Switch Mode

Chapter – 669

အခန်း (၆၆၉) ထိတ်လန့်ခြင်း
‘အင်း… ဒီကောင်က အမင်္ဂလာနတ်ဧကရာဇ်ကို အနိုင်ရသွားတာလား… ကြည့်ရတာ အခြေအနေက ငါ ထင်ထားတာနဲ့ တခြားစီ ထင်တယ်’
ဟန်ကျွယ်က တိတ်ဆိတ်နေတဲ့အတွက် နတ်ဒေါင်းအရှင်က ဆက်ပြီးတော့ အော်ပြောပါတယ် “ဘာလဲ.. လန့်သွားပြီလား၊ အခုစိတ်ဆိုးပြီး ငါ့ကို ကျိန်စာတိုက်ချင်နေပြီလား”
နတ်ဒေါင်းအရှင်ဟာ ကျိန်စာတွေကို ဟန့်တားနိုင်တဲ့ ကံပုတီး ရှိနေတာကြောင့် ကျိန်စာတွေကို မကြောက်ပါဘူး။ ဒါကြောင့်လည်း ဒီလို စိန်ခေါ်ရဲတာပါ။ ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် “ငါ မင်းကို သတ်ချင်ရင် ငါ သတ်ပြီးတာ ကြာပြီ၊ နောက်ပြီး မင်း တကယ်ပဲ မင်းဘာသာ လွတ်လာတယ်လို့ ထင်နေတာလား”
နတ်ဒေါင်းအရှင်ဟာ ဟန်ကျွယ်စကားကြောင့် မျက်မှောင်ကြုတ်သွားပါတယ် ‘ဒါဆိုရင်…’ နတ်‌ဒေါင်းအရှင်ဟာ ပြီးခဲ့တဲ့တိုက်ပွဲကို သေချာ ပြန်တွေးကြည့်လိုက်ပါတယ်။ ဒီတိုက်ပွဲမှာ အမင်္ဂလာနတ်ဧကရာဇ်က တကယ်ကို တစ်ခုခုမှားနေတာပါ။ ပုံမှန်ထက် အများကြီး အားပျော့နေပါတယ် ‘ဒါဆိုရင် အမင်္ဂလာနတ်ဧကရာဇ်က ငါ့ကို တမင်သက်သက် လွှတ်ပေးလိုက်တာလား…’ နတ်ဒေါင်းအရှင်ရဲ့ မျက်နှာဟာ ချက်ချင်းဆိုသလို ဖြူဖပ်ဖြူရော် ဖြစ်သွားပါတယ်။
နတ်ဒေါင်းအရှင်ဟာ ရှုံးနိမ့်တာထက် စော်ကားခံရတာကို ပိုမုန်းပါတယ်။ နတ်ဒေါင်းအရှင်ဟာ ဟန်ကျွယ်ကို ဝါးစားမတတ် စိုက်ကြည့်ပြီး မေးလိုက်ပါတယ် “ခင်ဗျားက ဘာလိုချင်တာလဲ”
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ပြန်လာပြီး ကောင်းကင်တာအို အပြင်ဘက်မှာ နေရာတစ်ခုရှာ… ဂူအောင်းကျင့်ကြံအားထုတ်ချည်၊ ကောင်းကင်တာအိုထဲက တပည့်တွေ မင်းကို စိန်ခေါ်နိုင်အောင် ငါ စီစဉ်ပေးမယ်”
“ကောင်းကင်တာအိုထဲက…”
နတ်ဒေါင်းအရှင်ဟာ ဒေါသတကြီး ရယ်လိုက်ပါတယ်။ နတ်ဒေါင်းအရှင်ဟာ ကောင်းကင်တာအို အကြောင်းကို နည်းနည်းတော့ နားလည်ပါတယ်။ ကောင်းကင်တာအိုထဲက အင်အားအကြီးဆုံး တာအိုပညာရှိတောင် သူ့ကို မယှဉ်နိုင်ပါဘူး။ နတ်ဒေါင်းအရှင်ဟာ ဟန်ကျွယ်ရဲ့ ဆိုလိုရင်းကို နားလည်လိုက်ပါတယ်။ ဟန်ကျွယ်က ကောင်းကင်တာအိုထဲမှာရှိတဲ့ တပည့်ကို ပျိုးထောင်ပြီး သူ့ကို စိန်ခေါ်ချင်နေတာ မဟုတ်ပါလား။
‘မင်းပြောပုံအရဆို ငါ့အရည်အချင်းက ကောင်းကင်တာအိုထဲက လူတွေကို မမီဘူးပေါ့’
“ကောင်းပြီလေ… ငါ အခုပဲ ကောင်းကင်တာအိုကို ပြန်လာခဲ့မယ်၊ မင်းရဲ့ ကောင်းကင်တာအို တပည့်က ဘယ်လောက်ထိ စွမ်းဆောင်နိုင်မလဲဆိုတာ ငါ မြင်ချင်သေးတယ်” နတ်ဒေါင်းအရှင်ဟာ လက်ဝှေ့ယမ်းပြီး အိပ်မက်ကို ကွဲကြေအောင် ထပ်လုပ်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ကူကယ်ရာမဲ့ သွားပါတယ် ‘ဒီကောင်က ဘာဖြစ်လို့ ဒီလောက်တောင် ‌ဒေါသထွက်နေရတာလဲ’
ဒီလိုစိတ်မျိုးနဲ့ ဒီအဆင့်ထိရောက်အောင် ဘယ်လိုကျင့်ကြံလာတာလဲ။ ကံကောင်းထောက်မစွာပဲ နတ်ဒေါင်းအရှင်ဟာ ဟန်ကျွယ်နဲ့ တစ်ခေတ်တည်းမှာ မမွေးဖွားခဲ့ပါဘူး။ မဟုတ်ရင် ဟန်ကျွယ်ရဲ့ ရိုက်ချက်တစ်ချက်နဲ့တင် နတ်ဒေါင်းအရှင် အသက်ထွက်သွားမှာပါ။
ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်က အမင်္ဂလာနတ်ဧကရာဇ်ကို တကယ်ပဲ သတ်လိုက်တာလားဆိုတာ မေးချင်သွားပါတယ်။ ဟန်ကျွယ်ဟာ ဒီကိစ္စကို အယုံအကြည် မရှိပါဘူး။ ဘယ်လိုပဲကြည့်ကြည့် အမင်္ဂလာနတ်ဧကရာဇ်က မဟာတာအိုနဲ့ ယှဉ်နိုင်တဲ့ တည်ရှိမှုပါ။ ဘယ်လိုလုပ်ပြီး လွတ်လပ် တာအိုပညာရှိ သတ်တာကို ခံရမှာလဲ။
တကယ်လို့ နတ်ဒေါင်းအရှင်သာ ဒီလောက်ထိ တော်တယ်ဆိုရင် ဟန်ကျွယ်ဟာ နတ်‌ဒေါင်းအရှင်ကို သိမ်းသွင်းနိုင်မှာ မဟုတ်ပါဘူး။ ဟန်ကျွယ်ဟာ ဒီလိုမျိုးလူကို ရှင်းပစ်ဖို့ နည်းလမ်းရှာမှာပါ။ ဟန်ကျွယ်ဟာ သူ့လိုမျိုး အရည်အချင်းရှိတဲ့လူကို ဒီလောကမှာ နောက်တစ်ယောက် မရှိစေချင်ပါဘူး။ အထူးသဖြင့် ရန်သူဆိုရင်ပေါ့။
ဟန်ကျွယ်ဟာ ဒုတိယ တာာအိုစက်ကွင်းကို ရွှေ့ပြောင်းသွားလာပြီး ဒုတိယ တာအိုစက်ကွင်းထဲမှာရှိတဲ့ လူတိုင်းကို စုစည်းကာ တာအိုစတင် ဟောကြားပါတယ်။ ပဋိပက္ခနတ်ဘီလူးတွေရဲ့ ကျင့်ကြံမှုအလျင်က တော်တော်ကို မြန်တာပါ။ သူတို့အကုန်လုံး ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်တွေ ဖြစ်သွားကြပါပြီ။ ကောင်းကင်နက္ခ နတ်ဘီလူးဆိုရင် ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် ထိပ်ဆုံးအဆင့်ကိုတောင် ရောက်သွားပါပြီ။
ဒါကို ကြည့်ခြင်းအားဖြင့် သူ့ဘာသာ မွေးဖွားလာတဲ့ ပဋိပက္ခနတ်ဘီလူးက ပေါင်းစပ်တဲ့ နတ်ဘီလူးတွေထက် ကျင့်ကြံမှု ပိုမြန်တယ်ဆိုတာကို ကောက်ချက် ချနိုင်ပါတယ်။
ရန်တုကတော့ အားအနည်းဆုံးပါ။ သူက အခုထိ ပဋိပက္ခနတ်ဘီလူး အသွင် မပြောင်းလဲရသေးပါဘူး။ နဂါးငွေ့တန်းမှာ ရန်တုက အရမ်းကို ဗိုလ်ကျစိုးမိုးနိုင်ခဲ့ပြီး စစ်နတ်ဘုရားဆိုတဲ့ နာမည်က ဂလက်ဆီတစ်ခွင် ပဲ့တင်ထပ်ပါတယ်။ ဒါပေမဲ့ ဒီနေရာမှာတော့ ရန်တုက တော်တော်ကို နှိမ့်ချပြီး တခြားပဋိပက္ခနတ်ဘီလူးတွေရှေ့မှာ ရှိတယ်လို့တောင် မထင်ရပါဘူး။ တခြား ပဋိပက္ခနတ်ဘီလူးတွေက ရန်တုကို အနိုင်မကျင့်ပါဘူး။ ဒါပေမဲ့ ကျင့်ကြံမှုက ကွာခြားလွန်းတဲ့အတွက် ရန်တုရဲ့စိတ်ကို တော်တော်‌လေး ဖိအားပေးနေတာကြောင့်ပါ။
တစ်ချိန်တည်းမှာပဲ ရန်တုဟာ ပဋိပက္ခနတ်ဘီလူး ဖြစ်လာမဲ့နေ့ကို မျှော်လင့်စောင့်စားနေပါတယ်။ မုရုံချီနဲ့ တစုန်ကောင်းကင်ပြောတဲ့ အလွန်အမင်း နာကျင်ရတာကိုတော့ ရန်တုဟာ ဂရုမစိုက်ပါဘူး။
ဟန်ကျွယ်ဟာ နှစ်တစ်ရာ တာအိုဟောကြားပြီးတာနဲ့ ထွက်ခွာသွားပါတယ်။ ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ပြီး ဆက်လက် ကျင့်ကြံပါတယ်။
ဟန်ကျွယ်ဟာ လွတ်လပ်မှု လောကဦးပဋိပက္ခ နောက်ဆုံးအဆင့်ကို ထိုးဖောက်တဲ့ အချိန်ကျရင် နတ်‌ဒေါင်းအရှင်ကို တိုက်ခိုက်ပြီး တစ်တောင်ထက် တစ်တောင် ပိုမြင့်တယ် ဆိုတဲ့ သင်ခန်းစာပေးဖို့ ဆုံးဖြတ်ထားပါတယ်။
နှစ်တစ်ထောင် ကြာတဲ့အခါမှာတော့…
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ ထပ်တိုးသွားပြီး အဆင့်တက်ဖို့ တဖြည်းဖြည်း ပိုနီးလာပါတယ်။ ဟန်ကျွယ်ဟာ ကောင်းကင်တာအို အပြင်ဘက်ကို လှမ်းကြည့်လိုက်တဲ့အခါ နတ်ဒေါင်းအရှင်က ကောင်းကင်တာအို အပြင်ဘက်မှာရှိတဲ့ ကပ်ဘေးမျိုးနွယ်စုရဲ့ မြို့ဆီ ပြန်ရောက်နေတာကို တွေ့လိုက်ရပါတယ်။
နတ်ဒေါင်းအရှင်က ဘဝင်မြင့်ပေမဲ့ စကားတော့ တည်ပါတယ်။
“ဝင်လာခဲ့”
ဟန်ကျွယ်ရဲ့ စကားဆုံးတာနဲ့ တာအိုဘုံကျောင်း အပြင်ဘက်မှာ လေးငါးဆယ်ရက် ကြာအောင် စောင့်ဆိုင်းနေတဲ့ ကွမ်းပုပိုင်ဟာ တာအိုဘုံကျောင်းထဲကို ဝင်လာပါတယ်။ ကွမ်းပုပိုင်ဟာ ဟန်ကျွယ်ကို ဦးညွှတ်ပြီး ယုံကြည်မှုရှိစွာ ပြောလိုက်ပါတယ် “ဆရာသခင်… ကျွန်တော် တာအိုပညာရှိအတု ဖြစ်သွားပြီ”
ကွမ်းပုပိုင် ဟန်ကျွယ်ဆီ ရောက်လာတုန်းက ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် နောက်ဆုံးအဆင့်မှာပဲ ရှိပါသေးတယ်။ အခု ဘာမှမကြာ‌သေးတဲ့ အချိန်လေးအတွင်းမှာပဲ တာအိုပညာရှိအတု ဖြစ်သွားပါပြီ။ လွတ်လပ် တာအိုပညာရှိ ဝင်စားတာလို့ မပြောရပါဘူး။
“မဆိုးဘူး” ဟန်ကျွယ်က ချီးကျူးလိုက်ပါတယ်။
ကွမ်းပုပိုင်းက မေးလိုက်ပါတယ် “ဆရာသခင်… ကျွန်တော် လိုက်မေးကြည့်တော့ ဆရာသခင်က အသက် ၂၀၀,၀၀၀ တောင် မပြည့်သေးဘူးဆို” ဒီမေးခွန်း မေးလိုက်တဲ့ ကွမ်းပုပိုင်ရဲ့ မျက်နှာဟာ နည်းနည်းတော့ ကသိကအောက် ဖြစ်နေပါတယ်။
“ဟုတ်တယ်”
“ဆရာသခင်… ကျေးဇူးပြုပြီး ကျွန်တော့်ကို အခွင့်အရေးကြီးတစ်ခု ပေးပါ” ကွမ်းပုပိုင်ဟာ ရုတ်တရက် ဒူးထောက်ပြီး ဟန်ကျွယ်ကို ရှိခိုးလိုက်ပါတယ်။ ကွမ်းပုပိုင်ဟာ ဟန်ကျွယ်က စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး ပြန်ဝင်စားတာလို့ ယုံကြည်သွားပါတယ်။ စွမ်းအားကြီး ပုဂ္ဂိုလ် ပြန်ဝင်စားတယ်ဆိုရင်တောင် နှစ် ၂၀၀,၀၀၀ နဲ့ တာအိုပညာရှိ ဖြစ်လာဖို့က မလွယ်ပါဘူး။
ဖန်းလျန်က အပေါ်ယံကြည့်ရင် နှစ် ၂၀၀,၀၀၀ မပြည့်ခင်မှာ တာအိုကို ရယူနိုင်ခဲ့တယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့ ဖန်းလျန်က လောကဦးခေတ်ကို အကြိမ်များစွာ သွားလာခဲ့တာကြောင့် သူ့ရဲ့ ရုပ်ခန္ဓာ အသက်က နှစ် ၂၀၀,၀၀၀ ထက် ပိုပါတယ်။ နောက်ပြီး ဖန်းလျန်က ကံတရား အထောက်အပံ့ကို အမှီပြုပြီး တာအိုကို ရယူခဲ့တာပါ။ ကွမ်းပုပိုင် နားလည်သလောက်ဆိုရင် ဟန်ကျွယ်က တာအိုပညာရှိတင် မဟုတ်ပါဘူး။ ကောင်းကင်အရှင်ရွှမ်တုရဲ့ စကားအရ လွတ်လပ် တာအိုပညာရှိတောင် ဖြစ်နေပြီလို့ သိထားပါတယ်။
ကွမ်းပုပိုင်ဟာ ဟန်ကျွယ်ဆီမှာ ခပ်မြန်မြန် စွမ်းအားကြီးလားမဲ့ နည်းလမ်းတစ်ခု ရှိရမယ်လို့ မှန်းဆလိုက်ပါတယ်။ ဒါကြောင့်လည်း ဟန်ကျွယ်ကို လာတွေ့ပြီး အခွင့်အရေးပေးဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။ ကွမ်းပုပိုင်ဟာ ဒီလိုမျိုး ကျင့်ကြံမှု မြန်မြန်တိုးတက်ဖို့ တကယ်ကို အလျင်လိုနေပါတယ်။
ဟန်ကျွယ်ဟာ ကွမ်းပုပိုင်ရဲ့ အတွေးတွေကို ခန့်မှန်းမိပေမဲ့ ချက်ချင်းကြီးတော့ သဘောမတူလိုက်ပါဘူး။ ကွမ်းပုပိုင်က နောက်မှ ရောက်လာတဲ့ လူသစ် ဖြစ်တဲ့အတွက် တပည့်ရင်းတွေထက်တော့ မျက်နှာသာ ပိုမပေးသင့်ဘူး မဟုတ်ပါလား။
ကွမ်းပုပိုင်ဟာ နဖူးနဲ့ ကြမ်းပြင်ကို ထိပြီး ဟန်ကျွယ် သဘောတူတာကို စောင့်ဆိုင်းနေပါတယ်။ ဟန်ကျွယ်က ရုတ်တရက် ပြောလိုက်ပါတယ် “ငါ့မှာ မင်းကို လုံးဝ ပြောင်းလဲနိုင်တဲ့ အခွင့်အရေးကြီးတစ်ခု ရှိတာ အမှန်ပဲ၊ ဒါပေမဲ့ မင်းက ငါ့အတွက် ဘာမှ မလုပ်ပေးထားဘူး၊ ငါက မင်းကို ဘယ်လို ယုံကြည်ရမှာလဲ”
ကွမ်းပုပိုင်ဟာ ခေါင်းမော့ပြီး မေးလိုက်ပါတယ် “ဆရာသခင်က ကျွန်တော်ကို ဘာလုပ်စေချင်တာလဲ”
ဟန်ကျွယ်က ပြန်မေးလိုက်ပါတယ် “မင်းက ဘာဖြစ်လို့ စွမ်းအားကြီးလာဖို့ အလျင်လိုနေရတာလဲ”
ကွမ်းပုပိုင်က အံကြိတ်ပြီး ပြန်ဖြေပါတယ် “ကလဲ့စားချေဖို့ပါ”
ဟန်ကျွယ်ဟာ တိတ်ဆိတ်သွားပါတယ်။ ကွမ်းပုပိုင်ဟာ ဘဝဟောင်းမှာတုန်းက မဟာတာအို တာအိုအသီးကို ထိုးဖောက်ဖို့ ကြိုးစားစဉ်မှာ တိုက်ခိုက်ခံခဲ့ရပါတယ်။ ဒီလိုရန်ငြိုးက ဖြေဖျောက်နိုင်တဲ့အရာ မဟုတ်ပါဘူး။ ဟန်ကျွယ်ဆိုရင်လည်း ဘယ်လိုမှ သည်းခံနိုင်မှာ မဟုတ်ပါဘူး။
ကွမ်းပုပိုင်ရဲ့ မျက်နှာသာပေးမှုက ကြယ်ငါးပွင့်ပါ။ အရင်တုန်းကဆိုရင် ဟန်ကျွယ်ဟာ ကွမ်းပုပိုင်ကို ယုံကြည်လိုက်မှာပါ။ ဒါပေမဲ့ အခုတော့ မျက်နှာသာပေးမှုက အမြင့်ဆုံး မဟုတ်ရင် ဟန်ကျွယ်ဟာ သိပ်ပြီးတော့ စိတ်မချတော့ပါဘူး။ ဟန်ကျွယ်ဟာ ချီတုံချတုံ ဖြစ်သွားပါတယ်။ အတန်ကြာတော့မှာ…
“ထားလိုက်ပါတော့… ငါမင်းကို နေရာတစ်ခုဆီ ပို့ပေးမယ်၊ အဲဒီမှာ ဆက်ကျင့်ကြံပြီး စောင့်နေ…” ဟန်ကျွယ်ဟာ စကားဆုံးတာနဲ့ ကွမ်းပုပိုင်ကို ဒုတိယ တာအိုစက်ကွင်းဆီ ခေါ်သွားပါတယ်။ ကွမ်းပုပိုင်ဟာ ပဟေဠိ ဖြစ်သွားပါတယ် “ဒါ ဘယ်နေရာလဲ”
“အပြင်ထွက်ပြီး မုရုံချီရဲ့ စကားကို နားထောင်ချည်၊ ငါ ဘာဖြစ်လို့ မင်းကို ဒီခေါ်လာလဲဆိုတာ သူ့ကို မေးကြည့်လိုက်”
ဟန်ကျွယ်ဟာ စကားဆုံးတာနဲ့ ပင်မတာအိုစက်ကွင်းကို ပြန်ပါတယ်။ ဟန်ကျွယ်ဟာ မုရုံချီကို အရင်ကတည်းက ဒီနေရာကို ရောက်လာတဲ့သူမှန်သမျှ နတ်ဘီလူးလောင်းလျာတွေ ဖြစ်ပြီး အရာအားလုံးကို ရှင်းပြပေးဖို့ ညွှန်ကြားထားပြီးသားပါ။
ကွမ်းပုပိုင်ဟာ တာအိုဘုံကျောင်းထဲက ချက်ချင်း လမ်းလျှောက် ထွက်သွားပါတယ်။ မုရုံချီနဲ့ တခြားလူတွေလည်း ကွမ်းပုပိုင်ဆီကို ချက်ချင်း ရောက်လာကြပါတယ်။ ဒုတိယ တာအိုစက်ကွင်းထဲမှာ လူသိပ်မရှိပေမဲ့ ရောက်လာတဲ့လူတိုင်းက အနာဂတ် ပဋိပက္ခနတ်ဘီလူးလောင်းတွေပါ။ ဒါကြောင့် အချင်းချင်း သိထားပြီး မိတ်ဖွဲ့ထားတာက ပိုကောင်းပါတယ်။ နောက်ကျရင် သူတို့တွေက ဟန်ကျွယ်နဲ့ အတူတူ တိုက်ခိုက်ချင် တိုက်ခိုက်ရမှာပါ။
မုရုံချီ၊ ‌ကောင်းကင်နက္ခနတ်ဘီလူး၊ ကြက်သွေးရောင် မြေခွေးနီနဲ့ တစုန်ကောင်းကင်ရဲ့ ကြောက်မက်ဖွယ် သွေးနှစ်ကို အာရုံခံမိတဲ့ ကွမ်းပုပိုင်ဟာ စိတ်ထဲမှာ လန့်သွားပါတယ်။ ကွမ်းပုပိုင်ဟာ ဒီနေရာက ဘယ်နေရာလဲဆိုတာကို စပြီးတော့ မေးမြန်းပါတယ်။ မုရုံချီနဲ့ တခြားလူတွေကလည်း မဖုံးကွယ်ဘဲ အမှန်အတိုင်း ပြောပြပါတယ်။
ကွမ်းပုပိုင်ဟာ ဟန်ကျွယ်က သူ့ကို ပဋိပက္ခနတ်ဘီလူး ဖြစ်အောင် လုပ်နိုင်မှန်း သိလိုက်ရတဲ့အခါ ကြက်သေသေသွားပါတယ်။ ဘဝဟောင်းမှာတုန်းက ကွမ်းပုပိုင်ဟာ အလားအလာ အကောင်းဆုံး ရှန်တျန်သက်ရှိပါ။ သူဟာ မဟာတာအိုကို ရယူခါနီးနီးပါပဲ။ ဒါပေမဲ့ ကွမ်းပုပိုင်ဟာ သူနဲ့ ပဋိပက္ခနတ်ဘီလူးကြားက ကွာခြားချက်ကိုတော့ ကောင်းကောင်းကြီး သိပါတယ်။
ဟန်ကျွယ်က သူ့ကို ပဋိပက္ခနတ်ဘီလူး ဖြစ်အောင် လုပ်နိုင်တယ်လို့ သိလိုက်ရတဲ့အခါမှာ ကွမ်းပုပိုင်ရဲ့ ပထမဆုံး အတွေးက လုံးဝမဖြစ်နိုင်ဘူးဆိုတာပါ။ ဒါပေမဲ့ အသွင်တူ လက်ရည်စမ်းပွဲထဲဝင်ပြီး တစုန်ကောင်းကင်၊ ကောင်းကင်နက္ခ နတ်ဘီလူးတို့နဲ့ တိုက်ခိုက်ကြည့်တဲ့အခါ ကွမ်းပုပိုင်ဟာ လုံးဝယုံကြည်သွားပြီး တော်တော်နဲ့ သူ့စိတ်ကို ငြိမ်အောင် မထိန်းနိုင်တော့ပါဘူး။ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ်အဆင့်ပဲ ရှိသေးတဲ့ ပဋိပက္ခနတ်ဘီလူးက သူ့ကို အနိုင်တိုက်နိုင်တယ် မဟုတ်ပါလား။
တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ရှေ့မှာ စာကြောင်းတစ်ကြောင်း ပေါ်လာပါတယ်။
[ကွမ်းပုပိုင်သည် သင့်အပေါ် မျက်နှာသာပေးမှု တိုးသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်ခြောက်ပွင့်။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset