Switch Mode

Chapter – 151

ခင်ဗျားကလူလိမ်

Chapter – 151
“ခင်ဗျားကလူလိမ်”

ဘုရင်သည် ဂျန်ယုမင် ရှိရာသို့ လျှောက်လာ၏။ ဂျန်ယုမင်သည် ဒူးထောက်လျက် ရှိနေပြီး ဘုရင်ကို မြင်သည်နှင့် မျက်ရည်များ စီးကျလာကာ –
“မင်းကြီး . . . ဒီတစ်ကြိမ်တော့ ဒီက အစေခံအပေါ်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချပေးတော်မူပါ”
ဂျန်ယုမင်သည် ဘဏ္ဍာရေးအမတ်မင်း ဖြစ်သော်လည်း ဘုရင်နှင့် နှစ်ကိုယ်ကြား တွေ့သည့်တိုင် သူ့ကိုယ်သူ အစေခံဟု သုံးနှုန်းလိုက်၏။ ဘုရင်အတွက် နှစ်ပေါင်းများစွာ အမှုတော် ထမ်းရွက်ခဲ့သည်ကို အမှတ်ရစေလို၍ဖြစ်ပြီး ကျေနပ်သွားစေရန်လည်း ဖြစ်ပေသည်။
ဘုရင်သည် သက်ပြင်းချလျက် စိတ်ထဲမှ –
(သောက်ရူး အစေခံ . . . မင်းရဲ့ သားဆိုတာက တိကျသေချာတဲ့ မျိုးရိုးတောင် ရှိတာ မဟုတ်ဘူး၊ အခုကျ မင်းက ရင်နစ်သည်းချာ သားတစ်ယောက်လို လာပူဆွေးပြနေတယ်။ မင်းသားအရင်များ ထင်နေတာလား . . .)
ထို့နောက် တည်ငြိမ်စွာဖြင့် –
“မင်းက ဘာလို့ ငိုနေရတာလဲ၊ ဖြစ်ကြောင်းကုန်စင် အမြန်ပြောစမ်း . . .”
ဂျန်ယုမင်သည် ဦးညွတ်လိုက်ပြီးနောက် –
“မင်းကြီး . . . ဒီတစ်ကြိမ်မှာတော့ စာနာပေးပါ . . .”
“ပြောပါ . . .”
ဘုရင်လည်း လေသံအေးအေးဖြင့်ပင် ပြောလိုက်၏။
“ကျွန်တော်မျိုးရဲ့ သားလေးဟာ တောင်ဘက်မြို့ပြင်မှာ ရဲနန်ရှန်ရဲ့သား ရဲရှောင်ရဲ့ အနိုင်ကျင့် လူမဆန်စွာ နှိပ်စက်ခြင်းကို ခံခဲ့ရပါတယ်။ အရိုးအများစု ကျိုးကြေကုန်ပြီး လူရုပ်တောင် မပေါ်တော့ပါဘူး။ တစ်ကိုယ်လုံးမှာလည်း သွေးအလိမ်းလိမ်းနဲ့ပါ။ အခုဆို လူရုပ်တောင် မပေါ်တဲ့ ခန္ဓာကိုယ်ကြီးဟာ ကျွန်တော်မျိုးရဲ့ အိမ်တော်ကို ရောက်နေပါပြီ။ သတိလစ်နေပြီးတော့ အချိန်မရွေးလည်း သေသွားနိုင်ပါ တယ်။ မင်းကြီး . . . ဒီက အစေခံအတွက် တရားမျှတအောင် ဆောင်ရွက်ပေးတော်မူပါ . . .”
ဘုရင်သည် တုန်လှုပ်သွားလေ၏။
“ဘယ်လိုဖြစ်လို့ အဲဒီလောက်ထိတော် ဒဏ်ရာ ရခဲ့ရတာလဲ . . .”
ဂျန်ယုမင်လည်း ငိုကြွေးလျက် –
“မင်းကြီး . . . ကျွန်တော်မျိုးရဲ့ တစ်ဦးတည်းသော သားလေးကို သနားတော်မူပါ . . .”
ဘုရင်သည် ပါးစပ်အဟောင်းသား ဖြစ်နေ၏။
(သူက မင်းရဲ့ . . . အာ . . . တစ်ဦးတည်းသော သားပဲ ဆိုပါတော့၊ လူတိုင်းက မင်းရဲ့သား မဟုတ်ဘူးဆိုတာ သိနေတာကို၊ ခုနကထိတော့ ငါစိတ်မကောင်း ဖြစ်ခဲ့မိတယ်။ ဒါပေမဲ့ အခုတော့ ငါ့မှာ ရယ်ရမလား ငိုရမလားတောင် မသိတော့ပါဘူး . . .)
ထို့နောက် တခဏမျှ စဉ်းစားလိုက်ရင်း –
“တောင်ဘက်ဂိတ် ဟုတ်လား . . . စုဒင်ဂူ စစ်တိုက်ထွက်သွားတဲ့ နေရာ မဟုတ်လား၊ မင်းရဲ့ သားက ဘယ်လိုဖြစ်လို့ အဲဒီနေရာမှာ အရိုက်ခံလိုက်ရတာလဲ။ ငါတောင် အဲဒီမှာ အတော်ကြာကြာ ရှိနေခဲ့တာလေ။ ဒီရန်ပွဲကို ငါဘာလို့ သတိမပြုခဲ့မိတာ ပါလိမ့် . . .”
ဂျန်ယုမင်သည် တခဏမျှ ကြောင်သွားပြီးနောက် –
“ကျွန်တော်မျိုးရဲ့သားနဲ့ ကောင်လေးတွေက . . . ဟို . . . မင်းသားဟွာရန်း သွားပြီးမှ ရောက်သွားကြတာပါ။ အဲဒီအချိန် မင်းကြီးကလည်း ပြန်သွားလောက်ပြီ ထင်ပါတယ်။ အဲဒီလို ဖြစ်သွားခဲ့ရ တာပါ . . .”
ဘုရင်သည် မျက်မှောင်ကြုတ်လျက် –
“မင်းသားက စစ်သည်တွေ ထွက်သွားပြီးမှ ရောက်သွားတယ်၊ နောက်ပြီး အရိုက်ခံလိုက်ရတယ် ဟုတ်လား . . .”
ဂျန်ယုမင်မှ စိတ်ထဲ “သွားပြီ” ဟု ရေရွတ်လိုက်မိ၏။ ထို့နောက် –
“မင်းကြီး . . . ရဲရှောင်က သိပ်ပြီး မာနထောင်လွှားလွန်းပါတယ်။ ပါးစပ်သရမ်းပြီး ကျွန်တော်မျိုးရဲ့ သားကို စိန်ခေါ်ခဲ့တယ်။ ကျွန်တော်မျိုးရဲ့ သားကလည်း မတတ်သာတဲ့အဆုံး စကားလုံးလှလှတွေနဲ့ ခပ်ကြမ်းကြမ်း ချေပခဲ့တယ်။ အဲဒါနဲ့ ရဲရှောင်လည်း စိတ်ဆိုးသွားပုံပေါ်ပါတယ်။ ကျွန်တော်မျိုးရဲ့သားကို ပိုးစိုးပက်စက် သေလုမျောပါး ဖြစ်အောင်ကို ရိုက်ခဲ့ပါတယ်။ မင်းကြီး . . . ကျေးဇူးပြုပြီး တရားမျှတမှု အတွက် စဉ်းစားပေးတော်မူပါ . . .”
ပြောနေရင်းဖြင့် သူသည် ခေါင်းနှင့် ကြမ်းပြင်နှင့် ထိကာထိကာဖြင့် ရှိနေ၏။ ငိုကြွေးရင်းဖြင့် ဆက်လက်၍ –
“ကျွန်တော်မျိုးရဲ့သားလေး ခံစားနေရတာကို ကြည့်ရင်း ကျွန်တော်မျိုး ရင်ကွဲမတတ် ဖြစ်နေပါပြီ”
ထိုအချိန်မှာပင် အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာ၏။
“ခင်ဗျားက လူလိမ်ပဲ . . .”
ဘုရင်သည် ကြောင်ငေးသွားပြီး ကြမ်းပြင်ပေါ်ရှိ ဂျန်ယုမင်သည်လည်း တုန်လှုပ်သွား၏။ ရုတ်တရက် ငိုယိုရန်ပင် သတိမရတော့ဘဲ အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်သည်။
အခန်းအပြင် တံခါးနေရာတွင် အိမ်ရှေ့မင်းသားကို တွေ့လိုက်ရ၏။
“ခမည်းတော် . . . အရေးပေါ် အခြေအနေ ဖြစ်နေတဲ့အတွက် ကျွန်တော်လာတဲ့အကြောင်း သတင်းမပို့ခိုင်းလိုက်မိတာ ခွင့်လွှတ်ပေးပါ . . .”
ဘုရင်သည် မျက်မှောင်ကြုတ်လိုက်ရင်း –
“ဘယ်လို အရေးပေါ် ကိစ္စလဲ . . .”
အိမ်ရှေ့မင်းသား လှမ်းဝင်လာရင်း –
“ခမည်းတော် . . . အများကြီး ရှင်းပြဖို့ အချိန်မရှိတော့ဘူး၊ တော်ဝင်သမားတော် တစ်ယောက်ကို စစ်သူကြီးရဲရဲ့ အိမ်တော်ဆီ အမြန်လွှတ်ပေးပါ။ သူ့သား ရဲရှောင်က သေလုမျောပါး ဖြစ်နေပြီ။ ကျွန်တော်တို့ နောက်ကျသွားခဲ့ရင် သူသေသွားလိမ့်မယ် . . .”
“ဘာ . . .”
ဂျန်ယုမင်သည် ထိုစကားကို ကြားလိုက်ရသည့် အချိန်တွင် ဟန်မဆောင်နိုင် မထိန်းထားနိုင်တော့ ဘဲ အလန့်တကြား ထအော်လိုက်မိ၏။
(ငါ့သားက အခု သတိလစ်နေတာလေ။ အဲဒါကလည်း ရဲရှောင်ကြောင့်ပဲ၊ အခု ရဲရှောင်က ဘယ်လိုဖြစ်ပြီး သေလုမျောပါး ဖြစ်နေရတာလဲ . . .)
သူအံ့သြနေသည့် အချိန်မှာပင် ဘုရင်သည်လည်း ချက်ချင်းပင် မျက်နှာအမူအယာ ပြောင်းလဲသွား လေသည်။ ဂျန်ယုန်မင်ထံမှ သူ့သား ရဲရှောင်ကြောင့် သေလုမျောပါး ဖြစ်နေသည် ဆိုသည့် သတင်းကို ကြားစဉ်ကနှင့် လုံးဝမတူသော ပုံစံမျိုး ဖြစ်သွားခြင်း ဖြစ်သည်။
ဘုရင်သည် ချက်ချင်းပင် ဒေါသတကြီး အမူအယာဖြင့် –
“ဘာ . . . ဘယ်လို ဖြစ်ရတာလဲ . . .”
မင်းသား၏ အဖြေ မရခင်မှာပင် အပြင်ဘက်သို့ ကျယ်လောင်သော အသံဖြင့် –
“သမားတော်လီနဲ့ သမားတော်ဟွမ် . . . သူတို့ကို ချက်ချင်း ရဲအိမ်တော်ကို သွားခိုင်းလိုက်ကြစမ်း၊ လုံးဝမကြာစေနဲ့ . . .”
“နောက်ပြီး ဆရာကြီးစွန်းကိုလည်း သမားတော်တွေနဲ့ အတူတူ သွားဖို့ပြောလိုက်၊ ဘယ်လောက်ပဲ ကုန်ကုန် ရဲရှောင် အသက်ရှင်မှ ဖြစ်မယ် . . .”
ထိုမျှမကသေးဘဲ ဆက်လက်၍ –
“အတွင်းဝန်တွေကိုလည်း ပြောလိုက် . . . သိုလှောင်ခန်းထဲက အကောင်းဆုံး ဆေးပစ္စည်းတွေ အကုန်လုံး ရဲအိမ်တော်ကို ပို့ပေးလိုက်ကြ။ ဘာပဲလိုလို ရဲရှောင်ကို ကုသဖို့အတွက်ဆို အကုန်သုံးခွင့်ပြုတယ် . . .”
(ဟမ် . . .)
ဂျန်ယုမင် တုန်လှုပ်မှုနှင့်အတူ အကြောက်တရားတို့ပါ ဖြစ်ပေါ်လာခဲ့သည်။
သူသည် ငယ်စဉ်ကတည်းက ဘုရင်အတွက် အမှုတော် ထမ်းရွက်ခဲ့ပြီး ဘုရင်နှင့် မိတ်ဆွေများဟု လည်း ဆိုနိုင်ပေသည်။ ထို့ကြောင့်ပင် ဘုရင်အကြောင်းကို သိရှိလေ၏။ တော်ဝင်နန်းတော်အတွင်း သူ၏ အကြိမ်ကြိမ် သိက္ခာကျမှု၊ အရှက်ကွဲမှုများကို ခံစားခဲ့ပြီးနောက် သစ္စာရှိရှိ အမှုတော် ထမ်းရွက်ခဲ့လေသည်။
သမားတော်လီနှင့် သမားတော်ဟွမ်တို့မှာ အတော်ဆုံး တော်ဝင်သမားတော်များ ဖြစ်ကြ၏။ တော်ဝင်မျိုးနွယ်စုကိုသာ ကုသပေးရသည့် သမားတော်များ ဖြစ်ပြီး ဘုရင်၏ မိဘုရားများပင် အလိုရှိတိုင်း ကုသရန် ဆင့်မခေါ်နိုင်ကြချေ။ အဆိုပါ သမားတော်များ အရှေ့တွင် လူတိုင်းသည် ကျိုးနွံစွာဖြင့် ရှိကြရသည်။
ဆရာကြီးစွန်း ဆိုသူမှာလည်း တော်ဝင်မျိုးနွယ်စုမှ အထူးငှားရမ်းထားသော တော်ဝင်ဆေးဖော်စပ် သည့် ပညာရှင်ကြီး ဖြစ်၏။ သူသည် ဘုရင်တစ်ဦးတည်းအတွက် အမှုတော် ထမ်းရွက်ရခြင်း ဖြစ်ပြီး အိမ်ရှေ့မင်းသားပင် ဆရာကြီးစွန်းအား တွေ့ခွင့်ရရန်အတွက် ဘုရင်ထံ ခွင့်တောင်းရလေ၏။
ယခုအခါ ရဲရှောင် အသက်အန္တရာယ် ကျရောက်နေသည်ကို သိသည်နှင့် ဘုရင်သည် အရေးကြီးဆုံး လူသုံးယောက်အား စေလွှတ်ခဲ့သည်။
ထို့အပြင် အကောင်းဆုံး ဆေးပစ္စည်းများကိုလည်း ခွင့်ပြုချက် တောင်းခံရန်မလိုဘဲ အလိုရှိသလို အသုံးပြုစေခဲ့သည်။
တော်ဝင်သိုလှောင်ခန်းအတွင်း သိမ်းဆည်းထားသည့် ဆေးပစ္စည်းများမှာ အလွန်ရှားပါး၍ တန်ဖိုးကြီးသော ပစ္စည်းများသာ ဖြစ်ပေသည်။ သို့သော် ရဲရှောင်အတွက် လိုအပ်မည် ဆိုလျှင် အကုန်လုံး ယူသုံးနိုင်ပြီ ဖြစ်ပါသည်။
ထိုအခြင်းအရာကို တွေ့လိုက်ရသဖြင့် ဂျန်ယုမင်သည် ရဲရှောင် မည်သည့်နည်းနှင့်မျှ မသေနိုင်တော့ဘူး ဆိုတာကို တွေးလိုက်မိ၏။
(ရဲရှောင် မသေဘူးဆိုတော့ . . .)
သူသည် ဆက်၍ပင် မစဉ်းစားရဲတော့ချေ။ ဘုရင် သူ့အပေါ် ရက်စက်သည်ဟုလည်း တွေးနေမိ၏။
အိမ်ရှေ့မင်းသားလည်း ဂျန်ယုမင်အား အေးစက်စက်ကြည့်၍ –
“အမတ်ကြီးဂျန် . . . ခင်ဗျားက အမှန်ကို အမှား၊ အဖြူကို အမည်းဖြစ်အောင် ဘယ်လိုများ ရှုပ်ထွေးနေစေတာလဲ . . .”
ဂျန်ယုမင်မှ တုန်လှုပ်စွာဖြင့် –
“မင်းသား ဘာကြောင့် ဒီလို ပြောရတာလဲ . . . ကျုပ်က ဒီလိုလုပ်စရာလား . . .”
အိမ်ရှေ့မင်းသားသည် မထူးခြားသလို ဟန်ပန်ဖြင့် –
“ကောင်းပြီ . . . အမတ်ကြီးဂျန်၊ ခင်ဗျားက ခင်ဗျားသားရဲ့ ကြမ်းတမ်းမှုကို လျစ်လျူရှုထားရုံ မကဘူး ဒီကိုတောင် အရင်လာပြီး သူများကို အပြစ်ဖို့နေသေးတယ်။ အမှန်ကို အမှားဖြစ်အောင် ရှုပ်ထွေး နေစေတာလေ။ ခင်ဗျားက ဘာဖြစ်ချင်နေတာလဲ . . .”
ဂျန်ယုမင်သည် အံ့သြဟန်ဖြင့် –
“မင်းသားရဲ့ စကားတွေကို ကျုပ်တစ်ခုမှ နားမလည်တော့ဘူး။ အမှန်တရားက ရဲရှောင် ကျုပ်သားကို ရိုက်လိုက်လို့ သေလုမျောပါး ဖြစ်နေပြီ။ ဒါကို အဲဒီနေရာက လူအများနဲ့ အရာရှိတွေလည်း မြင်ခဲ့တယ်။ သူတို့ ထောက်ခံပေးနိုင်တယ်လေ . . .”
အိမ်ရှေ့မင်းသားမှ အေးစက်စက်ဖြင့် –
“အမတ်ကြီးဂျန် . . . ကျုပ်မေးတာကို ဖြေပါ။ မင်းသားဟွာရန်းက ကျုပ်တို့ နိုင်ငံတော်၊ ကျုပ်တို့ အမိမြေကို ကာကွယ်ဖို့အတွက် စစ်ထွက်သွားခဲ့ရတယ်။ ခင်ဗျားသားက မင်းသားသွားတာကို ဘာလို့ လာမကြည့်ရတာလဲ၊ ခင်ဗျားသားက တိုင်းပြည်ကို မချစ်တာလည်း ဖြစ်နိုင်တယ်၊ ဘာမှမဖြစ်ဘူး ဒီကိစ္စက ထားလိုက်ဦး . . . ဒါပေမဲ့ စစ်သည်တွေ အားလုံး ထွက်သွားတဲ့ အချိန်မှာ မြင်းကို ဒုန်းစိုင်းစီးပြီး ဘာလို့ မောက်မာနေတဲ့ ဟန်မျိုး လုပ်ခဲ့ရတာလဲ။ သူ့မျိုးနွယ်က သြဇာအာဏာရှိတယ်၊ အင်အားကြီးတယ်၊ နိုင်ငံတော်မှာ လုပ်ချင်သလို လုပ်နိုင်တယ် ဆိုတာကို ပြသဖို့ ကြိုးစားနေတာလား . . .”
ဂျန်ယုမင် ကြောင်ငေးသွားလေသည်။
“မင်း . . . မင်းသား . . . ဘာလို့ ဒီလို . . .”
အိမ်ရှေ့မင်းသားသည် အလွန်ကို တည်ငြိမ်စွာဖြင့် ပြောနေခြင်း ဖြစ်သည်။ နိုင်ငံတော်အဆင့် ရာဇဝတ်မှုကြီးများကို ကျူးလွန်သကဲ့သို့ အပြစ်များ ထောက်ပြနေခြင်း ဖြစ်၏။
သူ၏ စွပ်စွဲချက်များမှာ မပြီးသေးချေ။ လက်များကို ကာလိုက်ရင်း ဆက်လက်၍ –
“ခင်ဗျားရဲ့သား စစ်သည်ရဲမက်တွေ ထွက်ခွာတာကို လာမကြည့်တာ ဘာမှ မဖြစ်ဘူး၊ သူ့စိတ်ထဲမှာ စစ်ဘက်က ခေါင်းဆောင်တွေ တစ်ယောက်မှ မြို့ထဲ မရှိတော့ဘူးဆိုတော့ သူနဲ့ တခြားကောင်လေးတွေ စုစည်းပြီးတော့ စစ်သည်အုပ်စုရဲ့ မိသားစုဝင် ဂျူနီယာတွေကို ပြဿနာ သွားရှာလို့ ရပြီလို့ ထင်နေတယ်။ ကျုပ်ပြောတာ မှားလား . . .”
ဂျန်ယုမင်သည် အလွန်အမင်း ထိတ်လန့်သွားဟန်ဖြင့် –
“မင်းသား . . . ဒီလိုတော့လည်း မပြောနိုင်ပါဘူး၊ ဒါက . . .”
ထိုအချိန်တွင် ဘုရင်၏ မျက်လုံးများသည် ရေခဲတမျှ အေးစက်နေပြီ ဖြစ်၏။
အိမ်ရှေ့မင်းသားလည်း ရှေ့သို့ တိုးသွားရင်း –
“ကျုပ်တို့အားလုံး ဘာဖြစ်ခဲ့သလဲ ဆိုတာကို သိတယ်။ ရန်ပွဲရဲ့ နှစ်ဖက်လုံးကို မြင်ခဲ့တယ်။ လုံခြုံရေး တာဝန်ကျ ရဲမက်တွေလည်း အမှန်တရားကို သိတယ်။ အဲဒါကိုတောင် ခင်ဗျားက သူတို့ ခင်ဗျားအတွက် ထောက်ခံပေးနိုင်ပါတယ် လုပ်နေသေးတယ်။ အဲဒါဆို ခင်ဗျားကို ထောက်ခံပေးမှာက လူပေါင်း ထောင်နဲ့ချီတောင် ရှိနေတာလား၊ အခု ခင်ဗျားသား မှားတယ်လို့ တွေးမိပြီလား . . .”
ဘုရင်သည် တည်တည်ငြိမ်ငြိမ်ပင် ရှိနေတုန်းပင်။ မင်းသား၏ စကားများအား အေးစက်သော အမူအယာဖြင့်သာ နားထောင်နေလေ၏။
“စစ်သည်ရဲမက်တွေက သူတို့ရဲ့ သွေးတွေ၊ ချွေးတွေ၊ အသက်တွေနဲ့ ကျုပ်တို့ရဲ့ အမိမြေအတွက် တိုက်ပွဲဝင်ဖို့ ထွက်သွားကြရတယ်။ ခင်ဗျားရဲ့ သားကတော့ အပေါင်းအပါတွေနဲ့ စစ်သည်ဘက်က မိသားစုဝင်တွေကို အုပ်စုဖွဲ့ အနိုင်ကျင့်ချင်တယ်။ အမတ်ကြီးဂျန် . . . ခင်ဗျားအခု ကျုပ်ရဲ့ ခမည်းတော်ကို ဘယ်လိုမျက်နှာနဲ့ ရင်ဆိုင်မလဲ ဆိုတာကို သိချင်လိုက်တာ။ နောက်ပြီး ဒီကို လာပြီး အမှားကို အမှန်၊ အမှန်ကို အမှားဖြစ်အောင် အရှက်မရှိ ဘယ်လိုတောင် လုပ်နိုင်ရတာလဲ . . .”
အိမ်ရှေ့မင်းသားသည် စကားလုံးများဖြင့် ဂျန်ယုမင်အား ချောက်ထဲသို့ ကျရောက်သွားအောင် လုပ်နေသလိုပင်။
ဂျန်ယုမင်လည်း ခေါင်းထဲ ရီဝေမူးနောက်လာပြီး –
“မင်းသား . . . ကျုပ်က ဘာလို့ ရှက်ရမှာလဲ၊ ကျုပ်သားက အခု သေမလား၊ ရှင်မလား မသိဘဲ အိပ်ယာထဲ သတိလစ်နေတယ်။ ဒါကျုပ်လိမ်နေတာ မဟုတ်ပါဘူး . . .”
သူ့စိတ်ထဲတွင်လည် အလွန် ရှုပ်ထွေး နေလေ၏။
(အိမ်ရှေ့မင်းသားက ဘယ်လိုကြောင့် ဒီနေ့ ငါ့ကို ချောက်ချနေတာပါလိမ့်၊ ဒါမျိုးအရင်က မဖြစ်ခဲ့ ဖူးပါဘူး . . .)
“ခင်ဗျားရဲ့သား သေတာ မသေတာ ကျုပ်ဂရုမစိုက်ဘူး၊ သေတောင် သေသင့်တယ် . . .”
အိမ်ရှေ့မင်းသားသည် သနားညှာတာမှု ကင်းမဲ့ဟန်ဖြင့် ပြောလိုက်၏။
ထိုအချိန် အိမ်ရှေ့မင်းသား၏ ခန္ဓာကိုယ်မှ ရဲရင့်ပြတ်သား၍ စိုးမိုးနိုင်စွမ်း ရှိသော အရှိန်အဝါများပင် ထွက်ပေါ်နေသလိုပါပင်။
(ရဲရှောင်ကိစ္စက အမှန်တော့ ငါ့ကြောင့်ပဲ၊ ဒါပေမဲ့လည်း အခုတော့ ငါ့အစား ခံပေးရမဲ့ ဓားစားခံ အလိုလို ရောက်လာပြီ။ ငါ့အပြစ်မဖြစ်တာ သေချာအောင် လုပ်ရမယ် . . .)
“အမတ်ကြီးဂျန် . . . ကျုပ်မေးတာ ဖြေပါဦး၊ ခင်ဗျားရဲ့သား ဂျန်တိုင်စုက လူရှုပ်လူပွေလေးတွေနဲ့ မင်းသား ထွက်သွားပြီးမှ ရဲရှောင်တို့ အဖွဲ့ကို ရန်သွားစတာ မဟုတ်လား၊ ဒါကို သက်သေခံနိုင်တဲ့ လူထောင်ပေါင်းများစွာ ရှိတယ်နော်၊ ခင်ဗျားရဲ့ သားက တကယ်ပဲ မမှားဘူးလို့ ထင်နေတာလား . . .”
အိမ်ရှေ့မင်းသား အေးစက်စက် ပြောလိုက်ပြန်၏။
ဂျန်ယုမင်သည် မည်သည့်စကားမျှပင် ပြောနိုင်စွမ်း မရှိတော့အောင် ဖြစ်နေချေပြီ။
အိမ်ရှေ့မင်းသားမှ ယခုကဲ့သို့ ရက်ရက်စက်စက် ထိုးနှက်လိမ့်မည်ဟု သူမထင်ထား ခဲ့မိချေ။ သူ့ဘဝကို ပျက်မတတ် လုပ်ခံနေရပြီ မဟုတ်ပါလား။
အိမ်ရှေ့မင်းသားသည် ထိုမေးခွန်းကိုပင် ထပ်တလဲလဲ မေးမြန်းနေလေ၏။
အပြစ်ကြီးသထက် ကြီးသွားစေရန် အတည်ပြုနေခြင်းပင် ဖြစ်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset