အခန်း (၆၆၃) ပန်ကူးစိတ်ဆန္ဒအား အမွေဆက်ခံသူ
“တကယ်လို့ မင်းရှုံးသွားရင် မင်း ဘာလုပ်မှာလဲ” ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ကို မရမက ထပ်မေးလိုက်ပါတယ်။ နတ်ဒေါင်းအရှင်ဟာ အမှောင်သခင်ကြီးက သူ့ကို စော်ကားတယ်လို့ ထင်ပြီး ဒေါသထွက်သွားပါတယ် “တကယ်လို အဲဒီလိုသာ ဖြစ်ခဲ့မယ်ဆိုရင် ငါ မင်းကို အညံ့ခံမယ်၊ မင်းကို ငါ့သခင်အဖြစ် အသိအမှတ်ပြုမယ်၊ ဒါပေမဲ့ ဒါက မဖြစ်နိုင်ဘူး၊ ငါ နတ်ဒေါင်းအရှင်က အဆင့်တူတွေအထဲမှာ ပြိုင်ဘက်ကင်းတယ်၊ ရန်သူအများကြီးကို ယှဉ်တိုက်ရရင်တောင် မကြောက်ဘူး”
“အို… ဒါဆိုရင် ငါ့ တပည့်တွေကို ပိုလွှတ်လိုက်မယ်၊ သဘောတူညီချက်ကတော့ အရင်အတိုင်းပဲ”
“မရဘူး၊ အရင်အတိုင်း တစ်ဦးချင်းပဲ” နတ်ဒေါင်းအရှင်ဟာ သူ့စကားကို ချက်ချင်း ပြောင်းလိုက်ပါတယ်။ နတ်ဒေါင်းအရှင်ဟာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပေမဲ့ ငတုံး မဟုတ်ပါဘူး။ အမှောင်သခင်ကြီး ဒီလောက်ထိ ယုံကြည်ချက်ရှိနေတာက ကျိန်းသေပေါက် ရက်စက်တဲ့ နည်းလမ်းတွေကြောင့်လို့ ယုံကြည်ထားပါတယ်။ ဒါကြောင့် နတ်ဒေါင်းအရှင်ဟာ သူ့ကိုယ်သူ မမျှတတဲ့ အခြေအနေကို အရောက်မခံနိုင်ပါဘူး။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် ‘ဒီကောင်က စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ’
“ဒါဆို မင်း ဘယ်မှမသွားနဲ့၊ သူ မင်းကို လာရှာလိမ့်မယ်”
“ဘယ်လောက်ကြာမှာလဲ”
“မင်းအရင်ဆုံး ဂူအောင်းကျင့်ကြံချည်၊ မင်းမှာ ဘာမှလုပ်စရာမရှိဘူးမလား” နတ်ဒေါင်းအရှင်က စိတ်မရှည်စွာ ပြောလိုက်ပါတယ် “ကောင်းပြီ၊ ငါ သူ့ကို စောင့်နေမယ်” နတ်ဒေါင်းအရှင်ဟာ အိပ်မက်ကို ထပ်ပြီးတော့ အတင်းချိုးဖျက်လိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ပြုံးလိုက်ပါတယ်။ ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ကို စည်းရုံးသိမ်းသွင်းချင်တာကြောင့် အရင်ဆုံး တည်ငြိမ်အောင် လုပ်လိုက်တာပါ။ အဲဒီနောက် ဟန်ကျွယ်ဟာ စာအိတ်ကိုဖွင့်ပြီး စာစောင်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ မိစ္ဆာ ကောင်းကင်ဧကရာဇ်သည် လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ပါး၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ပန်ရှင်းသည် သင့်ရန်သူ ဖူရှီ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ပန်ရှင်းသည် သင့်ရန်သူ လောကဦး ကောင်းကင်အရှင်သခင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မိတ်ဆွေ ပန်ရှင်းသည် သင့်ရန်သူ ကံကောင်းကင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်သား ဟန်ထော်သည် လျှို့ဝှက်ဆန်းကြယ် တာအိုမိစ္ဆာတစ်ပါး တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၈၄၀၂၉၂
[သင့်တပည့် စုချီသည် ငရဲပြည်မှ အကုသိုလ်ကံကို စုပ်ယူပြီး ကျင့်ကြံမှုများစွာ တိုးတက်သွားသည်။]
[သင့်မိတ်ဆွေ ဘိုးဘေးရှီတျန်သည် လျှို့ဝှက်ဆန်းကြယ် ကြမ္မာဆိုး၏ ရစ်ပတ်နှောင်ဖွဲ့မှုကြောင့် သက်တမ်း ၃၀၀ ဘီလီယံ ဆုံးရှုံးသွား၏။]
အဆုံးသတ် အပျက်အစီး နတ်ဘုံရဲ့ တိုက်ပွဲက စတင်ပြီး ပန်ရှင်းက ဆက်တိုက် အဆော်ခံရတာကို တွေ့လိုက်ရတာကြောင့် ဟန်ကျွယ်ဟာ အံ့အားသင့်သွားပါတယ်။ မဟာတာအိုပညာရှိ တိုက်ခိုက်မှုကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်တာကို ကြည့်ခြင်းအားဖြင့် ပန်ရှင်းက အတော်လေး စွမ်းအားကြီးလာပြီဆိုတာကို ကောက်ချက်ချနိုင်ပါတယ်။ ဟန်ကျွယ်ဟာ ပန်ရှင်းရဲ့ ရုပ်ပုံကို စစ်ဆေးလိုက်ပါတယ်။
[ပန်ရှင်း: လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် နောက်ဆုံးအဆင့်၊ ပန်ကူးမျိုးဆက်၊ လောကကြီးဖန်တီးပြီးနောက် ပထမဆုံးမွေးဖွားလာသော သက်ရှိများတွင် အပါအဝင် ဖြစ်သည်။ အနန္တကပ်ဘေးများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး သေမျိုးကမ္ဘာတွင် ကစားနေခဲ့သည်။ ရှေးဟောင်းကပ်ဘေးသခင် ရှာတွေ့မည်ကို စိုးရိမ်သဖြင့် ဓားတာအိုမြစ်ထဲ ဝင်ပုန်းခဲ့သည်။ သင့်စရိုက်ကြောင့် ပန်ရှင်းသည် သင့်အား စိတ်ဝင်စားခဲ့သည်။ လက်ရှိ မျက်နှာသာပေးမှု: ကြယ်သုံးပွင့်။]
လောကဦးပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် နောက်ဆုံးအဆင့်။ ဒီအဆင့်တက်တဲ့ အလျင်က တကယ်ကို ယုတ္တိမရှိပါဘူး။ နောက်ပြီး ပန်ကူးရဲ့ မျိုးဆက်ဆိုတဲ့ နာမည်ကလည်း ရှိပါသေးတယ်။ တကယ်ကို အထင်ကြီးဖို့ ကောင်းတာပါ။
‘ဒီပန်ရှင်းက လောကဦး ပဋိပက္ခ ကောင်းကင်ဘဝဂ် ရွှေအင်မော်တယ် အဆင့်နဲ့ မဟာတာအိုပညာရှိရဲ့ တိုက်ခိုက်မှုကို ဘယ်လိုလုပ်ပြီး တောင့်ခံနိုင်တာလဲ၊ ပန်ကူးရဲ့ စွမ်းအားက သူ့ကို ကာကွယ်ပေးနေလို့လား…’
ဟန်ကျွယ်ဟာ ဒီကိစ္စကို သိရဖို့ သက်တမ်းသုံးပြီး မတွက်ချက်ဘဲ စာစောင်တွေကိုသာ ဆက်ဖတ်ပါတယ်။ ဘိုးဘေးရှီတျန်က ကြမ္မာဆိုးရဲ့ နှောင်ဖွဲ့မှုကြောင့် သက်တမ်း ၃၀၀ ဘီလီယံ ဆုံးရှုံးတာကို တွေ့လိုက်ရတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သိပ်ပြီး မအံ့ဩပါဘူး။ ဒီပမာဏက မူးနောက်ရုံလောက်ပဲ ရှိပါတယ်။ အခုအချိန်မှာ ဟန်ကျွယ်ဟာ ဒီသက်တမ်း ပမာဏလောက်ကို စာမဖွဲ့တော့ပါဘူး။
နောက်ပြီး ဘိုးဘေးရှီတျန်လိုမျိုး တည်ရှိမှုတစ်ခုက အဆုံးမဲ့တဲ့ သက်တမ်း ရှိနေမှာပါ။ ဒါကလည်း ထာဝရအသက်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ဖြစ်နိုင်ပါတယ်။ ထာဝရ အသက်ရှည်တယ်လို့ ပြောတာက သူ့သက်တမ်းဟာ အထက် ကန့်သတ်စည်းကို ရောက်နေလို့ ဖြစ်ပါလိမ့်မယ်။
အနှိုင်းမဲ့အသက်ဆိုတဲ့ အယူအဆက ရေရာတိကျမှု မရှိပါဘူး ‘အနှိုင်းမဲ့အသက်ဆိုတာက ထာဝရ အသက်ရှင်နိုင်တာလား… ဒါဆို အဲဒီထာဝရက ဘယ်လောက်ထိ ရှည်ကြာမှာလဲ’ ဟန်ကျွယ်ဟာ ဒီမေးခွန်းတွေကို တွေးတောရင်း စာစောင်တွေကို ဆက်ဖတ်ပါတယ်။ စာစောင်တွေကို ဖတ်ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ဆက်ပြီးတော့ ကျင့်ကြံအားထုတ်ပါတယ်။
ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက် ကောင်းကင်တာအို နန်းတော်။
ဖန်းလျန်ဟာ ကြာပလ္လင်ပေါ် ထိုင်နေပြီး သူ့ရှေ့မှာ ဝတ်ရုံဖြူ အမျိုးသားတစ်ယောက် ဒူးထောက်နေပါတယ်။ ဝတ်ရုံဖြူ အမျိုးသားက မေးလိုက်ပါတယ် “ဆရာသခင်… ဘယ်တော့ တာအိုပေါင်းစပ်ဖို့ ကြိုးစားမှာလဲ”
ဖန်းလျန်က ပြန်ဖြေလိုက်ပါတယ် “မလုပ်တော့ဘူး”
“မလုပ်တော့ဘူး” ဝတ်ရုံဖြူ အမျိုးသားဟာ ကြက်သေသေသွားပါတယ်။ တာအိုပေါင်းစပ်နိုင်ဖို့အတွက် ဖန်းလျန်ဟာ အရာအများကြီးကို စီစဉ်ခဲ့ပါတယ်။ ကောင်းကင်တာအို ဂိုဏ်းချုပ်အနေနဲ့ရော ဖန်းလျန်ရဲ့ တပည့်ရင်းအနေနဲ့ရော ဝတ်ရုံဖြူအမျိုးသားဟာ ဒီနှစ်တွေ အကုန်လုံးမှာ တာအိုပေါင်းစပ်ဖို့အတွက် ပြင်ဆင်ပေးခဲ့ရပါတယ်။
ဒါပေမဲ့ ဖန်းလျန်က ရုတ်တရက် စိတ်ပြောင်းသွားပါတယ်။ ဒါက တာအိုပညာရှိတွေရဲ့ လမ်းစဉ် မဟုတ်ပါဘူး။ ဖန်းလျန်ဟာ သူ့တပည့်ကို စိုက်ကြည့်ရင်း ကူကယ်ရာမဲ့တဲ့ ခံစားချက်နဲ့ ကြောက်ရွံ့မှုကို ခံစားလိုက်ရပါတယ်။ သူလုပ်ခဲ့တာတွေကို ပြန်တွေးရင်း ဖန်းလျန်ဟာ တကယ်ကို တုန်လှုပ် ချောက်ချားသွားပါတယ်။ သူဟာ တာအိုဘိုးဘေးအတွက် သူ့ကိုယ်သူ စတေးလုနီး ဖြစ်ခဲ့ပါတယ်။
လောကဦး ကောင်းကင်ထောင်ကို ဖြတ်သန်းပြီးနောက် ဖန်းလျန်ဟာ တာအိုဘိုးဘေးရဲ့ သူ့အတွေးအပေါ် ထိန်းချုပ်ထားမှုကို ရှင်းလင်းနိုင်ခဲ့ပါတယ်။ ဖန်းလျန်ဟာ ဟန်ကျွယ်အပေါ် အကြွင်းမဲ့ သစ္စာရှိတာထက် ကျေးဇူးတင်တာက ပိုပါတယ်။ နောက်ပြီး ဟန်ကျွယ်နဲ့ ရန်သူလုပ်ဖို့ ဘယ်တုန်းကမှလည်း မစဉ်းစားခဲ့တဲ့အတွက် သိပ်ပြီးတော့ မပြောင်းလဲသွားပါဘူး။
ဖန်းလျန်က ပြောလိုက်ပါတယ် “အခု တာအိုပေါင်းစပ်တာကို မပြောတော့နဲ့၊ ကောင်းကင်တာအိုဂိုဏ်းရဲ့ တပည့်တွေကို သေမျိုးကမ္ဘာအသီးသီးမှာ တာအိုဟောကြားဖို့ အမိန့်ပေးလိုက်၊ ကောင်းကင်တာအိုဂိုဏ်း နောက်ထပ်လုပ်ရမှာက ကောင်းကင်တာအို အင်အားပိုကြီးလာအောင် သက်ရှိအားလုံးကို ကူညီရမယ်၊ ဒါက တာအိုပညာရှိတွေ ကြိုးစားအားထုတ်နေတဲ့အရာပဲ” ဝတ်ရုံဖြူအမျိုးသားဟာ ပဟေဠိဖြစ်ပေမဲ့ ဖန်းလျန်ရဲ့စကားကို သဘောတူပါတယ်။
ဖန်းလျန်က မျက်လုံးမှိတ်လိုက်တဲ့အတွက် ဝတ်ရုံဖြူအမျိုးသားဟာ ဦးညွှတ်ပြီး ထွက်ခွာသွားပါတယ်။ ငါးမိနစ်ကြာတဲ့အခါမှာတော့ အသံတစ်သံ ထွက်ပေါ်လာပါတယ် “တာအိုရောင်းရင်းဖန်း… စကားပြောလို့ရမလား”
ဖန်းလျန်ဟာ မျက်လုံးဖွင့်လိုက်ပြီး တာအိုစက်ကွင်းရဲ့ အရံအတား အစီအမံကို ပိတ်ပေးလိုက်ပါတယ်။ ဧကရာဇ်ရှောင် ခန်းမထဲကို ဝင်လာတဲ့အခါမှာတော့ အရံအတား အစီအမံ ပြန်ပွင့်သွားပြီး တာအိုပညာရှိအာရုံနဲ့ အသံအားလုံးကို ဟန့်တားလိုက်ပါတယ်။ ဖန်းလျန် အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်တဲ့အခါမှာတော့ သူ့ရှေ့မှာ ကော်ဇောတစ်ချပ် ပေါ်လာပါတယ်။
ဧကရာဇ်ရှောင်ဟာ ကော်ဇောပေါ် ထိုင်ပြီး မေးလိုက်ပါတယ် “ကပ်ဘေးမျိုးနွယ်စုကို ဘယ်လိုထင်လဲ”
ဖန်းလျန်ဟာ မျက်နှာတစ်ချက် မပြောင်းဘဲ ပြန်မေးလိုက်ပါတယ် “ဘာဖြစ်လို့ ဒီမေးခွန်းကို မေးတာလဲ”
“ကပ်ဘေးမျိုးနွယ်စုက ငါတို့ကို ရန်စခဲ့တယ်၊ နောက်ပြီး ကောင်းကင်တာအိုထဲက မရေမတွက်နိုင်တဲ့ သက်ရှိတွေလည်း သေကျေပျက်စီးခဲ့ရတယ်၊ အခု စစ်ပွဲက ပြီးဆုံးသွားပြီဆိုပေမဲ့ ဘယ်လိုပဲကြည့်ကြည့် ကောင်းကင်တာအိုက အလျှော့ပေးလိုက်သလိုပဲ၊ နောက်ကျရင် ကပ်ဘေးမျိုးနွယ်စုက ပြဿနာထပ်ရှာမှာကို ငါ စိုးရိမ်မိတယ်”
ဖန်းလျန်က ပြောလိုက်ပါတယ် “ဒါပေမဲ့ ငါတို့တွေ ဆက်တိုက်ရင်လည်း ကောင်းကင်တာအိုပဲ ပိုပြီးတော့ အကျအဆုံးများမှာ၊ ကပ်ဘေးမျိုးနွယ်စုက ကောင်းကင်တာအိုထဲမှာရှိတဲ့ သက်ရှိအားလုံးထက် ပိုပြီးတော့ စွမ်းအားကြီးတယ်၊ ဒါက ငြင်းလို့မရတဲ့ အချက်ပဲ၊ ငါတို့တွေ ဒီအချက်ကို လက်ခံရလိမ့်မယ်၊ ငါတို့တွေက ဒီအဖြစ်အပျက်ကို စော်ကားခံရတယ်လို့ မှတ်ယူပြီး ကောင်းကင်တာအိုထဲက သက်ရှိတွေကို စွမ်းအားပိုကြီးလာအောင် တွန်းအားပေးရမယ်”
“ဟင်း… ကောင်းကင်တာအိုထဲမှာ သက်ရှိတွေ ဒီလောက်များတာ၊ ဒါပေမဲ့ မျိုးနွယ်စုတစ်စုကိုတောင် မနိုင်ဘူး၊ ဘယ်လောက် ရယ်စရာကောင်းလဲ”
“တာအိုရောင်းရင်းရှောင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စရာ မလိုပါဘူး၊ ကောင်းကင်တာအိုက ပြန်စတာကလည်း သိပ်မကြာသေးဘူးလေ”
ဧကရာဇ်ရှောင်က ဆက်တိုက် စောဒကတက်ပြီး ဖန်းလျန်က ဆက်တိုက် နှစ်သိမ့်ပေးပါတယ်။ တစ်နာရီကြာလို့ ဧကရာဇ်ရှောင် ထွက်ခွာသွားတဲ့အခါမှာ ဖန်းလျန်ရဲ့ မျက်နှာဟာ အေးစက်သွားပါတယ် “ဒီကောင်က ငါ့ရဲ့ ဆရာဘိုးဘိုးကိုများ သရော်ရဲတယ်၊ အသက်ရှင်ရတာ ပင်ပန်းနေပြီနဲ့ တူတယ်”
နှစ်တစ်ထောင် ကုန်ဆုံးသွားပြီး ဟန်ကျွယ်ရဲ့ ကျင့်ကြံမှုဟာ ထပ်တိုးလာပါတယ်။ နှစ် ၂၀,၀၀၀ နီးပါး ကြာတာတောင် အဆင့်မထိုးဖောက်နိုင်တာကြောင့် ဟန်ကျွယ်ဟာ မပျော်မရွှင် ဖြစ်သွားပါတယ်။ တစ်ချိန်တည်းမှာပဲ ဟန်ကျွယ်ဟာ ရှင်းပြလို့မရတဲ့ ကြောက်လန့်မှုကို ခံစားလိုက်ရပါတယ်။
‘ငါ သာမန်လူ ဖြစ်သွားတာလား…’ ဟန်ကျွယ်ဟာ ခေါင်းခါလိုက်ပါတယ် ‘ငါ ဒီလိုတွေးလို့ မဖြစ်ဘူး၊ ငါ့ကိုယ်ငါ ယုံကြည်မှု ရှိရမယ်၊ ကောင်းကင်တာအို အပြင်ဘက်မှာ နတ်ဒေါင်းအရှင်က ငါ အနိုင်ယူတာကို စောင့်နေတယ်’
ဟန်ကျွယ်ဟာ စာအိတ်ကို စစ်ဆေးဖို့ ပြင်လိုက်စဉ်မှာပဲ ကောင်းကင်အရှင်ရွှမ်တုရဲ့အသံကို ကြားလိုက်ရပါတယ် “တာအိုရောင်းရင်းဟန်… စကြဝဠာခန်းမကို လာလို့ရမလား”
ဒီစကားကြောင့် ဟန်ကျွယ်ဟာ တာအိုဘုံကျောင်းထဲကနေ ချက်ချင်း ခုန်ထွက်လိုက်ပါတယ်။ ကောင်းကင်အရှင်ရွှမ်တုက သူ့ကို ရှာတာ ရှားပါတယ်။ တကယ်လို့ ရှာခဲ့ရင်လည်း ကိစ္စကြီးဖြစ်လို့ပါ။
စကြဝဠာခန်းမကို ဟန်ကျွယ် ရောက်သွားတဲ့အခါမှာ ခန်းမထဲမှာ သူနဲ့ ကောင်းကင်အရှင်ရွှမ်တုသာ ရှိပါတယ်။
ကောင်းကင်အရှင်ရွှမ်တုက ပထမဆုံး ပြောလိုက်ပါတယ် “မကောင်းတော့ဘူး”
“ဘာဖြစ်လို့လဲ” ဟန်ကျွယ်က မေးလိုက်ပါတယ်။
“အဆုံးသတ် အပျက်အစီး နတ်ဘုံမှာရှိတဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေက ရှေးပျက်သုဉ်းနယ်မြေထဲက တည်ရှိမှုကို မဟန့်တားနိုင်ဘူး၊ အခု ရှေးပျက်သုဉ်းနယ်မြေရဲ့ အရံအတား အစီအမံက လုံးဝ ပျက်စီးသွားပြီး မရေမတွက်နိုင်တဲ့ မကောင်းဆိုးဝါး နတ်ဆိုးတွေ ထွက်ပြေး လွတ်မြောက်သွားတယ်၊ မဟာတာအိုပညာရှိတွေက အဆုံးသတ် အပျက်အစီး နတ်ဘုံကနေ ထွက်ခွာသွားကြပြီ၊ ဒီကိစ္စက ကောင်းကင်တာအိုကို လာသက်ရောက်မှာ စိုးရိမ်မိတယ်”
ဟန်ကျွယ်ဟာ ဒီသတင်းကို ကြားရလို့ မအံ့ဩပါဘူး။ ဟန်ကျွယ် စာစောင်တွေကို ဖတ်တဲ့အခါမှာ ဘိုးဘေးရှီတျန် ပြင်းပြင်းထန်ထန် ဒဏ်ရာရတာကို မကြာခဏ တွေ့ရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ရှေးပျက်သုဉ်းနယ်မြေထဲက တည်ရှိမှုဟာ မဟာတာအိုပညာရှိထက် စွမ်းအားပိုကြီးတယ်ဆိုတာ သိသာပါတယ်။
‘ပဋိပက္ခနတ်မင်းရဲ့ အာဏာစက်က ဒီလောက်တောင် စွမ်းအားကြီးတာလား၊ သူက သူ့ထက် စွမ်းအားပိုကြီးတဲ့ တည်ရှိမှုတွေကို ရှေးပျက်သုဉ်းနယ်မြေ ဖိနှိပ်နိုင်အောင် တကယ်ပဲ ကူညီပေးနိုင်တာလား’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။
“နောက်ပြီး တာအိုရောင်းရင်းဟန်… ပန်ရှင်းကို မှတ်မိသေးလား” ကောင်းကင်အရှင်ရွှမ်တုက မေးလိုက်ပါတယ်။
“ငါတို့တွေ လေးငါးကြိမ် တွေ့ဖူးတယ်၊ သူ ဘာဖြစ်လို့လဲ”
“သူက ပန်ကူး စိတ်ဆန္ဒရဲ့ အမွေကို ရသွားပြီး ကျင့်ကြံမှုတွေ တရစပ် တိုးလာတယ်၊ ခွန်အား မဟာတာအို အမွေဆက်ခံသူက ပန်ကူးနတ်ဘုရားရဲ့လမ်းကို လျှောက်ဖို့ ပြင်နေတယ်လို့ ကြားတယ်၊ သူက ပဋိက္ခနတ်ဘီလူး အကုန်လုံးကို သတ်ပြီး ပဋိပက္ခ မဟာတာအိုကို ရယူချင်နေတယ်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။
Chapter – 663
? Views, Released on December 12, 2024