအခြေအနေမှာ သူ့အစွမ်းအစအကုန် မထုတ်သုံး၍ မရတော့ချေ။
“သူတို့က အခု စိတ်မူမမှန်ဘူးဆိုတော့ သူတို့ရဲ့ အသိစိတ်က လုံးဝမရှိသလောက်ပဲ၊ ဒါက သူတို့အစွမ်းအကုန် ထုတ်သုံးတာရဲ့ ချို့ယွင်းချက်ပဲ၊ ငါက ဒါကို အသုံးချရမယ်” ချူဖုန်း ရေရွတ်လိုက်သည်။
ဆင့်ကဲပြောင်းလဲပြီးသူများ ရှေ့သို့ ချီတက်လာသည်၊ သူတို့၏ မျက်လုံးမှာ ငါးသေတစ်ကောင်ကဲ့သို့ ရှိပြီး ရမ်းကာမှုနှင့် စိတ်မနှံ့မှုတို့ဖြင့် ပြည့်နှက်နေသည်။ သူတို့ချီတက်လာသော ခြေလှမ်းများမှာ တစ်စိုက်မတ်မတ် ရှိသည်၊ သူတို့လမ်းတွင် ပိတ်ပင်နေသည့် အတားအဆီးမှန်သမျှကို သတ်ဖြတ်ရှင်းလင်းပစ်မည့်ပုံမျိုး တွေ့ရသည်။
နောက်မိနစ်ပိုင်းတွင် အားလုံးသည် ဘာမှကြိုတင်တိုင်ပင်ထားခြင်းမရှိပဲ သတ်ဖြတ်မည့်လုပ်ရပ်ကို လုပ်ကြသည်။
အော်ဟိန်းသံ!
ကောင်းကင်ကို ကြောက်လန့်စေပြီး ကမ္ဘာကြီးကို တုန်လှုပ်စေသည့် အော်ဟိန်းသံပင် ဖြစ်သည်။ အလွန်ကျယ်လောင်သော မိုးခြိမ်းသံကဲ့သို့ တောအုပ်ထဲရှိ တည်ငြိမ်နေသည့် လေထုကို ပေါက်ကွဲသွားစေသည်။ သစ်ရွက်များကြွေစေပြီး ပင်စည်လုံးများ အက်ကွဲလာသည်၊ အမြောက်၏အစွမ်းအားနီးနီး ရှိသည်။
ဒါသည် ရှေးဟောင်းနွား၏ အော်မြည်သံပင်ဖြစ်သည်။ အော်ဟိန်းသံမှာ အသံလှိုင်းဆက်များအဖြစ် ဆင့်ကဲပြောင်းလဲပြီးသူများဆီသို့ ပျံ့လွင့်သွားသည်။
“အား…”
ထိုသေစေလောက်သည့် အသံလှိုင်းနောက်တွင် ပါလာသည့် အရာသည် တကယ့်အစစ်အမှန် ကြောက်ရွံ့မှု စတင်လေသည်။ အင်အားကြီးမားပြီး စိတ်မတည်မငြိမ်ဖြစ်နေသော ဆင့်ကဲပြောင်းလဲပြီးသူများသည် လဲကျတော့မည့် အခြေအနေတွင် ရှိသည်။ သူတို့သည် စိတ်ပိုင်းဆိုင်ရာရော ကိုယ်ပိုင်းဆိုင်ရာပါ ဒေါသထွက်နေပြီဖြစ်သည်။
သွေးများက သူတို့၏ မျက်လုံးနှင့် နားများမှ စီးထွက်လာသည်။ အချို့မှာ သူတို့၏ အက်ကွဲသော ဦးခွံကို တင်းတင်းကိုင်ထားပြီး အချို့မှာ မြေကြီးပေါ်သို့ လဲကျပြီး ချက်ချင်းသေဆုံးသွားကြသည်။
အော်ဟိန်းသံသည် သေစေလောက်သည့်အသံမျိုး မဟုတ်ချေ။ အကယ်၍ ထိုဆင့်ကဲပြောင်းလဲပြီးသူများသာ ပုံမှန်စိတ်အခြေအနေတွင် ရှိလျှင် ထိုအသံလှိုင်းများက သူတို့ကို အနည်းငယ်သာ ထိခိုက်မည်ဖြစ်သည်။ သို့သော် ဒုတိယအကြိမ်ဆင့်ကဲပြောင်းလဲပြီးနောက် သူတို့၏ စိတ်အခြေအနေမှာ ချောင်နေပြီး ပျက်ထွက်တော့မည့် ရာဘာကွင်းကဲ့သို့ ရှိသည်။ အော်ဟိန်းသံမှာ ကုလားအုတ်၏ကျောကို ဖြတ်လိုက်သည့် နောက်ဆုံးကောက်ရိုးမျှင် ဖြစ်သည်။ သူတို့ခံစားရသည်မှာ တစ်ခဏဖြစ်သော်လည်း သူတို့၏ သေဆုံးမှုမှာ နောက်ပြန်လှည့်မရချေ။
“မဖြစ်ဘူး” ဓာတုပညာရှင်သည် ဝမ်းနည်းစွာဖြင့် အော်လိုက်သည်။ သူ့အတွက် ဒါသည် သူ၏တီထွင်မှုအတွက် အဆိုးရွားဆုံးသော ကျရှုံးမှုဖြစ်သည်။ သူ့ဆေး၏ ချို့ယွင်းချက်ကို သိသော်လည်း ထိုဆင့်ကဲပြောင်းလဲပြီးသူများ ကျရှုံးသွားခြင်းက သူ့အတွက် ပြင်းထန်သော ထိုးချက်ပင်ဖြစ်သည်။
သူသည် ချူဖုန်းနှင့် ထိပ်တိုက်ရင်ဆိုင်ချင်သော်လည်း မကြာမီ အသံလှိုင်းကြောင့် မလှုပ်ရှားနိုင်ဖြစ်နေသည်။
မြို့ထဲရှိ အိမ်ရာတွင်
နောက်ဆုံးသတင်းပေးချက်အရ ဆေးသည် ဆင့်ကဲပြောင်းလဲပြီးသူများ၏ အစွမ်းအားကို တိုးမြှင့်စေသည့် အာနိသင်ရှိကြောင်း သိရသော ဝမ်ချင်းသည် စိတ်တည်ငြိမ်သွားသည်။ ၁၀ဆနီးနီး တိုးတက်လာသည့် ထိုဆင့်ကဲပြောင်းလဲပြီးသူများ၏ လုပ်ဆောင်ရည်ကြောင့် ၂ဖက်လုံး အသေအကြေတိုက်ခိုက်ကြမည် ဖြစ်ပြီး ထိုတိုက်ပွဲကြောင့် ကျရှုံးသွားသူမှာ ချူဖုန်းဖြစ်လိမ့်မည်။
အခု သူမသည် ခုန်းဂင်တောင် သူတို့အဖွဲ့သားများကို မယှဥ်နိုင်ကြောင်းကို လုံးဝယုံကြည်သွားသည်။
သူ့မျက်နှာပေါ်ရှိ ညှိုးနွမ်းသောအကြည့်မှာ နောက်ဆုံးတော့ ပြုံးရွှင်လာသည်။
မူလည်း တည်တည်ငြိမ်ငြိမ်ပင် ဖြစ်သည်။ ခုနက သူ၏စိတ်အခြေအနေမှာ ဂယက်ခတ်သွားသော်လည်း ယခုအခါ ပြန်၍ တည်ငြိမ်သိမ်မွေ့သူ ပြန်ဖြစ်သွားသည်။ သူ့အပြုံးမှာ သိပ်မသိသာချေ။ “ငါတို့စစ်သားတွေရဲ့ အောင်ပွဲခံပြန်လာမယ့် သတင်းကိုသာ စောင့်ရအောင်၊ ဟိုဆရာကြီးလားဘားလားအဲ့ကောင်ကို ရှင်းထုတ်နိုင်လို့ ချီးကျူးရုံတင်မကဘူး၊ နောက်ဆို ငါတို့ကုမ္ပဏီရဲ့ အဓိကအားအင် ဖြစ်လာပြီး ဘောဓိဇီဝမျိုးရိုးဗီဇနဲ့ ထိပ်တိုက်ရင်ဆိုင်ကြမယ့်သူတွေ…အို အချစ်ရေ ကိုယ်အခု ဘယ်လောက်မျှော်လင့်နေလဲ မင်းမသိပါဘူး”
“ကျွန်မကောပဲ” ဝမ်ချင်းပြုံးလေသည်။
သူမ၏ ဝိုင်ခွက်ကို မြှောက်လိုက်ကာ ပျော်ရွှင်စွာဖြင့် “အောင်မြင်မှုအတွက် ချီးယားစ်”
“အောင်မြင်မှုအတွက် ချီးယားစ်”
အပိုင်း ၄၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset