Switch Mode

Chapter – 672

အခန်း (၆၇၂) အဆင့်တက်ခြင်း၊ ကံကောင်းကင်
ဟန်ကျွယ်နဲ့ နတ်ဒေါင်းအရှင်ဟာ အတော်ကြာတဲ့အထိ စကားပြောကြပါတယ်။ နတ်ဒေါင်းအရှင်ဟာ ဟန်ကျွယ်ဆီမှာ အညံ့ခံပြီးနောက် ဟန်ကျွယ်ရဲ့ မေးမြန်းမှုအောက်မှာ အမင်္ဂလာနတ်ဧကရာဇ် အဖမ်းခံရတုန်းက ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို စပြောပါတယ်။
အမင်္ဂလာနတ်ဧကရာဇ်က နတ်‌ဒေါင်းအရှင်ကို မိစ္ဆာ ကောင်းကင်ဧကရာဇ်ဆီ လွှဲမပေးဘဲ နတ်ဒေါင်းအရှင်ကို အသုံးချပြီး အပေးအယူ လုပ်ခဲ့ပါတယ်။ အမင်္ဂလာနတ်ဧကရာဇ်နဲ့ မိစ္ဆာ ကောင်းကင်ဧကရာဇ် တိုက်ခိုက်နေချိန်မှာ နတ်ဒေါင်းအရှင်က ထွက်ပြေးလွတ်မြောက်ခဲ့တာပါ။
သူ့ကို လွှတ်ပေးဖို့ အမင်္ဂလာနတ်ဧကရာဇ်ကို ပြောခဲ့သေးလားဆိုပြီး နတ်ဒေါင်းအရှင်က ဟန်ကျွယ်ကိုတောင် မေးမြန်းပါတယ်။ ဘာဖြစ်လို့ ဒီလိုမေးတာလဲဆိုတော့ အမင်္ဂလာနတ်ဧကရာဇ်နဲ့ နောက်ဆုံး တိုက်ခိုက်တုန်းက အမင်္ဂလာနတ်ဧကရာဇ်ရဲ့ စွမ်းအားက အပြင်းအထန် ဒဏ်ရာရထားသလိုမျိုး တော်တော်လေး အားနည်းနေလို့ပါ။
ဟန်ကျွယ်ဟာ ပြုံးရုံသာပြုံးပြီး ဘာမှ မပြောပါဘူး။ နတ်‌ဒေါင်းအရှင်ဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး တော်တော်လေး ပဟေဠိ ဖြစ်နေတုန်းပါ။ မိစ္ဆာ ကောင်းကင်ဧကရာဇ်နဲ့ အမင်္ဂလာနတ်ဧကရာဇ်က အမှောင်သခင်ကြီးအတွက် အလုပ်လုပ်ပေးတာဆိုရင် ဘာဖြစ်လို့ အချင်းချင်း တိုက်ခိုက်လဲပေါ့။
ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင် ဘာတွေးနေတယ်ဆိုတာကို သိတာကြောင့် ကောက်မေးလိုက်ပါတယ် “သုံးပါးအရှင်က ဘာဖြစ်လို့ သုံးဂိုဏ်း ကွဲသွားတာလဲ”
နတ်ဒေါင်းအရှင်ဟာ ဟန်ကျွယ်ရဲ့ မေးခွန်းကြောင့် တိတ်ဆိတ်သွားပါတယ်။ ဘာပဲဖြစ်ဖြစ် နတ်ဒေါင်းအရှင်ဟာ ဟန်ကျွယ် လက်အောက်ကို ရောက်သွားပါပြီ။ ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ကို ဒဏ်ရာတွေ ပြန်ကောင်းလာအောင် အနားယူခိုင်းပြီး နောက်ကျမှ ဆက်သွယ်မယ်လို့ ပြောလိုက်ပါတယ်။
ပန်ရှင်းနဲ့ တိုက်ခိုက်ပြီးနောက် နတ်ဒေါင်းအရှင်ရဲ့ မူလဝိညာဉ်ဟာ တော်တော်လေး ထိခိုက်သွားပါတယ်။ ဒါကြောင့် ပြန်ကောင်းလာဖို့ အချိန်အကြာကြီး အနားယူဖို့ လိုပါတယ်။
‘ငါ မြန်မြန် အဆင့်တက်မှ ဖြစ်မယ်၊ အချိန်ကျရင် ငါ နတ်ဒေါင်းအရှင်ကို ဖမ်းပြီး လောကဦး ကောင်းကင်ထောင်ထဲ ပစ်ထည့်လိုက်မယ်၊ ဒီလိုဆိုရင် ဒီကောင် ငါ့ရဲ့ နောက်လိုက်ခွေး လုံးဝ ဖြစ်လာမှာပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။ ဒါပေမဲ့ နတ်ဒေါင်းအရှင်က သူ့ကို သစ္စာရှိတယ်ဆိုရင်တော့ ဟန်ကျွယ်ဟာ လောကဦး ကောင်းကင်ထောင်ကို မသုံးပါ။
အဲဒီနောက် ဟန်ကျွယ်ဟာ ခေါင်းထဲကို အတွေးတွေကို ရှင်းထုတ်ပြီး ဆက်လက် ကျင့်ကြံပါတယ်။
နှစ်ခြောက်ရာ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ အဆင့်စထိုးဖောက်ပါတယ်။ ဒီတစ်ခါ အဆင့်ထိုးဖောက်တာက နှစ်သုံးရာတောင် ကြာပါတယ်။
‘အရမ်းကောင်းတယ်… ဒီလိုမခံစားရတာ အတော်ကြာပြီ’
ဟန်ကျွယ်ရဲ့ ဓမ္မစွမ်းအားဟာ ထိုးတက်သွားပြီး သူ့ဝိညာဉ်လည်း တိုးမြှင့်သွားပါတယ်။ အဆင့်ထိုးဖောက်မှုတိုင်းက သူ့ဝိညာဉ်ကို ပိုမို နူးညံသိမ်မွေ့စေပြီး ပိုမို နက်နဲစေပါတယ်။
ဒီအချိန်မှာ ဟန်ကျွယ်ဟာ သူ့အရည်အချင်းက သာမန်ပဲလို့ မခံစားရတော့ပါဘူး။ ဟန်ကျွယ်ဟာ ကျင့်ကြံမှုကို ခိုင်ခံ့အောင်လုပ်ရင်း ကိုယ်ရေးအကျဉ်းကို ဖွင့်စစ်လိုက်ပါတယ်။
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၁၉၇,၄၉၀/၆,၃၀၄,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: လောကဦး နတ်ဘီလူး(အနန္တဧကရာဇ်)။]
[ကျင့်ကြံမှု: လွပ်လပ်မှု လောကဦးပဋိပက္ခ နောက်ဆုံးအဆင့်(ပြီးပြည့်စုံသော တာအိုပညာရှိ)။]
[ကျင့်စဉ်: လောကဦးပဋိပက္ခ ပြန်လည်မွေးဖွားခြင်း မဟာတာအို (မဟာတာအို)၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို၊ ကံတရား မဟာတာအို၊ အန္တိမမူလ မဟာတာအို။]
ဟန်ကျွယ်ရဲ့ သက်တမ်းက နည်းနည်းပဲ တိုးတာ မဟုတ်ပါဘူး။ နှစ်ဆ တိုးသွားတာပါ။ ဟန်ကျွယ်ဟာ အဆင့်ထိုးဖောက်တိုင်း သူ့သက်တမ်း တိုးသွားတာကို ကြည့်ရင် နည်းနည်း ယုတ္တိမရှိသလို ခံစားလိုက်ရပါတယ်။ ကြမ္မာဆိုးစာအုပ်ပါ ထပ်ပေါင်းလိုက်တော့ ဟန်ကျွယ်က ပြိုင်ဘက်ကင်းတယ်လို့ ပြောလို့ရပါတယ်။
ဒါပေမဲ့ ဟန်ကျွယ် အခုလို အဆင့်ထိုးဖောက်နိုင်တာကလည်း အမြဲတမ်း ဂူအောင်း ကျင့်ကြံအားထုတ်နေလို့ပါ။ ကြမ္မာဆိုးစာအုပ်ကိုလည်း သူ့လိုမျိုး သက်တမ်းရှည်တဲ့ နောက်ထပ်လူတစ်ယောက်ကို ပေးလိုက်ရင်တောင် ကျိန်စာတိုက်တာကို စွဲသွားပြီး တရစပ် ကျိန်စာတိုက်နေရင် သက်တမ်းမတိုးခင် ရှိသမျှသက်တမ်း အကုန်ပြောင်ပြီး မရဏလမ်းကို မြန်းရမှာပါ။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို အမြဲတမ်း မှီခိုလို့ မဖြစ်ဘူးလို့ ခံစားလိုက်ရပါတယ်။ ကြမ္မာဆိုးစာအုပ်အပေါ် မှီခိုနေတာကို တတ်နိုင်သမျှ လျော့ချဖို့လည်း ဆုံးဖြတ်လိုက်ပါတယ်။
နှစ် ၂၀၀ ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ လုံးဝကို ခိုင်မြဲသွားပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ စာစောင်တွေကို အရင်စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် သင့်ရန်သူ ကံကောင်းကင်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်သား ဟန်ထော်သည် သင့်ရန်သူ ကံကောင်းကင်၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ပန်ရှင်းသည် ပန်ကူး၏ အမွေကို ရရှိပြီး ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဧကရီဟုတ်ထိုသည် ပဋိပက္ခကို သုံးသပ်ပြီး ပြန်လည်မွေးဖွားခြင်းကို နားလည်ကာ ကျင့်ကြံမှုများစွာ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ကောင်းကင်ကပ်ဘေး ဧကရာဇ်သည် ကျိန်စာတိုက်ခံခဲ့ရ၏။]
[သင့်သား ဟန်ထော်သည် သင့်ရန်သူ ကံကောင်းကင်၏ လက်ချက်ဖြင့် ခန္ဓာကိုယ်ထဲမှ ဝိညာဉ် ထုတ်ယူခြင်း ခံလိုက်ရ၏။]
[သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်သည် အမင်္ဂလာ မကောင်းဆိုးဝါးတစ်ကောင် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၇၈၉၀၂၉၂၂
[သင့်မိတ်ဆွေ ဟွမ်ဇွမ်တျန်သည် အမှောင်တားမြစ်နယ်မြေသို့ ဝင်ရောက်သွား၏။]
ဟန်ကျွယ်ဟာ ဟန်ထော်ရဲ့ အတွေ့အကြုံတွေကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။
‘ကံကောင်းကင်… မင်းကများ ကောင်းကင်ဧကရာဇ်နဲ့ ငါ့သားကို ထိရဲတယ်… ဒါတင်မကသေးဘူး… မင်းက ငါ့သား ဝိညာဉ်ကို ခန္ဓာကိုယ်ထဲက ထုတ်ယူသွားသေးတယ်’
ဟန်ကျွယ်ဟာ ကံကောင်းကင်က ဟန်ထော် ခန္ဓာကိုယ်ရဲ့ လျှို့ဝှက်ချက်ကို ရှာတွေ့မှာ စိုးရိမ်သွားပါတယ်။ ဒါကြောင့် ကြမ္မာဆိုးစာအုပ်ကို ချက်ချင်း ထုတ်ယူပြီး ကျိန်စာစတိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကံကောင်းကင်ကို တစ်ချက်တည်း အသေသတ်ဖို့ ကြံရွယ်ထားပါတယ်။
[ကံကောင်းကင်: မဟာတာအို နတ်စိတ်ဝိညာဉ်၊ ကံတရား မဟာတာအိုမှ ဖြစ်တည်လာပြီး နှောင်းပိုင်း၌ ဘိုးဘေးရှီတျန်၏ ထိန်းချုပ်မှုကို ခံရကာ မဟာတာအိုမူလ စွမ်းအား ဆွဲထုတ်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် ကံကောင်းကင်သည် ကောင်းကင်တာအိုကို မုန်းတီးသည်။ သင်က ကောင်းကင်တာအိုကို ဖျက်ဆီးသည့် သူ့အစီအစဉ်ကို ဟန့်တားခဲ့သောကြောင့် ကံကောင်းကင်သည် သင့်အား မုန်းတီးသွားခဲ့သည်။ လက်ရှိ မုန်းတီးမှု: ကြယ်လေးပွင့်။]
ဟန်ကျွယ်ဟာ ကံကောင်းကင်ရဲ့ အချက်အလက်ကို ထပ်ပြီးတော့ ကြည့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်ဧကရာဇ်နဲ့ ဟန်ထော်ကိုပဲ ကူညီတာ မဟုတ်ပါဘူး။ ဘိုးဘေးရှီတျန်ကိုလည်း ရန်သူကြီးတစ်ယောက် မရှိတော့အောင် ကူပြီး ရှင်းလင်းသုတ်သင်ပေးနေတာပါ။ ငါးရက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ သက်တမ်းဟာ စပြီးတော့ လျော့ကျလာပါတယ်။ ဟန်ကျွယ်ဟာ ကိုယ်ရေးအကျဉ်းကို ဖွင့်ပြီး သူ့သက်တမ်းကို စိုက်ကြည့်ရင်း ကျိန်စာ ဆက်တိုက်ပါတယ်။
သန်း ၁၀၀။
၁ ဘီလီယံ။
၁၀ ဘီလီယံ။
၁၀၀ ဘီလီယံ။
၁ ထရီလီယံ။
၁၀ ထရီလီယံ။
၁၀၀ ထရီလီယံ။
ဟန်ကျွယ်ဟာ ကျိန်စာ ဆက်တိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ လက်ရှိသက်တမ်းနဲ့ ဒီပမာဏလောက်က အသေးအမွှားပါ။ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို တတ်နိုင်သလောက် လျှော့သုံးဖို့ ဆုံးဖြတ်ခဲ့တာကို သတိရသွားပါတယ်။
‘ဒီတစ်ခါတည်းပဲ… ဒါ နောက်ဆုံးအကြိမ်ပဲ… ငါက လျှော့သုံးမှာလေ၊ မသုံးတော့တာမှ မဟုတ်တာ…’ ဟန်ကျွယ်ဟာ သူ့ကိုယ်သူ ဆင်ခြေပေးပြီး ကျိန်စာတိုက်တာကို အာရုံစိုက်ပါတယ်။
မှောင်မိုက်တဲ့ ကြယ်တာရာ ကောင်းကင်ပြင်မှာ ဧရာမ ဆီမီးခွက်ကြီးတစ်ခွက် ရှိနေပါတယ်။ ဝိညာဉ်ပေါင်း သန်းချီဟာ မီးစာထဲမှာ ပေါလောမျောနေကြပါတယ်။ ဒီဝိညာဉ်တွေဟာ ဒီနေရာမှာ အကျဉ်းချခံထားရတာ ဖြစ်ပြီး ထွက်မပြေးနိုင်ကြပါတယ်။ ဟန်ထော်နဲ့ ယီတျန်လည်း ဒီအထဲမှာ ရှိနေပါတယ်။
ယီတျန်က ပြောလိုက်ပါတယ် “ညီအစ်ကို… ဒီမြင်ကွင်းက ရင်းနှီးမနေဘူးလား” စိတ်ပျက်နေတဲ့ ဟန်ထော်က မကျေမချမ်းနဲ့ ပြန်မေးလိုက်ပါတယ် “မင်းက ဘာကို ပြောချင်တာလဲ”
“အရင်တုန်းက ငါတို့တွေ အမှောင်ဘုရင် တာအိုပညာရှိ ဖိနှိပ်တာကို ခံရတုန်းကလည်း ဒီအတိုင်းပဲ မဟုတ်ဘူးလား”
ဟန်ထော်ဟာ ယီတျန်ရဲ့ စိတ်ကို နားမလည်နိုင်တော့ပါဘူး။ ယီတျန်က ဒီလိုအခြေအနေမှာတောင် ရယ်စရာ ပြောနိုင်သေးတယ် မဟုတ်ပါလား။ ဒီတစ်ခါ ရန်သူက အရင်တုန်းက ရန်သူတွေနဲ့ မတူပါဘူး။ မိစ္ဆာ ကောင်းကင်ဧကရာဇ်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပါတယ်။ ကောင်းကင်စစ်သား သန်းချီဟာလည်း ဒီနေရာမှာ ဖိနှိပ်ခံထားရပြီး ဆီမီးခွက်ရဲ့ လောင်ကျွမ်းမှုဒဏ်ကို ခါးစည်းခံနေရပါတယ်။ ဒါက သေတာထက် ဆိုးရွားတဲ့ ကံကြမ္မာပါ။
ဟန်ထော်ဟာ မနေနိုင်ဘဲ သူ့အဖေကို တွေးမိလိုက်ပါတယ်။ သူ့အဖေကသာ သူရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပါ။ ဟန်ထော်ဟာ ကိုယ့်ဘာသာ ရုန်းကန်ပြီး အင်အားကြီးလာမယ်လို့ ပြောခဲ့ပေမဲ့ အခုတော့ သူ့အဖေရဲ့ အကူအညီကို ထပ်ပြီးတော့ လိုအပ်လာပါပြီ။
ဒီအချိန်မှာပဲ… မှောင်မိုက်တဲ့ ကြယ်တာရာ ကောင်းကင်ပြင်ကို လေပြင်းတစ်ခု တိုက်ခိုက်လာပါတယ်။ ဆီမီးခွက်ရဲ့ ဆီမီးဟာ ယိမ်းယိုင်သွားပြီး မီးလောင်ကျွမ်းမှု ပိုမြန်လာတာကြောင့် ကောင်းကင်စစ်သားတွေကို အဆက်မပြတ် အော်ဟစ်သွားစေပါတယ်။ ကြီးမားတဲ့ ဖိအားတစ်ခုကလည်း ကျရောက်လာပါတယ်။ ဟန်ထော်ဟာ သူ့ဝိညာဉ် လွင့်ပါး ပျောက်ကွယ်တော့မယ်လို့ ခံစားလိုက်ရပါတယ်။ ဟန်ထော်ဟာ လန့်သွားပြီး အရပ်ဆယ်မျက်နှာလုံးကို လိုက်ကြည့်လိုက်ပါတယ်။
ယီတျန်က ဂရုတစိုက် မေးလိုက်ပါတယ် “ဒီကောင်က ဘာလိုချင်တာလဲ”
ဟန်ထော်ဟာ ယီတျန်ရဲ့ မေးခွန်းကို ပြန်မဖြေပါဘူး။ ဒီဧရာမ ဆီမီးခွက်မှာ သူတို့ရဲ့ နတ်အာရုံတွေကို အသုံးမပြုနိုင်အောင် ကန့်သတ်ထားတဲ့ ကန့်သတ်စည်းတစ်ခု ရှိနေပါတယ်။ ဒါကြောင့် သူတို့တွေဟာ မျက်လုံးကိုပဲ အားကိုးရပါတော့တယ်။
“ဟမ်… ကောင်းကင်ရုံးတော်က အမှောင်သခင်ကြီး နောက်ခံ ရှိနေလိမ့်မယ်လို့ ထင်မထားဘူး”
အေးစက်တဲ့အသံတစ်သံ ထွက်ပေါ်လာပါတယ်။ ဟန်ထော်ဟာ ဒီအသံပိုင်ရှင်က သူတို့ကို ဖိနှိပ်ခဲ့တဲ့ ကောင်းကင်စစ်သား သန်းချီကို လက်တစ်ဖက်တည်းနဲ့ ဖမ်းဆီးခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်ဆိုတာ မှတ်မိပါတယ်။ ဒီလိုမျိုး ဆန်းကြယ်စွမ်းအားကို ပြန်တွေးရတာက အိပ်မက်ဆိုး မက်တာထက် အဆပေါင်းများစွာ ပိုဆိုးရွားပါတယ်။
“မင်းက သူတို့ကို ကယ်ချင်မှတော့ ငါ သူတို့ ခန္ဓာကိုယ်တွေကို ဝါးမျိုပစ်မယ်”
ကံကောင်းကင်ရဲ့ အသံဟာ ထပ်မံထွက်ပေါ်လာပါတယ်။ ရုတ်ခြည်းဆိုသလိုပဲ ဟန်ထော်ဟာ မျက်နှာ အကြီးအကျယ် ပျက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ခန္ဓာကိုယ် မရှိတော့တာကို ခံစားလိုက်ရလို့ပါပဲ။ ဟန်ထော်တင် မဟုတ်ပါဘူး။ တခြားဝိညာဉ်တွေလည်း ခံစားနိုင်ပါတယ်။ ဒီခံစားချက်က တော်တော်လေးကို နေရထိုင်ရ ခက်စေပြီး သူတို့ရဲ့ ဝိညာဉ်တွေကို လျင်မြန်စွာ အားနည်းသွားစေပါတယ်။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ကံကောင်းကင်၏ တာအိုနှလုံးသားသည် ယိမ်းယိုင်သွားသည်။]
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ကံကောင်းကင်၏ တာအိုနှလုံးသားသည် ကွဲကြေပြီး ကျင့်ကြံမှုများစွာ‌ လျော့ကျသွား၏။]
[သင့်ရန်သူ ကံကောင်းကင်သည် သက်ရှိတစ်သန်းကို ဝါးမျိုလိုက်သည်။ သူ့ သွေးစည်းသည် ထိုသက်ရှိတစ်သန်းနှင့် ပေါင်းစပ်ပြီး ကံတရား အထောက်အပံ့ များစွာ တိုးတက်သွား၏။]
နောက်ဆုံး စာစောင်ကို တွေ့လိုက်ရတဲ့အတွက် ဟန်ကျွယ်ရဲ့ မျက်နှာဟာ မည်းမှောင်သွားပါတယ် ‘ဒီကောင်က ငါ့သားကို စားလိုက်တာလား… မင်းက ကိုယ့်သေတွင်း ကိုယ်တူးတာပဲ’
ဟန်ကျွယ်ဟာ ကျိန်စာ ဆက်တိုက်ပါတယ်။ ဟန်ကျွယ်ဟာ သက်တမ်း ၂ ကွာဒလီယံကို သုံးပြီးပါပြီ။ အခုလည်း ၃ ကွာဒလီယံနားကို ကပ်နေပါပြီ။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ကံကောင်းကင်သည် အတွင်းနတ်ဆိုးများ ဖြစ်ပေါ်လာ၏။]
၄ ကွာဒလီယံ။
[သင့်ကျိန်စာကြောင့် သင့်ရန်သူ ကံကောင်းကင်၏ အတွင်းနတ်ဆိုးများ အားကောင်းလာပြီး ပြဿနာရှာသောကြောင့် သွေးစည်း ပေါက်ကွဲကာ ခန္ဓာကိုယ် ဖျက်ဆီးခံလိုက်ရ၏။]
မကြာခင်မှာပဲ ဟန်ကျွယ် သက်တမ်းက ၅ ကွာဒလီယံ ကုန်သွားပါတယ်။
‘ဒီခွေးမသားက မသေနိုင်သေးဘူးလား…’
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset