Switch Mode

Chapter – 671

အခန်း (၆၇၁) အဆုံးမဲ့ ကြည်ညိုလေးစားမှု
ဟန်ကျွယ်ဟာ အချိန်အတော်ကြာအောင် ပန်ရှင်းနဲ့ နတ်ဒေါင်းအရှင်ရဲ့ တိုက်ပွဲကို ကြည့်ပါတယ်။ ဟန်ကျွယ်ဟာ ပန်ရှင်းက မဟာတာအိုပညာရှိတွေ ဝိုင်းတိုက်တာကနေ ဘေးမသီရန်မခဘဲ လွတ်မြောက်လာတာက အကြမ်းခံလွန်းတာကြောင့်လို့ ရုတ်တရက် ခံစားမိလိုက်ပါတယ်။
နတ်ဒေါင်းအရှင်ရဲ့ ရောင်ဝါက စပြီးတော့ အားနည်းလာပါတယ်။ ဒီလိုပဲ သူ့အလျင်ကလည်း လျော့ကျလာပါတယ်။ မကြာခဏဆိုသလို ပန်ရှင်းရဲ့ ကောင်းကင်ဖွင့်လှစ်ပုဆိန်စာမိပြီး ခန္ဓာကိုယ် ဖျက်ဆီးခံရပါတယ်။ တခြားတစ်ဖက်မှာတော့ ပန်ရှင်းက ဒဏ်ရာရထားပုံပေါ်ပေမဲ့ သူ့အခြေအနေက ကောင်းကောင်းမွန်မွန် ဆက်ရှိဆဲပါ။ အားပျော့မဲ့ အရိပ်အယောင်ကိုတောင် မတွေ့ရပါဘူး။
ဒီနှုန်းအတိုင်းသာ ဆက်သွားမယ်၊ နတ်ဒေါင်းရှင်ကလည်း ထွက်ပြေးဖို့ မကြိုးစားဘူးဆိုရင် ကျိန်းသေပေါက် သေမှာပါ။
“တာအိုရောင်းရင်းဟန်… စကြဝဠာခန်းမကို လာခဲ့ပါဦး” ကောင်းကင်အရှင်ရွှမ်တုရဲ့ စကားသံဟာ ဟန်ကျွယ်နားထဲကို ဝင်လာပါတယ်။
ဟန်ကျွယ်လည်း ကောင်းကင်ဘုံ ၃၃ ဘုံကို မော့ကြည့်ပြီး တာအိုပညာရှိအာရုံကို ဖြန့်ကြ က်လိုက်တဲ့အခါ တာအိုပညာရှိအကုန်လုံး စကြဝဠာခန်းမဆီ သွားကြပြီဆိုတာကို သိလိုက်ပါတယ်။ ဟန်ကျွယ်လည်း သက်သာရာရသွားပြီး စကြဝဠာခန်းမဆီကို လျှပ်တစ်ပြက် ခုန်တက်သွားပါတယ်။
စကြဝဠာခန်းမမှာ တာအိုပညာရှိတွေ စုံညီနေကြပါပြီ။ ကောင်းကင်အရှင်ရွှမ်တုက အရင်ဆုံး ပြောလိုက်ပါတယ် “ပန်ရှင်း ပြန်လာပြီ၊ သူက ကောင်းကင်တာအိုဘက်မှာနေဖို့ များတယ်၊ အရင်တုန်းက သူ့ကို ကျင်းရှန်က လိုက်ဖမ်းပြီး ဖိနှိပ်ခဲ့တယ်၊ တကယ်လို့ ပန်ရှင်းသာ ကောင်းကင်တာအိုကို ကာကွယ်ဖို့ ဆန္ဒရှိတယ်ဆိုရင် ငါတို့တွေ ဒီကိစ္စကို ဖြေရှင်းဖို့ လိုတယ်”
ကျင်းရှန်က ရှေးဟောင်းကပ်ဘေးသခင်ပါ။ တာအိုပညာရှိတွေဟာ ဒီကိစ္စကို ဆွေးနွေးကြပါတယ်။ ဟန်ကျွယ်က နားထောင်ရုံသာ နားထောင်ပြီး ဘာမှ ဝင်မပြောပါဘူး။ ဟန်ကျွယ်ဟာ တာအိုပညာရှိတွေရဲ့ စကားကနေ ပန်ရှင်းနဲ့ ကျင်းရှန်ရဲ့ အတိတ်အကြောင်းတွေကို သိလိုက်ရပါတယ်။ ကျင်းရှန်က တာအိုဘိုးဘေးရဲ့ တပည့်တစ်ဦးပါ။ တာအိုဘိုးဘေး တာအိုကိုရယူပြီး ပထမဆုံး တာအိုဟောကြားတဲ့အခါ ကျင်းရှန်လည်း ပါဝင်နားထောင်ခဲ့ပါတယ်။ ကပ်ဘေးတွေ များပြားလာတဲ့အခါ တာအိုဘိုးဘေးက ကျင်းရှန်ကို ကပ်ဘေးသခင်အဖြစ် ခန့်အပ်ပြီး ကပ်ဘေးတွေကို ထိန်းသိမ်းစေခဲ့ပါတယ်။
ကပ်ဘေးမှာလည်း သူ့စည်းမျဉ်းနဲ့ သူရှိပါတယ်။ ဥပမာအားဖြင့် ကပ်ဘေးစတင်ပြီးရင် ကောင်းကင်တာအို အပြင်ဘက်ရှိက သက်ရှိတွေကို ဝင်ခွင့်မပြုပါဘူး။
ပန်ရှင်းက ပန်ကူးရဲ့ မျိုးဆက်ဖြစ်တာကြောင့် ကပ်ဘေးထဲဝင်တဲ့အခါ ကောင်းကင်ဒဏ်ခတ်တာကို မခံရပါဘူး။ ဒါကြောင့် ပန်ကူးဟာ အမြဲတမ်း လုပ်ချင်ရာ လျှောက်လုပ်ပြီး စိတ်ထင်တိုင်း ကြဲပါတယ်။ ဒါကြောင့် ကျင်းရှန်ဟာ ရွေးချယ်စရာမရှိဘဲ ပန်ကူးကို လိုက်ဖိနှိပ်ရတာပါ။ အချိန်ကြာလာတော့ သူတို့နှစ်ယောက်မှာ စကြဝဠာမကျေနိုင်တဲ့ ရန်ငြိုးတွေ ဖြစ်တည်လာပါတယ်။ အခုအချိန်မှာ ပန်ရှင်းက တန်ခိုးထွားလာပြီး ကျင်းရှန်က တာအိုပညာရှိအတု ထိပ်ဆုံးအဆင့်မှာပဲ ရှိသေးတော့ ပန်ရှင်းကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။
ပန်ရှင်း ကောင်းကင်တာအိုထဲကို ဝင်လာရင်လည်း ကျင်းရှန်ကိုအပ်ဖို့ တာအိုပညာရှိတွေကို ကျိန်းသေပေါက် ခြိမ်းခြောက်မှာပါ။
ဟန်ကျွယ်ဟာ ကျင်းရှန် ပန်ရှင်းကို ပစ်မှတ်ထားတာက တခြားတာအိုပညာရှိတွေကြာင့်ဆိုတာလည်း သိလိုက်ရပါတယ်။ ပန်ရှင်းက အကြောက်အရွံ့မရှိတဲ့အတွက် တာအိုပညာရှိတွေကိုလည်း ဂရုမစိုက်ပါဘူး။ တာအိုပညာရှိတွေ မကောင်းကြောင်းကို မကြာခဏပြောပြီး တာအိုပညာရှိတွေကို အပြစ်ပြုခဲ့ပါတယ်။ တောင်ဘက်စွန်း ကောင်းကင်အရှင်၊ ဂိုဏ်းချုပ်တျန်ကျွယ်၊ ချုံရှီလိုင်နဲ့ ဧကရာဇ်ရှောင် အကုန်လုံးဟာ ပန်ရှင်းကို အကောက်ကြံခဲ့ကြပါတယ်။ အချိန်အတော်ကြာအောင် အချေအတင် ပြောဆိုပြီးတဲ့နောက်မှာတော့ တာအိုပညာရှိတွေဟာ ပန်ရှင်းရဲ့ သဘောထားကို ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပန်ရှင်းက တကယ်ပဲ ကလဲ့စားချေချင်တယ်ဆိုရင် တာအိုပညာရှိတွေဟာ ကျင်းရှန်ကို ပန်ရှင်းလက်ထဲ အပ်လိုက်ရုံကလွဲပြီး ဘာမှတတ်နိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ဒီကိစ္စနဲ့ ပတ်သက်ပြီး မကန့်ကွက်ပါဘူး။ သူသာ ပန်ရှင်းဆိုရင်လည်း ကျင်းရှန်ကို ဆုံးမဖို့ နည်းလမ်းရှာမှာပါ။ မဟုတ်ရင် သူ ပျော်မှာ မဟုတ်ပါဘူး။ စကားပြောဆိုလို့ ပြီးသွားတဲ့အခါ ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ပြီး ဆက်လက် ကျင့်ကြံပါတယ်။ ဟန်ကျွယ်ဟာ အလိုလိုနေရင်း ရှင်းဟုန်ရွှမ်ကို တစ်ချက်ကြည့်မိတဲ့အခါ ရုတ်တရက် အသက်ရှူရပ်သွားပါတယ်။
ရှင်းဟုန်ရွှမ်က တရားထိုင်ပြီး ကျင့်ကြံအားထုတ်နေပေမဲ့ သူမခန္ဓာကိုယ်ထဲက အခြေအနေကို သတိမထားမိပါဘူး။ ဟန်ကျွယ်ဟာ ရှင်းဟုန်ရွှမ် သားအိမ်ထဲက သန္ဓေသားလောင်းဟာ ကိုယ်ဟန်ပြောင်းနေတာကို မြင်တွေ့လိုက်ရပါတယ်။ သန္ဓေသားလောင်းဟာ သိုင်းကျင့်နေသလိုမျိုး ကိုယ်ဟန်အနေထားက နှေးကွေးစွာ ပြောင်းလဲသွားပါတယ်။
ဟန်ကျွယ်ဟာ သန္ဓေသားလောင်းရဲ့ ကိုယ်ဟန်ကို ကြည့်ပြီး မျက်လုံးပြူးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သန္ဓေသားလောင်းရဲ့ ကိုယ်ဟန်က ပန်ရှင်း ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို ဝှေ့ယမ်းတာနဲ့ သွားတူနေလို့ပါ။
‘ဒီကောင်လေးက ပန်ရှင်းကို အတုခိုးနေတာလား… ဒါပေမဲ့ သူက ဘယ်လိုလုပ်ပြီး မြင်နိုင်တာလဲ… ကောင်းကင်တာအိုထဲက တာအိုပညာရှိအတုတွေတောင် ပန်ရှင်းနဲ့ နတ်ဒေါင်းအရှင်ရဲ့ တိုက်ပွဲကို မမြင်နိုင်ဘူး… ဒါက လောကဦး နတ်ဘီလူးရဲ့ အရည်အချင်းလား… ဒါဆို ငါ့ဆီမှာ ဘာဖြစ်လို့ မရှိရတာလဲ’
ဟန်ကျွယ်ဟာ နည်းနည်းတော့ ဝေခွဲမရ ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူ့သား အရည်အချင်းရှိတာက သတင်းကောင်းပါ။ ဘယ်လောက်ပဲ အရည်အချင်းရှိရှိ သူ့သားက ပျိုးထောင်တဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ ဘယ်တော့ မွေးဖွားလာမလဲဆိုတာ ဘယ်သူမှ မပြောနိုင်သေးပါဘူး။
ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပြီး ဆက်လက် ကျင့်ကြံပါတယ်။
နှစ် ၂,၀၀၀ ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ် မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ အဆင့်တက်ဖို့ တော်တော်လေး နီးကပ်နေပါပြီ။ အများဆုံး နောက် နှစ်တစ်ထောင်အတွင်း ဟန်ကျွယ်ဟာ အဆင့်တက်နိုင်မှာပါ။ ဟန်ကျွယ် အဆင့်မတက်နိုင်ခဲ့တာက နှစ်သုံးသောင်းကျော်ခဲ့ပါပြီ။ အချိန်ကုန်ဆုံးတာက တကယ်ကို လျင်မြန်လွန်းလှပါတယ်။
ဟန်ကျွယ် လှမ်းကြည့်လိုက်တဲ့အခါ နတ်‌ဒေါင်းအရှင်ကို မတွေ့ရတော့ဘဲ ပန်ရှင်းက အမှောင်တားမြစ်နယ်မြေထဲမှာ ဒဏ်ရာကုသနေတာကို တွေ့လိုက်ရပါတယ်။
ဟန်ကျွယ်ဟာ စာစောင်တွေကို စစ်ဆေးရင်း နတ်ဒေါင်းအရှင်နဲ့ ပတ်သက်တဲ့ စာတစ်စောင်ကို တွေ့လိုက်ရပါတယ်။
[သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်သည် သင့်မိတ်ဆွေ ပန်ရှင်း၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်အတွက် ဝမ်းမနည်းဘဲ မနေနိုင်ပါဘူး။ နတ်ဒေါင်းအရှင်ဟာ ဟန်ကျွယ်နဲ့ တွေ့ကတည်းက ဆက်တိုက်ကို ကံမကောင်းတာပါ။ ရုတ်တရက်ဆိုသလို ဟန်ကျွယ်ဟာ တစ်စုံတစ်ခုကို တွေးမိုလိုက်ပါတယ် ‘ဒီကောင်က ပန်ရှင်းကို အမှောင်သခင်ကြီးရဲ့ တပည့်ဆိုပြီး အသည်းအသန် တိုက်ခိုက်တာလား…’
ဝမ်းသာသွားတဲ့ ဟန်ကျွယ်ဟာ ချက်ချင်းပဲ နတ်ဒေါင်းအရှင်ကို အိပ်မက်ပေးလိုက်ပါတယ်။
အိပ်မက်နယ်မြေထဲမှာ…
ဒီတစ်ခါမှာတော့ နတ်‌ဒေါင်းအရှင်ဟာ ဟန်ကျွယ်ကို တွေ့ပေမဲ့ စကားတစ်လုံးမှ မပြောပါဘူး။ ဟန်ကျွယ်ကလည်း ဘာမှမပြောတဲ့အတွက် လေထုက ကသိကအောက် ဖြစ်သွားပါတယ်။ အတန်ကြာတဲ့အခါမှာတော့ နတ်‌ဒေါင်းအရှင်က…
“ဟွန်း… ခင်ဗျားတပည့်သုံးတဲ့ အကောင်းစားရတနာက ဘယ်လိုရတနာမျိုးလဲ”
နတ်ဒေါင်းအရှင်ဟာ မဟာတာအိုပညာရှိတွေ လက်ထဲမှာ မရှုံးဘဲ ပန်ရှင်းကို ရှုံးနိမ့်သွားတာကြောင့် တော်တော်ကို ခံရခက်နေပါတယ်။ ဒါပေမဲ့ နတ်ဒေါင်းအရှင်ဟာ သူ့ရှုံးနိမ့်မှုကို ကောင်းကင်ဖွင့်လှစ်ပုဆိန်ဆီ ပုံချလိုက်ပါတယ်။ ပန်ရှင်းက သူ့ပြိုင်ဘက် မဟုတ်ပေမဲ့ ကောင်းကင်ဖွင့်လှစ်ပုဆိန်က သန်မာလွန်းလို့ သူရှုံးသွားတာ ဆိုပြီးတော့ပေါ့။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ကောင်းကင်ဖွင့်လှစ်ပုဆိန်”
နတ်ဒေါင်းအရှင်ရဲ့ မျက်ဆံဟာ ရုတ်တရက်ဆိုသလို ကျယ်ပြန့်သွားပါတယ် “ပန်ကူးနတ်ဘုရားရဲ့ မွေးရာပါ အကောင်းစား ရတနာလား”
“ဟုတ်တယ်”
“ဒီလိုကိုး… ဒါဆိုရင် အဓိပ္ပာယ်ရှိတယ်”
“ဒါဆို မင်း လက်ခံပြီလား”
နတ်ဒေါင်းအရှင်ဟာ တိတ်ဆိတ်သွားပါတယ်။ နတ်ဒေါင်းအရှင်ဟာ တကယ်တော့ လက်မခံနိုင်ပါဘူး။ နတ်ဒေါင်းအရှင်ဟာ လက်ချောင်းတွေသုံးပြီး တွက်ချက်ကြည့်ပေမဲ့ ဘာအဖြေမှ ထွက်မလာပါဘူး။ အခု ဟန်ကျွယ်က ဝန်ခံပြီး အကောင်းစား ရတနာ နာမည်ကိုပါ ပြောလိုက်တဲ့အတွက် ပန်ရှင်းက ဟန်ကျွယ်ရဲ့ တပည့်ဆိုတာကို နတ်ဒေါင်းအရှင်ဟာ လက်မခံလို့ မရတော့ပါဘူး။
‘သေစမ်း…’
နတ်ဒေါင်းအရှင်ဟာ တော်တော်လေး မကျေမနပ် ဖြစ်သွားပါတယ်။ နတ်ဒေါင်းအရှင်ဟာ အမှောင်သခင်ကြီးကို စိန်ခေါ်ချင်လွန်းလို့ ကျိန်စာတွေကို ဟန့်တားနိုင်တဲ့ ကံပုတီးကိုတောင် ယူလာခဲ့တာပါ။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အမှောင်သခင်ကြီးကို မမြင်လိုက်ရဘဲ အမှောင်သခင်ကြီးရဲ့ တပည့်လက်ထဲမှာ ရှုံးနိမ့်သွားရပါတယ်။
နတ်ဒေါင်းအရှင်ဟာ သူ့ဘဝမှာ အဆင့်တူရင် ပြိုင်ဘက်ကင်းလုနီး ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ အခုတော့…
နတ်ဒေါင်းအရှင်ဟာ တွေးလေလေ ဒေါသထွက်လေလေပါပဲ။ နတ်‌ဒေါင်းအရှင်ဟာ သူ့ရဲ့ ဇွဲလုံ့လက အဓိပ္ပာယ်မရှိဘူးလို့တောင် ခံစားလိုက်ရပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “နေရာတစ်ခုရှာပြီး အေးအေးဆေးဆေး ကျင့်ကြံအားထုတ်အုန်း၊ နောက်လိုရင် ငါ မင်းဆီ လာခဲ့မယ်”
“အင်း” နတ်ဒေါင်းအရှင်ရဲ့ မျက်နှာက သုန်မှုန်နေပါတယ်။
“စိတ်မပျက်စမ်းပါနဲ့၊ ပန်ရှင်းကိုယ်တိုင်က အဲဒီလောက်ထိ စွမ်းအားကြီးတာ မဟုတ်ဘူး၊ အနာဂတ်မှာ မင်းသာ ငါ့ကို သစ္စာရှိမယ်ဆိုရင် မင်းကို ဒီထက်စွမ်းအားကြီးအောင် ငါ လုပ်ပေးနိုင်တယ်၊ မင်းမှာ အရည်အချင်းရှိရင် မဟာတာအိုကိုတောင် ကျော်တက်နိုင်လိမ့်မယ်၊ မဟာတာအိုပညာရှိ အထက်မှာရှိတဲ့အဆင့်ကို မင်းသိလား”
“ဘာအဆင့်လဲ”
“မဟာတာအိုပညာရှိ အဆင့်ရဲ့ အထက်မှာ မဟာတာအို အထွတ်အထိပ် အဆင့်ဆိုတာ ရှိတယ်၊ အဲဒီအထက်မှာ တာအိုဖန်တီးရှင် အဆင့်ရှိတယ်၊ လွတ်လပ်မှု အဆင့်က ဘယ်လောက်ထိ သေးငယ်မှုန်မွှားလဲဆိုတာကို မင်း အခုသိပြီလား”
နတ်ဒေါင်းအရှင်ဟာ အပြင်ပိုင်းမှာ တိတ်ဆိတ်နေပေမဲ့ စိတ်ထဲမှာတော့ ဗြောင်းဆန်သွားပါတယ်။ နတ်ဒေါင်းအရှင်ဟာ မဟာတာအိုပညာရှိကို အစွမ်းအထက်ဆုံး တည်ရှိမှုလို့ ထင်ထားခဲ့တာပါ။ မဟာတာအိုပညာရှိ အထက်မှာ အဆင့်နှစ်ဆင့်တောင် ရှိနေလိမ့်မယ်လို့ ထင်မထားပါဘူး။ နတ်ဒေါင်းအရှင်ဟာ ဒီအဆင့်တွေကို တစ်ခါမှ မကြားဖူးပါဘူး။
ဟန်ကျွယ်က အဓိပ္ပာပါပါ ပြောလိုက်ပါတယ် “ငါ့ရည်ရွယ်ချက်က ကောင်းကင်တာအိုလည်း မဟုတ်သလို အဆုံးသတ် အပျက်အစီး နတ်ဘုံလည်း မဟုတ်ဘူး၊ ဒီထက်မြင့်မားတဲ့ အရာပဲ၊ လောလောဆယ်တော့ မင်းကို မပြောပြနိုင်သေးဘူး၊ ငါမင်းကို လာရှာတယ်ဆိုတာကလည်း မင်းစွမ်းအားကြောင့် မဟုတ်ဘူး၊ မင်းရဲ့ အနာဂတ်ကို သဘောကျလို့၊ တစ်နေ့ကျရင် ဒီနေ့ အငြင်းပွားတာတွေက ကလေးကစားစရာ အဆင့်ပဲ ရှိတယ်ဆိုတာကို မင်း နားလည်လာလိမ့်မယ်၊ တကယ့် မဟာတာအို အနန္တကပ်ဘေး ပေါ်လာရင် ကောင်းကင်တာအိုရော အဆုံးသတ် အပျက်အစီး နတ်ဘုံ‌ရော သူတို့ဘာသာ ဂရုစိုက်နိုင်မှာ မဟုတ်ဘူး၊ အဲဒီအချိန်ရောက်ရင် မဟာတာအိုပညာရှိက နယ်ရုပ်ပဲ၊ အစွမ်းထက်တဲ့လူက မဟာတာအိုသုံးထောင်ကို လက်တစ်ဖျစ်နဲ့ ဖျက်ဆီးနိုင်တယ်၊ အနှိုင်းမမဲ့ဘူးဆိုရင် အနန္တကံတရားကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး၊ အဲဒီ သာလွန်တည်ရှိမှုတွေက မင်းသိထားတဲ့ကမ္ဘာကို အတွေးတစ်ချက်နဲ့ အမှုန်အမွှားတောင် မကျန်အောင် လုပ်နိုင်တယ်”
ဟန်ကျွယ်ရဲ့ စကားတွေက တော်တော်ကို မြင့်လွန်းပါတယ်။ သူ့ကိုယ်သူ တာအိုဖန်တီးရှင် အတိုင်းပါပဲ။
နတ်‌ဒေါင်းအရှင်ဟာ ထိတ်လန့်သွားပြီး ရုတ်တရက်ဆိုသလို အလွန်သေးငယ်တယ်လို့ ခံစားလိုက်ရပါတယ်။
[နတ်ဒေါင်းအရှင်သည် သင့်အား မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်လေးပွင့်။]
နတ်‌‌‌ဒေါင်းအရှင်ရဲ့ ကျင့်ကြံမှုနဲ့ တခြားလူတစ်ယောက်ကို အလွယ်တကူ မယုံပါဘူး။ ဒါပေမဲ့ နတ်ဒေါင်းအရှင်ဟာ ဟန်ကျွယ်ကို မမြင်နိုင်တဲ့အပြင် ပန်ရှင်းနဲ့ အမင်္ဂလာနတ်ဧကရာဇ်ကိုလည်း မမြင်နိုင်ပါဘူး။ ဒီလို မသိတာတွေ စုပေါင်းသွားတဲ့အခါ အဆုံးမဲ့တဲ့ ကြည်ညိုလေးစားမှုတွေ ဖြစ်ပေါ်လာပါတယ်။
နတ်ဒေါင်းအရှင်ဟာ ဘဝမြင့်ပေမဲ့ သူ့ကိုယ်သူ ပြိုင်ဘက်မကင်းဘူးဆိုတာကို သိပါတယ်။ တစ်တောင်ထပ် တစ်တောင်ပိုမြင့်တာကိုလည်း နားလည်ပါတယ်။ နတ်ဒေါင်းအရှင်ဟာ အသက်ခပ်ပြင်းပြင်း တစ်ချက် ရှူသွင်းပြီး ပြောလိုက်ပါတယ်။
“အခုအချိန်ကစပြီး ကျွန်တော် အမှောင်သခင်ကြီးကို သခင်အဖြစ် အသိအမှတ်ပြုပါတယ်၊ သခင်က ကျွန်တော်ကို ဒီထက်မြင့်မားတဲ့အဆင့်ဆီ ဆောင်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset