Chapter – 149
“အိမ်ရှေ့မင်းသား၏ရှေ့ရေးအစီအစဉ်များ”
အိမ်ရှေ့မင်းသားလည်း သူ့အပြစ် မဖြစ်နိုင်တော့ဟု တွေးလိုက်မိပြီး အခြေအနေ အနည်းငယ်ကို နားလည်သွားခဲ့သည်။ ရဲနန်ရှန်သည် သူ့သားနှင့် ပဋိပက္ခ ဖြစ်ခဲ့သော မည်သူ့ကိုမဆို သတ်ပစ်နိုင်သည်ဟုလည်း တွေးလိုက်မိ၏။ ရဲနန်ရှန်အဖို့ ထိုကဲ့သို့ လုပ်ရန် ခက်ခဲမည် မဟုတ်ချေ။
အကယ်၍ ရဲရှောင် အရိုးပျော်လက်ဝါးရိုက်ချက်ဖြင့် သေဆုံးသွားခဲ့မည် ဆိုပါက ဖြစ်လာသည့် ပြဿနာများအား ကွမ်ဇန်ဝမ်ထံသို့ ပုံချမည်ဟု နဂိုတုန်းက စီစဉ်ထားခဲ့သည်။
ထိုအစီအစဉ်မှာလည်း နောက်ဆုံး မတတ်သာတော့သည့် အခြေအနေသို့ ရောက်မှသာ ဖြစ်ပေသည်။
ယခုအခါ ကံတရားက ဖေးမလာပြီ ဖြစ်သဖြင့် အဘယ်ကြောင့် မပျော်ရွှင်ဘဲ ရှိအံ့နည်း . . .။
ကွမ်ဇန်ဝမ်လည်း အိမ်ရှေ့မင်းသား၏ ပျော်ရွှင်နေဟန်ကို ကြည့်၍ ကျေနပ်နေမိသည်။ ထိုကဲ့သို့သာ မဟုတ်ပါက သူလည်း စိတ်အေးလက်အေး ရှိနေနိုင်မည် မဟုတ်ချေ။
ရဲနန်ရှန်နှင့် ပတ်သက်၍ ကွမ်ဇန်ဝမ်သည် ပို၍ စိတ်မအေး ဖြစ်ခဲ့ရသည်။ ရဲရှောင်အား တိုက်ခိုက် လိုက်သောသူမှာ သူကိုယ်တိုင် ဖြစ်နေပြီး ရဲနန်ရှန်သာ သိသွားမည် ဆိုပါက မည်သို့မျှ သူ့ကို ခွင့်လွှတ်မည် မဟုတ်ချေ။
ကွမ်ဇန်ဝမ်လည်း ရယ်မောလိုက်ရင်း –
“ကံကောင်းတဲ့ တိုက်ဆိုင်မှု တစ်ခုပဲ မင်းသား . . . ဒီနေ့ မင်းသားဟွာရန်းက တိုက်ပွဲကို ထွက်သွားခဲ့တယ်လေ။ သူ့ရဲ့ သားမက်ဖြစ်တဲ့ ရဲရှောင်ကလည်း သူထွက်သွားတာကို လာကြည့်ခဲ့တယ်။ စစ်သည်ရဲမက်တွေအားလုံး ထွက်သွားကြပြီးတဲ့နောက် ရဲရှောင်လည်း ပြန်ဖို့ ပြင်တာပေါ့၊ ဒါပေမဲ့ အဲဒီ အချိန်မှာပဲ လက်ယာအမတ်မင်း အိမ်တော်က လိချန်ဇီ၊ ဘဏ္ဍာရေးအမတ်မင်းရဲ့သား ဂျန်တိုင်စု၊ ယဉ်ကျေးမှုအမတ်မင်းနဲ့ တခြား လူငယ်တစ်သိုက် ရဲရှောင်ရှိရာကို မြင်းတွေနဲ့ လာခဲ့တယ်။ ရဲရှောင်နဲ့ ပြဿနာ ဖြစ်ကြမလို့ လာကြတာလေ . . .”
အိမ်ရှေ့မင်းသားသည် ကျေနပ်နေသည့် ဟန်ဖြင့် –
“ဂျန်ယုမင်ရဲ့သား ဟိုမျိုးမစစ်လေး ဂျန်တိုင်စုကို ပြောတာလား . . .”
ကွမ်ဇန်ဝမ်သည် အိမ်ရှေ့မင်းသား အလွန်ပျော်နေမှန်း သိလေ၏။
“ဟုတ်ပါတယ်၊ အမြဲ ပြဿနာတွေ မီးထွန်းရှာလေ့ရှိတဲ့ ဂျန်တိုင်စု ဆိုတဲ့ မျိုးမစစ်လေးပဲ . . .”
မင်းသား မျက်မှောင် ကြုတ်လိုက်ရင်း –
“အင်း . . . ထူးဆန်းတာပဲ၊ ဒီကောင်လေးတွေက ဘယ်လိုဖြစ်လို့ ရဲရှောင်တို့ အဖွဲ့ကို သွားပြီး စော်ကားဝံ့တာလဲ . . .”
ကွမ်ဇန်ဝမ်သည် သူ၏ မုတ်ဆိတ်မွှေးများအား ပွတ်လိုက်ရင်း –
“ဒီကောင်လေးတွေက တကယ်ကို နားလည်ရခက်တယ်။ စစ်သည်ရဲမက်တွေ အဖွဲ့မှာဆိုရင် စစ်သူကြီးလေးယောက်နဲ့ မင်းသားဟွာရန်းတို့ ရှိနေတယ်။ သူတို့ထဲက အနည်းဆုံး တစ်ယောက်ကတော့ မြို့ထဲမှာ ရှိနေတတ်ကြတာပဲလေ။ အဲဒါကြောင့် အရင်က ဒီကောင်တွေ သိပ်ပြီး မာန်မထောင်ဝံ့တာ၊ ရဲရှောင်တို့က တစ်ခါတလေ ပြန်ချတာတောင် ခံခဲ့ရဖူးတယ် . . .”
“အခုတော့ စစ်ဘက်က လူကြီးပိုင်းတွေ အားလုံး တစ်ယောက်မှ မရှိတော့ဘူး။ ခေါင်းဆောင် ဆိုတာလည်း မရှိဘူး၊ အဲဒါကြောင့်ပဲ လိချန်ဇီတို့ အဖွဲ့ဟာ ရဲရှောင်တို့ အဖွဲ့ကို ရန်စလာရတာပဲ။ ဒီကောင်တွေက သိပ်ပြီး အမြင်ကျဉ်းကြတယ်။ ဖြစ်လာမဲ့ အကျိုးဆက်ကို ဘယ်တော့မှ မကြည့်တတ်ကြ ဘူး . . .”
အိမ်ရှေ့မင်းသား နားလည်ဟန်ဖြင့် ပြောလိုက်သည်။
“အမှန်ပါပဲ မင်းသား . . . အရေးကြီးဆုံး အချက်က ဒီကောင်လေးတွေရဲ့ မျိုးနွယ်ကလည်း ဒီကောင်တွေ ဘာလုပ်လုပ် မမြင်ချင်ယောင် ဆောင်နေတတ်ကြတယ်။ မာန်မာနတွေ ဟိတ်ဟန်တွေ အပြည့်နဲ့ အမြဲလိုလို ရှိနေကြပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်သလို နေကြတာလေ . . .”
ကွမ်ဇန်ဝမ် ပြောလိုက်သည်။
အိမ်ရှေ့မင်းသားမှ ကျေနပ်ဟန်ဖြင့် –
“ဆက်ပြောပါဦး . . .”
“ဒီလူရှုပ်လေးတွေနဲ့ ရဲရှောင်တို့ ပြဿနာ တက်ကြတယ်။ ဒါပေမဲ့ သူတို့ကို ရဲရှောင်က ပိုးစိုးပက်စက်ကို ရိုက်နှက်ပစ်ခဲ့တယ်။ မင်းသား . . . ရဲရှောင်က လူရှုပ်လူပွေလေး ဖြစ်တယ် ဆိုပေမဲ့လည်း ကျင့်ကြံမှု အပိုင်းမှာ ခေသူတော့ မဟုတ်ဘူးလေ။ ကျုပ်နဲ့ တိုက်ခိုက်ခဲ့တဲ့ နေ့ကတည်းက ဒါကို ကျုပ်ကောင်းကောင်း ရိပ်မိခဲ့တယ် . . .”
အိမ်ရှေ့မင်းသား ခေါင်းညိတ်ပြလိုက်သည်။
“ဒီကောင်လေးတွေ အနေနဲ့ ရဲရှောင်ကို ဘယ်လိုမှ မနိုင်ဘူး၊ ရဲရှောင်ဟာ ဂျန်ယုမင်ရဲ့ သားကို ကြာပွတ်နဲ့ ရိုက်နှက်ပြီး သွေးစိမ်းရှင်ရှင် ထွက်အောင် ဆုံးမခဲ့တယ်။ နောက်ပြီး ဝမ်ရှောင်နန်ကိုလည်း တစ်ချက် ရိုက်ခဲ့သေးတယ်။ ကျုပ်စစ်ဆေးကြည့်ရသလောက် တော်တော်ကို တိကျပြီး ပြင်းထန်တဲ့ ကြာပွတ်ရာပဲ။ ဝမ်ရှောင်နန် ဒဏ်ရာ အပြင်းအထန် မရဘူး ဆိုရင်တောင်မှ အမာရွတ်က ပျောက်မှာ မဟုတ်တော့ဘူး . . .”
ဝမ်ဇန်ဝမ် ပြောလိုက်သည်။
“ဝမ်ရှောင်နန် . . . အင်း . . . ဒီကောင်က ပြဿနာကောင်၊ အခုလို ဒီကောင့်ကို ဆုံးမမဲ့လူ ပေါ်လာတာ ကောင်းတယ်။ ကျုပ်တို့ရဲ့ ဝမ်ဒါနန် ဘာလို့ သူ့သားကို သေချာ မဆုံးမတာလဲ ဆိုတာကို သိချင်လိုက်တာ။ အိမ်ရှေ့မင်းသားအိမ်တော်အတွက် အရှက်ရစရာ တစ်ခုလိုတောင် ဖြစ်နေပြီ . . .”
“အမှန်ပဲ၊ အမြဲတမ်း အဲဒီကောင်က ပြဿနာ ရှာနေတာ . . .”
ကွမ်ဇန်ဝမ် ပြောလိုက်သည်။
“ရဲရှောင် သူတို့ကို ဆုံးမလို့လည်း ပြီးရော မြင်းနဲ့ အိမ်ပြန်လာခဲ့တယ်။ သူ့အိမ်တော်ကို ရောက်ဖို့ နည်းနည်းလောက်ပဲ လိုတော့တဲ့ အချိန်မှာပဲ ရုတ်တရက် မြင်းပေါ်က လဲကျခဲ့တယ်။ အရိုးပျော်ပုံဆောင်ခဲ ရိုက်ချက် အသက်ဝင်သွားခဲ့တာပဲ။ သူ့အရိုးတွေ အားလုံး မရှိတော့ဘူး၊ အခုဆို သူက ရွှံ့ပုံတစ်ပုံလို ဖြစ်နေပြီ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန် ဟိုကောင်လေးတွေရဲ့ အိမ်တော်က လူတွေကလည်း ရဲအိမ်တော်ရှေ့မှာ ရဲရှောင်ကို အပြစ်တင်ဖို့ စောင့်နေခဲ့ကြတာလေ . . .”
အိမ်ရှေ့မင်းသားလည်း သက်ပြင်းချလိုက်သည်။ စိတ်မကောင်းသည့် ပုံစံဖြင့်ပင် –
“တော်တော် ဆိုးတာပဲ၊ သနားစရာ လူချောလေး တစ်ကောင်ပါလား . . .”
ကွမ်ဇန်ဝမ်သည် ချောင်းအနည်းငယ် ဆိုးလိုက်ရင်း ပြောလိုက်တာပင် မှားသွားသလို ခံစားလိုက်ရသည်။
(သနားစရာ ဟုတ်လား . . . မင်းပဲ ငါ့ကို အဲဒီလို တိုက်ခိုက်ခိုင်းခဲ့တာလေ။ မင်းပဲ တွန်းအား ပေးခဲ့တာကို မေ့နေပြီလား၊ အခုကျတော့ သူတော်ကောင်းယောင် လာဆောင်နေတယ်။ အဲဒါကိုများ သနားစရာလို့ ဘယ်လိုများ ပြောထွက်ရတာလဲကွာ . . .)
“အရိုးပျော်ပုံဆောင်ခဲ ရိုက်ချက်က တကယ်ပဲ အသက်ဝင်သွားခဲ့တာလား။ တစ်ခုခု မှားနေတာများ ဖြစ်နေနိုင်မလား . . .”
အိမ်ရှေ့မင်းသား မေးလိုက်သည်။
“မဖြစ်နိုင်ပါဘူး . . . တကယ်ကို အသက်ဝင်ခဲ့တာပါ။ အခြေအနေ သက်ရောက်ပုံက အတူတူပဲလေ။ အသက်ဝင်တာနဲ့ အရိုးတွေ အားလုံး ပျောက်ပြီး ရွှံ့လို ပျော့ခွေသွားတာ . . .”
ကွမ်ဇန်ဝမ် ပြောလိုက်သည်။
“ပြောရမယ်ဆိုရင် ဒါမျိုး ဖြစ်လာဖို့ တစ်ရက်လောက် စောနေတယ် ဆိုပေမဲ့ ရဲရှောင်က နဂိုကတည်းက အားနည်းတဲ့လူ တစ်ယောက်လေ။ မွေးကတည်းက အားနည်းတယ်လို့ ပြောရမယ် မဟုတ်လား . . .”
အိမ်ရှေ့မင်းသား ပြုံးလိုက်ရင်း –
“ဒါဆိုရင်လည်း တစ်ရက်စောသွားတာပဲ ကောင်းသွားတာပေါ့၊ တကယ်ကို တန်ဖိုးရှိတဲ့ တစ်ရက်ပဲ၊ နတ်ဘုရားတွေ အားလုံးက ငါ့ဘက်မှာ ပါလား . . .”
ကွမ်ဇန်းဝမ်လည်း ကျယ်လောင်စွာ ရယ်မောလိုက်၏။
“နောက်ထပ် ကံကောင်းတာ တစ်ခုက ရဲအိမ်တော်ရဲ့ အိမ်တော်ထိန်းကြီး ဆောင်ဂျုကလည်း ထိပ်တန်း ပညာရှင် တစ်ယောက်လေ။ အဲဒါကြောင့် ရဲရှောင်ရဲ့ အခြေအနေကို စစ်ဆေးပြီးတာနဲ့ အရိုးပျော်လက်ဝါးရိုက်ချက် ဆိုတာကို အတည်ပြု ပေးခဲ့တယ်။ တိတိကျကျကြီး သိနေတာမျိုးတော့ မဟုတ်ဘူး၊ သူထင်နေတာက ရဲရှောင်ကို ပြဿနာရှာတဲ့ ကောင်လေးတွေ လုပ်လိုက်တယ်လို့လေ။ အဲဒါနဲ့ အဲဒီမှာ ရှိနေကြတဲ့ လူတွေလည်း အလန့်တကြားနဲ့ ပြန်လာခဲ့ကြတာ။ ဒါတင်မကဘူး ရဲအိမ်တော်က ရဲနန်ရှန်ဆီကို စာပို့ခို လွှတ်ပြီး အကြောင်းကြားခိုင်းပြီး လောက်ပြီ . . .”
ကွမ်ဇန်ဝမ် တည်ငြိမ်စွာ ပြောလိုက်သည်။
“ဆောင်ဂျုကလည်း အမတ်ကြီးတွေ အိမ်တော်တွေကို အခဲမကြေနိုင် ဖြစ်နေတယ်။ အခုနေ ကျုပ်တို့ စိုးရိမ်ရမှာက အရိုးပျော်လက်ဝါးရိုက်ချက်အကြောင်း သိနေတဲ့ လူတစ်ယောက် ပေါ်လာမှာကိုပဲ။ ရဲနန်ရှန် ပြန်လာဖုိ့ကလည်း တော်တော် ကြာဦးမှာ၊ သူပြန်မလာခင် အချိန် အတောအတွင်းမှာ ကျုပ်တို့ဘက်က တစ်ခုခု လုပ်နိုင်မယ်ဆိုရင်ရော . . . အိမ်ရှေ့မင်းသား သဘောပေါက်မှာပါ . . .”
အိမ်ရှေ့မင်းသား ခေါင်းလိုက်လိုက်ရင်း –
“ဟုတ်တယ် . . . ဒီလိုမျိုး အခြေအနေတွေ ဖြစ်လာမယ်လို့ ကျုပ်တကယ်ကို မထင်ထားခဲ့မိဘူး။ ကျုပ်တို့ဘက်က အရာအားလုံးကို ထိန်းချုပ်ထားနိုင်မယ်ဆိုရင် ရလဒ်လည်း ပြောင်းသွားလိမ့်မယ်။ နတ်ဘုရားတွေရဲ့ ကောင်းချီးပေးမှုက အံ့သြစရာ ကောင်းလိုက်တာ . . .”
ထို့နောက် မတ်တတ်ရပ်လိုက်ရင်း အခန်းထဲ ရှေ့နောက် လျှောက်နေသည်။
“နန်းတော်ထဲကို သွားပြီး တော်ဝင်သမားတော် တစ်ယောက်ယောက် စေလွှတ်ပေးဖို့ ခမည်းတော်ကို ပြောရမယ်။ ရဲရှောင်ကို အကောင်းဆုံး အသက်ရှင်အောင် လုပ်ပေးပါလို့လည်း တော်ဝင် သမားတော်ကို တောင်းဆိုရမယ်။ အဲဒါဆို ရဲနန်ရှန်လည်း သူ့သားကို နောက်ဆုံး အချိန်မှာ တွေ့ခွင့်ရသွား ရမှာပေါ့ . . .”
ကွမ်ဇန်ဝမ်မှ –
“သိပ်လှတဲ့ အကွက်ပဲ . . .”
တော်ဝင်သမားတော်သာ ရဲရှောင်၏ အခြေနေကို စမ်းသပ်ပြီးပါက မည်သို့ ဖြစ်ပေါ်လာသည်ကို ကောက်ချက်ချနိုင်မည် ဖြစ်သည်။ ထို့ပြင် မင်းသားသည် ယခုလို အခြေအနေကို အသုံးချ၍ ရဲအိမ်တော်နှင့် ချစ်ကြည်ရေးကို တည်ဆောက်မည် ဖြစ်ပြီး ရဲနန်ရှန်၏ မျက်နှာသာပေးမှုကို ခံယူမည် ဖြစ်သည်။
“နောက်ပြီး ရဲရှောင်ဆီကို ကျုပ်ကိုယ်တိုင် သွားတွေ့ရမယ် . . .”
အိမ်ရှေ့မင်းသား ပြောလိုက်သည်။
“မှန်တာပေါ့ . . .”
ကွမ်ဇန်ဝမ် ထောက်ခံလိုက်ပြန်၏။
“နောက်ပြီး ဘဏ္ဍာရေး အမတ်မင်း ဂျန်ယုမင်နဲ့ လက်ယာအမတ်မင်း လိရှီရှန်ဆိုတာက ခမည်းတော်ရဲ့ လူတွေ . . . သူတို့က ကျုပ်ကို မင်းသားတစ်ယောက် ဆိုပြီး လေးစားမှုလည်း မရှိကြဘူး။ အဲဒါအပြင် တရားစီရင်ရေးမှာလည်း လက်ဝါးကြီး အုပ်ထားတဲ့ လူတွေ။ ယဉ်ကျေးမှု အမတ်မင်း ဆိုတာကလည်း ကျုပ်အစ်ကိုရဲ့ လူ . . .”
“ဒီလူတွေ အားလုံးဟာ လက်ဝဲအမတ်မင်းရဲ့ ပြိုင်ဘက်တွေပဲ။ လက်ဝဲအမတ်မင်းဖြစ်တဲ့ အမတ်ကြီးဇူ ဆိုတာ မင်းသားတွေကြားက အရေးကိစ္စတွေမှာ ဘယ်တော့မှ ကြားဝင်လေ့ မရှိဘူး။ ဒါပေမဲ့ အခုတော့ ဒီကိစ္စကြောင့် ကျုပ်နဲ့ ပူးပေါင်းလာနိုင်တယ်။ ကျုပ်သာ ဟိုလူတွေကို ထိုးချရင် သူကတော့ အတော်ကြီး အကျိုးရှိသွားမှာပဲ . . .”
“အဲဒါဆို လက်ဝဲအမတ်မင်းက ကျုပ်ကို မျက်နှာသာ ပေးလာနိုင်တယ် . . .”
အိမ်ရှေ့မင်းသား၏ မျက်လုံးများ အရောင်ဝင်းလတ်နေ၏။
“နောက်ပြီး ကျုပ် ရဲရှောင်ဆီ သွားတွေ့တဲ့ သတင်းကိုလည်း စစ်သည်ရဲဘက်ဘက်က အားလုံး သိသွားလိမ့်မယ်။ အဲဒါဆို စစ်သည်ရဲမက် အင်အားစုနဲ့ပါ လိုက်လျောညီထွေ ရှိနေတာကိုပါ သိသွားကြမယ် . . .”
“တော်တော်ကို မမျှော်လင့်စရာပါပဲလား။ ဒီတစ်ခါ ကျုပ်တို့ရဲ့ အလုပ်ကို မိုးကောင်းကင်က မျက်နှာသာပေးလိုက်ပြီကိုး . . .”
ကွမ်ဇန်ဝမ် ပြောလိုက်သည်။
“မင်းသားကလည်း အရမ်းကို ဉာဏ်ကောင်းပြီးတော့ ဗျူဟာမြောက်အောင် လုပ်တတ်ပါပေတယ်။ စကားလုံးလေး နည်းနည်းလောက် ပြောလိုက်တာ ကမ္ဘာတစ်ခုလုံးတောင် သိမ်းပိုက်နိုင်မိ မတတ်ပဲ . . .”
အိမ်ရှေ့မင်းသား ရယ်မောလိုက်ရင်း –
“မြန်မြန်လုပ် . . . ကျုပ်တို့မှာ အချိန်မရှိဘူး၊ အခု ခမည်းတော်ကို သွားတွေ့လိုက်ဦးမယ် . . .”
“ဂရုစိုက်ပါ မင်းသား . . .”
ကွမ်ဇန်ဝမ် အရိုအသေပေး၍ ထွက်ခွာသွားလေ၏။
မင်းသားသည် ကွမ်ဇန်ဝမ်အား တစ်ခုခု ဖြစ်လာလျှင် အကာအကွယ် ပေးမည်ဟု ကတိပေးထား ခဲ့သော်လည်း တကယ့်တကယ်တမ်း ရင်ဆိုင်ရမည့် အချိန်၌ သူတစ်ဦးတည်းသာ ခေါင်းခံရနိုင်တာကိုလည်း ကွမ်ဇန်ဝမ် ကောင်းကောင်း သိနေသည်။ ဘုရင်ပင် သူ့ကို ကယ်တင်နိုင်လိမ့် မည် မဟုတ်ချေ။
သို့သော် ယခုအခါတွင်မူ သူ၏ စိုးရိမ်ပူပန်နေမှုများ ဖြစ်စရာ အကြောင်းမရှိတော့ပေ။
(ဒီလို လူရှုပ်လူပွေလေးတွေ ကမ္ဘာပေါ်မှာ ရှိနေတာလည်း ခပ်ကောင်းကောင်းပဲ။ အသုံးလိုတဲ့ အခါ ထိုးချလို့ရတာပေါ့ . . .)
ကွမ်ဇန်ဝမ်သည် ပျော်ရွှင် နေမိလေသည်။
(စစ်သူကြီးရဲကလည်း ငါ့ကို ဘယ်လိုမှ မထင်လောက်ပါဘူး . . .)
. . .
ထိုအချိန် နန်းတော်အတွင်း၌ ဘုရင်သည် တိုက်ပွဲများနှင့် ပတ်သက်ပြီး အစီအရင်ခံစားများကို ဖတ်ရှုနေသည်။ ဖတ်ရင်းဖြင့် မျက်မှောင်လည်း ကြုတ်လျက် ရှိသည်။
မင်းသားဟွာရန်း ထွက်ခွာသွားသည့် တောင်ဘက်တွင် တိုက်ပွဲအခြေအနေများ ဆိုးရွားလျက် ရှိ၏။ အပြာရောင်လေနိုင်ငံတော်မှ တပ်ဖွဲ့သုံးဖွဲ့သည် အရှေ့တောင်ဘက်မှ လာနေကြပြီး တောင်ပိုင်း၏ လူရိုင်းမျိုးနွယ် ၇ ခု၏ တပ်ပေါင်းစုသည်လည်း လာနေကြပြီ ဖြစ်၏။
အလွန်ကို အင်အားကောင်းလှပြီး တောင်ပိုင်း တစ်ခုလုံးသည် အန္တရာယ်တွင်းထဲသို့ ကျလုမတတ် ဖြစ်နေချေပြီ။ မင်းသားဟွာရန်း၏ တပ်များ အချိန်မီ ရောက်ခဲ့သည့်တိုင် အသည်းအသန် ရင်ဆိုင်ရမည် ဖြစ်၏။
မင်းသားဟွာရန်း မြို့တော်မှ ထွက်သွားသည့် အချိန်မှာပင် အစီအရင်ခံစာ တစ်ခုအား လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။ အပြာရောင်လေနိုင်ငံတော်မှ တပ်များသည် ချန်နိုင်ငံတော်၏ အနောက်ဘက် အပိုင်းအား ကျူးကျော် တိုက်ခိုက်လာပြီ ဖြစ်ပြီး စုစုပေါင်းအားဖြင့် အင်အား ၂ သိန်းခန့်ပင် ရှိနေတာ ဖြစ်ပါတော့သည် . . .။