Chapter – 153
“သစ္စာဖောက်”
ဘုရင်သည် စကားအဖြစ်သာ မေးလိုက်ခြင်း ဖြစ်ပြီး လတ်တလောတွင် အကြီးမားဆုံး ပြဿနာမှာ နိုင်ငံတော်၏ လေးဘက်လေးလံ၌ အန္တရာယ်များ ဝိုင်းလျက် ရှိနေခြင်းပင် ဖြစ်သည်။
မြောက်ပိုင်းမှ အစီအရင်ခံစာကို မကြည့်ဘဲ ကျန်အစီအရင်ခံစာ ၃ ခုကို ကြည့်ရှုပြီးနောက် –
“ဒီသုံးနေရာလုံးက တိုက်တိုက်ဆိုင်ဆိုင်ကို တိုင်ပင်ပြီး ထကြွလာကြသလား မှတ်ရတယ်။ ကြည့်ရတာ ရန်သူတွေက ဒီလို ကြံစည်ထားခဲ့တာ ကြာပြီထင်တယ် . . . ဒါကို ကြည့်ရသလောက် ငါတို့တွေ ကာကွယ်နိုင်မှမလားပဲ။ နောက်ပြီး အခု မြောက်ပိုင်းကိုလည်း စိတ်ချလို့ မရတော့ဘူး၊ ဘာလို့လဲ ဆိုတော့ ရဲနန်ရှန်က ပြန်လာတော့မယ်။ မြောက်ပိုင်းတစ်ခုလုံးက ကျရှုံးကြတော့မှာ . . . စစ်ပွဲကလည်း စနေပြီ။ ငါတို့ရဲ့ အကောင်းဆုံး အင်အားစုတွေ ပျက်ဆီးရတော့မှာပဲ . . .”
ဘုရင်သည် ဖြည်းညင်းစွာ ပြောလိုက်သည်။ အိမ်ရှေ့မင်းသားလည်း ပို၍ပို၍ ခြောက်ခြား လာလေ၏။ နိုင်ငံတော် ပြိုကွဲလု အခြေအနေက သူ့ကို အသက်ရှူရပင် ခက်နေစေပါသည်။
ထို့အပြင် ထိုကိစ္စများ အားလုံးအတွက် အဓိက တာဝန်ရှိသူမှာ သူပင် ဖြစ်၏။
ကျောက်တုံးတစ်တုံးကိုမ၍ ကိုယ့်ခြေထောက်ပေါ် ကိုယ်ပြန်ထုမိသလိုပင် ဖြစ်၏။
သူ့တက်လမ်းသူပိတ်လိုက် သလိုပါပင်။
ယခုအချိန်တွင် ဘုရင်သည် အေးအေးဆေးဆေး ပုံစံပင် ဖြစ်နေပြီး တုန်လှုပ်နေဟန်လည်း မရှိတော့ချေ။
ယုံကြည်မှုများလည်း ပြန်လည် ရရှိလာပုံပါပင်။
“မင်းသားဟွာရန်း ထွက်သွားတဲ့ အချိန်မှာပဲ အစီအရင်ခံစာတွေက ရောက်လာတယ်။ ကွက်တိ ဆိုသလိုကို ဖြစ်နေတာ။ သူတို့က မင်းသားဟွာရန်း မထွက်ခွာခင်ကတည်းက တိုက်ပွဲတွေ စနှင့်နေပြီ။ ဘာလို့လဲဆိုတော့ မြို့တော်ကို အစီအရင်ခံစာ ရောက်မဲ့ အချိန်ကို ကြိုတင်တွက်ဆ ထားခဲ့ကြလို့ပဲ။ တော်တော်ကို အကွက်စေ့တဲ့ စီစဉ်မှုပဲ။ စစ်သည်တွေ ထွက်သွားပြီးမှ ဒီအစီရင်ခံစာ ၃ ခုက ရောက်လာရတာလေ . . . မင်းသားဟွာရန်း စစ်ထွက်တယ်ဆိုတာ နိုင်ငံတော်ရဲ့ ထိပ်တန်း လျို့ဝှက်ချက် တစ်ခုပဲ။ ဒါပေမဲ့ ငါတို့ ရန်သူတွေကတော့ ကြိုသိနေကြတယ်။ ငါတို့ရဲ့ အုပ်ချုပ်ရေးပိုင်းမှာ သစ္စာဖောက် တစ်ယောက်တော့ ရှိနေပြီ . . .”
ဘုရင် မျက်ခုံးပင့်လျက် ပြောလိုက်သည်။
“သစ္စာဖောက် တစ်ယောက် . . .”
အိမ်ရှေ့မင်းသားလည်း တုန်လှုပ်ဟန်ဖြင့် ကြည့်ရင်း ရေရွတ်လိုက်သည်။
“ဟုတ်တယ် . . . အဲဒါကြောင့် ငါတို့ ညီလာခံမှာ ဆွေးနွေးတဲ့ ဘယ်ကိစ္စကိုမဆို ရန်သူကို လျို့ဝှက်ထားလို့ မရဘူး ဖြစ်နေတာ၊ ဒါကြောင့် အခုလို အခြေအနေဆိုးမျိုး ဖြစ်လာရတာပေါ့ . . .”
ဘုရင်သည် ခပ်အေးအေးပင် ပြောလိုက်သည်။
“တိုင်းပြည်ရဲ့ နယ်စပ်လေးဘက်လုံမှာ စစ်ပွဲတွေ တစ်ချိန်တည်း ဖြစ်လာတယ်။ စစ်နတ်ဘုရား ၂ ယောက်ကလည်း ပြိုင်တူကို ပေါ်လာကြတယ်။ တောင်ပိုင်းရဲ့ ဒါဇင်ပေါင်းများစွာသော မျိုးနွယ်စုဝင်တွေနဲ့ မြောက်ပိုင်းက ထောင်နဲ့ချီတဲ့ မျိုးနွယ်စုဝင်တွေ အားလုံးကလည်း ဆန့်ကျင်လာကြတယ်။ ဒီလို တိုက်ပွဲတွေ ဖြစ်လာဖို့ အတွက် အချိန်တော်တော်ကြာ စီစဉ်ခဲ့ရမှာပဲ . . .”
“ဒီအင်အားစုတွေက်ို စုစည်းပြီး ပြိုင်တူ တိုက်ခိုက်နိုင်ဖို့ ပြင်ဆင်တာ အနည်းဆုံးတော့ ၆ လလောက် ကြာမှာပဲ။ ဒီခြောက်လအတွင်း ငါတို့စေလွှတ်ထားတဲ့ သူလျိုတွေကလည်း ဘာသတင်း အစအနမှ မရခဲ့ကြဘူး။ အဲဒါက တကယ့် ပြဿနာ တစ်ခု ဖြစ်စေခဲ့တယ် . . .”
“ငါပြောတဲ့ စကားတွေတိုင်းကို သေချာ သုံးသပ်ကြည့်မယ် ဆိုရင် ရန်သူတွေက တော်တော်လေး စဉ်းစားဉာဏ်ရှိပြီး သေချာကို အကောက်ကြံခဲ့ကြတာ ဆိုတာ ထင်ရှားတယ်။ ငါတို့နိုင်ငံက လူတွေကိုပါ ထိန်းချုပ်နိုင်ခဲ့ကြပုံပဲ၊ အထူးသဖြင့် ညီလာခံက အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ၊ အမတ်မင်း အရာရှိတွေကိုပါ ထိန်းချုပ်လာနိုင်ခဲ့တယ်။ ဒါပေမဲ့ ငါတို့လူတွေကတော့ ဒီလူတွေရဲ့ သရုပ်အမှန်ကိုတောင် မသိကြဘူး၊ တော်တော်ကို ကြောက်စရာကောင်းတဲ့ အင်အားစုပဲ . . .”
“ဒီလို ပြည့်စုံတဲ့ အစီအစဉ်တွေ လုပ်ထားတဲ့ အင်အားစုမျိုးနဲ့ ရင်ဆိုင်ရမဲ့ ငါတို့နိုင်ငံတော်အတွက် တကယ်ကို ခက်ခဲတဲ့ အခြေအနေကို ရောက်နေပြီ။ ငါတို့ကို ဆန့်ကျင်ဖို့အတွက် အများကြီး ကြိုးစားခဲ့ကြ တယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အချိန်တိုအတွင်း ငါတို့ကို အနိုင်ယူချင်နေကြတာ ဖြစ်ရမယ် . . .”
ဘုရင်၏ ထင်မြင်ယူဆချက်များသည် ဓားသွားတစ်လက်ကဲ့သို့ ထက်ရှလှပေသည်။
“အဲဒါကြောင့် ငါတို့လုပ်ဖို့ လိုအပ်တာ၊ လုပ်နိုင်တာကတော့ ငါတို့ဘက်က အခွင့်အရေး ပေါ်မလာ မချင်း အချိန်ကို တတ်နိုင်သမျှ ဆွဲထားရမှာပဲ . . .”
ဘုရင်သည် သူ၏ အကြံအစည်အား ပြောပြလိုက်၏။
“အဲဒါကြောင့် ငါတို့ဘက်က လူတွေအများကြီး စတေးခံရမယ် ဆိုရင်တောင်မှ တောင့်ခံထားရဦး မှာပဲ။ အတတ်နိုင်ဆုံး အချိန်ဆွဲနိုင်မှ ဖြစ်မယ် . . .”
“ငါတို့တွေ တစ်နှစ်ခွဲလောက်ကြာအောင် တောင့်ခံထားနိုင်ခဲ့မယ် ဆိုရင် သူတို့ဘက်က အင်အားစု တဝက်လောက်က စည်းလုံးမှု ပျက်ပြားလာမှာပဲ . . .”
ဘုရင်သည် ပြတင်းပေါက် အပြင်ဘက်အား ရီဝေစွာ ကြည့်လိုက်ရင်း ဆက်လက်၍ –
“စစ်ပွဲဆိုတာ ငွေကြေးပြိုင်ဆိုင်မှု တစ်မျိုးပဲ။ မြောက်ပိုင်းနဲ့ တောင်ပိုင်းက မျိုးနွယ်စုတွေဟာ ဆင်းရဲကြတယ်။ ဒီလို တိုက်ပွဲကြီးကို စီစဉ်နိုင်တဲ့ အင်အားမျိုး မရှိဘူး။ သယံဇာတ အရင်းအမြစ်တွေ အတွက် တိုက်ခိုက်မှုတွေ အမြဲလိုလို လုပ်နေကြတာလေ။ တခြား နိုင်ငံတော် ၂ ခုက ဒီမျိုးနွယ်စုတွေကို သေချာပေါက် ထောက်ပံ့ပေးနေတာ ဖြစ်ရမယ် . . .”
“တစ်သက်လုံးတော့ ဒီလို ထောက်ပံ့နိုင်မှာ မဟုတ်ဘူး၊ ဒီလိုမှ မဟုတ်ရင် သူတို့ပါ ပြိုကွဲ သွားရလိမ့်မယ် . . .”
“အချိန် . . . အဓိက ငါတို့ လိုအပ်နေတာ အချိန်ပဲ၊ ဒါက လုံးဝ သော့ချက်တစ်ခုပေါ့ . . .”
“စစ်ပွဲက တာရှည်လာတာနဲ့ မညီမျှတဲ့ ထောက်ပံ့မှုတွေကနေ သူတို့ကြား တဖြည်းဖြည်း သွေးကွဲ လာကြလိမ့်မယ်။ အချင်းချင်း တိုက်ခိုက်မှုတွေ ဖြစ်လာကြလိမ့်မယ်။ အဲဒါ ငါတို့အတွက် အခွင့်အရေးပဲ။ ငါတို့က သူတို့ချင်း တိုက်ခိုက်လာမဲ့ အချိန်ကို စောင့်နေပြီး အဲဒီလိုအချိန်မှ ငါတို့ဘက်က တန်ပြန် ထိုးစစ် ဆင်ရမယ် . . .”
ဘုရင်ပြောသမျှ မာန်အပြည့်ဖြင့် စကားလုံးများအား ပြတ်သားစွာ ပြောနေသည်။ သူ၏ အသံသည် ပြတ်သားလှ၍ မျက်လုံးများသည်လည်း စူးရှတောက်ပလျက် ရှိနေသည်။
“ဒါပေမဲ့ ငါ့စိတ်ထဲ စိုးရိမ်စရာ တစ်ခု ရှိနေတယ်။ ရဲနန်ရှန် ကိစ္စပဲ . . .”
“ရဲအိမ်တော်က လွှတ်လိုက်တဲ့ စာပို့ခို ရောက်သွားတာနဲ့ ရဲနန်ရှန်လည်း ပြန်ရောက် လာမှာပဲ။ မြောက်ပိုင်းဟာ ငါတို့နိုင်ငံတော်ရဲ့ အလုံခြုံဆုံးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ရဲနန်ရှန် မရှိတော့တာနဲ့ မြောက်ပိုင်းတပ်မဟာကြီး တစ်ခုလုံး အကြာကြီး တောင့်ခံနိုင်မှာ မဟုတ်လောက်ဘူး . . .”
“ဒီကိစ္စရဲ့ သော့ချက်က ရဲရှောင်ပဲ . . . ရဲရှောင် အဆင်ပြေနေသ၍ ရဲနန်ရှန်လည်း တိုက်ပွဲကို ဆက်တိုက်မှာ၊ ဘယ်လောက်ပဲ အခြေအနေ ဆိုးနေပါစေ ရဲနန်ရှန် တိုက်ပွဲကို ပြန်ရောက်တာနဲ့ ပြန်ပြီး တည်ငြိမ်သွားမှာ သေချာသလောက်ပဲ . . .”
“ဒါပေမဲ့ ရဲရှောင်သာ သေသွားခဲ့မယ် ဆိုရင်တော့ မြောက်ပိုင်းတစ်ခုလုံး ကံကြမ္မာဆိုးနဲ့ ရင်ဆိုင် သွားရတော့မှာ . . .”
ဘုရင်သည် မျက်မှောင်ကြုတ်လိုက်ပြန်ရင်း ဆက်လက်၍ –
“ရန်သူဘက်ခြမ်းမှာက ဉာဏ်အမြော်အမြင်ရှိတဲ့ လူအချို့ ရှိနေမှာပဲ။ ဒီတိုက်ပွဲရဲ့ အဓိက သော့ချက်ဟာ ရဲနန်ရှန် ဖြစ်တယ် ဆိုတာကို စဉ်းစားမိကြမှာ သေချာတယ်။ ရဲနန်ရှန်ကသာ သူတို့အတွက် အခက်ခဲဆုံး ရင်ဆိုင်ရတဲ့ စစ်သူကြီး မဟုတ်လား . . .”
“ငါတို့ရဲ့ နိုင်ငံတော်မှာ အစွမ်းထက်ဆုံး စစ်သူကြီးဟာ မင်းသားဟွာရန်း မဟုတ်ဘဲ ရဲနန်ရှန် ဆိုတာကို သူတို့က သိကြတယ် . . .”
“အဲဒါကြောင့် အခု မြို့ပြင်မှာ ဖြစ်သွားတဲ့ တိုက်ပွဲကိုကြည့် . . . ဒါက ဇာတ်လမ်းဆင်ထားတာလား၊ ရဲနန်ရှန်ကို ရင်ဆိုင်ဖို့အတွက် အကွက်ချမှုတွေထဲက တစ်ခုလား . . . ရဲနန်ရှန် မရှိတာနဲ့ မြောက်ပိုင်းကို သူတို့ သိမ်းပိုက်လို့ ရပြီလေ . . .”
ဘုရင်၏ မျက်လုံးများသည် အေးစက်လျက် ရှိနေ၏။
အိမ်ရှေ့မင်းသားသည်လည်း ချွေးစေးများ ပြန်လျက် ရှိသည်။
ထိုအချိန် ဝမ်ကုန်းကုန်းသည် အပြင်ဘက်မှ နေ၍ –
“မင်းကြီး . . . အရာရှိ အမတ်မင်းတွေ အကုန်လုံး ရောက်နေကြပါပြီ . . .”
အချိန်အားဖြင့် မွန်းလွဲနေပြီ ဖြစ်သည်။
ဘုရင်မှ –
“သူတို့အားလုံး ချန်ရှန်းခန်းမထဲမှာ စောင့်နေကြလို့ ပြောလိုက် . . .”
ထို့နောက် အိမ်ရှေ့မင်းသားကို လှမ်းကြည့်ရင်း –
“မင်းပါ ငါနဲ့ လိုက်ခဲ့ . . .”
သူတို့သည် ခြေလှမ်းကြဲကြီးများဖြင့် လျှောက်လာကြသည်။
အိမ်ရှေ့မင်းသားလည်း လိုက်ပါလာခဲ့၏။
သူ့ခမည်းတော်၏ နောက်ကျောကို ကြည့်ရင်း အိမ်ရှေ့မင်းသား စိတ်ထဲ မကောင်းပေ။
သူ့အဖေသည် လမ်းလျှောက်မြန်သူတစ်ယောက် ဖြစ်သည်ဟု အမြဲလို ခံစားမိခဲ့သည်။ ယခု လျှောက်လှမ်းနေပုံသည် ဟိတ်ဟန်အပြည့် ရှိသော်လည်း စိတ်လွတ်လက်လွတ် ပုံစံ မဟုတ်ဟု ခံစားနေမိ၏။ ဘုရင်တစ်ဦးတွင် လွတ်လပ်သော ဟန်ပန် ရှိရမည်ဟုလည်း သူတွေးလိုက်မိသည်။
သူသည် သူ့အဖေနှင့် နှိုင်းစာပါက အပုံကြီး ကွာခြားနေသေး၏။
တိုက်ပွဲအခြေအနေ အသည်းအသန် ဖြစ်နေသည့်တိုင် ဘုရင်သည် ခိုင်မာ၍ ပြတ်သားသော ခြေလှမ်းများဖြင့် မှန်မှန် လျှောက်နေဆဲပင်။ ပုံမှန်အတိုင်း ဟန်မပျက် ရှိနေသလိုပင် ဖြစ်၏။
ချန်ရှန်းခန်းမ အတွင်းတွင် ဖြစ်သည်။
ဘုရင်သည် ပလ္လင်ထက်တွင် ထိုင်နေပြီး အောက်ရှိ အရာရှိ မှူးမတ်များအား တည်ငြိမ်စွာ ကြည့်နေ၏။
အရာရှိမှူးမတ်များ အားလုံးသည် အတော်ကြီးကို စိတ်ရှုပ်ထွေး နေကြ၏။
သူတို့သည် ဘုရင်ထက် နောက်ကျ၍ အဖြစ်အပျက်များကို သိရှိခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုမည်သည့်အကြောင်းကြောင့် ညီလာခံ ပြုလုပ်သလဲ ဆိုတာကို သိနေကြလေ၏။
နိုင်ငံ၏ နယ်စပ်လေးခုတွင် အချိန်မရွေး တိုက်ပွဲကြီးများ ဖြစ်ပွားနိုင်နေပြီ ဖြစ်သည်။
ထို့ကြောင့် အားလုံး၏ ရင်ထဲတွင် သောကမီးများ တောက်လောင်နေကြ၏။
သူတို့အားလုံး နားလည်ထားသည့်အရာ တစ်ခုတော့ ရှိပေသည်။ နိုင်ငံတော် ပြိုကွဲပါက သူတို့ အားလုံးလည်း ပြိုလဲမည် ဆိုသည့် အချက်ပင် ဖြစ်၏။
ဘုရင်သည် တည်ငြိမ်စွာ ကြည့်နေပြီးနောက် ခပ်အေးအေး လေသံဖြင့်ပင် –
“အားလုံးနားထောင်ပါ . . .”
အားလုံး သတိအနေအထား ဖြစ်သွားကြသည်။ ဘုရင်သည် မတ်တတ်ရပ်လိုက်ရင်း လက်နောက်ပစ်ကာ –
“လက်ယာအမတ်မင်း၊ အမတ်လိ၊ အမတ်တောက် နောက်ပြီးတော့ . . .”
ဘုရင်သည် အမတ် ၆ ယောက်၏ နာမည်များအား ခေါ်လိုက်သည်။
နာမည်အခေါ်ခံရသော အမတ်များသည် ချက်ချင်းပင် အရှေ့သို့ ထွက်လိုက်ကြပြီး ဘုရင်၏ အမိန့်အား စောင့်ဆိုင်းနေကြ၏။ သူတို့အားလုံးသည် ကြောင်တောင်တောင် ပုံစံ ဖြစ်နေကြပြီး ဘုရင် မည်သို့များ မိန့်ကြားမလဲ သိချင်နေကြသည်။
“မင်းတို့တွေက မင်းတို့ရဲ့ ဂျူနီယာ မျိုးဆက်တွေကို ဆုံးမပဲ့ပြင်ခြင်း မရှိခဲ့ကြဘူး။ မင်းတို့ရဲ့ ကလေးတွေဟာ ပြဿနာရှာဖို့လောက်ပဲ သိပြီးတော့ နိုင်ငံ့အရေးကိုလည်း လျစ်လျူရှု နေကြတယ်။ ငါ့ရဲ့ စစ်သည်ရဲမက်တွေကတော့ သူတို့ရဲ့ အသက်သွေးချွေးတွေ စတေးပြီး ရှေ့တန်းမှာ တိုက်ပွဲဝင်နေကြရ တယ်။ အဲဒီအချိန် မင်းတို့ရဲ့ ကလေးတွေက ငါ့စစ်သည် မိသားစုဝင်တွေကို အနိုင်ကျင့်ဖို့ ကြိုးစား ခဲ့ကြတယ်။ မင်းတို့အမှားကို မင်းတို့ သိကြလား . . .”
ဘုရင်၏ အသက်သည် တည်ငြိမ်လျက် ရှိပြီး ခပ်အေးအေး ပါပင်။ သို့သော် အဆိုပါ အသံအတွင်း ပုန်းအောင်းနေသည့် ဒေါသများအား အားလုံး ခံစားသိရှိနေမိကြ၏။
အမတ်များအားလုံးသည် မြို့ပြင်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စများနှင့် ပတ်သက်၍ သိထားကြပြီးသား ဖြစ်သည်။ ထိုအကျိုးဆက်သည် နိုင်ငံတော်အဆင့်ထိ သက်ရောက်စေမည် ဆိုသည်ကိုလည်း သိနေကြ၏။
သာမန်အားဖြင့် လူငယ်အချင်းချင်း ရန်ဖြစ်မှုသည် ဘုရင့်နားထိ ရောက်လာစရာ အကြောင်း မရှိချေ။ ဘုရင်မှာ မကြိုက်သော်လည်း အရေးစိုက်နေမည် မဟုတ်ပေ။ သို့သော် ယခုအကြိမ်တွင်မူ ထိုဖြစ်စဉ်သည် နိုင်ငံတော်၏ အနာဂတ်အတွက် ဆိုးကျိုးတစ်ခုကဲ့သို့ ဖြစ်သွားလေ၏။
တခြားသော အမတ်များအားလုံးသည် တံတွေးမျိုချလိုက်မိကြသည်။
(သူတို့ကတော့ ကံဆိုးပြီ။ လက်ယာအမတ်မင်းတို့တော့ ဘာဆက်ဖြစ်မလဲ မသိဘူး . . .)
လက်ယာအမတ်မင်း အပါအဝင် ကျန်အမတ်များသည် ချက်ချင်းပင် ဒူးထောက်လိုက်ကြရင်း –
“ကျွန်တော်မျိုးတို့ မှားပါတယ်။ အပြစ်ပေးတော်မူပါ မင်းကြီး . . .”
သူတို့သည် အပြစ်ပေးရန် ကိုယ်တိုင်ဝန်ခံလိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် ဘုရင်မှ လူငယ်ချင်း ရန်ဖြစ်သော အမှုဖြင့် သူတို့အား ပြင်းပြင်းထန်ထန် အပြစ်မပေးလောက်ဟု တွေးမိခဲ့ကြ၍ပင် ဖြစ်သည်။
သို့သော်လည်း ထိုအချိန် ဆက်ပြောလိုက်သော ဘုရင်၏ လေသံသည် အတော်ကြီးကို အေးစက်နေပြီ ဖြစ်ပါတော့သည် . . .။