Chapter – 154
“တော်ဝင်သမားတော်များရောက်ရှိလာခြင်း”
“မင်းတို့က အမှားကို ဝန်ခံတော့လည်း အပြစ်ပေးရတော့မှာပေါ့။ အခုကစပြီး မင်းတို့တွေ ကိုယ့်နေရာကိုယ်ပြန်ပြီး နေကြ။ မင်းတို့ရဲ့ အိမ်အပြင်ကို ခြေတစ်လှမ်းတောင် လှမ်းခွင့်မရှိသလို နိုင်ငံရေး ကိစ္စတွေကိုလည်း ပါဝင်ပတ်သက်ခွင့် မပြုတော့ဘူး။ ဘယ်သူနဲ့မှလည်း ဆက်သွယ်ခွင့် မပြုဘူး။ ဒီအမိန့်ကို မနာခံသူမှန်သမှ မျိုးနွယ်စု တစ်စုလုံး အသတ်ခံရမယ် . . .”
အမတ်များအားလုံး ကြောင်ငေးသွားကြသည်။
ကြမ်းပြင်ပေါ် ဒူးထောက်လျက် ရှိနေသည့် အမတ်များသည်လည်း တုန်ယင်နေကြ၏။ ခေါင်းကို မော့လိုက်ရင်း မယုံကြည်နိုင်ဟန်ဖြင့် –
“မင်းကြီး . . .”
“ဆွဲထုတ်သွားကြစမ်း . . .”
ဘုရင်၏ မျက်လုံးများတွင် အေးစက်မှုများဖြင့် ပြည့်နေသော်လည်း အနည်းငယ် ဝမ်းနည်းနေသည့် ဟန်မျိုးတော့ ပေါ်နေပေသည်။
ထိုလူများသည် နိုင်ငံတော်၏ အရေးကြီး ပုဂ္ဂိုလ်များ ဖြစ်ကြပြီး ညီလာခံအတွင်းရှိ သစ္စာဖောက် ဆိုသည်မှာလည်း ထိုလူများထဲမှပင် ဖြစ်နိုင်ပေသည်။
ယခုဖြစ်စဉ်သည် လူငယ်များအကြား ရန်ပွဲတစ်ခုသာ ဖြစ်သော်လည်း နိုင်ငံတော်အဆင့် ပြစ်မှုကြီး တစ်ခုအထိ ဖြစ်သွားခဲ့၏။
စစ်သည်ရဲမက်များသည် နိုင်ငံတော်တစ်ဝှမ်းလုံး ကျီးလန့်စာစားနေရသည့် အချိန်မျိုးတွင် စစ်ထွက် သွားခဲ့ရသည်။ စစ်သည်တို့၏ မိသားစုဝင် အားလုံးသည်လည်း လုံခြုံမှု မရှိသလို ခံစားနေကြရပြီး ထိုကဲ့သို့ ဖြစ်သည့်တိုင် အနိုင်ကျင့်ခံခဲ့ရသည် မဟုတ်ပါလား။
ထိုအဖြစ်အပျက်များ အားလုံးသည် အစီအရင်ခံစာများ မရောက်ခင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်လေသည်။
ထို့ကြောင့်ပင် ဘုရင်ဖြစ်သူသည် အကွက်ချ စီမံမှု တစ်ခုပင် ဖြစ်ရမည်ဟု သံသယ ဝင်သွားခြင်း ဖြစ်၏။
ထို့အပြင် ယခုအချိန်သည် နိုင်ငံတော်အား အစွမ်းထက် အင်အားကြီး ရန်သူများစွာ ဝိုင်းနေသည့် အချိန်ဖြစ်ပြီး ဘုရင်သည် သူ့လူများကိုပင် သူမယုံရလျှင် မည်သို့မျှ ညီလာခံတွင် ဆွေးနွေးမှုများ ပြုလုပ် နိုင်တော့မည် မဟုတ်ချေ။
အထင်မှားခံခဲ့ရသူ အချို့လည်း ရှိနိုင်နေပေ၏။
သို့သော်လည်း ဘုရင်အဖို့ ရွေးချယ်စရာ မရှိခဲ့ပေ။
ထိုလူများသာ နန်းတော်၏ အထူးအရေးကြီးသော ပုဂ္ဂိုလ်များ မဟုတ်ပါက ဘုရင်သည် ချက်ချင်းပင် သတ်ပစ်ခဲ့နိုင်ပါသည်။
ထိုလူများသည်လည်း မယုံကြည်နိုင်အောင် ဖြစ်နေသလို အားလုံး အံ့သြနေမိကြ၏။ အစောင့်များ ဝင်လာပြီးနောက် ထိုအမတ်မင်းများအား ကျားမှယုန်ကို ဆွဲသွားသလို ခေါ်ထုတ်သွားကြလေ၏။
“ကောင်းပြီ . . . အခု ငါတို့ တိုက်ပွဲလေးခုရဲ့ အခြေအနေတွေကို ဆွေးနွေးကြတာပေါ့ . . .”
ဘုရင်သည် ဘာမှ မဖြစ်ခဲ့သလို ပြောလိုက်သည်။
“မင်းတို့ရဲ့ အကြံဉာဏ်တွေ မှန်သမျှကို ပြောဆိုနိုင်တယ်။ ငါတို့နိုင်ငံတော်ကို ကာကွယ်ရမဲ့ နည်းလမ်းကို ရှာဖွေကြတာပေါ့ . . .”
. . .
ရဲအိမ်တော်တွင် ဖြစ်သည်။
ရဲရှောင်သည် အိပ်ယာထက်တွင် လှဲလျောင်းလျက် ရှိသည်။ သူ၏ ပုံစံသည် ဆိုးဆိုးရွားရွားကို ဖြစ်နေပြီး သေတော့မတတ်ပါပင်။ တစ်ကိုယ်လုံး ပျော့ခွေနေကာ အရိုးများအားလုံး မရှိတော့ပေ။
ဆောင်ဂျုမှာလည်း အလွန်ဝမ်းနည်း၍ မျက်နှာပျက်ယွင်းစွာဖြင့် ရဲရှောင်ဘေးတွင် ထိုင်နေလေသည်။
ကင်းလှည့်နေသော အစောင့်နှစ်ယောက်သည်လည်း အလွန်ကို ထိတ်ထိတ်ပျာပျာ ဖြစ်လျက် စိုးရိမ်နေကြ၏။
“အခြေအနေ ဘယ်လိုလဲ”
ဆောင်ဂျုလည်း အနားတွင် မည်သူမျှ မရှိမှန်း သေချာသောအခါ မေးမြန်းလိုက်သည်။
ရဲရှောင်သည် သတိလစ်မေ့မြောသလို ဖြစ်နေရာမှ မျက်လုံးအနည်းငယ် ဖွင့်လိုက်ရင်း –
“မစိုးရိမ်ပါနဲ့၊ အေးဆေးပါ၊ အားလုံး ကျုပ်ထိန်းချုပ်မှုအောက်မှာပဲ ရှိတယ် . . .”
သူတို့နှစ်ဦးလုံးသည် သူတို့ သရုပ်ဆောင်မှုကြောင့် မည်သို့ မည်ပုံ ဖြစ်ပျက်သွားသလဲ ဆိုတာကို အသေအချာ မသိရှိကြသေးချေ။
သို့သော်လည်း စစ်ဘက်အုပ်စုနှင့် နိုင်ငံရေး အမတ်အုပ်စုသည် ညီလာခံတွင် မသင့်မတင့် ဖြစ်နေခဲ့ကြသည်မှာ အလွန်ကြာပြီ ဖြစ်၏။ ယခုအချိန်သည် တစ်ခုခု ပြောင်းလဲမှု ဖြစ်လာမည်ဟုလည်း ယူဆရလေသည်။ အနည်းဆုံးတော့ စစ်သည်ရဲမက်များ အဖွဲ့ဘက်မှ စိတ်ပြေပျောက်စရာ ရနိုင်မည် ဖြစ်သည်။
“ဒါပေမဲ့ မင်းအဖေ ပြန်ရောက်လာမယ် ထင်တယ်။ အဲဒါဆိုရင် သူတို့အုပ်စုထဲက အတော်များများ ရှင်းခံရမှာပဲ . . . ဒါပေမဲ့ ငါတို့ကတော့ အခက်အခဲကနေ လွတ်မြောက်သွားတာပေါ့ . . .”
ဆောင်ဂျု ပြောလိုက်သည်။
“ဒီလိုတော့ မဟုတ်သေးဘူး . . .”
ရဲရှောင် ပြောလိုက်သည်။
“ဘယ်လို . . . ဒါဆို ဒီကောင်တွေက မင်းအခုလို သေလုမျောပါး ဖြစ်နေတာတောင် ထပ်ပြီး စော်ကားဝံ့ဦးမယ်လို့ ပြောတာလား . . .”
ဆောင်ဂျု အံ့သြဟန်ဖြင့် မေးလိုက်သည်။
ရဲရှောင် ပြုံးလျက် –
“မဟုတ်ပါဘူး . . . ကျုပ်အနေနဲ့ ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို စိုးရိမ်နေမှာ မဟုတ်ဘူး။ ခေါင်းဆောင်တွေ မရှိလို့ အရေးနိမ့်သလို ဖြစ်နေတဲ့ ကျုပ်တို့အတွက် သူတို့ကို ဘာမှ မလုပ်နိုင်သလို ဖြစ်နေပေမဲ့ အိမ်ရှေ့မင်းသားက လုပ်ပေးပါလိမ့်မယ် . . .”
“အိမ်ရှေ့မင်းသား . . .”
ဆောင်ဂျု မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။
“မဖြစ်နိုင်တာပဲ၊ သူက မင်းကို မြန်မြန်သေပါစေလို့တောင် ဆုတောင်းနေမှာလေ။ သူက မင်းကို ကူညီမလားဟ၊ အရိုးပျော်လက်ဝါးရိုက်ချက်က သူ့ကြောင့် ရခဲ့တယ် ဆိုတာကိုလည်း မေ့မနေနဲ့ဦး . . .”
ရဲရှောင်မှ –
“ဟုတ်ပါတယ်။ အလကားနေရင်းတော့ သူက ကျုပ်တို့ကို ဘယ်ကူညီမလဲဗျာ . . . သူ့ကို ကူညီ ထောက်ခံမှု မရှိတဲ့ လူတွေကို သူက ရှင်းပစ်ချင်နေတာ။ သူသာ ဒီလိုလူတွေကို မရှင်းပစ်နိုင်ရင် သူ့အတွက် ရတက်မအေးရဘူးလေ။ ခုတော့ အပြစ်ပုံချစရာ လူတွေ အစားထိုးလို့ ရသွားခဲ့ပြီ။ တိုက်တိုက်ဆိုင်ဆိုင်ပဲပေါ့ဗျာ . . .”
ဆောင်ဂျုကြောင်ငေးသွားသည်။
ရဲရှောင် အနည်းငယ် ပြုံးလိုက်ရင်း –
“ဦးလေးဆောင် . . . ခင်ဗျားက သိပ်ပြီး ရိုးသားတယ်။ ဘယ်လိုဖြစ်လို့ နားမလည်နိုင် ဖြစ်နေရသေးတာလဲဗျ။ မင်းသားက ကျုပ်ကို လုပ်ခဲ့တဲ့ အပြစ်တွေကို တခြားလူကို လွှဲချမှာလေ။ အဲဒါဆို သူကတော့ ဘာမှ မလုပ်ခဲ့သလို ဟန်ဆောင်နိုင်မှာပေါ့ဗျာ . . .”
ဆောင်ဂျုသည် ကျေနပ်သွားဟန်ဖြင့် –
“ကောင်လေး . . . မင်းကတော့ ဉာဏ်ကောင်းပြီးရင်း ဉာဏ်ကောင်းလာတာပဲ။ မင်းညီလာခံ မတက်ရတာ တော်တော်ဆိုးတယ်။ မင်းကလေ လူတွေကို လှည့်ဖျား ဉာဏ်ဆင်တဲ့နေရာမှာ နှစ်ယောက် မရှိဘူး။ ရိုးသားတယ် ဟုတ်လား . . . ငါ့ကို အဲဒီလိုကြီး မပြောစမ်းပါနဲ့ကွာ . . .”
ရဲရှောင်လည်း ပါးစပ်ကို ပိတ်ထားလိုက်ရပြီး မရယ်မိစေရန် သတိထားလိုက်ရ၏။
သူတို့သည် ဘုရင်ဖြစ်သူမှ အားနည်းနေသည့် စစ်သည်အုပ်စုဘက်မှ ကူညီနေသည် ဆိုတာကို မသိရှိကြချေ။
ထိုအချိန် အပြင်ဘက်မှ ခြေသံများအား ကြားလိုက်ရပြီး သွေးသောက် ရဲမက်တစ်ဦးမှ –
“ခေါင်းဆောင် . . . တော်ဝင်နန်းတော်က တော်ဝင်သမားတော်တွေ ရောက်လာပါတယ်။ သခင်လေးကို ကုသပေးချင်လို့ပါတဲ့ . . .”
ရဲရှောင်လည်း ချက်ချင်းပင် သတိလစ်ချင်ယောင် ဆောင်လိုက်၏။ အိမ်တော်ထိန်းကြီးလည်း ပြုံးနေရာမှ ချက်ချင်းပင် မျက်နှာ ညှိုးငယ်သွားဟန် ဆောင်လိုက်ရင်း လေးလေးပင်ပင် အသံကြီးဖြင့် –
“မြန်မြန် ခေါ်လာခဲ့ကြ . . .”
သူသည် အလွန်အလျင်လိုနေသလို ဟန်ဆောင်လိုက်ပြန်သည်။
သမားတော်များအား ကြာမြင့်စွာ စောင့်ဆိုင်း နေခဲ့ရသလိုပင် ဖြစ်၏။
အပြင်ဘက်မှ ခြေသံများ ထပ်မံကြားလိုက်ရသောအခါ ဆောင်ဂျုလည်း တံခါးကို အမြန်သွားဖွင့် လိုက်သည်။ ထို့နောက် –
“သမားတော်များ ကြွကြပါ . . .”
ထို့နောက် မျက်လုံးများ အရောင်ဝင်းလတ်သွားကာ ပျော်ရွှင်သည့် ဟန်မျိုးဖြင့် –
“ဆရာကြီးစွန်း . . . ခင်ဗျားလည်း ပါလာတာကိုး၊ ကောင်းတယ်၊ သိပ်ကောင်းတယ်ဗျာ . . . မြန်မြန်လာကြပါ . . .”
သမားတော် သုံးယောက်သားသည် အရေးပေါ် အခြေအနေတစ်ခု ဖြစ်ပေါ်နေသည် ဆိုတာကို သိသဖြင့် စကားပြန်ပြောမနေတော့ဘဲ ချက်ချင်းပင် အခန်းထဲသို့ ဝင်လာကြ၏။
အခန်းထဲသို့ ရောက်လာသောအခါ အိပ်ယာထက်၌ လူသေကောင်ကဲ့သို့ ရှိနေသော လူသိများ ထင်ရှားသည့် သခင်လေးရဲအား တွေ့လိုက်ကြရလေသည်။
ရဲရှောင်၏ အနေအထားကို မြင်သည်နှင့် အခြေအနေ မကောင်းဘူး ဆိုတာကိုလည်း တွက်ဆ မိလိုက်ကြသည်။
သူတို့သည် မရေမတွက်နိုင်သော သေလုမျောပါး လူနာများစွာနှင့် ကြုံတွေ့ခဲ့ရဖူး၏။ အချို့မှာ ဒဏ်ရာရ၍သော်လည်းကောင်း၊ အချို့မှာ မတော်တဆမှုများကြောင့်သော် လည်းကောင်း၊ အချို့မှာလည်း ရောဂါကြောင့်သော်လည်းကောင်း သေလုနီးပါး ဖြစ်နေကြသည့် လူများစွာကို ကုသပေးခဲ့ရဖူး၏။ မည်သည့် ရောဂါအခြေအနေကိုမဆို အားလုံးနီးနီး ပြန်ကောင်းအောင် ကုသနိုင်ကြလေသည်။ သို့သော် ယခု ရဲရှောင်အား မြင်လိုက်ရသည့် အချိန်တွင် မကြာခင် ရဲရှောင် သေဆုံးတော့မည် ဆိုတာကို သိလိုက်ကြ ပါတော့သည်။
မျှော်လင့်ချက် အနည်းငယ်ပင် မရှိလောက်ချေ။
လူတိုင်း၏ ခန္ဓာကိုယ်အား အရိုးများမှ ထောက်ကန်ပေးထားသည်။ သေခါနီး လူများပင် အရိုးများ၏ ထောက်ကန်ထားမှုကို ခံနေရတုန်းပင် ဖြစ်သည်။
သို့သော် ရဲရှောင်မှာမူ အရိုးဟူ၍ မရှိတော့ချေ။
သမားတော်လီသည် အချိန်မဖြုန်းဝံ့တော့ဘဲ သူ့ဆေးသေတ္တာကို ချရင်း ရဲရှောင်၏ အိပ်ယာအစွန်း သို့ လာရောက်ကာ သွေးခုန်နှုန်း စမ်းကြည့်လိုက်၏။ သမားတော်လီသည် သွေးခုန်နှုန်း စမ်းသပ်သည့် နေရာတွင် ပြိုက်ဘက်မရှိ ထူးချွန်သူ တစ်ဦး ဖြစ်၏။ တခြားသော တော်ဝင်သမားတော်များထက်ကို ပို၍ တော်သည်ဆိုလျှင် မမှားချေ။ အတွင်းဒဏ်ရာများ ကုသပေးသည့် နေရာတွင်လည်း ထူးချွန်လှလေ၏။
ယခုအချိန်သည် စကားပြောဆိုနေရန် အချိန်မျိုး မဟုတ်ပေ။
ရဲရှောင်၏ လက်ကောက်ဝတ်အား သူ့လက်ချောင်းများဖြင့် စမ်းကြည့်နေရင်း ချက်ချင်းပင် ပျက်နှာ ပျက်ယွင်းသွားသည်။
သမားတော်ဟွမ်လည်း ချက်ချင်းပင် စာရွက်များ ထုတ်လိုက်၏။ စာရေးသည့် စုတ်တံ တစ်ချောင်းကိုလည်း ကိ်ုင်ဆောင်ထားရင်း စောင့်နေလေ၏။ သမားတော်လီနှင့် သူသည် နှစ်ပေါင်းများစွာ တွဲဖက် အလုပ်လုပ်ကိုင်ခဲ့ကြူများ ဖြစ်သဖြင့် လုပ်ရမည့် လုပ်ငန်းစဉ် မှန်သမျှကို သိရှိနားလည် ထားပြီး ဖြစ်၏။
သမားတော်လီလည်း ရဲရှောင်၏ သွေးကြောများအား စမ်းကြည့်နေရင်းဖြင့်ပင် –
“အင်း . . . သွေးကြောတွေ အကုန်လုံး ပျက်ဆီးနေပြီ . . .”
သူပထမဆုံး ပြောလိုက်သည့် စကားကြောင့် သမားတော်ဟွမ်၏ လက်ပင် တုန်သွားခဲ့သည်။ ထို့နောက် သမားတော်လီပြောသမျှအား လိုက်ရေးနေ၏။
“အစာအိမ်ထဲမှာလည်း ဘာမှ မရှိဘူး၊ နှလုံးကလည်း ခုန်တယ်ဆိုရုံပဲ ခုန်တော့တယ်။ အရိုးတွေ ကတော့ . . .”
သမားတော်လီ သက်ပြင်းတစ်ချက် အရင်ချလိုက်သည်။ ထို့နောက်မှ ဆက်လက်၍ –
“အများစုက မရှိတော့ဘူး၊ တကယ်တော့ ကုန်သလောက်ကို ဖြစ်နေပါပြီ . . .”
“ပြောရရင် ရေခဲတုံးတစ်တုံးကို နေပူထဲ ချထားသလိုပဲ၊ ခဏတော့ နေနိုင်မှာ ဖြစ်ပေမဲ့ အချိန်ကြာ လာတာနဲ့အမျှ တဖြည်းဖြည်း အရည်ပျော်သွားရမှာပဲ မဟုတ်လား။ အဲဒီလိုပဲ သူလည်း အရိုးအားလုံး တဖြည်းဖြည်း အရည်ပျော်ကျသွားမှာ . . .”
သမားတော်လီ မျက်လုံးများအား မှိတ်ထားလိုက်ရင်း –
“ဒဏ်ရာက . . .”
ထို့နောက် သမားတော်ဟွမ်ကို တစ်ချက်ကြည့်လိုက်ပြန်ရင်း ကိုယ်စီ ခေါင်းညိတ်လိုက်ကြ၏။
“အရိုးပျော်လက်ဝါး ရိုက်ချက်ကြောင့်ပဲ။ ကမ္ဘာမှာ အပြင်းထန်ဆုံး သိုင်းကွက်တွေထဲက တစ်ခုပေါ့။ ပျောက်ဆုံးနေခဲ့တာလည်း အတော်ကို ကြာခဲ့ပြီ . . .”
ဆောင်ဂျုသည် တုန်ယင်သော အသံဖြင့် –
“တကယ်ပဲ တော်တော် ပြင်းထန်နေတာလား၊ သူပြန်ကောင်းလာနိုင်ဦးမလား . . .”
သမားတော်လီနှင့် သမားတော် ဟွမ်တို့လည်း ခေါင်းခါယမ်း လိုက်ကြရင်း သမားတော်လီမှ သက်ပြင်းချ၍ –
“ဒဏ်ရာက အဆုံးစွန်သော အခြေအနေကို ရောက်နေပြီ။ ဘယ်သူမှ အခုနေ ကုသလို့ ရမှာ မဟုတ်တော့ဘူး။ နတ်ဘုရားတစ်ပါး ဆင်းပြီး ကုသပေးမယ် ဆိုရင်တောင် ဘာမှ မထူးနိုင်တော့ဘူး . . .”
ဆောင်ဂျုသည် သက်ပြင်းချရင်း အလျော့မပေးလိုဟန်ဖြင့် –
“အနည်းဆုံးတော့ ကြိုးစားစရာ အခြေအနေ တစ်ခုလောက်တောင် မရှိနိုင်တော့ဘူးလား . . .”
သမားတော်လီသည် ဆရာကြီးစွန်းအား ကြည့်ရင်း –
“ဒါကို ဆရာကြီးစွန်းက ဖြေပေးပါလိမ့်မယ်။ သူ့မှာ တခြား အကြံဉာဏ် မရှိဘူး ဆိုရင်တော့ . . .”
စကားကိုပင် ဆုံးအောင် မပြောတော့ချေ။
ဆရာကြီးစွန်းလည်း အိပ်ယာဘေးသို့ လာရောက်ကာ သမားတော်လီ ထိုင်ခဲ့သည့် နေရာမှာပင် ထိုင်ချလိုက်ရင်း ရဲရှောင်၏ လက်ကောက်ဝတ်အား စမ်းလိုက်ပြန်သည်။
ထို့နောက် မျက်လုံးများအား မှိတ်လိုက်၏။
ထို့နောက် အခန်းထဲရှိ လူများအားလုံးသည် ပြင်းထန်သော စွမ်းအားတစ်မျိုး ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ကြရ၏။ ရဲရှောင်နှင့် ဆရာကြီးစွန်းတို့ကြား အပြာရောင် စွမ်းအင်လှိုင်းတစ်ခု စီးဆင်းနေသလို ပါပင်။
ဆောင်ဂျုသည် ကြောင်ငေးနေမိ၏။
ဆရာကြီးစွန်းသည် ကောင်းကင်အဆင့်၏ ဆရာသခင်အဆင့်ပင် ဖြစ်တန်ရာ၏။ ကွမ်ဇန်ဝမ်ထက်ပင် အများကြီး ပို၍ အစွမ်းလောက်ပါသေးသည်။
တော်ဝင်နန်းတော်ထဲတွင် ထိုကဲ့သို့ ပညာရှင်များပင် ရှိနေကြ၏။
လူအများ ပြောလေ့ရှိသည့်အတိုင်း “အစွမ်းထက်ဆုံး ပညာရှင်တွေ ဆိုတာ သူတို့ကိုယ်သူတို့ တော်ဝင်နန်းတော်မှာ ရောင်းစားခဲ့ကြတာပါကွာ . . .” ဟူသည့် စကားလိုပင် ဖြစ်ပြီး တော်ဝင်နန်းတော် အတွင်း အဆင့်မြင့် ပညာရှင်အများအပြား ရှိနေသည်။
ယခင်က ဆောင်ဂျုသည်လည်း အဆင့်မြင့် ပညာရှင်တစ်ဦး ဖြစ်ခဲ့သော်လည်း ယခုအချိန်တွင်မူ ဆရာကြီးစွန်းမှာ သူ့ထက် အဆင့်မြင့်နေပြီ ဖြစ်၏။
“တကယ်ပဲ အရိုးပျော်လက်ဝါးရိုက်ချက်ကြောင့် ရထားတဲ့ ဒဏ်ရာပဲ . . .”
ဆရာကြီးစွန်းသည် လေးလေးပင်ပင် ပြောလိုက်သည်။
“ဒါကို ဘယ်လိုမှ ကောင်းကောင်း ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး၊ ဒီကောင်လေးကို နည်းနည်း အသက်ရှင်တာကို ဆွဲဆန့်ပေးလို့ပဲ ရမယ်။ ဒီကောင်လေးကို သေရွာက ပြန်ခေါ်ဖို့ ဆိုတာက ကိုးလှည့်ဆေးကသာ စွမ်းဆောင်နိုင်လိမ့်မယ် . . .”
ရဲရှောင် သေဆုံးမည်မှာ သေချာသလောက်ပင် ဖြစ်သွားချေပြီ။
ကိုးလှည့်ဆေး ဆိုသည်မှာ ချင်းယန်နယ်ပယ်တွင်ပင် ထိပ်တန်းအဆင့် ရှားပါးလှသည့် ရတနာ တစ်မျိုးဖြစ်ပြီး ယခုလို မော်တယ်ကမ္ဘာတွင် မည်သို့မျှ ရှိမနေနိုင်ချေ။ နှစ်ပေါင်း ဘီလီယံနှင့် ချီလျှင်ပင် တစ်လုံးတွေ့ရန် မလွယ်ကူချေ။
လုံးဝ မတည်ရှိနိုင်သည့် အရာကို ပြောလိုက်ကသဲ့သို့ပင် ဖြစ်၏။
“ဟုတ်တယ် . . . အခြား ဆေးအစွမ်းနဲ့ ဆိုရင်တော့ အသက်ကို နည်းနည်းလောက်ပဲ ဆွဲဆန့် ထားနိုင်မှာ . . . ကဲ အိမ်တော်ထိန်းကြီး . . .”
ဆရာကြီးစွန်းသည် ဆောင်ဂျုအား လှမ်းကြည့်ရင်း ပြောလိုက်လေတော့သည် . . .။