Chapter – 152
“ဒေါသမီးတောက်လောင်ခြင်း”
အိမ်ရှေ့မင်းသားသည် အရူးတစ်ယောက်ကဲ့သို့ ပြောပြီးသား စကားများအား ထပ်ခါထပ်ခါ ပြောဆိုနေ၏။ ဘုရင်သတိပြုမိစေရန် ကြိုးစားနေခြင်းပင် ဖြစ်သည်။
ဂျန်ယုမင်သည်လည်း အိမ်ရှေ့မင်းသားမှ သူ့ကို ယနေ့တွင် အသေထိုးနှက်တော့မည် ဆိုတာကို သိရှိနေလေတော့၏။
(ငါမင်းသားကို ဘယ်တုန်းကများ ကလန်ကဆန် လုပ်ဖူးလို့လဲ၊ ဘာများ သွားပြီး ရှုပ်ထားမိလို့လဲ၊ ဘုရင်ဖြစ်လာမဲ့ မင်းသားတစ်ပါးက ငါ့ကို ဒီလိုပဲ ဆက်ဆံတယ်ပေါ့ . . .)
“ခင်ဗျားသားနဲ့ သူ့အဖွဲ့ဟာ ရဲရှောင်တို့ အဖွဲ့ကို တောင်ဘက်ဂိတ်မှာ အနိုင်ကျင့်ကြတာ ခင်ဗျားသား မှားတယ်လို့ မထင်ဘူးပေါ့ . . .”
“မင်းသားဟွာရန်းက ထွက်သွားခါစပဲ ရှိသေးတယ်၊ ခင်ဗျားသား ဂျန်တိုင်စုကတော့ သူ့သမီးလေး ကို ရိသဲ့သဲ့ သွားပြောခဲ့တယ်။ အဲဒါ ခင်ဗျားသား မှားတယ်လို့ မထင်ဘူးပေါ့ . . .”
ဂျန်ယုမင်သည် မင်းသားအား ပြန်လည်ချေပရန် စကားလုံး ရှာမတွေ့တော့ချေ။
သူ့သား ထိုကဲ့သို့ အပြုအမူများ ပြုလုပ်လိမ့်မည် ဆိုတာကို သူကိုယ်တိုင်လည်း သိနေ၏။
“စစ်သည်ရဲမက်တွေက နိုင်ငံတော်အတွက် အသက်ပေး တိုက်ခိုက်နေကြတယ်။ ခင်ဗျားရဲ့သားနဲ့ အရူးတစ်သိုက်က မြို့ထဲမှာ ဆောင့်ကြွားကြွားနဲ့ စစ်သည်တွေရဲ့ မျိုးနွယ်စုဝင်တွေကို စစ်သည်တွေ ထွက်သွားသွားချင်းပဲ သွားပြီး စော်ကားခဲ့တယ်။ အသက်သွေးချွေးနဲ့ ရင်းပြီး ကာကွယ်ပေးနေတဲ့ စစ်သည်တွေကို စော်ကားလိုက်တာပဲ မဟုတ်ဘူးလား . . .”
“ဒီစစ်သည်တွေသာ စိတ်ပျက်အားလျော့သွားခဲ့မယ်ဆိုရင် ဒီနိုင်ငံတော်ကြီးကို ဘယ်သူ ကာကွယ်ပေးမှာလဲ . . .”
အိမ်ရှေ့မင်းသား၏ စကားလုံးများသည် ပြင်းထန်လှသည်။
ဂျန်ယုမင်လည်း သေချင်စိတ်ပင် ပေါက်နေပြီ ဖြစ်၏။
(ဒီကောင်လေးတွေက မကြာခဏ ရန်ဖြစ်နေကျပဲ မဟုတ်လား၊ အရင်ကလည် ဖြစ်ခဲ့ကြ ဖူးတာပဲလေ။ အခုကျမှ ဘာလုိ့ ဒီလောက်ထိ ကြမ်းကြမ်းတမ်းတမ်း ပြောဆိုပြီး နိုင်ငံတော်အဆင့် ပြစ်မှုကြီး ကျူးလွန်သလို လုပ်နေရတာလဲ . . .)
“လူငယ်အုပ်စု ၂ စု တွေ့ကြတဲ့ အချိန်မှာ တစ်ဖက်အုပ်စုက အသက်ပေးဖို့ ထွက်သွားကြတဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်း မွန်းကြပ်နေခဲ့ကြတယ်။ ဒါပေမဲ့ ခင်ဗျားသားအဖွဲ့ကတော့ ဒီလိုလူတွေကို မိုက်မိုက်ရိုင်းရိုင်း စော်ကားခဲ့တယ် . . . ဘယ်သူက ခံနိုင်မှာလဲ၊ ဘယ်သူက ခံနိုင်မယ်များ ထင်နေတာလဲ . . .”
“အဲဒါကြောင့် သူတို့ တိုက်ကြခိုက်ကြတာပေါ့။ ခင်ဗျားရဲ့သား အထိနာသွားတာ မှန်ပါတယ်။ ဒါပေမဲ့ ဒါက သူ့ဒုက္ခ သူသွားရှာတာလေ။ တစ်ဖက်ကို သွားစော်ကားလို့သာ သေလုမျောပါး အရိုက်ခံ လိုက်ရတာ။ ဒီလို ခံရတယ် ဆိုတာကလည်း သူ့မှာ အစွမ်းအစ မရှိလို့ပေါ့။ လူတွေကို အနိုင်ကျင့်တတ်တဲ့ လူတစ်ယောက်က ပြန်ပြီး အနိုင်ကျင့်ခံရမှာ ဓမ္မတာပဲ . . .”
“နောက်ပြီး ခင်ဗျားသားက ဒဏ်ရာရသွားခဲ့ပေမဲ့ သေအံ့ဆဲဆဲ အခြေအနေ မဟုတ်ဘူး။ ကျုပ်အခု သိရသလောက်တော့ ရဲရှောင်ရဲ့ အရိုးတွေ အားလုံးက ကြေသွားပြီ။ သေမင်းတံခါးကို သွားပြီး ခေါက်နေပြီလေ။ အဲဒီလို အချိန်မှာ ခင်ဗျားက အမှန်ကို အမှား လုပ်ကြံလီဆယ်ပြီး ဒီမှာ လာလျှောက်တင် နေတယ် . . .”
အိမ်ရှေ့မင်းသား၏ စကားလုံးများအောက်တွင် ဂျန်ယုမင်သည် ခေါင်းငုံ့လျက်သာ ရှိနေ၏။
တစ်ခုခု ပြောရန် ပြင်လိုက်စဉ်မှာပင် ဘုရင်က –
“ဘာ . . . မင်းဘာပြောလိုက်တာလဲ၊ သူ့အရိုးတွေ အကုန်လုံး ကြေသွားပြီ ဟုတ်လား။ မင်းပြောနေတာ ရဲရှောင်အကြောင်းတော့ ဟုတ်ပါတယ်နော် . . .”
အိမ်ရှေ့မင်းသားလည်း ဘုရင်ဘက်သို့ လှည့်လိုက်ရင်း ရိုကျိုးဟန်ဖြင့် –
“ဟုတ်ပါတယ် ခမည်းတော်၊ သူ့ကို ကျွန်တော်ကိုယ်တိုင်တော့ မမြင်ရသေးပါဘူး။ ဒါပေမဲ့ ကျွန်တော့်ကို အဲဒီလိုပဲ သတင်းလာပို့ သွားပါတယ်။ လုံးဝကို မမှားနိုင်ပါဘူး၊ ဘာလို့လဲဆိုတော့ ဂျန်တိုင်စု တို့ အုပ်စုထဲမှာ အဆင့်မြင့် ပညာရှင်တစ်ယောက် ရှိနေပါတယ်။ သူက ရဲရှောင်ကို ပျောက်ဆုံးနေတာ ကြာပြီ ဖြစ်တဲ့ အရိုးပျော်လက်ဝါးရိုက်ချက်နဲ့ တိုက်ခိုက်ခဲ့တာပါ . . .”
“ဘာ . . . အရိုးပျော်လက်ဝါးရိုက်ချက် ဟုတ်လား . . .”
ဘုရင်သည် ယခင်က သိုင်းပညာ လေ့လာလိုက်စားခဲ့ဖူးသူ တစ်ဦး ဖြစ်သဖြင့် အရိုးပျော်လက်ဝါး ရိုက်ချက် အကြောင်းကို ကောင်းစွာ သိရှိလေသည်။ ထို့ကြောင့်ပင် မျက်နှာတစ်ခုလုံး ချက်ချင်း သွေးမရှိတော့သလို ဖြစ်သွား၏။
“ရဲရှောင်ဟာ တိုက်ခိုက်ခံခဲ့ရပြီးတဲ့ အချိန်မှာ ချက်ချင်း လဲကျသွားတာမျိုး မဟုတ်ပါဘူး၊ မြို့ထဲကို ပြန်လာပြီး အိမ်နားရောက်ဖို့ နည်းနည်းပဲ လိုတော့တဲ့ အချိန်မှာ ရုတ်တရက် မြင်းပေါ်ကနေ ပြုတ်ကျ သွားတာပါ။ သူ့အရိုးတွေ အကုန်လုံး မရှိတော့ဘဲနဲ့ တစ်ကိုယ်လုံးဟာ အဝတ်စတစ်စလို ပျော့နေပါပြီ . . .”
အိမ်ရှေ့မင်းသား သက်ပြင်းတစ်ချက် ချလိုက်သည်။ ထို့နောက် ဆက်လက်၍ –
“အခု သူက သတိမေ့နေတယ်။ ကြည့်ရတဲ့ အနေအထားကတော့ အသက်ရှူနေတဲ့ အလောင်း တစ်လောင်းလိုပါပဲ ခမည်းတော် . . . အခုဆို ရဲအိမ်တော်က စာပို့ခိုနဲ့ စစ်သူကြီးရဲကို လှမ်းအကြောင်းကြား ပြီးပါပြီ။ သူ့သားကို နောက်ဆုံးအကြိမ် လာတွေ့နိုင်အောင်လို့ပါ . . .”
အိမ်ရှေ့မင်းသားသည် ဘုရင်၏ တုန်လှုပ်နေပုံကို မြင်တွေ့နေရသည်။
ဘုရင်၏ မျက်နှာတွင် သွေးရောင်ဟူ၍ မရှိတော့ဘဲ ဖြူဆုပ်နေလေ၏။
ဘုရင်သည် အမြဲလိုလို စိတ်ဓာတ်မာကြောသူ တစ်ဦး ဖြစ်သည့်တိုင် ယခုအခါတွင်မူ သူ၏ စိတ်ဓာတ်များသည်လည်း မမာကျောနိုင်တော့ချေ။ မတ်တတ်ပင် သေချာ မရပ်နိုင်တော့ဘဲ လဲကျလုမတတ် ဖြစ်နေလေ၏။ ချက်ချင်းပင် သူ့စားပွဲအစွန်းအား အားပြုလိုက်ရပြီး ခြေထောက်များသည် အားမရှိသလို ဖြစ်နေသည်။
“ခမည်းတော် အဆင်ပြေရဲ့လား . . .”
အိမ်ရှေ့မင်းသားပင် အနည်းငယ် လန့်သွားလေသည်။ ချက်ချင်းပင် အနားသို့ လျှောက်လာ၏။
ဘုရင်၏ အခြေအနေမှာ အိမ်ရှေ့မင်းသားအဖို့ တစ်ခါမျှ မကြုံဖူးသော အခြေအနေပါပင်။
(ဘယ်လိုဖြစ်ရတာလဲ . . .)
ဘုရင်သည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် ပြုံးလျက် –
“နတ်ဘုရားတွေရဲ့ အလိုကျပါပဲ၊ နတ်ဘုရားတွေကကို ငါ့နိုင်ငံတော် ပြိုကွဲစေချင်နေလို့ ဖြစ်မှာပါ”
ဂျန်ယုမင်နှင့် အိမ်ရှေ့မင်းသားတို့ နှစ်ဦးလုံး ထိတ်လန့်သွားကြလေသည်။
(ဘယ်လိုများ ပြောလိုက်တာလဲ မင်းကြီး . . .)
ဘုရင်သည် မျက်လုံးများအား မှိတ်လိုက်သည်။ ခေါင်းကို ပွတ်လိုက်ရင်း အလွန်အမင်း အားအင်မဲ့၍ ပင်ပန်းနွမ်းနယ်ပုံ ပေါ်နေလေသည်။ ဟန်ပင် မဆောင်နိုင်တော့ချေ။
အိမ်ရှေ့မင်းသားပင် အလွန် အံ့သြနေမိ၏။
သူကလေး ဘဝကတည်းက သူ့အဖေဖြစ်သူ ဘုရင်ကြီးသည် သူ့အတွက် တောင်ကြီးတစ်တောင် ကဲ့သို့ပင် ဖြစ်၏။ နိုင်ငံတစ်ဝှမ်းလုံး၏ အခက်အခဲများ၊ အကြပ်အတည်းများကို အောင်မြင်စွာ ကျော်ဖြတ်ပေးနိုင်ခဲ့သည်။ သို့သော် ထိုကဲ့သို့သော ယုံကြည်မှုများကို ယခုအခါတွင် မတွေ့ရတော့ချေ။
အိမ်ရှေ့မင်းသား အလွန် ထိတ်လန့်နေမိ၏။
ခဏကြာသော် ဘုရင်သည် မျက်လုံးများ ဖြည်းညင်းစွာဖွင့်လိုက်ရင်း –
“အရိုးပျော်လက်ဝါးရိုက်ချက် . . . ဒါက ကုသလို့ မရဘူး၊ အခုသတိလစ်နေပြီ၊ မကြာခင်ဆို သေရတော့မယ်။ စစ်သူကြီးဆီကိုလည်း စာပို့ခိုက ပို့ပြီးသွားပြီ၊ ဒီစာကို ရတာနဲ့ သူ့ရဲ့ အချစ်ဆုံးသားဆီ နောက်ဆုံးအကြိမ် တွေ့ဖို့အတွက် ချက်ချင်း ပြန်လာမှာပဲ . . .”
ထို့နောက် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရင်း –
“ဘယ်လောက်တောင် အံ့သြစရာ ကောင်းလိုက်သလဲကွာ . . .”
သူ၏ မျှော်လင့်ချက်များအားလုံး ရေစုန်မျောသွားသလို ပါပင်။
ခိုစာ ရောက်သွားသည်နှင့် ရဲနန်ရှန်သည် မည်သည့်ကိစ္စပဲ ရှိနေပါစေ ချက်ချင်း ပြန်လာခဲ့မည်မှာ သေချာနေပြီ ဆိုတာကို ဘုရင် သိနေသည်။
တစ်စက္ကန့်ပင် အချိန်ဖြုန်းမည် မဟုတ်ပေ။
(ဒါဆိုရင် မြောက်ပိုင်းက စစ်ပွဲကရော . . . နိုင်ငံရဲ့ လေးဘက်လေးလံထဲမှာ အလုံခြုံဆုံး ဖြစ်နေတဲ့ မြောက်ပိုင်းက စပြီး ပြိုကွဲသွားတော့မှာလား . . .)
ထို့နောက် မျက်လုံးများ ဖွင့်လိုက်ပြီး ဂျန်ယုမင်အား အသက်မဲ့ဟန်ဖြင့် ကြည့်ကာ တည်ငြိမ်အေးဆေးသော အသံဖြင့် –
“ဂျန်ယုမင် . . . မင်းအခု အိမ်ပြန်သင့်ပြီ . . .”
ဂျန်ယုမင်သည် ထိတ်လန့်တကြားဖြင့် –
“မင်း . . . မင်းကြီး . . . မင်းကြီးရဲ့ ကျန်းမာရေး . . .”
ဘုရင်သည် လေသံတီးတိုးဖြင့်ပင် ထပ်၍ ပြောလိုက်ပြန်သည်။ သူ၏ အသံမှာ တိုးသော်လည်း ထိတ်လန့်ဖွယ် အတိပင်။
“မင်းရဲ့သားကို မင်းက ဆုံးမ သွန်သင်မှု မရှိဘူး၊ ထားလိုက်ဦး . . . မင်းရဲ့သားက တကယ့် အသုံးမကျ၊ မာန်မာန ထောင်လွှားပြီး ရိုင်းစိုင်းတဲ့ကောင်၊ ဒါလည်း ထားလိုက်ဦး၊ ငါနဲ့ မဆိုင်ဘူး၊ ဂရုလည်း မစိုက်ဘူး။ ဒါပေမဲ့ သူက အခုလို တိုင်းရေးပြည်ရေး ရှုပ်ထွေးနေတဲ့ အချိန်မှာ ဒီလို လုပ်ပစ်လိုက်တယ်၊ ဒါကတော့ . . . သူက သေဖို့ကို ထိုက်တန်နေပြီ။ ဂျန်ယုမင် . . . မင်းအခု ဒီကနေ ထွက်သွားစမ်း။ မင်းကို ထပ်မမြင်ချင်တော့ဘူး . . .”
ဂျန်ယုမင်သည် ရှေ့သို့ တိုးလာပြီး ဒူးထောက်၍ ဦးညွှတ်ကာ –
“မင်းကြီး . . . မင်းကြီး . . . သနားညှာတာတော်မူပါ . . .”
ဘုရင်သည် မျက်လုံးများကို မှိတ်လိုက်ပြီးနောက် –
“ငါမင်းကို ပြောနေတယ်၊ ဒီကထွက်သွားစမ်းလို့၊ မင်းနားကန်းနေလား . . .”
ကျယ်လောင်လှသော အော်သံကြောင့် ဂျန်ယုမင်သည် လိပ်ပြာလွင့်သွား သကဲ့သို့ပင် ခံစား လိုက်ရ၏။ မင်းသားလည်း အနည်းငယ် မူးနောက်နောက် ဖြစ်သွားလေသည်။
ထိုအချိန် ဘုရင်သည် ဂျန်ယုမင်အား မနှစ်မြို့သော အကြည့်မျိုးဖြင့် ကြည့်နေလေ၏။
ဂျန်ယုမင် တစ်ခုခု ပြောရန် ပြင်နေစဉ်မှာပင် ဘုရင်မှ ကျယ်လောင်စွာဖြင့် –
“တစ်ယောက်ယောက် လာကြစမ်း၊ သူ့ကို ဆွဲထုတ်သွားကြ . . .”
အစောင့်အချို့ ဝင်လာကြပြီးနောက် ထိတ်လန့်တုန်လှုပ်လျက် ရှိနေသော ဂျန်ယုမင်အား ဆွဲထုတ်သွားကြလေသည်။
ဂျန်ယုမင်မှာ စိတ်ရှုပ်ထွေးလျက် ရှိနေ၏။
(ကမ္ဘာကြီး ဘယ်လိုတွေ ဖြစ်သွားပြီလဲ၊ ဘုရင်က ငါ့ကို ဘာလို့ ဒီလို လုပ်ရတာလဲ၊ ငါတို့က မိတ်ဆွေဟောင်းတွေ မဟုတ်ဘူးလား . . .)
တကယ်တမ်းတွင် ဂျန်ယုမင်သည် ဘုရင်အပေါ် သစ္စာရှိသူတစ်ဦးဟု ဆိုနိုင်ပေသည်။ ထို့ကြောင့်ပင် ဘုရင်သည် အမြဲလိုလို သူ့အား ပစားပေးခဲ့ခြင်း ဖြစ်၏။
သို့သော် ယနေ့အဖြစ်အပျက်သည် အလွန် အံ့သြဖွယ်ရာ ကောင်းလှပေသည်။
ဂျန်ယုမင်သည် အပြင်ဘက်သို့ အားအင်ချိနဲ့စွာဖြင့် ပါသွားခဲ့၏။ သူ့အတွက် အိပ်မက်ဆိုးများ တစ်ခါပြန်လည် ရောက်ရှိလာတော့မည်ဟုလည်း ခံစားမိလိုက်ပါတော့သည်။
. . .
ဘုရင်၏ အခန်းထဲတွင် ဖြစ်သည်။
“ခမည်းတော် . . . ဘယ်လိုဖြစ်တာလဲ၊ ဘာလို့ . . .”
အိမ်ရှေ့မင်းသားသည် ဘုရင်အား စိုးရိမ်တကြီး အမူအယာဖြင့် ရှိနေ၏။
သူသည် ထီးနန်းကို လိုချင်နေသည့်တိုင် အဖေဖြစ်သူ၏ ဒေါသကို ယခုအချိန်တွင် အလွန်ထိတ်လန့် နေမိ၏။
“ဘယ်လို ဖြစ်တာလဲ ဟုတ်လား . . . မင်းဟာမင်း ကြည့်ကြည့် . . .”
ဘုရင်သည် စားပွဲပေါ်ရှိ အစီအရင်ခံစာများအား ပြလိုက်၏။
မင်းသားလည်း ကောက်ယူ ဖတ်ကြည့်လိုက်၏ ပထမဆုံးတစ်ခုကို ဖတ်ပြီးသောအခါ သူအနည်းငယ် အံ့သြသွားသည်။ အစီအရင်ခံစာ ၄ ခုလုံး ဖတ်ပြီးသည့် နောက်တွင်တော့ သူ၏ မျက်နှာသည်လည်း ဖြူရော်ရော် ဖြစ်သွားပါတော့သည်။
“ဂျန်ယုမင်က ငါတို့ နိုင်ငံတော်အတွက် ဆူးညှောင့်ခလုတ်တစ်ခု ဖြစ်လာမယ်လို့ ငါမထင်ထား ခဲ့မိဘူး . . . အရင်ကိစ္စကတည်းက သူတို့ မျိုးနွယ်စု တစ်စုလုံးကို သတ်ပစ်ခဲ့သင့်တာ။ ငါ့စိတ်ကိုက နုခဲ့တာပါ။ ငါက အမြဲတမ်း မိတ်ဆွေအပေါင်းအသင်း ဆက်ဆံရေးကို တန်ဖိုးထားခဲ့တယ်။ အဲဒါကြောင့်ပဲ သူ့ကို အခုထိ အသက်ရှင်လျက် ကောင်းကောင်းမွန်မွန် ထားခဲ့တယ်။ အခု ငါ့ရဲ့ မိုက်မဲတဲ့ သနားညှာတာမှု ကြောင့် ငါ့နိုင်ငံတော် ပျက်ဆီး ရတော့မယ်။ ဘုရင်တစ်ပါးမှာ တကယ်တော့ မိတ်ဆွေဆိုတာ ရှိကို မရှိသင့်ဘူး . . .”
ဘုရင်သည် နာနာကျင်ကျင်ဟန်ဖြင့် ပြောလိုက်သည်။
အိမ်ရှေ့မင်းသားသည် ခုနတုန်းက ဂျန်ယုမင်အား မာန်ပါပါ ပြောဆိုနိုင်ခဲ့သော်လည်း ယခုအချိန် တွင်မူ ဆွံ့အလျက် ရှိနေလေသည်။
ထိတ်လန့်လျက်လည်း ရှိ၏။
နိုင်ငံတော်၏ လေးဘက်လေးလံလုံးတွင် အချိန်မရွေး စစ်ပွဲများ ဖြစ်ပေါ်နိုင်သည့် အခြေအနေပင် ဖြစ်သည်။
လေးဘက်လုံးမှ ရန်သူများသည်လည်း အလွန် အင်အားကောင်းကြ၏။ ရန်သူတပ်များကို ဦးဆောင်နေသူ အကြီးအကဲ စစ်သူကြီးများ အားလုံးမှာ မင်းသားဟွာရန်းနှင့် အဆင့်တူများသာ ဖြစ်ကြပြီး တိုက်ပွဲနတ်ဘုရားများဟုပင် ခေါ်နိုင်ပေသည်။
ချန်နိုင်ငံတော်အနေဖြင့် သမိုင်းတွင် အခက်ခဲဆုံး အခြေအနေနှင့် ပထမဆုံးအကြိမ် ရင်ဆိုင် နေရခြင်းပင် ဖြစ်သည်။
ထိုအချိန်တွင်ပင် ရဲရှောင်သည် သေတော့မလို ဖြစ်သွားသည်။
ထိုသတင်းကို သိသည်နှင့် ရဲနန်ရှန်လည်း ချက်ချင်း ပြန်လာမည်မှာ သေချာလှ၏။
ထိုကဲ့သို့ ပြန်လာသည်နှင့် မြောက်ပိုင်းစစ်ပွဲသည်လည်း သေချာပေါက် ရှုံးနိမ့်ရမည် ဖြစ်လေသည်။
မင်းသားသည် လက်ရှိအနေအထားကို သိလိုက်ရသောအခါ အလွန်အမင်း ထိတ်လန့် အံ့သြ တုန်လှုပ်သွားခဲ့သည်။
နောင်တလည်း ရသွားမိ၏။ သူ၏ ကြင်ယာတော်ပြောစကားကို နားမထောင်မိခဲ့လျှင် ကောင်းမည်ဟုပင် တွေးနေမိလေ၏။ ထိုအခါ ရဲရှောင်ကိုလည်း သူသတ်မိလိမ့်မည် မဟုတ်ချေ။
သို့သော် ယခုအခါ လူရှုပ်လူပွေလေးများ၏ ရန်ပွဲသည် နိုင်ငံတော် ပျက်ဆီးရလောက်သည်ထိ ဖြစ်ပျက်သွားမည်ဟု မည်သူမျှ ထင်ထားခဲ့ကြလိမ့်မည် မဟုတ်ပေ။
မယုံကြည်နိုင်စရာ အခြေအနေ တစ်ခုပါပင်။ သို့သော် တကယ်တမ်းတွင် ထိုကဲ့သို့ အခြေအနေများ ရှုပ်ထွေးအောင် လုပ်ခဲ့သူမှာ ရဲရှောင်ပင် ဖြစ်လေ၏။
ဘုရင်သည် တဖြည်းဖြည်းဖြင့် သူ့နဂိုပုံစံအတိုင်း ပြန်ဖြစ်လာပြီး မျက်မှောင်ကြုတ်ကာ မင်းသားကို ကြည့်နေသည်။ သူ၏ မျက်လုံးများထဲတွင် စစ်ဆေးလိုသည့် အရိပ်အယောင်များ ပါဝင်နေပြီး တည်ငြိမ်သောလေသံဖြင့် –
“ငါ့သား . . . မင်းကြည့်ရတာ ဒီကိစ္စကို တော်တော် စိတ်ဝင်စားနေသလိုပဲ . . .”
မင်းသားလည်း တခဏမျှ ကြောင်သွားပြီး ချက်ချင်းပင် –
“ဒါက နိုင်ငံတော် တစ်ခုလုံးနဲ့ ဆိုင်တဲ့ ကိစ္စလေ။ အခု ဒုက္ခတော့ များပြီ။ ကျွန်တော် တကယ်ပဲ စိုးရိမ်မိပါတယ် . . .”
ဘုရင်သည် ခေါင်းညိတ်ပြလိုက်၏။
ဘုရင်၏ အမေးအား မင်းသားသည် ပြန်လည် ဖြေကြားခြင်း မရှိသည်ကို နှစ်ဦးလုံး ကောင်းစွာ သိရှိကြ၏။ သို့သော်လည်း ဘုရင်သည် ဆက်လက်၍ စစ်ဆေးမေးမြန်းလိုခြင်း မရှိတော့ပါချေ . . .။