Switch Mode

Chapter – 664

အခန်း (၆၆၄) အမင်္ဂလာနတ်ဧကရာဇ်
‘အင်း… ပန်ကူးလမ်းကို လျှောက်တာလား’ ဟန်ကျွယ်ဟာ မျက်ခုံးပင့်တက်သွားပြီး မေးလိုက်ပါတယ် “သူ့မှာ အဲဒီလိုလုပ်ဖို အစွမ်းရှိလို့လား”
ကောင်းကင်အရှင်ရွှမ်တုဟာ ခေါင်းခါလိုက်ပါတယ် “ငါ့ဆရာသခင် ပြောတာတော့ သူက ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို ကိုင်ထားပြီး သူ့ခေါင်းမှာလည်း ပဋိပက္ခကြာစိမ်း ရှိတယ်တဲ့၊ အတိုက်ပဲဖြစ်ဖြစ် ခံစစ်ပဲဖြစ်ဖြစ် မဟာတာအိုပညာရှိတောင် ခုခံနိုင်ဖို့ ခက်ခဲတယ်”
‘အဲဒီလောက်တောင် ကြမ်းတာလား…’ ဟန်ကျွယ်ဟာ စနစ်ပေးထားတဲ့ ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို ရုတ်တရက် တွေးမိသွားပါတယ်။
ဒါပေမဲ့ စနစ်ပေးထားတဲ့ ကောင်းကင်ဖွင့်လှစ်ပုဆိန်က အဲဒီလောက် မစွမ်းပါဘူး။ ဟန်ကျွယ်ဟာ ကောင်းကင်ဖွင့်လှစ်ပုဆိန်ကို အသွင်တူ လက်ရည်စမ်းပွဲထဲမှာ စမ်းဖူးပါတယ်။ ကောင်းကင်ဖွင့်လှစ်ပုဆိန်က ဟန်ကျွယ်ရဲ့ တိုက်ခိုက်မှု ဓမ္မရတနာတွေထဲမှာ အစွမ်းအထက်ဆုံးဆိုပေမဲ့ ဘိုးဘေးရှီတျန်နဲ့ တွေ့တဲ့အခါမှာ လုံးဝ အသုံးမဝင်ပါဘူး။ နောက်ပြီး ကောင်းကင်ဖွင့်လှစ်ပုဆိန်က နှစ်လက်တောင် ဖြစ်နေပါတယ်။ ဟန်ကျွယ်ဟာ ဒီကိစ္စကို ပဟေဠိ ဖြစ်သွားပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ဆက်ပြောပါတယ် “ငါတို့တွေ ကောင်းကင်တာအိုရဲ့ ကံတရား အထောက်အပံ့ကို မြန်မြန်တိုးအောင် လုပ်ရမယ်၊ အခု မိုးကောင်းကင်မျိုးနွယ်စုက ငရဲပြည်ကို ရွှေ့သွားပြီဆိုတော့ သူတို့က ကောင်းကင်တာအို မျိုးနွယ်စုဖြစ်ဖို့ မသင့်တော်တော့ဘူး၊ ဘယ်မျိုးနွယ်စုက ကောင်းကင်တာအို မျိုးနွယ်စုဖြစ်ဖို့ သင့်တော်တယ်လို့ တာအိုရောင်းရင်းဟန် ထင်လဲ”
ဟန်ကျွယ်ဟာ မတွေးဘဲ ချက်ချင်း ပြောလိုက်ပါတယ် “လူသားမျိုးနွယ်စု”
“ကောင်းပြီလေ… ငါ တာအိုရောင်းရင်းဟန် စကားကို နားထောင်ပြီး လူသားမျိုးနွယ်စုကို ကောင်းကင်တာအို မျိုးနွယ်စုအဖြစ် ရွေးချယ်လိုက်မယ်” ကောင်းကင်အရှင်ရွှမ်တုက လေးနက်တဲ့ အမူအရာနဲ့ ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ကောင်းကင်အရှင်ရွှမ်တုရဲ့ အမူအရာကိုကြည့်ပြီး စိတ်ထဲမှာ စောဒကတက်လိုက်ပါတယ် ‘မင်းက ဘာဟန်ဆောင်နေတာလဲ၊ မင်းလည်း လူသားမျိုးနွယ်စုကို ကောင်းကင်တာအို မျိုးနွယ်စု ဖြစ်စေချင်နေတာ မဟုတ်ဘူးလား…’
ကောင်းကင်အရှင်ရွှမ်တုဟာ လူသားမျိုးနွယ်စုကဖြစ်ပြီး ရွမ်လိန့်ကျောင်းတော်ရဲ့ ဂိုဏ်းချုပ်ပါ။ သူက ဘယ်လိုလုပ်ပြီး လူသားမျိုးနွယ်စုကို မထောက်ပံ့ဘဲ နေမှာလဲ။
ကောင်းကင်အရှင်ရွှမ်တုဟာ လွမ်ဟွေအာအာသအကြောင်း ဆက်ပြောပါတယ်။ အရင်လိုပဲ လွမ်ဟွေအာကာသရဲ့ တိုးတက်မှု အကြောင်း ပြောတာပါ။ ကောင်းကင်အရှင်ရွှမ်တုဟာ လွမ်ဟွေအာကာသကို တခြားကောင်းကင်တာအိုငယ်လေး ဒါမှမဟုတ် ကောင်းကင်တာအိုထဲက သေမျိုးကမ္ဘာတစ်ခုဖြစ်တဲ့အထိ တိုးတက်အောင်လုပ်ဖို့ စီစဉ်ထားပါတယ်။
ဟန်ကျွယ်ဟာ ဒီကိစ္စကို မကန့်ကွက်ပါဘူး။ လွမ်ဟွေအာကာသ တစ်ဝက်ကို သူပိုင်တာ မဟုတ်ပါလား။ ကောင်းကင်အရှင်ရွှမ်တုက လွမ်ဟွေအာကာသကို အသုံးပြုပြီး ကံတရား အထောက်အပံ့ကို တိုက်ခိုက်ချင်တာ ဖြစ်တဲ့အတွက် ဟန်ကျွယ်ကို ဘာမှ မသက်ရောက်ပါဘူး။
တကယ်လို့ သူတို့နှစ်ယောက် အနာဂတ်မှာ မတည့်တော့ရင်လည်း ကောင်းကင်တာအိုရဲ့ သခင်က ဘယ်သူလဲဆိုတာကို ဟန်ကျွယ်က ကောင်းကင်အရှင်ရွှမ်တုကို ပြသပေးမှာပါ။ ကောင်းကင်အရှင်ရွှမ်တုနဲ့ စကားပြောပြီးတဲ့နောက် ဟန်ကျွယ်ဟာ တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ပါတယ်။
ဟန်ကျွယ်ရဲ့ အကြည့်ဟာ ဟန်ယွီဆီ ရောက်သွားပါတယ်။ ဟန်ယွီဟာ ငရဲပြည်ရဲ့ တိုက်ပွဲမှာ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး သူ့ကျင့်ကြံမှုက အများကြီး တိုးတက်လာပါတယ်။ အခုဆိုရင် လူသားမျိုးနွယ်စုမှာ သူ့အဆင့်အတန်းက လူသားဧကရာဇ်ထက် နည်းနည်းပဲ နိမ့်ကျပါတော့တယ်။ လူသားဧကရာဇ်တောင် သူ့ကို ညီအစ်ကိုလို့ ခေါ်ရပါတယ်။
လူသားမျိုးနွယ်စု ကောင်းကင်တာအို မျိုးနွယ်စု ပြန်ဖြစ်သွားတာနဲ့ ဟန်ယွီကလည်း တစ်ကျော့ပြန်လာမှာပါ။
ဟန်ကျွယ်ဟာ ငရဲပြည်ကို ထပ်ကြည့်လိုက်ပါတယ်။ ကောင်းကင်ကပ်ဘေး ဧကရာဇ်ရဲ့ ပြင်းထန်တဲ့ အမိန့်အောက်မှာ ကပ်ဘေးမျိုးနွယ်စုက ဘယ်သူမှ သရဲတွေ နတ်ဘုရားတွေနဲ့ အင်မော်တယ်တွေကို မတိုက်ခိုက်ရဲကြပါဘူး။ ဧကရီဟုတ်ထိုနဲ့ ဂျိရှင်းရှန်ကလည်း ဒါကို အခွင့်ကောင်း မယူတာကြောင့် ငရဲပြည်ဟာ အရင်လို အေးချမ်းမှု ပြန်ရသွားပါတယ်။
‘ငြိမ်းချမ်းမှုက အကောင်းဆုံးပဲ၊ အားလုံးပဲ အေးအေးချမ်းချမ်း ကျင့်ကြံအားထုတ်ကြပါ’ ဟန်ကျွယ်ဟာ တိတ်တဆိတ် တွေးတောလိုက်ပါတယ်။ ဟန်ကျွယ်ဟာ သူ့မှာ လုံလောက်တဲ့ အချိန်သာရှိရင် တကယ့်ပြိုင်ဘက်ကင်း ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။
အမှောင်တားမြစ်နယ်မြေ။
ကြီးမားတဲ့ ကြေးသင်္ဘောတစ်စင်းဟာ ရွက်လွှင့်နေပါတယ်။ ဒီသင်္ဘောကြီးပေါ်မှာ သက်ရှိတစ်ယောက်မှ မရှိပါဘူး။ ဒါပေမဲ့ သင်္ဘောက သန့်ရှင်းနေပြီး လူသူမရှိတဲ့ နေရာနဲ့ မတူပါဘူး။ ကြေးသင်္ဘောရှေ့မှာ ဟန်ထော်နဲ့ ယီတျန်တို့ ပေါ်လာပါတယ်။ ယီတျန်ဟာ မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ် “ဒါလား.. ဘယ်လိုလုပ်ပြီး ဘာမှ မရှိရတာလဲ”
ဟန်ထော်က ပြန်ဖြေလိုက်ပါတယ် “ဘာမှမရှိလို့လည်း အဲဒါက ဒီနေရာမှာ ရှိနေတာ၊ ဒီသင်္ဘောပေါ်မှာရှိတဲ့ မရေမတွက်နိုင်တဲ့ အမင်္ဂလာ မကောင်းဆိုးဝါးတွေက ငါတို့တွေကို ဝါးမြိုချင်နေတယ်”
အမင်္ဂလာ မကောင်းဆိုးဝါးဆိုတဲ့ အသံကို ကြားလိုက်ရတဲ့အခါမှာ ယီတျန်ဟာ ကျောထဲစိမ့်တက်သွားပါတယ်။ ဘယ်သူမဆို ဒီလိုမျိုး မမြင်နိုင်တဲ့ တည်ရှိမှုကို ကျိန်းသေပေါက် ကြောက်ကြမှာပါ။
ဟန်ထော်ဟာ ရှေ့ကိုပျံသန်းသွားပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပါတယ် “ကျွန်တော်က မိစ္ဆာ ကောင်းကင်ဧကရာဇ် လက်အောက်က ရှန်စစ်သူကြီးဟန်ပါ၊ အမင်္ဂလာနတ်ဧကရာဇ်ကို တွေ့ခွင့်တောင်းပါတယ်” ယီတျန်လည်း ဦးညွှတ်လိုက်ပါတယ်။
ကြေးသင်္ဘောဟာ ရုတ်တရက် ရပ်တန့်သွားပါတယ်။ ပတ်ဝန်းကျင်က နက်မှောင်တဲ့ အာကာသဟာ လေပြင်းကြောင့် လှိုင်းထသွားတဲ့ ရေပြင်လို ဂယက်ထသွားပါတယ်။ အဲဒီနောက် ကြေးသင်္ဘောထဲကနေ အသံဩဩကြီးတစ်သံ ထွက်ပေါ်လာပါတယ် “မင်းတို့ရဲ့ ဧကရာဇ်က ဘယ်မှာလဲ”
ဟန်ထော်က ပြန်ဖြေလိုက်ပါတယ် “အရှင်မင်းကြီးက နတ်ဧကရာဇ်အတွက် အဆုံးသတ် အပျက်အစီး နတ်ကျောက်စိမ်းကို ရှာဖွေနေပါတယ်” အမင်္ဂလာနတ်ဧကရာဇ်က ဘာမှ ပြန်မပြောပါဘူး။ ဟန်ထော်က ဆက်ပြောပါတယ် “အရှင်မင်းကြီးက နတ်ဒေါင်းအရှင်ကို ဖမ်းဆီးဖို့အတွက် နတ်ဧကရာဇ်ကို ဖိတ်ခေါ်ဖို့ ကျွန်‌တော်တို့ကို လွှတ်လိုက်တာပါ၊ အရှင်မင်းကြီး ပြောတာတော့ နတ်ဧကရာဇ်ကသာ နတ်ဒေါင်းအရှင်ကို ဖမ်းနိုင်မယ်ဆိုရင် အဆုံးသတ် အပျက်အစီး နတ်ကျောက်စိမ်း သုံးပါးကို စုဆောင်းဖို့ နည်းလမ်းရှာပေးပါ့မယ်တဲ့၊ နတ်ဧကရာဇ်ရဲ့ မျိုးနွယ်စုကိုလည်း အဆုံးသတ် အပျက်အစီး နတ်ဘုံရဲ့ ကောင်းကင်ကိုပါ ထိန်းချုပ်ခိုင်းမယ်တဲ့”
အလွန်ပြင်းထန်တဲ့ သတ်ဖြတ်ငွေ့ရဲ့ တိုက်ခိုက်မှုကြောင့် ဟန်ထော်ရဲ့ မျက်နှာဟာ ချက်ချင်း သွေးဆုတ်သွားပါတယ်။ ဟန်ထော်နောက်က ယီတျန်ဟာလည်း သူ့ရဲ့ ဓမ္မရတနာကို ထုတ်ယူပြီး တိုက်ခိုက်ဖို့ အသင့်ပြင်လိုက်ပါတယ်။ ယီတျန်ဟာ အမင်္ဂလာနတ်ဧကရာဇ်က ဘယ်နားမှာ ရှိနေမှန်းတောင် မသိရတာကြောင့် တော်တော်လေး ရင်ထိတ်သွားပါတယ်။
“ဟမ်… ရှေ့က လမ်းပြ”
“ကျေးဇူးပါပဲ နတ်ဧကရာဇ်” ဟန်ထော်ဟာ သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး ရှေ့ကနေ ဦးဆောင်ဖို့ တစ်ဖက်လှည့်လိုက်ပါတယ်။ ယီတျန်ဟာ ဟန်ထော်ဘေးကနေလိုက်ပြီး အသံလွှင့် မေးလိုက်ပါတယ် “အဆုံးသတ်အပျက်အစီးရဲ့ နတ်ကျောက်စိမ်းက ဘာလဲ၊ ဒီအဘိုးကြီးက တကယ်ကို လက်ခံလိုက်တယ်”
“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့၊ မင်း အမင်္ဂလာ နတ်ဧကရာဇ်ကို လေးစားသင့်တယ်၊ အဆုံးသတ် အပျက်အစီးရဲ့ နတ်ကျောက်စိမ်းဆိုတာက အရှင်မင်းကြီး ပြောတာတော့ ဘယ်သူရရ အဆုံးသတ် အပျက်အစီး နတ်ဘုံရဲ့ ကံတရား အထောက်အပံ့ကို ရရှိပြီး အဆုံးသတ် အပျက်အစီး နတ်ဘုံကိုတောင် ထိန်းချုပ်နိုင်လိမ့်မယ်တဲ့၊ ဟိုးအရင်တုန်းက အဆုံးသတ် အပျက်အစီးနတ်ဘုံက အကောင်းစား ရတနာတစ်ပါး ဖြစ်ခဲ့တယ်”
“ဘာ… အကောင်းစား ရတနာ၊ အဲဒီလောက်ကြီးတဲ့ အကောင်းစား ရတနာ ရှိနေတာလား”
“ငါလည်း အရှင်မင်းကြီး ပြောတာ ကြားတာပဲ၊ မင်း ကောင်းကင်ရုံးတော်ကို ပြန်ရောက်မှ အရှင်မင်းကြီးကို ကိုယ်တိုင်မေးကြည့်ပေါ့”
“ကျွတ်..ကျွတ်…”
မျက်တောင်တစ်ခတ်အတွင်း နှစ် ၃,၀၀၀ ကုန်ဆုံးသွားပါတယ်။ လွန်ခဲ့တဲ့ နှစ်သုံးထောင်မှာ အင်မော်တယ်ကမ္ဘာဟာ အပြောင်းလဲကြီး ပြောင်းလဲသွားပါတယ်။ လူပြောအများဆုံး ကိစ္စကတော့ လူသားမျိုးနွယ်စု အင်အားကြီးလာတာပါ။ ရွမ်လိန့်ကျောင်းတော်၊ ချန်ကျောင်းတော်၊ ကျယ်ကျောင်းတော်၊ ဗုဒ္ဓဂိုဏ်း၊ ရှန်နန်းတော်၊ မယ်တော်ဂိုဏ်း၊ တစုန်ကောင်းကင်ဂိုဏ်းနဲ့ တခြားဂိုဏ်းအဖွဲ့တွေက လူသားမျိုးနွယ်စုထဲကို ဝင်ရောက်ပြီး တာအိုကျင့်စဉ်တွေ ဖြန့်ဝေကာ လူသားမျိုးနွယ်စု ခပ်မြန်မြန် အင်အားကြီးလာဖို့ ကူညီကြပါတယ်။
လူသားမျိုးနွယ်စုရဲ့ မျိုးပွားနှုန်းက တကယ်ကို စွမ်းအားကြီးတာပါ။ အခု တာအိုပညာရှိဂိုဏ်းတွေရဲ့ အကူအညီကို ထပ်ရလိုက်တော့ ကောင်းကင်ပေါ်ကို ခြေတစ်လှမ်းတည်းနဲ့ ထိုးတက်သွားသလိုပါပဲ။
အင်မော်တယ်ကမ္ဘာက မျိုးနွယ်စုတွေဟာ လူသားမျိုးနွယ်စုကို မနာလို ဖြစ်ကြပါတယ်။ သူတို့တွေဟာ ငတုံးတွေ မဟုတ်တဲ့အတွက် တာအိုပညာရှိတွေက လူသားတွေကို ပြန်ပြီးတော့ ပံ့ပိုးလာမှန်း သိလိုက်ကြပါတယ်။ ဒါပေမဲ့ အတိတ်မှာတုန်းက သူတို့တွေဟာ လူသားတွေကို မကြာခဏ အနိုင်ကျင့်ခဲ့ကြပါတယ်။ အဲဒါကြောင့် မျိုးနွယ်စုအသီးသီးဟာ လူသားမျိုးနွယ်စု အင်အားကြီးလာတဲ့အခါ ဖြစ်ပျက်ခဲ့တာတွေအတွက် ကလဲ့စား ပြန်ချေမှာကို စိုးရိမ်ပူပန်နေကြပါတယ်။
အပျော်ဆုံးကတော့ နဂါးမျိုးနွယ်စုအပြင် မရှိပါဘူး။ လုံဟောင်ဟာ ဒီကိစ္စကြောင့် မျက်နှာလည်း ရသလို နဂါးမျိုးနွယ်စုက အကြီးအကဲတွေရဲ့ လေးစားခြင်းကို ခံရပါတယ်။ လုံဟောင်ကြောင့်သာ မဟုတ်ရင် နဂါးမျိုးနွယ်စုက လူသားမျိုးနွယ်စုနဲ့ ကမ္ဘာမကျေ ရန်သူတော်ကြီးတွေ ဖြစ်နေဦးမှာပါ။
ဒီကိစ္စအပြင် ငရဲပြည်နဲ့ အင်မော်တယ်ကမ္ဘာကြားမှာလည်း သေမျိုးကမ္ဘာ ဒါဇင်ကျော် ရှိလာပါတယ်။
အင်မော်တယ်ကမ္ဘာရဲ့ အစွန်းမှာတော့ ဂိုဏ်းအသီးသီးက တပည့်တွေဟာ ပဋိပက္ခမြို့တွေကို တည်ဆောက်ပြီး ကောင်းကင်တာအို ကံတရား အထောက်အပံ့ ဖြန့်ကြက်ဖို့ ကူညီကာ မြေအသွင် ခဲစေပြီး အင်မော်တယ်ကမ္ဘာနဲ့ နယ်နိမိတ်ချင်း ထိစပ်စေပါတယ်။ ဒီဖြစ်စဉ်က အလွန်တရာ ရှုပ်ထွေးပြီး အချိန်အကြာကြီး လိုအပ်ပါတယ်။ ဒါပေမဲ့ အင်မော်တယ်ကမ္ဘာမှာ အပေါဆုံးက အချိန်ပါ။
ကပ်ဘေးမျိုးနွယ်စုကလည်း ထိုင်မနေပါဘူး။ ကောင်းကင်ကပ်ဘေး ဧကရာဇ်ရဲ့ စီစဉ်မှုအောက်မှာ ကပ်ဘေးမျိုးနွယ်စု သက်ရှိတွေဟာ တစ်ယောက်ပြီး တစ်ယောက် ပြန်လည်မွေးဖွားပြီး ကပ်ဘေးမျိုးနွယ်စု ကောင်းကင်တာအိုနဲ့ ပေါင်းစပ်နိုင်အောင် ကူညီပေးပါတယ်။
ပြန်လည်မွေးဖွားလာတဲ့ ကပ်ဘေးမျိုးနွယ်စု သက်ရှိတွေဟာ အင်မော်တယ်ကမ္ဘာအစွန်း ဒါမှမဟုတ် သေမျိုးကမ္ဘာကိုသွားပြီး ကောင်းကင်တာအို ကျယ်ပြန့်အောင် ကူညီကြပါတယ်။ ကပ်ဘေးမျိုးနွယ်စုရဲ့ စွမ်းဆောင်မှုက တာအိုပညာရှိတွေကို ကျေနပ်အားရစေပါတယ်။ ကပ်ဘေးမျိုးနွယ်စုက ကောင်းကင်တာအိုထဲ တကယ်ဝင်ချင်တာလို့လည်း ယုံကြည်စ ပြုလာပါတယ်။ အကျဉ်းချုပ်ရရင် အင်မော်တယ်ကမ္ဘာတစ်ခုလုံး တိုးတက်ပြောင်းလဲ စည်ကားနေပါတယ်။
ဒီနေ့မှာတော့ နတ်ထူးဆန်းဟာ ဟန်ကျွယ်ကို ရုတ်တရက် လာရှာပါတယ်။ နတ်ထူးဆန်းဟာ အလွန်တရာမှ စိတ်ခံစားချက် ပြင်းထန်နေပါတယ်။ စိတ်ချင်း ဆက်သွယ်မှုကနေ နတ်ထူးဆန်းက သူ့ရဲ့ သဘာဝရန်သူကို တွေ့သလိုမျိုး အလွန့်အလွန် တုန်လှုပ် ချောက်ချားနေတယ်ဆိုတာကို ဟန်ကျွယ် သိလိုက်ပါတယ် “အရမ်းစွမ်းအားကြီးတဲ့ မကောင်းဆိုးဝါးနတ်က ကောင်းကင်တာအိုကို ချဉ်းကပ်လာတယ်လို့ ပြောချင်တာလား…”
ဟန်ကျွယ်က စွမ်းအားပိုကြီးလာလေလေ သူနဲ့ ပေါင်းစပ်ထားခဲ့တဲ့ နတ်ထူးဆန်းကလည်း ပိုစွမ်းလာလေလေပါပဲ။ နတ်ထူးဆန်းက ဟန်ကျွယ်ကို မမီဘူးဆိုပေမဲ့ စွမ်းအားနေရာမှာဆိုရင် တာအိုပညာရှိနေရာနဲ့ ညီမျှပါတယ်။ သူ့ရဲ့ အာရုံခံနိုင်စွမ်းက ကောင်းကင်တာအို တစ်ခုလုံးကို လွှမ်းခြုံနိုင်ပါတယ်။
နတ်ထူးဆန်းဟာ ခေါင်းညိတ်လိုက်ပြီး ရင်တုန်ပန်းတုန် ဖြစ်သွားပါတယ်။ ဟန်ကျွယ် မော့ကြည့်လိုက်တဲ့အခါ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက်က တိတ်ဆိတ်နေတာကို တွေ့လိုက်ရပါတယ်။ ထူးခြားတာ ဘာမှမရှိပါဘူး။ အရာအားလုံး ပုံမှန်ပါပဲ။ ဒါပေမဲ့ အမင်္ဂလာ မကောင်းဆိုးဝါးကို တွေ့မြင်ရဖို့က အရမ်းခက်ခဲပါတယ်။
ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင် ပျောက်ကွယ်သွားတာကို ရုတ်တရက် ရှာတွေ့သွားပါတယ်။ နတ်‌ဒေါင်းအရှင်ဟာ ကပ်ဘေးမျိုးနွယ်စုရဲ့ မြို့ထဲမှာ အမြဲတမ်း ဂူအောင်းကျင့်ကြံနေခဲ့တာပါ။ အခုလောလောဆယ်မှာတော့ မရှိတော့ပါဘူး။
‘ဒီကောင်က သူ့ကတိကို သူဖျက်တာလား… မဖြစ်နိုင်ဘူး…’ ဟန်ကျွယ်ဟာ စာစောင်တွေကို ချက်ချင်း စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်သည် အမင်္ဂလာ မကောင်းဆိုးဝါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၉၀၂၉၃၀၂၁
[သင့်မိတ်ဆွေ နတ်ဒေါင်းအရှင်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
‘ဒီကောင်က အမင်္ဂလာ မကောင်းဆိုးဝါးတွေရဲ့ အခြေစိုက်စခန်းကို သွားတိုက်တာလား…’ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
နတ်ဒေါင်းအရှင်ကို ဒဏ်ရာရစေတယ် ဆိုကတည်းက တစ်ဖက်လူဟာ အနည်းဆုံး မဟာတာအိုပညာရှိ ဖြစ်ပါလိမ့်မယ်။ နောက်ပြီး ဒီလောက်များပြားတဲ့ အမင်္ဂလာ မကောင်းဆိုးဝါးတွေက ကေင်းကင်တာအိုအစွန်းမှာ ရှိနေတဲ့ ကောင်းကင်တာအိုသက်ရှိတွေကို ကျိန်းသေပေါက် သက်ရောက်စေမှာပါ။
‘ဘာဖြစ်လို့ ပွက်လောမရိုက်တာလဲ၊ အမင်္ဂလာ မကောင်းဆိုးဝါးတွေက နတ်ဒေါင်းအရှင်ကိုပဲ ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာလား…’
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset