Switch Mode

Chapter – 150

သူခိုးကလူပြန်ဟစ်ခြင်း

Chapter – 150
“သူခိုးကလူပြန်ဟစ်ခြင်း”

အနောက်ပိုင်း စစ်သူကြီး ဝုဂေါင်လီသည် စာပို့ခိုမှတဆင့် တိုက်ပွဲအခြေအနေ အစီအရင်ခံစာအား ပေးပို့ခဲ့သည်။ အရေးပေါ် အခြေအနေ ဖြစ်နေပြီ ဖြစ်ပြီး အစပိုင်းပင် ရှိသေးသည့်တိုင် ဝုဂေါင်လီမှာ အကြပ်ရိုက်နေပုံပင်။
မြောက်ပိုင်းတွင်မူ ရဲနန်ရှန် ရှိနေပြီး သူသည်လည်း အချိန်မရွေး ပြန်လာနိုင်၏။
သို့သော် မြောက်ပိုင်းဝံပုလွေ အင်အားစုသည် မျိုးနွယ်စုပေါင်း တစ်ဒါဇင်ကျော်လောက်အား စည်းရုံး၍ စစ်သည်အင်အား သိန်းနဲ့ချီ ရှိနေကြသည်။ မြောက်ပိုင်း နယ်စပ်အား အချိန်မရွေး သိမ်းယူတော့မည့် အနေအထားမျိုးပါပင်။
ထို့ကြောင့် မြောက်ပိုင်းမှ အစီအရင်ခံစာသည်လည်း ဘုရင့်စားပွဲပေါ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ထို့အတူ စိတ်ကျေနပ်ဖွယ်ရာ တစ်ခုတော့ ရှိနေပါသေးသည်။
စာကြောင်းအနည်းငယ်သာ ဖြစ်သော်လည်း ထိုတစ်ကြောင်းကပင် ဘုရင်အဖို့ ကျေနပ်စရာပင်။
“မြောက်ပိုင်းဝံပုလွေ အုပ်စုက တော်တော်ကြီး ကြိုးစားနေကြတယ်။ ဒီတစ်ခါမှာတော့ ကျုပ်ဒီကောင်တွေ အကုန်လုံးကို သတ်ပစ်ရမှာပဲ၊ အဲဒါဆို ဒီကပြဿနာတွေ အကုန်ပြီးသွားမှာပါ မင်းကြီး”
ရဲနန်ရှန်မှ ပေးပို့လိုက်ခြင်း ဖြစ်ပေသည်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် အပြည့်ရှိသော စစ်သူကြီးအား ဘုရင်သည် မြင်ယောင် နေမိသည်။ အထူးသဖြင့် ယခုကဲ့သို့ အခြေအနေမျိုးတွင် ဘုရင့်နိုင်ငံတော်အတွက် အားအကိုးရဆုံး စစ်သူကြီးဆိုလည်း မမှားပါချေ။
ထိုမြောက်ပိုင်းမှ အစီအရင်ခံစာကို ဖတ်ပြီးသည့်အခါ ဘုရင်လည်း သက်ပြင်းတစ်ချက် ချလိုက်ရင်းဖြင့် –
“တော်တော် ယုံကြည်ချက်ရှိတဲ့ စစ်သူကြီးပဲ၊ ရဲနန်ရှန်တစ်ယောက်ပဲ ဒီလို ပြောနိုင်တယ် . . .”
တခဏမျှ စဉ်းစားပြီးနောက် ပြုံးလိုက်ပြန်ရင်း –
“ဒီလို လူတစ်ယောက်ကို ငါ့ဘက်ပါအောင် ထားထားနိုင်တာ တော်တော် ကံကောင်းတယ်။ သူငါနဲ့ ရှိနေသ၍ နိုင်ငံတော် တစ်ခုလုံး လုံခြုံမှာပါ . . .”
ရဲနန်ရှန်၏ အစီအရင်ခံစာကို ဖတ်ပြီးနောက် နောက်ထပ် အစီအရင်ခံစာ တစ်ခု ရောက်လာပြန်သည်။
အရှေ့ပိုင်းမှ အစီအရင်ခံစာ ဖြစ်ပြီး အရှေ့ပိုင်း စစ်သူကြီး ဂေါင်စွန်းနူ ထံမှ ဖြစ်လေသည်။ အရှေ့ပိုင်းတွင် ရှန်ယုနိုင်ငံတော်သည် သူတို့၏ စစ်သည်အင်အားကို စုစည်း၍ နယ်စပ်တွင် စခန်းချထားကြ၏။ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်သည့် အနေအထားမျိုးပင် ဖြစ်သည်။
ရှန်ယု နိုင်ငံတော်တွင် လက်ရှိအချိန်၌ စစ်သည်အင်အား ၅ သိန်းကျော် ရှိနေပြီး ဆက်လက်၍လည်း တိုးပွာလာနေပါသေးသည်။
ဟန်ပြရုံ သက်သက်တော့ မဟုတ်နိုင်ပါချေ။
အဆိုပါ တပ်မဟာ၏ စစ်သူကြီးမှာ ရှန်ယုနိုင်ငံတော်အတွင်း ၅ နှစ်လောက် လူလုံးမပြဘဲ နေခဲ့သော တိုက်ပွဲတစ်ရာစစ်နတ်ဘုရား ဇန်ချီရှန်ပင် ဖြစ်လေ၏။
ဂေါင်စွန်းနူ၏ အစီအရင်ခံစာ၌ –
“တိုက်ပွဲ ဖြစ်လာရင် ကျွန်တော်မျိုး အသက်စွန့် တိုက်ပေးမှာပါ။ ဒါပေမဲ့ ကျွန်တော်မျိုး ဘယ်တော့မှ နောက်ကို မဆုတ်ပါဘူး။ တကယ်လို့ ဇန်ချီရှန် ကိုယ်တိုင် တိုက်ပွဲကို ဦးဆောင် လာမယ်ဆိုရင်တော့ ကျွန်တော်မျိုးလည်း ရလဒ်ကို မမျှော်လင့်ရဲပါဘူး။ အရှင်မင်းကြီးတို့ နောက်ထပ်လှမ်းမဲ့ ခြေလှမ်းတွေ အတွက် ကျွန်တော်မျိုး ဒီမှာ အသေခံတိုက်ပြီး အချိန်ရသလောက် ဆွဲပေးထားပါ့မယ်။ တကယ်လို့ မနိုင်ဘဲ သေဆုံးခဲ့မယ် ဆိုရင်တောင် ကျွန်တော်မျိုးရဲ့ အသက်ကို နိုင်ငံအတွက် စွန့်လွှတ်ရတာ ဖြစ်တာကြောင့် ဂုဏ်ယူမိမှာပါ။ ဒါပေမဲ့ နိုင်ငံတော်အတွက်တော့ စိတ်မကောင်းပါဘူး . . .”
“ကျွန်တော်မျိုး ဇန်ချီရှန်ကို အနိုင်တိုက်နိုင်မယ်လို့ မျှော်လင့်ချက် မရှိပါဘူး။ သူ့ကို နှောင့်နှေး အောင်ပဲ ခဏလုပ်နိုင်မှာပါ။ အကယ်၍ အရှင်မင်းကြီးသာ တတ်နိုင်မယ် ဆိုရင် လူထပ်လွှတ်ပေး စေချင်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ အခြေအနေတွေက ပိုပိုဆိုးလာပါလိမ့်မယ် . . .”
အဓိကအားဖြင့် စစ်သည် အင်အားခြင်း ကွာခြားနေခြင်း ဖြစ်ပြီး ရှန်ယု နိုင်ငံတော်၏ စစ်သည် အင်အားမှာ ၅ သိန်းကျော်ပင် ရှိနေသည် မဟုတ်ပါလား။ ပိုမို၍လည်း များပြားလာနိုင်ပြီး ချန်နိုင်ငံတော် ဘက်ရှိ ဂေါင်စွန်းနူ၏ တပ်တွင်မူ စစ်သည် ၃ သိန်းခန့်သာ ရှိနေသဖြင့် အလွန်ကွာခြားနေပါသည်။
နိုင်ငံတော်မှ စစ်သည်အင်အားများ ထပ်မံ စေလွှတ်မည် ဆိုပါကလည်း အနည်းဆုံး ရက် ၂၀ ခန့် ကြာဦးမည် ဖြစ်၏။
ထိုရက်နှစ်ဆယ်အတွင်း မည်သို့မည်ပုံ ဖြစ်ပျက်သွားမလဲ ဆိုတာကို မည်သူမျှ ခန့်မှန်းနိုင်မည် မဟုတ်ချေ။
သို့သော် သေချာသည့်အရာ တစ်ခုတော့ ရှိပေသည်။ တိုက်ပွဲတစ်ရာ စစ်နတ်ဘုရား ဇန်ချီရှန်မှာမူ ယခုအခွင့်အရေးကို လက်လွှတ်မည် မဟုတ်ချေ။
ထို့ကြောင့် အရှေ့ပိုင်းရှိ အခြေအနေသည် အဆိုးဆုံး အနေအထား ရောက်နေသည်ဟု ဆိုနိုင်လေ သည်။ တခြားသော အနောက်ပိုင်း၊ မြောက်ပိုင်းနှင့် တောင်ပိုင်းတို့ထက်ပင် ပို၍ တင်းမာနေပါသေးသည်။ အချိန်မရွေ့ ကျရှုံးသွားနိုင်ပေ၏။
ယခင်က တစ်ဖက်ရှိ ရှန်ယုနိုင်ငံတော်မှ ဇန်ချီရှန်ကို ပွဲထုတ်သည့် အခါတိုင်း ချန်နိုင်ငံတော် ဘက်မှလည်း မင်းသားဟွာရန်းကို စေလွှတ်စမြဲ ဖြစ်သည်။ ထိုစစ်သူကြီး ၂ ယောက်သည် ဆယ်စုနှစ်များ ကြာအောင်ကို တိုက်ခိုက်ခဲ့ကြ၏။ မည်သူမျှ အသာစီးဖြင့် အနိုင်ရသည် ဆိုတာ မရှိခြင်းကြောင့် မည်သူက ပိုသာသနည်း ဆိုတာကို ဆုံးဖြတ်ရခက်လှ၏။
သို့သော် ယခုအခါတွင်မူ မင်းသားဟွာရန်းသည် တောင်ပိုင်းတိုက်ပွဲကို ထွက်သွားရချေပြီ။
ဇန်ချီရှန်မှာမူ ၅ နှစ်လောက် ပျောက်နေခဲ့ပြီးနောက် အရှေ့ပိုင်း စစ်မြေပြင်တွင် ပြန်ပေါ်လာပြန်၏။
အချိန်တိုအတွင်း သာယာဝပြော၍ တည်ငြိမ်အေးချမ်းနေသည့် ချန်နိုင်ငံတော်သည် အန္တရာယ်များ ပတ်လည်ဝိုင်းသွားလေသည်။
ဘုရင်သည် အစီအရင်ခံစာများအား ဖတ်ရင်း တအံ့တသြ ဖြစ်နေမိ၏။
သူ၏ နိုင်ငံတော်သည် ယခုကဲ့သို့ ခြိမ်းခြောက်ခံနေရသည့် အခြေအနေမျိုးသို့ ရောက်ရလိမ့်မည်ဟု မထင်မှတ် ထားခဲ့မိချေ။ သမိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် ကြုံလိုက်ရခြင်းပင် ဖြစ်၏။
“တောင်ပိုင်းမှာ အပြာရောင်လေနိုင်ငံတော်က ကမ္ဘာ့စစ်သည်တွေရဲ့ ဒုတိယ စစ်သူကြီး ယန်ဝမ်လိ၊ အနောက်ပိုင်းမှာက အပြာရောင် လေနိုင်ငံတော်ရဲ့ စီနီယာမင်းသား ဝမ်ရမ်ဂျန်ရင်၊ အရှေ့ပိုင်းမှာ တိုက်ပွဲတစ်ရာ စစ်နတ်ဘုရား ဇန်ချီရှန် ခေါ်ငးဆောင်တဲ့ အဖွဲ့၊ မြောက်ပိုင်းကကျ မြောက်ပိုင်းဝံပုလွေဘုရင် ဦးဆောင်တဲ့ လူရိုင်းမျိုးနွယ်စုပေါင်း ၁၅ စု . . . တော်တော်ကို ခက်ခဲတဲ့ အနေအထားပါလား . . .”
ဘုရင်သည် မျက်မှောင်ကြုတ်လျက် အရပ်လေးမျက်နှာမှ ပေးပို့သော အစီအရင်ခံစာများကို ဖတ်ရင်း ရေရွတ်လိုက်သည်။
“မုန်တိုင်းအိမ်တော် . . .”
လက်ရှိတွင် နိုင်ငံတော် တစ်ခုလုံးအား ကျရှုံးအောင် လုပ်နိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်းမှာ မုန်တိုင်းအိမ်တော်သာ ရှိသည်။ ၎င်းတို့သာ ဝင်ရောက် ပတ်သက်နေခြင်း မရှိဘူး ဆိုပါက ယခုလောက် အခြေအနေ ရှုပ်ထွေးမှု မရှိမှာ သေချာလှပေသည်။
ဘုရင်သည် မတ်တတ်ရပ်လိုက်ပြီးနောက် ရှေ့နောက် လျှောက်နေမိသည်။ သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ရင်း –
“သခင်ကြီးဘိုင် . . . မင်းလိုချင်တာ ငါ့နိုင်ငံတော်လား . . . တော်တော် အရှက်မရှိတာပဲ။ ချန်နိုင်ငံတော်ဆိုတာ သမိုင်းမှာ မကျရှုံးခဲ့တဲ့ ခြွင်းချက် နိုင်ငံတော် တစ်ခု ဖြစ်ကို ဖြစ်ရမယ် . . .”
လက်နောက်ပစ်လျက် လျှောက်နေခြင်း ဖြစ်ပြီး သူ၏ မျက်ခုံးများသည်လည်း နဂါးနှစ်ကောင် ကဲ့သို့ မျက်မှောင်ကြုတ်ထားလေ၏။ ပြတင်းပေါက်နားတွင် ရပ်တန့်လိုက်ရင်း ခနဲ့တဲ့တဲ့ လေသံဖြင့် –
“ငါ့နိုင်ငံတော်မှာ နောက်ထပ် စစ်သူကြီးတွေ မရှိတော့ဘူးလို့ ဘယ်သူပြောလဲ၊ ဒီလိုတွေ ဆိုးရွား လာမယ်ဆိုရင် ငါကိုယ်တိုင် သွားရမှာပဲ . . .”
“ဇန်ချီရှန်ရဲ့ တစ်ဘဝလုံးမှာ ကျရှုံးခဲ့ရတဲ့ အခေါက်က ငါ့လက်ထဲမှာ ဆိုတာကိုလည်း မေ့မနေကြနဲ့ဦး . . .”
ထို့နောက် လမ်းလျှောက်လိုက်ပြန်ရင်း –
“အရပ်ဘက် စစ်ဘက် အရာရှိတွေ အကုန်လုံး ပင်မ ခန်းမထဲမှာ စုဝေးထားလိုက် . . .”
“ကောင်းပါပြီ မင်းကြီး . . .”
ဝမ်ကုန်းကုန်း ပြောလိုက်၏။
“မင်းကြီး . . . ဘဏ္ဍာရေးအမတ်မင်း သခင်ကြီးဂျန် အပြင်ဘက်ခန်းမထဲမှာ စောင့်နေတာ အတော်ကြာပါပြီ . . .”
ဘုရင်သည် မျက်မှောင်ကြုတ်လိုက်ရင်း –
“သူက ဒီရောက်နေတာလား၊ ဘာအတွက်လဲ . . .”
ဝမ်ကုန်းကုန်းမှ –
“သူ့သားအတွက်လို့ ပြောရမှာပဲ။ သူ့သားကို မြောက်ပိုင်း စစ်သူကြီးရဲ့သား သခင်လေး ရဲရှောင်က ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်တယ်။ အဲဒီကောင်လေးလည်း တော်တော်ကို စုတ်ပြတ်သွားခဲ့တာ။ ကြည့်ရမှာတောင် လန့်စရာပါပဲ။ ဒုက္ခိတ ဖြစ်သွားနိုင်တဲ့ အခြေအနေပါ မင်းကြီး . . .”
ဘုရင်သည် ဒေါသတကြီးဖြင့် –
“ဒီလို အချိန်မျိုးမှာတောင် စောက်ရေးမပါတဲ့ ကိစ္စအတွက်နဲ့ လာရလား . . .”
ထိုအချိန် ဘုရင်သည် အတော်ကို ပေါက်ကွဲနေလေသည်။ ယခုအချိန်သည် နိုင်ငံတော်ကြီး တစ်ခုလုံးအတွက် အန္တရာယ်တွင်းထဲသို့ ကျရောက်လုဆဲ အခြေအနေ ဖြစ်နေသည် မဟုတ်ပါလား။ ထိုအချိန်မှာပင် ဘဏ္ဍာရေးအမတ်မင်းသည် ကလေးချင်း ရန်ဖြစ်ရသည့် ကိစ္စအတွက် လာရောက်ခြင်းမှာ တကယ်ကို အရုပ်ဆိုးလှပေသည်။
သို့သော်လည်း ဘုရင် မသိသည့်အချက်မှာ ဂျန်ယုမင် သူ့သားအား အစောင့်များ သယ်လာတာကို တွေ့လိုက်ရသည့် အချိန်တွင် မည်မျှထိ ဒေါသထွက်သွားခဲ့ရသလဲ ဆိုတာကိုပါပင်။ ချက်ချင်းပင် တော်ဝင် နန်းတော်သို့ လာရောက်ခဲ့ခြင်း ဖြစ်ပြီး သူနှင့် ဘုရင့်မျိုးနွယ်သည် မိတ်ဟောင်းဆွေဟောင်းများ ဖြစ်ကြသဖြင့် အကူအညီ ပေးနိုင်မည်ဟုလည်း မျှော်လင့်မိခြင်း ဖြစ်ပေသည်။ သို့သော် သူသည် ရဲရှောင် သတိလစ်မေ့မြော၍ သေအံ့ဆဲဆဲ ဖြစ်နေခြင်းကိုတော့ မသိရှိပါချေ။
တခြားသော အမတ်မင်းများသည် နန်းတော်အတွင်း ဝင်ချင်သလိုဝင်၍ မရသော်လည်း ဂျန်ယုမင်မှာမူ ဘုရင်နှင့် ရင်းနှီးနေသူ ဖြစ်သည့်အတွက် ယခုကဲ့သို့ လွတ်လပ်စွာ လာရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဝမ်ကုန်းကုန်းမှ –
“ကျွန်တော်မျိုးလည်း အတိအကျတော့ မသိပါဘူး၊ အဲဒီသခင်လေးကတော့ ဆိုးဆိုးဝါးဝါးကို အရိုက်ခံခဲ့ရတာပါ . . .”
ဝမ်ကုန်းကုန်းနှင့် အမတ်မင်း ဂျန်ယုမင်မှာလည်း သိနေကြတာ ဖြစ်ပြီး ယခင်က တစ်ယောက်ကို တစ်ယောက် အကျိုးပြုခဲ့ကြ ဖူးပါသည်။ ဝမ်ကုန်းကုန်းသည် ဘုရင်ဖြစ်သူနှင့် အမတ်မင်းတို့ ရင်းနှီးနေခြင်းကို သိသဖြင့် ယခုကဲ့သို့ ဘုရင်မင်းမြတ် စိတ်တိုနေသည့်တိုင် အမတ်မင်းဘက်မှ အနည်းငယ် ကာကွယ်၍ ပြောပေးနေမိ၏။
ဘုရင်လည်း ဝမ်ကုန်းကုန်းကို ဘာမှ ပြောမနေတော့ဘဲ ခပ်သုတ်သုတ် ထွက်သွားရန် ပြင်လိုက်၏။ သို့သော် ချက်ချင်းပင် ရပ်တန့်လိုက်ပြီး ဝမ်ကုန်းကုန်းအား –
“ဒါနဲ့ . . . ရဲရှောင်ရော အဆင်ပြေရဲ့လား . . .”
ဝမ်ကုန်းကုန်း ကြောင်ငေးသွားမိ၏။
(အခုခံရလို့ လာတာက ဂျန်ယုမင်လေ . . . နောက်ပြီး ဂျန်တိုင်စုက သေလုမျောပါး အရိုက်ခံခဲ့ရတာ၊ အဲဒါကို မင်းကြီးက ခံရသူကို ဂရုမစိုက်ဘဲ လုပ်တဲ့လူကို အလေးထားနေရတာလဲ . . .)
ဝမ်ကုန်းကုန်းသည် ယခုကဲ့သို့ ချန်နိုင်ငံတော်တွင် အန္တရာယ်များ ပတ်လည်ဝိုင်းနေသည့် အချိန်၌ ဘုရင်သည် ရဲနန်ရှန်ကိုသာ မျှော်လင့်ချက် ထားနိုင်တယ် ဆိုတာကို မသိချေ။ အကယ်၍ ရဲရှောင်သာ တစ်ခုခု ဖြစ်သွားခဲ့မည် ဆိုပါက ရဲနန်ရှန်လည်း ချက်ချင်းပင် ပြန်ရောက်လာနိုင်၏။ မြောက်ပိုင်းတွင် မည်သို့ပင် ဖြစ်နေပါစေ မှုတော့မည် မဟုတ်ချေ။
ဘုရင်သည် ဂျန်ယုမင်တို့ အကြောင်းကို သိ၏။ ပထမဆုံး ပြဿနာ သွားရှာသူမှာ ဂျန်ယုမင်၏ သားဖြစ်သူတို့ ဘက်မှ ဖြစ်နိုင်ပြီး ယခုကဲ့သို့ ဂျန်တိုင်စု ပြင်းပြင်းထန်ထန် ဒဏ်ရာ ရထားသည်ဆိုလျှင် ရဲရှောင်လည်း မစားသာလောက်ချေ။
ထိုအချက်ကို စဉ်းစားမိသည့်အတွက် ဘုရင်လည်း စိုးရိမ်မိသွားခြင်း ဖြစ်၏။
“သခင်လေးရဲကတော့ ဘာဖြစ်သွားလဲ ဆိုတာကို ကျွန်တော်မျိုး မသိပါဘူး . . . အခုလို လူတစ်ယောက်လုံးကို ပိုးစိုးပက်စက် ဒဏ်ရာရအောင် လုပ်နိုင်တယ် ဆိုတော့ သူက တော်တော် ကျန်းမာသန်စွမ်းတဲ့လူ ဖြစ်နိုင်ပါတယ် မင်းကြီး . . .”
ဝမ်ကုန်းကုန်း ပြောလိုက်၏။
ဘုရင်လည်း စိတ်သက်သာရာ ရဟန်ဖြင့် –
“ကောင်းတယ် . . . ကောင်းတယ် . . . သူကောင်းမှ ဖြစ်မယ် . . .”
ဝမ်ကုန်းကုန်းသည် မျက်လုံးပြူးလျက် နားထောင်နေလေ၏။
(ခံရတဲ့လူက ဒီလောက်ထိ ခံခဲ့ရတာကို မင်းကြီးက လုပ်တဲ့လူကို စိုးရိမ်နေတယ်။ လုပ်တဲ့လူ ဘာမှ မဖြစ်တာ ကောင်းတယ် တဲ့လား . . . ဘယ်လိုဖြစ်တာပါလိမ့်။ ကြည့်ရတာ အမတ်မင်းဂျန် ဆိုတာ ငါထင်ထားသလို မင်းကြီးရဲ့ ပစားပေးမှုကို အဲဒီလောက်ကြီး ခံရတဲ့လူ မဟုတ်ပါလား။ ငါ့မှာတော့ သူ့အတွက် လိုက်ကာကွယ်ပြောပေးနေရတာပဲ အဖတ်တင်တယ် . . .)
ဘုရင်သည် ဆက်လက်၍ –
“လူစုထားလိုက်၊ အားလုံးကို မြန်မြန်လာကြပါလို့ . . . ငါကတော့ ဂျန်ယုမင်ဆီ သွားပြီး သူ့သား ဘာတွေ လုပ်လိုက်သလဲ ဆိုတာကို မေးလိုက်ဦးမယ် . . .”
“အဟွတ် . . .”
ဝမ်ကုန်းကုန်း တံတွေးပင် သီးသွားသည်။
(ရဲရှောင် ကောင်းနေလို့သာပဲ တော်တော့တယ်။ တကယ်လို့ ရဲရှောင်သာ တစ်ခုခု ဖြစ်သွားရင် နိုင်ငံတော် တစ်ခုလုံးအတွက် ဘယ်လောက်တောင် ဆိုးရွားသွားမလဲ မသိဘူး . . .)
ရဲနန်ရှန် သူ့သားကို မည်မျှထိ တန်ဖိုးထားသလဲ ဆိုတာကို ဘုရင်မှလွဲပြီး မည်သူမျှ မသိချေ။
ယခင်က ရဲနန်ရှန်သည် ရန်သူသန်းပေါင်းများစွာကို သူ့သားအတွက် လိုအပ်သည့် ဆေးပင် ရရှိရေးအတွက် တစ်ကိုယ်တည်း တိုက်ခိုက်ခဲ့သည်။ မည်သူမျှ သူ့ကို တိုက်ပွဲတွင် မထိန်းထားနိုင်ချေ။
ထို့အပြင် ဘုရင်နှင့်လည်း သွေးသောက် ညီအစ်ကို ဖွဲ့၍ မြောက်ပိုင်းတွင် နှစ် ၂၀ ကြာ ကာကွယ်ပေးပါ့မည် ဟူ၍လည်း ကတိပေးခဲ့၏။
ထိုအချိန် အတောအတွင်း ရဲရှောင်သာ တစ်ခုခု ဖြစ်သွားမည် ဆိုပါက မြောက်ပိုင်းဝံပုလွေ တပ်များ ကျူးကျော်လာပြီး နိုင်ငံတော် ပြိုကွဲမည် ဆိုလျှင်ပင် ရဲနန်ရှန်သည် သေချာပေါက် ပြန်လာမည် ဆိုတာကို ဘုရင်သိနေ၏။
ထို့ကြောင့်ပင် ဘုရင်သည် စိတ်မအေးနိုင် ဖြစ်နေရသည်။
(ရဲနန်ရှန် . . . မင်းဘာလို့ မင်းသားကို ဒီလောက်ထိ တန်ဖိုးထားနေရတာလဲ . . .)
ဘုရင်အဖုိ့ ရဲနန်ရှန်ကိုလည်း ဖိအားပေးနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် လက်ရှိ အချိန်တွင် ဘုရင်အတွက် မည်သူဘာဖြစ်ဖြစ် အရေးမကြီးလှဘဲ ရဲရှောင် ကောင်းကောင်းမွန်မွန် ရှိနေရေးသာ အရေးကြီးဆုံး ဖြစ်နေပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset