Switch Mode

Chapter – 40

Chapter – 40

မိုးကုပ်စက်ဝိုင်း၏အရှေ့ဘက်စွန်းတွင် နီရဲသော နေလုံးကြီးမှာ တဖြည်းဖြည်းပေါ်ထွက်လာသည်။ နီရင့်ရောင်မှာ မကြာမီ ရွှေဝါရောင်သန်းလာကာ မနက်ခင်းတိမ်တိုက်များအကြား ဖြာထွက်ပြီး ထူထပ်သိပ်သည်းစွာပေါက်ရောက်သော တောအုပ်ထက်တွင် တောက်ပလျက်ရှိသည်။
သစ်ခွတောမှာ မြူခိုးများဖြင့် ဝန်းရံခြင်းခံထားရသည်။ တက်နေမှ ဖြာထွက်နေသော ရောင်ခြည်များက မကြာမီ မြူခိုးများကို အရောင်အဆင်းတင့်တယ်စေကာ တောအုပ်လေးကို နတ်ဗိမာန်အလား ပြောင်းလဲစေသည်။
အချိန်အခါမှာ မနက်အစောပိုင်းသာ ရှိသေးသည်၊ သို့သော် လင်းနွိုင် ရောက်နှင့်နေပြီဖြစ်သည်။
ချူဖုန်းက သူမရောက်ရှိမှုကို သတိထားမိသည်။
ရွှေဝါရောင်နေမင်း၏ အနွေးဓာတ်ကို ခိုလှုံ၍ ချူဖုန်းသည် ခြံဝင်းထဲတွင် ထူးခြားသည့်အသက်ရှူလေ့ကျင့်ခန်းကို တစ်စိုက်မတ်မတ် လေ့ကျင့်လျက်ရှိသည်။ ဒါသည် နေ့စဥ်လုပ်ငန်းတစ်ရပ်ကဲ့သို့ဖြစ်လာကာ မပျက်မကွက်လုပ်လေ့ရှိသည်။
ထူးဆန်းသည့်ခံစားချက်တစ်ခုမှာ သူ့ခြေထောက်အောက်ဘက်မှ နှလုံးအထိ မြင့်တက်လာသည်။ နွေးထွေး၍ သက်သောင့်သက်သာရှိစေသော ခံစားချက်မျိုးဖြစ်သည်။ ဖန်လုံအိမ်အတွင်းရပ်နေပြီး ရေနွေးဖြင့် ရေချိုးသကဲ့သို့ ခံစားရသည်။ သူ့ခန္ဓာကိုယ်ကို ထူးဆန်းသောအလွှာပါးတစ်ခုက ဖုံးအုပ်ထားပြီး အသွေးထဲအသားထဲထိ စိမ့်ဝင်သကဲ့သို့ ခံစားရသည်။
ဤကဲ့သို့ ခံစားချက်မျိုးမှာ သူ့အတွက် ရင်းနှီးသလို ထူးဆန်းသလို ဖြစ်နေသည်။
ခွန်းလွန်တောင်တွင် ကြုံတွေ့ခဲ့ရသော သူ၏အဖြစ်အပျက်ကို ပြန်သတိရလေသည် : ထိုကြေးနီတောင်ထိပ်ရှိ ထူးခြားသစ်ပင်ကြီး အပွင့်ဝေဆာတုန်းက ပွင့်ချပ်များ ညှိုးနွမ်းကာ သူ့လက်ပေါ်ကြွေကျလာသည်။ ထိုခံစားချက်နှင့် အလားတူပြီး မပြောပြတတ်သော သာယာမှုမျိုး ဖြစ်သည်။ ခုနောက်ပိုင်းတွင် ဒီထက်ပိုပြင်းသော ခံစားချက်မျိုး ရလာသည်။
၎င်းသည် တုနှိုင်းမဲ့သော သက်သောင့်သက်သာရှိမှုမျိုး ဖြစ်သည်။ သူ့ခေါင်းထိပ်မှစ၍ ခြေထောက်အထိ ဤတုနှိုင်းမဲ့သာယာမှုအနွေးဓာတ် စီးဆင်းသကဲ့သို့ ခံစားရသည်။ ထိုအနွေးဓာတ်မှာ အားအင်၊ တက်ကြွမှုနှင့် လန်းဆန်းမှုတို့ ရစေသည်။
နောက်ဆုံးတွင် သူမျက်လုံးဖွင့်လိုက်သည်။ သူ့မျက်စိရှေ့ရှိ မြင်ကွင်းမှာ အံ့မခန်းပင်ဖြစ်သည်။ သူ့အသားအရေမှာ ရွှေရောင်တလက်လက်တောက်ပနေသော ပိုးသားဖြင့် ဖုံးလွှမ်းထားသကဲ့သို့ ထင်ရသည်။ ပိုးသားမှာ ပါးလွှာပျော့ပျောင်းပြီး ချူဖုန်းအား နတ်ဘုရားအသွင်ရှိစေသည်။
သူခံစားနှစ်သက်သည့် အနွေးဓာတ်ကို ပေးသည်မှာ ထိုရွှေရောင်ပိုးသားလွှာပင် ဖြစ်သည်။
အသက်ရှူလေ့ကျင့်ခန်း ပြီးဆုံးသွားပြီးနောက် အခုသူသည် သူ့အသားအ‌ရေပေါ်ရှိ အလွှာပါးကို သေသေချာချာ မြင်ရလေသည်။ ရွှေရောင်ပိုးသားမှာ တဖြည်းဖြည်း ပျောက်ကွယ်လာသည်၊ သို့သော် လေထဲသို့ ပျံ့လွင့်သွားခြင်း မဟုတ်ပဲ သူ့အသားအရေခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားခြင်းဖြစ်သည်။
ချူဖုန်းသည် မတူညီတော့သလို ခံစားလိုက်ရသည်။ ခေါင်းမော့ကာ ဟိုးအဝေးရှိတောင်တန်းကို လှမ်းကြည့်လိုက်သည်။ တောင်ပေါ်ရှိ ထင်းရှူးပင်၏ အစေ့များ၊ အသီး၏အသားပြည့်တင်းမှုတို့ကို မြင်ရသည်။ ခုန်ပေါက်တက်ကြွစွာဖြင့် အစာရှာထွက်နေသော ငရှဥ့်ကိုပင် တွေ့နေရသည်။
ဒါသည် သဘာဝလွန်လူသား အမြင်အာရုံပင်ဖြစ်သည်။
ထို့အပြင် အဝေးရှိ ပျားတစ်ကောင်း၏ တောင်ပံခတ်သံကိုလည်း ကြားရသည်။ ပျားများက ပန်းပွင့်ပေါ်တွင် ဆင်းသက်နားလိုက်သည့် အခိုက်အတန့်ကိုပင် ကြားသိနေရသည်။
ချူဖုန်းသည် ထောင်ထဲမှ လွတ်လာသော ထောင်သားကဲ့သို့ ခံစားရသည်၊ အကြာကြီးနေမှ ခုလို သန့်ရှင်းလတ်ဆတ်သည့်လေကို ရှူရခြင်းဖြစ်သည်။ ယခု ချူဖုန်းသည် အမြင်အာရုံနှင့် အကြားအာရုံ အင်မတန်ကောင်းမွန်သော လူသားတစ်ယောက်ဖြစ်လာသည်။ အာရုံခံအဂ်ါများသည် ယခင်ကထက် ပို၍ စူးရှလာသည်။ သူ့အတွက် ကမ္ဘာအသစ်ဖွင့်လှစ်သကဲ့သို့ ရှိသည်။
နွားဝါသည် ခြံဝင်းထဲတွင် ထိုသန်စွမ်းသည့်လူသားဘေးတွင် ထူးခြားသည့် အသက်ရှူလေ့ကျင့်ခန်းကို လေ့ကျင့်လျက်ရှိသည်။ သူသည် ချူဖုန်း၏ ထူးခြားသည့်ခန္ဓာကိုယ်မှ ဆန်းကြယ်ပြီး အံ့သြဖွယ်ရောင်ခြည်များ ထွက်လာသည်ကို တွေ့လိုက်သည်။
ချူဖုန်းသည် နွားဝါရှိနေသည်ကို မမှုချေ။ သူ့ခန္ဓာကိုယ်အတွင်းမှ အနွေးဓာတ်အကြောင်း ပိုသိနားလည်ရန် ကြိုးစားလျက်ရှိသည်။
ဝှီး!
ရုတ်တရက် ချူဖုန်းသည် သူရှိနေသည့်နေရာမှ ပျောက်ကွယ်သွားပြီး အရိပ်အယောင်သာတွေ့လိုက်သည်။ ချူဖုန်းသည် ခြံဝင်းထဲမှ ထွက်ကာ သစ်ခွတောထဲသို့ သွားသည်။ သူ့အရှိန်မှာ ၂ဆတိုးတက်လာပြီး အကြမ်းဖျင်းခန့်မှန်းချက်အရ ဤ၁၀၀မီတာအကွာအဝေးကို ၁စက္ကန့်ကျော်ကျော်သာ ကြာသည်။
အတွင်းအားအနေဖြင့်လည်း ချူဖုန်းသည် ပို၍တိုးတက်လာသည်ကို သိရသည်။
သူ့အစွမ်းအစမှာ အလွန့်အလွန်ကြီးမားလာပြီဖြစ်သည်။
ထူးခြားသည့်အသက်ရှူလေ့ကျင့်ခန်းက ချူဖုန်း၏ခန္ဓာကိုယ်တိုးတက်မှုအတွက် ကောင်းကျိုးများစွာ လမ်းညွှန်ပေးလိုက်သည်။
အစွမ်းအား၊ အရှိန်၊ အာရုံခံစားချက်နှင့် အခြားအရာများလည်း သိသိသာသာ တိုးတက်လာသည်။ ဒါသည် သူတစ်ဆင့်ပြီးတစ်ဆင့်ကျင့်ကြံခြင်းကြောင့် ရရှိလာပြီး ယခု သူသည် သူ၏ရန်သူဟုဆိုကြသူများထက် အဆများစွာ ကြောက်ခမန်းလိလိဖြစ်သွားပြီဖြစ်သည်။
“ဒီအသက်ရှူလေ့ကျင့်ခန်းရဲ့ ‌နောက်ကြောင်းကဘာလဲ” ချူဖုန်းသည် နွားဝါကို မေးလိုက်သည်။
သို့သော် နွားဝါသည် ချူဖုန်းအား အမှန်အတိုင်းပြောပြမည့်အစား ရေငုံနှုတ်ပိတ်နေမည်သာဖြစ်သည်။
သူပြောပြဖူးသည် : “ဝတ်မှုန်၊ အကူပစ္စည်း”
နွားပေါက်က ချူဖုန်းခုလို လျင်မြန်စွာ တိုးတက်လာမှုသည် သူသာမန်လူသားဖြစ်စဥ်က လက်ခံရရှိသည့် ပွင့်ချပ်ကြောင့်ဖြစ်မည်ဟု ယူဆသည်။
နွားဝါ၏ခန့်မှန်းချက်အရ အသက်ရှူလေ့ကျင့်ခန်းတစ်ခုတည်းနဲ့တင် အရည်အချင်းတိုးတက်လိုသည့် တိုက်ခိုက်သမားတစ်ယောက်အတွက် များစွာအထောက်အကူဖြစ်သော်လည်း “အကူပစ္စည်း” တစ်မျိုး၏ အကူအညီလိုအပ်သည်။
မနက်စာစားပြီးနောက် ချူဖုန်းကို လင်းနွိုင်လွှတ်လိုက်သည့် အမျိုးသမီးတစ်ယောက်က လာခေါ်လေသည်။
နှာခေါင်းပေါ်တွင် တင်းတိပ်ရှိသော ငယ်ရွယ်ပြီး ချောမောလှပသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။ သူတွေ့ဖူးသည့် ကုမ္ပဏီမှ အခြားသူများနှင့်ယှဥ်လျှင် သူမသည် အဖော်ရွေဆုံးဟု ဆိုနိုင်သည်။
သူမသည် တင့်တောင့်တင့်တယ်ရှိပြီး အရွယ်အစားကြီးသော အမဲရောင်ကားဖြင့် ရောက်လာသည်။ ကား၏ကိုယ်ထည်ကို စတီးပြားအထူဖြင့် လုပ်ထားသည်။ နာမည်ကြီးကုမ္ပဏီမှ နောက်ဆုံးပေါ်နည်းပညာဖြင့် တီထွင်ထားသည်မှာ သိသာသည်။
ထိုကားသည် ကျည်ကာကားဖြစ်ပြီး အခြားကားများနှင့် ကွဲပြားမှုရှိသည်။ ကြွားဝါပြီး တစ်မူထူးခြားခြင်းမှာ ဒိမ်ဒီဇီဝဆေးဝါးလုပ်ငန်းစု၏ ထုံးစံဓလေ့ဖြစ်သည်။ သာမန်စစ်သားများစေလွှတ်ရာတွင်တောင် အကောင်းဆုံးလက်နက်ကိရိယာများဖြင့် စေလွှတ်လိုက်သည်။
“လူကြီးမင်းချူ ကားပေါ်တက်ပါ” အမျိုးသမီးငယ်သည် သူ့အတွက် တံခါးဖွင့်ပေးလိုက်သည်။ “အဆင့်သင့်ပါ”
ချူဖုန်းသည် လင်းနွိုင် သူ့ကို ဖုန်းခေါ်ကတည်းက တစ်ခုခုကို စိတ်ထစ်နေပြီး တွေဝေနေခဲ့သည်။
“လူကြီးမင်း” အမျိုးသမီးငယ်သည် နွေးထွေးပြီး ဖော်ရွေသော အပြုံးဖြင့် သူ့ကို ခေါ်လျက်ရှိသည်။
“အို ဆောရီးနော်၊ တစ်ခုခုသတိရသွားလို့ စဥ်းစားနေတာ၊ မင်းရဲ့သခင်မကို ပြန်ပြောပေးပါလား၊ ကျွန်တော်တစ်ခုခု အရေးတကြီးလုပ်စရာရှိလို့ နေ့လယ်စာစားချိန်ကျမှ လာခဲ့မယ်လို့” ချူဖုန်းသည် အမျိုးသမီးကို ပြောလိုက်သည်။
အမျိုးသမီးငယ်မှာ ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။ “ဒါပေမဲ့…သခင်မလေးလင်းက သေချာပေါက် ခေါ်လာခဲ့လို့ မှာလိုက်တယ်”
ချူဖုန်းသည် တစ်ခဏတာ တုန့်ဆိုင်းသွားသည်၊ သို့သော် ခေါင်းခါပြကာ ကားပေါ်တက်ရန် ငြင်းလိုက်သည်။ သူအချိန်မီ သူမနဲ့ချိန်းထားတာကို ရောက်စေရမည်ဟု ကတိပေးလိုက်သည်။
အမျိုးသမီးငယ်၏စိတ်ထဲတွင် ကူရာမဲ့ဖြစ်နေသည်။ သူမသည် လင်းနွိုင်ကို ဖုန်းဆက်ပြောချင်သော်လည်း တစ်ခဏမျှ တွေဝေပြီးနောက် လောလောဆယ်အရင်ပြန်သွားမည်ဟု ဆုံးဖြတ်လိုက်သည်၊ သူမ၏သခင်မလေးသည် အလုပ်ပေါင်းစုံဖြင့် ရှုပ်နေမည်ကိုသိ၍ အခုနေ အနှောင့်အယှက်ပေးလျှင် သူမအတွက် ကောင်းကျိုးရှိမည်မဟုတ်ဖြစ်သည်။
“ငါပဲ အိုဗာဖြစ်နေတာ ဖြစ်ပါစေလို့ မျှော်လင့်တယ်” ချူဖုန်းသည် ကားအမဲထွက်သွားသည်ကို ကြည့်နေသည်။
“နွားဝါ အိမ်ကြည့်ထား”
ချူဖုန်းသည် တစ်အောင့်အကြာတွင် ချိန်းဆိုမှုအတွက် ထွက်ခွာလေသည်။ သူသည် တောအုပ်၏အရိပ်များကြား ပုန်း၍ ကွေ့ပတ်ကာ သွားသည်။ အမြန်လမ်းမပေါ်မှ မသွားသော်လည်း သူ၏အရှိန်ကြောင့် ခရီးတော်တော်ပေါက်သည် ဖြစ်သည်။ သူ့ခြေလှမ်းများ၏ တက်ကြွမြန်ဆန်မှုကြောင့် ထိုကားကို အမှီလိုက်နိုင်သွားသည်။
တကယ်တော့ အမြန်လမ်းမများသည် ကမ္ဘာတစ်ဝှမ်းဖြစ်ပျက်ခဲ့သော ဗြောင်းဆန်မှုများကြောင့် ပျက်စီးကုန်ပြီဖြစ်သည်။ လမ်းအများစုမှာ ပျက်နေပြီး ကားမောင်းသူများအတွက် ပျက်စီးယိုယွင်းနေသည့် လမ်းပေါ်တွင် မောင်းရန် ခက်ခဲစေသည်။ ထို့ကြောင့် နေ့စဥ် ထိုလမ်းမများကို ဖြတ်၍ အလုပ်သွားရသူများအတွက် ကားဖြင့်သွားခြင်းသည် လက်တွေ့မကျသော ရွေးချယ်မှုတစ်ခု ဖြစ်လာသည်။
ချူဖုန်းသည် သင့်တော်သော အရှိန်ဖြင့် သွားနေသည်။ သူ၏ သဘာဝလွန်လူသား ခံနိုင်ရည်က ခရီးဝေးကို မောပန်းမှုတစ်စက်မရှိစေပဲ အရှိန်အဟုန်ဖြင့် သွားခွင့်ပြုသည်။
မိုင်အနည်းငယ်သွားပြီးနောက် လမ်းသည် ကားသွားရန်အတွက် ပိုခက်ခဲလာသည်။ ထိုကားအမဲမှာ အားယူ၍ ရှေ့ဆက်တက်ရ၍ နှေးသွားသည်။
ရုတ်တရက် အဝေးရှိတစ်နေရာတွင် နားကွဲစေနိုင်သည့် အသံကျယ်တစ်ခု ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ကို တိတ်ဆိတ်သွားစေသည်။ ချူဖုန်းသည် သူ့ရှေ့မှ သွားနေသော ကားအမဲက တိကျသော အမြောက်ဖြင့် အပစ်ခံလိုက်ရသည်ကို မြင်လိုက်ရသည်။ မတွေးဝံ့သော မြင်ကွင်းပင်ဖြစ်သည်။
ပေါက်ကွဲမှုကြောင့် ကြောက်မက်ဖွယ်ကောင်းသော အသံနှင့်အတူ ထွက်လာသော ပြင်းအားကြောင့် ကားတစ်ခုလုံး လွင့်ထွက်သွားသည်။ ထိုကားမှာ စစ်တပ်သုံးကျည်ကာ ကားအမျိုးအစားဖြစ်သော်လည်း အမြောက်၏ ပြင်းအားမှာ ကားတစ်ခုလုံးကို လုံးဝပျက်စီးသွားစေသည်။
ဘွန်း!
ကားအမဲမှာ ဇောက်ထိုးကျပြီး မီးခိုးမီးပန်းများ တစ်ပြိုင်နက် ထွက်လာသည်။ အခု ကားမှာ စုတ်ပြတ်ပြီး အပိုင်းအစများသာ ကျန်လေသည်။
အဝေးမှနေ၍ ဤရက်စက်အသည်းနှလုံးမဲ့သော ဖြစ်စဥ်ကို ရပ်ကြည့်နေသည့် ချူဖုန်းသည် ထိတ်လန့်သွားသည်။ သူ့မျက်နှာမှာ ကြောက်လန့်၍ ဖြူစွပ်သွားသည်။ သူထင်ထားသည့် အဆိုးရွားဆုံးအခြေအနေမှာ သူ့မျက်စိရှေ့တွင် ဖြစ်ပွားခဲ့သည်၊ သေခြင်းကို ကြိုသိသော်လည်း ဤကဲ့သို့ ကိုယ့်အပေါင်းအဖော်အပေါ် သွေးအေးလူသတ်မှုမျိုးကို မျက်မြင်တွေ့လိမ့်မည်ဟု တစ်ခါမှ မထင်ထားချေ။
“တော်တော်ရက်စက်ပြီး အဆိပ်ပြင်းတာပဲ” ချူဖုန်းသည် လူသတ်လိုသောအကြည့်ဖြင့် ဒေါသထွက်စွာ ဆဲဆိုနေသည်။ သူက ဟိုအမျိုးသမီးငယ်လေးအတွက် အလွန်ယူကျုံးမရဖြစ်နေသည်။ သူ့ကိုယ်သူလည်း အပြစ်ရှိသလို ခံစားရသည်။ ခုလိုကိစ္စမျိုးဖြစ်မည်ကို ကြိုတင်ခန့်မှန်းထားသော်လည်း မကယ်တင်နိုင်လိုက်၍ သူမ၏သေဆုံးမှုတွင် သူလည်း အပေါင်းအပါဖြစ်သွားသည်ဟု ခံစားရသည်။
ဘယ်လိုပဲပြောပြော သူသည် ဟိုအမျိုးသမီးက ဒီလောက်ထိရူးသွပ်ရမ်းကားလိမ့်မည်ဟု မယုံနိုင်ဖြစ်နေသည်။ သူမသည် ခွေးရူးတစ်ကောင်သာ ဖြစ်ပြီး အရှင်လတ်လတ်မီးလောင်သေသင့်သည့် စုန်းမကြီးသာ ဖြစ်သည်။
ထို့နောက် လက်နက်ကိုင်အဖွဲ့မှာ နောက်ထပ် ကျည်ဆန်နှင့် အမြောက်များကို ၂ကြိမ်ပစ်ခတ်ကာ ဟိုအမျိုးသမီးငယ်လေးနှင့် ကားမှာ အဖြစ်ဆိုးဖြင့် ကျရှုံးသွားလေသည်။
နားကွဲစေနိုင်သည့် ကားပေါက်ကွဲသံမှာ ချူဖုန်းနားထဲတွင် ပဲ့တင်ထပ်နေသည်။ သူ့ကြည့်ရတာ တည်ငြိမ်အေးဆေးပုံရသည်၊ သို့သော် သူ့အတွင်းစိတ်နှလုံးသားထဲတွင် လေမုန်တိုင်းတစ်ခု တိုက်ခတ်နေသည်၊ မြေကြီးမှ အပင်များ ပြုတ်ထွက်လာနိုင်သော အဆင့်ရှိသည့် မုန်တိုင်းမျိုးဖြစ်သည်။
“ငါ ခင်ဗျားကို သတ်ရမယ်”
မိုးပြင်းရွာချကာ လေပြင်းများ တိုက်ခိုက်နေပြီ၊ လူသတ်လိုသည့်သူ့နှလုံးသားထဲတွင် နေရောင်ခြည်နှင့် နှင်းဆီပန်းများ မရှိတော့ချေ။
သို့သော် ထိုအချိန်တွင် သူသိသွားသည်၊ ဒါက ထိုအမျိုးသမီး စိုးရိမ်ပူပန်နေ၍ နောက်ဆုံးနည်းလမ်းအဖြစ် ထုတ်သုံးသော အကွက်ဖြစ်နိုင်သည်။ အဖြစ်မှန်ပေါ်ကာ သူမအပြစ်ပေးခံရမည်ကို စိုးရိမ်၍ သူ့အပြစ်ကို သိသောသူအားလုံးကို ရှင်းလင်းပစ်လိုသည်။
“ဒီမိန်းမက လင်းနွိုင်ကို ချောက်ချတာပဲ၊ ငါ သူ့ကို ဘာမှ မပြောရသေးဘူဆိုတာသိလို့ သူနဲ့မတွေ့ခင် ငါ့ကို ရှင်းဖို့လုပ်တာ”
ချူဖုန်းက သူ့ရန်သူမှာ အလျင်လိုစိတ်လောနေကြောင်း သိလိုက်သည်။ အခုချိန်တွင် သူမသည် အချိန်မရွေးပြန်ကိုက်နိုင်သည့် ချောင်ပိတ်ခွေးတစ်ကောင် ဖြစ်သည်။
ချူဖုန်း၏သွေးများသည် အေးစက်သွားသည်။ သူ လက်စားချေလိုသည်၊ အကြောင်းအရင်းမရှိလူသတ်ရမည်ဆိုလျှင်တောင်မှ လုပ်မည်ဖြစ်သည်။ သူ့ရန်သူ ပြန်မပေးဆပ်ရပဲ လွတ်သွားမည့်အတွေးကို မခံစားနိုင်ချေ။
သူ့သည်းခံနိုင်စွမ်းကို ကျော်သွားပြီဖြစ်၍ အခု နောက်ပြန်လှည့်လမ်းမရှိအောင် လုပ်မည်ဖြစ်သည်။
မြို့ထဲရှိ အိမ်တစ်အိမ်တွင်
ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက် ပွေ့ဖက်ကာ ဝိုင်သောက်ရင်း ပွတ်သပ်နေကြသည်။ ယောက်ျားမှာ အနောက်မှီကာ အပူအပင်မရှိ ဖြစ်သည်၊ သို့သော် အမျိုးသမီးကြည့်ရတာ စိတ်တုန်လှုပ်ပြီး တစ်ခုခုကို စောင့်မျှော်နေသလို ရှိသည်။
“ဟယ်လို ဘယ်လိုဖြစ်သွားပြီလဲ” အမျိုးသမီးသည် ဖုန်းခေါ်လိုက်သည်။
“ဟိုလူသေသွားပြီ၊ ကားနဲ့အတူ ပြာဖြစ်သွားပြီ၊ သနားစရာပဲ… ဒါပေမဲ့ မင်းပြောတဲ့ သူ့ကို တစ်ချိန်လုံးကူညီပေးနေတဲ့ “နောက်ကွယ်က လူ” ဆိုတာမျိုး မတွေ့မိဘူး၊ သူပေါ်လာမလားဆိုတာကို ငါတို့အဖွဲ့စောင့်နေတယ်”
ထိုအစီရင်ခံစာကြောင့် အမျိုးသမီးသည် ပို၍ စိတ်မသက်မသာ ဖြစ်သွားသည်။
“အာရုံစိုက်ထား… မြင်တာနဲ့ သတ်လိုက်” သူမ အသံမှာ ကြောက်ရွံ့၍ တုန်နေသည်။
“အမိန့်အတိုင်းပါ”
ဖုန်းပြောဆိုမှု ပြီးဆုံးသွားပြီဖြစ်သည်။
“အားလုံးအဆင်ပြေသွားမှာပါ ဝမ်ချင်း၊ သူတို့အတွက် လွယ်လွယ်လေးဟာ၊ မစိုးရိမ်နေနဲ့၊ ထိုင်” အမျိုးသားသည် ဝိုင်သောက်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုအမျိုးသားမှာ ဆွဲဆောင်မှုရှိသော ရုပ်ရည်အသွင်အပြင်ရှိသည်။ ပညာတတ်လူကြီးလူကောင်းပုံစံရှိပြီး အပြုအမူမှာ ညှင်တာယဥ်ကျေးသည်၊ သူ့အသံမှာလည်း ဆွဲဆောင်မှုရှိသော အသံမျိုးဖြစ်သည်။
“ရှင်က ကိစ္စတွေကို အမြဲလွယ်လွယ်ပဲ စဥ်းစားတယ် မူ၊ ကျွန်မလုပ်ထားတာတွေကို လင်းနွိုင်သိသွားရင် ဘယ်လိုလုပ်…” ဝမ်ချင်းမျက်နှာမှာ ဖြူဖပ်သွားသည်။
“စိတ်မပူပါနဲ့၊ သူသိတော့ကော ဘာဖြစ်လဲ၊ သူမိသားစုကပဲ ဒိမ်ဒီကို ဦးဆောင်ထားတာမှ မဟုတ်တာ၊ ငါတို့ မူမိသားစုလည်း ဒီအဖွဲ့အစည်းရဲ့ မရှိမဖြစ်ဖြစ်တယ်၊ ပြီးတော့ မင်းက သူ့အခင်ဆုံးသူငယ်ချင်းလည်းဖြစ်သလို သူ့ညာလက်ရုံးလည်း ဖြစ်တယ်၊ နောက် ၃ ၄ပတ်ဆိုရင်ပဲ မင်းညီမက သူ့ဦးလေးနဲ့ လက်ထပ်တော့မှာဟာ ဘာစိတ်ပူစရာရှိတုန်း၊ အကယ်၍ သူသိသွားရင်လည်း ဘာလုပ်နိုင်မှာလဲ၊ ဒီလောက်သတ္တိနည်းတဲ့ သူ့ပါးစပ်ကနေ စွပ်စွဲတာမျိုး ပြောထွက်မှာ မဟုတ်ဘူး” အမျိုးသားသည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ပြောရင်းနဲ့ ကျွန်မခုလိုလုပ်တာတွေအကုန်လုံးက ရှင့်ကို ကူညီပေးချင်လို့ လုပ်ခဲ့တာ၊ အခု ဒီအခြေအနေကနေ ရှောင်ပြေးလို့ရတယ် ထင်နေတာလား” ဝမ်ချင်း မေးလိုက်သည်။
“အေးဆေးပါကွာ၊ ဘယ်သူမှ သိမှာမဟုတ်ဘူး၊ အဲ့ကောင်နေတဲ့နေရာမှာ ဘောဓိဇီဝမျိုးရိုးဗီဇကလူတွေနဲ့ ငါတို့ဘက်ကလူတွေ ထိပ်တိုက်တွေ့နေကြတာ၊ မတော်တဆအသေအပျောက်တွေ ဖြစ်မှာပဲ… အဲ့ခါ အဲ့ကောင်လေး သေတာကို ဘောဓိဇီဝမျိုးရိုးဗီဇဘက်ကို အပြစ်ပုံချလိုက်လို့ရတယ်” အမျိုးသားက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
ထို့နောက် သူခေါင်းခါသည်။ “တကယ်တော့ ငါသူ့ကို သတ်ဖို့ စိတ်ကူးမရှိဘူး၊ သူ့ကို နည်းနည်းပါးပါး ဆုံးမပြီး လင်းနွိုင်ဘယ်လိုတုန့်ပြန်မလဲဆိုတာ ကြည့်မလို့၊ မင်းက သူ့ကို သေ‌အောင်သတ်ပစ်လိုက်မယ်လို့ ငါ မထင်ထားခဲ့ဘူး…”
“ကျွန်မက ရှင့်စိတ်ထဲမှာ ဘာတွေးနေလဲ ဘယ်လိုလုပ်သိမှာလဲ၊ ရှင်က ရှင့်လူတွေကို အဲ့ကောင်ကို ဆုံးမဖို့ လွှတ်လိုက်တယ်ကြားတော့ ပြီးတော့ သူနဲ့ လင်းနွိုင်ကြားက အရင်ဇာတ်လမ်းအကြောင်း သိတော့ ရှင့်ကို တစ်ခါတည်း ကူညီပေးမလို့….ဘယ်သူက သိမှာလဲ ရိုးရိုးတမ်းတမ်းကိစ္စက ခုလိုဇယားရှုပ်သွားလိမ့်လို့” ဝမ်ချင်းသည် ‌နောင်တရနေသည်။
ခြေတစ်လှမ်းမှားသွား၍ အရာအားလုံးမှားသွားပြီ။ သူမသည် ပြဿနာအရှုပ်အထွေးများကြားတွင် နက်သထက်နက်အောင် နစ်မြုပ်သွားပြီး ပြန်လမ်းမရှိတော့ချေ။
“သူက ပုဇွန်တစ်ကောင်သာသာပဲ ရှိတဲ့ဟာ၊ ကျွန်မသိရသလောက်တော့ သူနဲ့ ငါတို့နွိုင်ကြားမှာ နက်နဲတဲ့ဆက်ဆံရေးမျိုးမဟုတ်ဘူး၊ သူ့ကြောင့် ပြဿနာတွေ ထပ်ဖြစ်မလာချင်တော့ဘူး”
အမျိုးသမီး၏ စကားများကြောင့် အမျိုးသား ဘာမှ ဆက်မပြောချေ။ “ကဲ ပြီးတာတွေလည်း ပြီးသွားပြီ၊ သတ်ပြီးနေပြီဟာ ထားလိုက်တော့၊ ငါတို့အခုလုပ်နိုင်တာက အဆိုးထဲကအကောင်းလုပ်ဖို့ပဲ၊ အဲ့တော့ မှားပြီးတာကို ထားလိုက်ပြီး ကောင်းအောင် လုပ်တာပေါ့” အမျိုးသားသည် ခဏရပ်ကာ ဝိုင်တစ်ငုံသောက်လိုက်သည်။ “ဒါနဲ့ ဟို ‘နောက်ကွယ်က လူ’ ကော၊ သူ့ကိုပါသတ်လိုက်ရင် ဒီကိစ္စကို တစ်ခါတည်းနဲ့ အပြီးရှင်းနိုင်ပြီ” အမျိုးသားမျက်နှာပေါ်တွင် ယုံကြည်မှုရှိသော အပြုံး‌ပေါ်လာသည်။
“သူ့ကို သတ်တာလား၊ သူ့ကို သတ်ဖို့ ငါလွှတ်လိုက်တဲ့လူအားလုံးက အတော်ဆုံးထဲက အတော်ဆုံးတွေပဲ၊ ဒါပေမဲ့ တစ်ယောက်မကျန် အကုန်ပျောက်သွားကြတယ်၊ အခုချိန်ထိ သူတို့အကြောင်း မသိရသေးဘူး၊ အဲ့တော့ သူတို့လည်း ကြွသွားပြီဆိုတာ သေချာတယ်” ဝမ်ချင်းမှာ မျက်မှောင်ကြုတ်ကာ စိုးရိမ်ပူပန်နေသည်။
“သူ မိုးကြိုးလောက် တော်လို့ပဲ၊ မဟုတ်ရင် ငါတို့ပို့လိုက်တဲ့သူတွေကို တစ်ယောက်တည်းရှင်းနိုင်မှာ မဟုတ်ဘူး၊ သူတို့ တစ်နေ့ပြန်လာမှာပါ ငါ့ကို ယုံလိုက်” အမျိုးသားသည် တည်ငြိမ်စွာဖြင့် ပြုံးဆဲဖြစ်သည်။
“အားလုံး အဆင်ပြေဖို့ မျှော်လင့်တယ်”
“စိတ်မပူနဲ့ အချစ်၊ အကုန် အဆင်ပြေလိမ့်မယ်”
ကျားသစ်ကဲ့သို့ တိတ်ဆိတ်စွာဖြင့် ချူဖုန်းသည် တောအုပ်အတွင်း အလျင်အမြန်သွားနေသည်။ အန္တရာယ်အဆင့်မှာ မိနစ်တိုင်းမိနစ်တိုင်း မြင့်တက်လာသည်ကို ခံစားနေရသည်။ ဤနေရာသည် သူဝင်ရှုပ်ရန်အတွက်သာ ဖွင့်ထားသော အိတ်ပွင့်ကဲ့သို့ ခံစားရသည်။
ချူဖုန်း၏ပင်ကိုအသိစိတ်က ဤနေရာအနီးတစ်ဝိုက်တွင် ချုံခိုတိုက်ခိုက်လိမ့်မည်ကို သူသိသည်။ အရာအားလုံးမှာ နောက်ထပ်လုပ်ကြံမှုတစ်ခုရှိပုံရသည်။ သူတို့၏ ပစ်မှတ်မှာ ကားတစ်ခုတင်မဟုတ်ပဲ အခြားတစ်ယောက်ယောက် ရှိဦးမည်ဖြစ်သည်။
“ချူဖုန်းက မင်းတို့အချိန်ဖြုန်းဖို့တောင် မတန်ဘူးလို့ ထင်တယ်ဟုတ်လား၊ သူက ပျော့ညံ့ပြီး မလောက်လေးမလောက်စားကောင်လို့ ထင်တယ်ပေါ့၊ သူ့နောက်ကွယ်က လူကမှ တကယ့်တရားခံလို့ တွေးတယ်ပေါ့၊ ကောင်းပြီ ငါကိုယ်တိုင် လူလုံးထွက်ပြချိန်တန်ပြီ” ချူဖုန်းသည် ကြမ်းကြုတ်စွာ ပြောလိုက်သည်။
ဖုန်း!
သိပ်မကြာမီ သူ၏အသိအာရုံဖြင့် ပုန်းလျှိုနေသော ပထမဆုံးပစ်မှတ်ကို ရှာတွေ့သွားသည်။ တိုးတိုးတိတ်တိတ်ဖြင့် ထိုလူအနောက်မှ ချဥ်းကပ်ပြီးနောက် လျှပ်စီးကဲ့သို့ သူ့ဓားမြောင်မဲဖြင့် ထိုလူ၏ လည်ပင်းကို ဖြတ်လိုက်သည်။
ရက်စက်သော သွေးစီးမြင်ကွင်းမှာ ထိုလူမသေခင်စက္ကန့်ပိုင်းအလိုတွင် ဇာတ်ရှိန်တက်သွားသည်။ နောက်ဆုံးကျန်ရှိသည့် အသိစိတ်ဖြင့် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် လှည့်ကြည့်လိုက်သည်။ ထိုသေခါနီးလူမှာ ထိတ်လန့်ကြောက်ရွံ့မှုဖြင့် နောက်လှည့်ကြည့်ကာ သူ့ကိုသတ်သောသူ၏ မျက်လုံးထဲကို ကြည့်ရင်း သူ့သွေးအိုင်ကွက်ထဲသို့ ပြုတ်ကျသွားလေသည်။
“အကုန်လုံးကို သတ်မယ်၊ မြို့ထဲထိသွားပြီး သတ်မယ်၊ ဂိမ်းကစားဖို့ တောင်းဆိုနေမှ‌တော့ ကစားပေးရတာပေါ့၊ ဂိမ်းမပြီးမချင်း ဘယ်သူမှ ထွက်လို့မရဘူး” ချူဖုန်းသည် အေးစက်စွာဖြင့် ဆဲဆိုလိုက်သည်၊ “ကဲ အဲ့တော့ အချိန်မဖြုန်းပဲ ဂိမ်းကို စကြတာပေါ့”

အပိုင်း ၄၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset