Switch Mode

Chapter – 147

အရိုးပျော်လက်ဝါးရိုက်ချက်ဒဏ်ခံရခြင်း

Chapter – 147
“အရိုးပျော်လက်ဝါးရိုက်ချက်ဒဏ်ခံရခြင်း”

အဆိုပါ လူရှုပ်လူပွေ လေးများသည် ရဲရှောင်တို့ အဖွဲ့အား စော်ကားရန်စခဲ့ဖူးတာ ကြာချေပြီ။ ထို့ကြောင့် ယခုကဲ့သို့ သူတို့အုပ်စု အထိနာခဲ့ရသည့် အဖြစ်ကို မယုံနိုင်ဖြစ်နေလေ၏။
ရဲရှောင်တို့ အဖွဲ့သည် မြို့ထဲသို့ ပြန်ဝင်ခဲ့ပြီး လန်လန့်လန့်မှာမူ အလွန်အမင်း စိတ်လှုပ်ရှားလျက် ရှိနေ၏။ ပျော်ရွှင်နေလျက်လည်း ရှိပြီး သူတို့သည် တစ်ဖက်အဖွဲ့အား အလဲထိုးနိုင်ခဲ့သည် မဟုတ်ပါလား။ သူသည် အဓိက လှုပ်ရှားသူတစ်ဦး မဟုတ်သော်လည်း ရဲရှောင်ထက်ပင် ပို၍ ကျေနပ်နေဟန်ပါပင်။ ဇူဝူကျီမှာမူ အတွေးနယ်ချဲ့နေဟန်ပါပင်။
မင်းသားဟွာရန်း၏ အိမ်တော် အပေါက်ဝသို့ ရောက်သောအခါ ဇူဝူကျီမှ သက်ပြင်း ချလိုက်ရင်း –
“ငါအခုတော့ နားလည်သွားပြီ ရဲရှောင် . . .”
ရဲရှောင် ပြန်မပြောခင်မှာတင် သူသည် မြင်းကို ဒုန်းစိုင်းစီး၍ ပျောက်ကွယ်သွားလေ၏။
မည်သည့်အကြောင်းကို နားလည်သွားကြောင်းပင် မရှင်းပြတော့ဘဲ ပြန်သွားခြင်း ဖြစ်ပေသည်။
လန်လန့်လန့်မှာ စိတ်ရှုပ်ထွေးသွားဟန်ဖြင့် –
“နားလည်သွားပြီတဲ့ . . . ဘာကို နားလည်တာလဲ၊ သူဘာကို ဆိုလိုတာလဲ မသိဘူး . . .”
ရဲရှောင်လည်း မျက်စောင်းထိုးကြည့်လိုက်ရင်း –
“သူက နားလည်သွားပြီ၊ မင်းက နားမလည်သေးဘူးလား၊ ဘာလို့လဲ . . . ငါတို့အခု မင်းသားဟွာရန်းရဲ့ အိမ်ပေါက်ဝကို ရောက်နေပြီလေ။ အဲဒါကြောင့် သူအိမ်ပြန်သင့်ပြီ မဟုတ်လား။ ငါကတော့ မင်းသမီးကြီးနဲ့ လိုက်တွေ့ပြီး နှစ်သိမ့်ရမယ်လေ . . .”
လန်လန့်လန့်မှ နားလည်သဘောပေါက်သွားဟန်ဖြင့် –
“ဪ . . . ငါသိပြီ . . .”
ထို့နောက် သူလည်း မြင်းကို တရကြမ်းစီး၍ ဇူဝူကျီကဲ့သို့ပင် ထွက်ခွာ သွားရန် ပြင်လိုက်သည်။
သို့သော် ရဲရှောင်မှ တားထားလိုက်ရင်း –
“နေဦး . . . မင်းရဲ့ ခေါင်းက အနာတွေ ဘယ်လိုနေလဲ . . .”
လန်လန့်လန့် ပြုံးလိုက်ရင်း –
“မင်းကို ကျေးဇူးတင်နေတာ . . . တော်တော်ကြီး သက်သာလာပြီ။ မည်းနက်နေတဲ့ ဆံပင်တွေတောင် ပြန်ပေါက်လာနေပြီလေ။ ဟားဟား . . . ရက်ပိုင်းအတွင်း တော်တော် ကြည့်ကောင်းသွားမှာ။ အဲဒါဆိုရင်တော့ ငါ့ဦးထုပ်ကြီးကို ချွတ်လို့ ရပြီပေါ့ကွာ။ ငါ့ရဲ့ ချောမောခန့်ညားတဲ့ ပုံစံ အသစ်ကို အားလုံးကို ချပြရတော့မှာပေါ့။ ဒီထက် ပျော်စရာကောင်းတဲ့ အရာဆိုတာ မရှိတော့ဘူး၊ ရှောင်ရှောင်ရေ . . . ငါ့အတွက်ကတော့ ပြောမပြတတ်အောင်ပါပဲကွာ . . .”
ရဲရှောင် သက်ပြင်းချလိုက်ရင်း –
“ကောင်းပါပြီကွာ . . . သွားပါတော့ . . .”
လန်လန့်လန့်လည်း ရယ်မောရင်း ထွက်ခွာ သွားပါတော့သည်။
စုယဲ့ယွဲ့သည် မျက်လုံးများဖွင့်၍ ရဲရှောင်အား ကြည့်လိုက်ရင်း –
“ရှောင်ရှောင် . . . ဇူဝူကျီက ဘာကို ဆိုလိုတာလဲ။ လန်လန်ကို ပြောလိုက်တာ အမှန်ပဲလား . . .”
ရဲရှောင်မှ –
“ဟဲဟဲ . . . သူက အခု နားလည်သွားပြီလေ။ ဟိုကောင်တွေ အုပ်စုက အထိနာသွားကြပြီ ဆိုတော့ သူတို့ကို ဘယ်တော့မှ အနိုင်မကျင့်တော့ဘူး ဆိုတာကိုပေါ့ . . .”
ထို့နောက် ဆက်လက်၍ –
“ဒီကိစ္စကို နားလည်ဖို့ ဇူဝူကျီအတွက် တော်တော် အရေးကြီးနေပုံပဲ . . .”
စုယဲ့ယွဲ့သည် “ဪ” ဟုသာ ရေရွတ်လိုက်သည်။ သူမအဖို့ တကယ်တော့ ရှင်းရှင်းလင်းလင်း နားမလည်သေးချေ။ သို့သော်လည်း ထိုကိစ္စကို ခေါင်းထဲ ထည့်မနေတော့ဘဲ စိုးရိမ်တကြီးဟန်ဖြင့် –
“ရှောင်ရှောင် . . . နင်ဒီနေ့ သူတို့ကို တော်တော်ဒုက္ခ ပေးလိုက်တာ ဆိုတော့ သူ့မျိုးနွယ်ဝင်တွေ နင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး။ နင်ဘယ်လို ရင်ဆိုင်ဖို့ စဉ်းစားထားလဲ . . .”
ရဲရှောင်လည်း သူမ၏ ခေါင်းလေးအား ပုတ်လိုက်ရင်း –
“စိတ်မပူပါနဲ့ . . . ငါအဆင်ပြေမှာပါ။ ဒီရက်ပိုင်းအတွင်း မင်းအမေနဲ့ အတူတူ အေးအေးချမ်းချမ်း နေလိုက်ဦး။ မင်းစိုးရိမ်စရာ ဘာကိစ္စကိုမှ မတွေးနေနဲ့။ ငါလည်း ခဏနေ သွားတော့မယ်နော် . . .”
ထို့နောက် အနည်းငယ် စဉ်းစားလိုက်ရင်း –
“တောင်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်နေကြတယ်။ ငါတို့လူတွေကလည်း အဲဒီမှာ အဆင်ပြေမှာပါ။ နေ့တိုင်းလည်း စာပို့ခိုနဲ့ အဆက်အသွယ် လုပ်နေတာပဲ။ ဘာမှ မစိုးရိမ်ပါနဲ့ . . .”
စုယဲ့ယွဲ့ ရဲရှောင်အား အသက်ပါပါ ကြည့်လိုက်ရင်း လေသံ တီးတိုးဖြင့် –
“ရှောင်ရှောင် . . . နင့်ရဲ့ ငါ့အပေါ် ဒီလောက်ထိ ကောင်းတယ် ဆိုတာကို ငါဘာလို့ မသိခဲ့လဲ မသိပါဘူး။ ကောင်းကင်ကြီး ပြိုကျလာမယ် ဆိုရင်တောင် နင့်ဘေးနားမှာ ရှိနေသ၍ ငါ့အတွက် ဘာမှ စိတ်ပူစရာ ရှိမှာ မဟုတ်ဘူး။ နင်က အားလုံးကို ဖြေရှင်းနိုင်စွမ်း ရှိတယ်လေ . . .”
ပြောနေရင်းဖြင့် သူမ၏ မျက်နှာလေးသည် ရှက်သွေးဖြာသွားခဲ့သည်။ သူမ ခေါင်းကို ငုံ့ထားလိုက်ရင်း အိမ်ထဲသို့ ပြေးဝင် သွားပါတော့သည်။
. . .
ရဲရှောင်သည် မင်းသမီးကြီး ဟွာရန်းအား ဝင်ရောက် နှုတ်ဆက်ခဲ့ပြီးနောက် ဆောင်ဂျုနှင့်အတူ ပြန်ထွက်လာခဲ့ကြတယ်။
သူတို့ အိမ်တော်မှ အပြင်ရောက်သောအခါ ဆောင်ဂျုမှ စိတ်မအေးနိုင်သည့် လေသံမျိုးဖြင့် –
“ဒီနေ့ ပြဿနာတွေကို ဖြေရှင်းခဲ့ပုံကတော့ တကယ်ကို အားရစရာ ကောင်းတယ်။ ဒါပေမဲ့ မင်းကတော့ ဟိုမျိုးနွယ်စုဝင်တွေနဲ့ စစ်ကြေညာလိုက်သလို ဖြစ်သွားပြီ။ ဒီလိုအချိန်မှာက ငါတို့အတွက် အခွင့်မသာလောက်ဘူးနော်။ ငါတို့ရဲ့ စစ်သည်ရဲမက် အင်အားစုဘက်မှာ ခေါင်းဆောင်တွေ မရှိဘူး။ အဲဒါကြောင့် နိုင်ငံရေးအင်အားစုဘက်က အမတ်တွေက ငါတို့ကို ကောင်းကောင်း ထိုးနှက်တော့မှာ . . .”
ရဲရှောင်သည် မြင်းပေါ်တွင် ထိုင်နေရင်းဖြင့် –
“ဒင်္ဂါးတစ်ခုမှာ ခေါင်းနဲ့ပန်းဆိုတဲ့ မျက်နှာပြင် နှစ်ဖက်ပဲ ရှိတယ်။ သူတို့ဘက်က ကျုပ်တို့ကို ဒုက္ခပေးတော့ရော ဘာဖြစ်မှာလဲ၊ ကျုပ်တို့အတွက် သူတို့ကို ဆန့်ကျင်ဖို့အတွက် အကြောင်းပြချက် ကောင်းကောင်းတောင် ရသွားသေးတယ်။ မင်းသားဟွာရန်း စစ်တိုက်ထွက်သွားတာနဲ့ သူတို့အုပ်စုက ကျုပ်တို့ကို လာပြီး ပြဿနာ ရှာတာလေ။ ကျုပ်ကလည်း လုပ်သင့်တာကို လုပ်ရတာပဲ။ ဒီလိုလုပ်လိုက်ခြင်း က မြို့ထဲက စစ်သည်ရဲမက် မိသားစုဝင်တွေအတွက် လုံခြုံမှု ရှိသွားစေသလို သွေးစည်းမှုလည်း ရှိသွားမယ်လို့ ကျုပ်တော့ ထင်တာပဲ . . .”
“ကျုပ်တို့အတွက် ပိုပြီး အားအင်လည်း ဖြစ်သွားမှာဗျ . . .”
ရဲရှောင် ခပ်တည်တည်ပင် ပြောလိုက်သည်။
ဆောင်ဂျုမှ မျက်မှောင်ကြုတ်လိုက်ရင်း –
“မင်းရဲ့ အစီအစဉ်နဲ့ မင်းကတော့ ဟုတ်နေတာပဲ။ ကောင်းပြီ . . . ဒါပေမဲ့ ငါတို့ ဒီလို ဖြစ်အောင် ဘာဆက်လုပ်ကြမှာလဲ။ သူတို့က ငါတို့ကို အရမ်းကြီး ဒုက္ခမပေးခဲ့ပေမဲ့ မင်းကတော့ လက်လွန်မလိုတောင် ဖြစ်ခဲ့တာနော်၊ ဟိုကောင်လေးက သေတော့မလို့ . . .”
ရဲရှောင် ပြုံးလိုက်ရင်း –
“ကောင်းပြီ . . . ကျုပ်ရဲ့ အစီအစဉ်က ကျုပ်အဖေရဲ့ အင်အားအပေါ်မှာ မူတည်လိမ့်မယ်။ သူရဲ့ တည်ရှိမှုက ဘယ်လောက်ထိ အရေးပါလဲ ကြည့်ကြတာပေါ့ . . .”
ထို့နောက် ဆောင်ဂျုဘက်သို့ လှည့်ကြည့်လိုက်ရင်း –
“ဦးလေးဆောင် . . . ဘာလုပ်ရမယ် ဆိုတာကို ခင်ဗျား မသိဘူးမလား . . .”
ဆောင်ဂျုသည် စိတ်ရှုပ်ထွေးလျက် ရှိနေသည်။ သူ့ကိုယ်သူလည်း ပြန်မေးလိုက်မိ၏။
(ငါက ဘာလုပ်ရမယ် ဆိုတာ ဘယ်လို သိမှာလဲ . . .)
ရဲရှောင်မှ ထိုကဲ့သို့ ပြောသည့်အတွက် အစီအစဉ် ရှိပြီးသား ဖြစ်မည်ဟု သူ့စိတ်ထဲ မှတ်ယူထား လိုက်သည်။ မည်သို့ စီစဉ် ထားသည် ဆိုတာကိုတော့ သူလည်း မသိချေ။
ထိုကဲ့သို့ တွေးနေမိသော်လည်း အဖြေကို ရှာမရဘဲ ထိုအချိန် ရုတ်တရက် အကြံတစ်ခု ရလာလေ၏။
(ငါက သိုင်းပညာရှင် တစ်ယောက်ပဲ။ တိုက်ခိုက်တဲ့ နေရာမှာ ထူးချွန်တယ်ဆိုတော့ ငါဟိုကောင်တွေကို မနက်ဖြန် သွားသတ်လိုက်လည်း ရတာပဲဟာ . . . သူတို့ အားလုံးကို သတ်နိုင်ဖို့ဆို တစ်ညလောက် အချိန်ပေးရင် ရပြီ။ နောက်ပိုင်း ဒီကိစ္စက ပေါက်ကြားခဲ့မယ် ဆိုရင်တောင်မှ ငါ့အစ်ကိုကြီးရဲ ရှိသေးတယ်။ ဘုရင်က ငါ့ကို ဘာမှ အပြစ်ကြီးကြီးမားမား မပေးဝံ့လောက်ဘူး။ အင်း . . . ရှောင်ရှောင်ရဲ့ အစီအစဉ်ဆိုတာ ဒါပဲ ဖြစ်မယ်ထင်တယ်။ ဒီလိုမှ မဟုတ်ရင် သူ့အဖေအကြောင်းကို သူထည့် မပြောလောက်ဘူး . . .)
ဆောင်ဂျုသည် စဉ်းစားမိလေလေ ပို၍ သေချာလေလေ ဖြစ်လာလေ၏။ သူ့စိတ်ထဲတွင်လည်း သတ်ဖြတ်လိုသော ဆန္ဒများ ဖြစ်ပေါ်လာလေ၏။ မည်ကဲ့သို့ ချောချောမွေ့မွေ့ဖြင့် လုပ်ကြံ သတ်ဖြတ်ရမလဲ ဆိုတာကိုလည်း အစီအစဉ် ချနေမိ၏။ မည်သူ့ကို အရင် သတ်ရမလဲ ဆိုတာကိုပင် တွေးနေပြီ ဖြစ်၏။ ထိုသို့ဖြင့် သူတို့သည် ရဲအိမ်တော်၏ အပေါက်ဝသို့ ရောက်လာကြလေသည်။
ထိုနေရာတွင် လူအုပ်စုလိုက်ကြီး ရှိနေကြ၏။
လက်ယာအမတ်မင်း၏ လူများ၊ ဝမ်ဒါနန်၏ လူများနှင့် ဘဏ္ဍာ ရေးအမတ်မင်း၏ လူများ စသည် ဖြင့် အများကြီးကို ရှိနေပါသည်။
သူတို့သည် ရဲရှောင်မှ သူတို့၏ သခင်လေးများအား ထိခိုက်နာကျင်အောင် အနိုင်ကျင့်လိုက်ခြင်း အပေါ် မခံမရပ်နိုင် ဖြစ်၍ လာရောက်ကြခြင်းပင် ဖြစ်၏။
တကယ်တမ်းတွင် ရဲရှောင်အား ထိခိုက်နာကျင်အောင် မလုပ်ဝံ့ကြဘဲ ရဲရှောင် ဝန်ခံလာအောင် လာရောက် မေးမြန်းကြခြင်း ဖြစ်ပြီး ဝန်ခံသည်နှင့် နောက်တစ်နေ့မနက် ဘုရင့်ညီလာခံတွင် တင်ပြ၍ အပြစ်ပေးရန် ကြံရွယ်ထားကြခြင်း ဖြစ်သည်။
ဆောင်ဂျု စိတ်ထဲ ဒေါသထွက်သွားသည်။ သူ၏ ရင်ထဲမှ အမုန်းတရားများသည်လည်း ပို၍ တိုးလာပြီး ချက်ချင်းပင် အကုန်လုံးအား သတ်ဖြတ်ချင်စိတ် ပေါက်လာလေ၏။
(ဒီခွေးကောင်တွေက တော်တော် အရှက်မဲ့တာပဲ . . . သတ်ပစ်လိုက်တာ နားအေးမယ်ထင်တယ်)
ထိုအချိန်တွင် ရဲရှောင်သည် လူအုပ်ကို မြင်သောအခါ တိတ်ဆိတ်သွားပြီး သွေးများ အန်ထွက်လာကာ မြင်းပေါ်မှ လဲကျသွား၏။
မြေပြင်ပေါ်သို့ ကျရောက်သည်နှင့် ချက်ချင်းပင် သတိမရှိတော့ဘဲ ဖြစ်သွားပါတော့သည်။ ရုတ်တရက် အရိုးများအားလုံး ကျိုးကြေ၍ ဒဏ်ရာ အပြင်းအထန် ရရှိလိုက်သလို ခံစားလိုက်ရခြင်းပင် ဖြစ်ပေသည်။
မြေပြင်ပေါ်သို့ ရွှံ့ခဲတစ်ခဲ ပြုတ်ကျသွားသကဲ့သို့ပါပင်။
ဆောင်ဂျုလည်း အလွန်အမင်း ထိတ်လန့်သွား၏။ ရဲရှောင် ရန်ပွဲအတွင်း တိုက်ခိုက်ခံခဲ့ရသည်ဟု ထင်သွားပြီး ထို့ကြောင့်ပင် ကမန်းကတမ်း မြင်းပေါ်မှ ဆင်း၍ အပြေးသွားလိုက်၏။ စိတ်ကို တည်ငြိမ်အောင်ထား၍ ရဲရှောင်၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။ လူအားလုံးလည်း ကြောင်ငေးသွားကြပြီး မည်သို့ ဖြစ်ပျက်သည်ကို နားမလည်နိုင် ဖြစ်နေလေ၏။
သူတို့သည် ရဲရှောင် ပြန်အလာကို စောင့်ဆိုင်း၍ ပြဿနာလုပ်ရန် ကြံခဲ့ကြသော်လည်း ယခုအခါတွင်မူ ရဲရှောင်သည် သူတို့ရှေ့၌ပင် လဲကျသွားလေ၏။ ပြင်းထန်သော တိုက်ခိုက်မှုကို ခံထားရသကဲ့သို့ ဖြစ်ကာ ဟန်ဆောင်နေသည့် ပုံစံလည်း မဟုတ်ချေ။
မည်သို့များ ဖြစ်သွားပါသနည်း . . .။
လူအချို့၏ စိတ်ထဲတွင် –
(ရဲရှောင်က လူတွေကို အနိုင်ကျင့်တတ်တဲ့ အကျင့်မကောင်းတဲ့ ကောင်ပဲ။ အခု လူအုပ်ကို မြင်တော့ သူလုပ်ခဲ့တာတွေကို သူစဉ်းစားမိပြီး လိပ်ပြာလွင့်သလို ဖြစ်သွားတာနေမယ်။ လုပ်ခဲ့တုန်းကတော့ ဘာမှ စဉ်းစားခဲ့မိမှာ မဟုတ်ဘူး။ အဲဒါကြောင့် အခုလန့်ပြီး မြင်းပေါ်က ပြုတ်ကျသွားတာ ဖြစ်မယ် . . .)
ဆောင်ဂျုသည် ရဲရှောင်အား ထူလိုက်သောအခါ ရဲရှောင်၏ ခန္ဓာကိုယ်အတွင်း အရိုးဟူ၍ မရှိတော့သည်ကို ခံစားသိရှိလိုက်သည်။ ရဲရှောင်၏ အသားစိုင်များသည် ပျော့ပြောင်းလျက် ရှိပြီး ဆောင်ဂျုလည်း ထိတ်လန့်တကြားဖြင့် –
“ရှောင်ရှောင် . . . ဘယ်လိုဖြစ်တာလဲ . . .”
သူသည် အမှန်တကယ်ကိုပင် ရဲရှောင်အတွက် စိတ်ပူနေမိ၏။
သို့သော် ထိုအချိန်တွင် ရုတ်တရက် ရဲရှောင် မျက်လုံးဖွင့်လိုက်ပြီး သူ့ကို မျက်စိမှိတ်ပြလိုက်တာကို မြင်တွေ့လိုက်ရသည်။ ထို့နောက် ချက်ချင်းပင် မျက်စိ ပြန်မှိတ် သွားလေ၏။
ဆောင်ဂျု ကြောင်ငေးသွားမိသည်။
(သူအခု ဘာလုပ်နေတာလဲ . . .)
သူသည် ယခုအခါ ဘယ်လိုလုပ်ရမည်၊ ဘယ်လို ပြောရမည်ကို မသိတော့သလို ခံစားလိုက်ရ၏။
ထို့နောက် သူ၏ နားထဲသို့ ခြင်တစ်ကောင်ကဲ့သို့ အသံမျိုးဖြင့် ပြောလိုက်သံကိုလည်း ကြားလိုက် ရလေသည်။
“ခင်ဗျား အရိုးပျော်လက်ဝါးရိုက်ချက် အကြောင်းကို မေ့သွားပြီလား . . .”
ဆောင်ဂျု သဘောပေါက်သွား၏။ ရဲရှောင်၏ အစီအစဉ်မှာ တကယ်ကို ပြောင်မြောက်လွန်းလှ ပေသည်။
ယခုအချိန် ပြဿနာများ ဖြစ်ပွားခြင်းမှ လွတ်မြောက်သွားနိုင်မည် ဖြစ်ပြီး တစ်ချိန်တည်းမှာပင် တစ်ဖက်အဖွဲ့များအား သူတို့ လုပ်ချင်သလို လုပ်၍ ရနိုင်တော့မည်လည်း ဖြစ်၏။
ထိုအချိန် ရဲရှောင်မှ သူ့အဖေအကြောင်း ပြောခဲ့သည့် အဖြစ်ကိုလည်း သတိရသွားမိပြန်သည်။
(ငါ့အစ်ကိုကြီးက အရမ်းအစွမ်းထက်တယ်။ မင်းကလည်း တော်တော် အံ့သြစရာ ကောင်းတဲ့ သခင်လေးပဲ။ ငါလည်း သရုပ်ဆောင်တာ ပီပြင်မှ ဖြစ်မယ်။ နောက်ပြဿနာတွေ နောက်မှ ရှင်းတာပေါ့)
ထို့နောက် ဆောင်ဂျုသည် ချက်ချင်းပင် ဝမ်းပန်းတနည်းဟန်ဖြင့် ဟန်ဆောင်လိုက်ရင်း –
“သခင်လေး . . . ဘယ်လို ဖြစ်ရတာလဲ . . . မဖြစ်သေးပါဘူး . . . သခင်လေး . . .”
ရဲရှောင်လည်း စိတ်အေးလက်အေးဖြင့် မေ့မြောချင်ယောင် ဆောင်လျက် ရှိသည်။
“ဘယ်သူ လုပ်တာလဲ . . . ဒါမျိုး ဘယ်သူ လုပ်ခဲ့တာလဲ။ ဘာလို့ ငါ့သခင်လေးရဲ့ အရိုးတွေ အားလုံးကို ချိုးပစ်ခဲ့ရတာလဲ၊ ဘယ်သူလုပ်တာလဲကွ . . .”
ဆောင်ဂျုသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ တုန်ရီသော အသံကြီးဖြင့် ကျယ်လောင်စွာ အော်ဟစ် ပြောဆို လိုက်ပါတော့သည် . . .။

Comment

Leave a Reply

Options

not work with dark mode
Reset