Switch Mode

Chapter – 662

အခန်း (၆၆၂) ကောင်းကင်တာအို ပြန်ငြိမ်းချမ်းခြင်း
‘မဖြစ်ဘူး… ငါ တာအိုဘိုးဘေးကို တားဆီးရမယ်’ ဟန်ကျွယ်ရဲ့ မျက်လုံးတွေဟာ ပြတ်သားသွားပါတယ်။ တာအိုဘိုးဘေးက ကောင်းကင်တာအိုကို တကယ် ဂရုစိုက်တာပဲဖြစ်ဖြစ် ဂရုမစိုက်တာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး၊ ဒါပေမဲ့ တာအိုဘိုးဘေးက တာအိုပညာရှိတွေရဲ့ ဓမ္မစွမ်းအင်တွေကို စုပ်ယူနိုင်ပါတယ်။ ဒါကမှ တကယ် ကြောက်ဖို့ကောင်းတာပါ။ ဟန်ကျွယ်ဟာ သူ့ဓမ္မစွမ်းအား အစုပ်ယူခံရတာကို မမြင်ချင်ပါဘူး။
ဟန်ကျွယ်ဟာ ချက်ချင်း မလှုပ်ရှားပါဘူး။ လေးငါးရက် အနားယူပြီးမှ ဖန်းလျန်ဆီ အသံလွှင့်ပြီး တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်လာဖို့ ခေါ်လိုက်ပါတယ်။ ခေါ်ရတဲ့ အကြောင်းအရင်းကတော့ စကားစမြည် ပြောဆိုဖို့ပါ။ ဖန်းလျန်က လက်ခံတဲ့အတွက် ဟန်ကျွယ်ဟာ ဖန်းလျန်ကို ဓမ္မစွမ်းအားနဲ့ တာအိုဘုံကျောင်းထဲ ရွှေ့လိုက်ပါတယ်။ ဟန်ကျွယ် လက်ဝှေ့ယမ်းလိုက်တဲ့အခါ ဖန်းလျန်အတွက် ကော်ဇောတစ်ချပ် ပေါ်လာပါတယ်။ ဖန်းလျန်ဟာ သက်ပြင်းချလိုက်ပါတယ် “ကျွန်တော် ပြန်မလာတာ အတော်ကြာခဲ့ပြီ၊ ကျွန်တော် တကယ်ပဲ သတိရတယ်”
ဟန်ကျွယ်ဟာ တစ်ခါတည်း နတ်ဘီလူးတွေရဲ့ စွမ်းအားကို အသုံးပြုပြီး ဖန်းလျန်ကို ဇဝေဇဝါ ဖြစ်စေကာ ချုပ်နှောင်လိုက်ပါတယ်။ အဲဒီနောက် အကြွင်းမဲ့သန့်စင်ခြင်းနဲ့ သန့်စင်ပြီး လောကဦး ကောင်းကင်ထောင်ထဲ ပစ်ထည့်လိုက်ပါတယ်။ ဖန်းလျန်ဟာ အိပ်ပျော်နေသလိုမျိုး မျက်လုံး မှိတ်ထားပါတယ်။ ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။
‘ဖန်းလျန်… အို ဖန်းလျန်… ငါ မင်းအတွက် ဒီလောက် လမ်းအများကြီး ဖောက်ပေးခဲ့တာတောင် မင်းက လမ်းမှားကို လျှောက်ချင်တယ်၊ ဒီတော့ ငါက မင်းကို လမ်းမှန်ပေါ်ရောက်အောင် အတင်း တွန်းတင်ပေးရတော့မှာပေါ့’
ဟန်ကျွယ်ဟာ မျက်လုံးမှိတ်ပြီး စတင်ကျင့်ကြံလိုက်ပါတယ်။
ဖန်းလျန် ပျောက်ကွယ်သွားတာက တာအိုပညာရှိတွေကို သံသယ မဖြစ်စေပါဘူး။ တာအိုပညာရှိတွေက ဖန်းလျန် ရုတ်တရက် သေသွားတာကို ပိုလို့တောင် မြင်ချင်ပါသေးတယ်။
နှစ် ၇၀၀ ကြာတဲ့အခါမှာတော့ ကောင်းကင်အရှင်ရွှမ်တုရဲ့အသံဟာ လောကတစ်ခွင် ပဲ့တင်ထပ်သွားပါတယ် “ကောင်းကင်တာအိုနဲ့ ကပ်ဘေးမျိုးနွယ်စု စစ်ပွဲက လောလောဆယ် ရပ်နားထားမယ်၊ ကပ်ဘေးမျိုးနွယ်စုက ငရဲပြည်တစ်ဝက်ကို ပြန်ပေးပြီး ကောင်းကင်တာအိုကို ငါတို့နဲ့ အတူကာကွယ်လိမ့်မယ်”
အနန္တကမ္ဘာနဲ့ အင်မော်တယ်ကမ္ဘာဟာ အုတ်အော်သောင်းတင်း ဖြစ်သွားပါတယ်။
နှစ်တွေ အကြာကြီး တိုက်ခိုက်ပြီးနောက် စစ်ပွဲက ရပ်တန့်သွားပါပြီ။ နောက်ပြီး ကပ်ဘေးမျိုးနွယ်စုက ငရဲပြည်တစ်ဝက်ကို အရင်ပြန်ပေးလာပါတယ်။ ငရဲပြည်ရဲ့ တိုက်ပွဲသတင်းဟာ အနန္တကမ္ဘာကို အမြဲတမ်း ပျံ့နှံ့နေခဲ့တာပါ။ ထိတ်လန့်မှုနဲ့ စိုးရိမ်မှုတွေက ကောင်းကင်တာအို တစ်ခုလုံးကို အမြဲတမ်း လွှမ်းခြုံထားခဲ့တာပါ။
သက်ရှိတွေဟာ တာအိုပညာရှိတွေက စစ်ပွဲကို ရပ်တန့်လိုက်ပြီလို့ ရုတ်တရက်ကြီး ကြေညာမှာကို ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ကြပါဘူး။ ကောင်းကင်တာအိုရဲ့ သက်ရှိတွေတင် ပဟေဠိ ဖြစ်တာ မဟုတ်ပါဘူး။ ကပ်ဘေးမျိုးနွယ်စုလည်း အတူတူပါပဲ။
နှစ်ဖက်စလုံးက အချိန်အတော်ကြာအောင် တိုက်ခိုက်ခဲ့တာကြောင့် အချင်းချင်း သွေးကြွေးတွေ တင်နေကြပါပြီ။ ဒီသွေးကြွေးတွေက အလွယ်လေး ဖြေရှင်းလို့ မရပါဘူး။ ကပ်ဘေးမျိုးနွယ်စုအတွင်းမှာ ပဋိပက္ခ စဖြစ်လာပါတယ်။ ကောင်းကင်တာအိုနဲ့ မတူတာက ကပ်ဘေးမျိုးနွယ်စုဟာ ဒီကျူးကျော်စစ်ပွဲကို သူတို့ရဲ့မျိုးနွယ်စုတစ်ခုလုံးဝင်ပြီး တိုက်ခိုက်တာပါ။
သက်ရှိတိုင်းနီးပါးရဲ့ ဆွေမျိုးတွေ မိတ်ဆွေတွေဟာ ငရဲပြည်မှာ အသက်စွန့်ခဲ့ကြရပါတယ်။ ဆက်ပြီးတော့ မတိုက်ခိုက်တော့ဘူးဆိုရင် ဒီရန်ငြိုးတွေကို ကလဲ့စားချေလို့ ရတော့မှာ မဟုတ်ပါဘူး။ ကပ်ဘေးမျိုးနွယ်စုရဲ့ အကြီးပိုင်းတွေ အကုန်လုံး ကောင်းကင်ကပ်ဘေး ဧကရာဇ်ဆီ သွားလည်ကြပါတယ်။ စစ်သူကြီးရာချီကလည်း နန်းတော်ထဲမှာ စုဝေးပြီး ကောင်းကင်ကပ်ဘေး ဧကရာဇ်ကို ဒေါသထွက်နေတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်ကြပါတယ်။
ကောင်းကင်ကပ်ဘေး ဧကရာဇ်ကတော့ ခပ်တည်တည်ပါပဲ “မင်းတို့တွေ ပုန်ကန်ချင်တာလား”
“ကျွန်တော်တို့တွေ မလုပ်ရဲပါဘူး” စစ်သူကြီးတွေ အကုန်လုံး ဒူးထောက်ပြီး ပြန်ဖြေကြပါတယ်။
အသက်ကြီးကြီး လူကြီးတစ်ယောက်က မော့ကြည့်ပြီး မေးလိုက်ပါတယ် “အရှင်မင်းကြီး… ဘာဖြစ်လို့ ဒီလို ဆုံးဖြတ်ချက် ချလိုက်ရတာလဲ”
ကောင်းကင်ကပ်ဘေး ဧကရာဇ်က ပြန်ဖြေပါတယ် “ကပ်ဘေးမျိုးနွယ်စုက အနာဂတ်ကောင်းကောင်းကို လိုချင်တာ၊ မဟာတာအိုပညာရှိတွေရဲ့ ဓားဖြစ်ချင်တာ မဟုတ်ဘူး၊ မင်းတို့ မစိုးရိမ်ပါနဲ့၊ ငါ ကပ်ဘေးမျိုးနွယ်စုကို ထိခိုက်အောင် မလုပ်ပါဘူး”
ကပ်ဘေးမျိုးနွယ်စု စစ်သူကြီးတွေဟာ သိပ်မကျေနပ်သေးတာကြောင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပါတယ် ‘ဒါ ဘယ်လို ဖြေရှင်းချက်မျိုးလဲ’
ကောင်းကင်ကပ်ဘေး ဧကရာဇ်က လက်ဝှေ့ယမ်းလိုက်တဲ့အတွက် စစ်သူကြီးတွေဟာ ရွေးချယ်စရာ မရှိဘဲ ခန်းမထဲကနေ ထွက်ခွာသွားရပါတယ်။ ခန်းမထဲမှာ ကောင်းကင်ကပ်ဘေး ဧကရာဇ်ပဲ ကျန်တော့တဲ့အခါ ကောင်းကင်ကပ်ဘေး ဧကရာဇ်က ပြောလိုက်ပါတယ် “နတ်ဒေါင်းအရှင်… ဘယ်လောက်ကြာအောင် ချောင်းကြည့်မှာလဲ”
နတ်ဒေါင်းအရှင်ဟာ အမှောင်ထုထဲကနေ လမ်းလျှောက်ထွက်လာပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်ပါတယ် “ဒါက ဘာသဘောလဲ၊ ငါက မင်းတို့ ကပ်ဘေးမျိုးနွယ်စုနဲ့ ကစားဖို့ ရောက်နေတာ မဟုတ်ဘူး” နတ်ဒေါင်းအရှင်ဟာ ဒီနေရာကို အဝေးကြီးက လာခဲ့ရပြီး နှစ်ထောင်ချီအောင် နေခဲ့ရပါတယ်။ ဒါပေမဲ့‌ နောက်ဆုံးမှာတော့ နတ်ဒေါင်းအရှင်ဟာ အမှောင်သခင်ကြီးနဲ့တောင် မတွေ့လိုက်ရဘဲ ကပ်ဘေးမျိုးနွယ်စုက ကောင်းကင်တာအိုကို အညံ့ခံသွားပါတယ်။
ကောင်းကင်ကပ်ဘေး ဧကရာဇ်က ပြောလိုက်ပါတယ် “တောင်းပန်ပါတယ်၊ ဒါပေမဲ့ နတ်ဒေါင်းအရှင် မဟာတာအိုပညာရှိကို တကယ် ယုံကြည်လို့လား”
နတ်ဒေါင်းအရှင်ဟာ မျက်လုံးကို ကျဉ်းလိုက်ပါတယ် “မင်းကို ဘယ်သူ စည်းရုံးလိုက်တာလဲ”
ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ ပြန်မဖြေပါဘူး။ နတ်ဒေါင်းအရှင်ဟာ မကျေမနပ် ဖြစ်သွားပါတယ်။ သူတို့အစီအစဉ် နှောင့်ယှက်ခံရတာကို ဘယ်သူမှ ပျော်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ နတ်ဒေါင်းအရှင်ဟာ ကောင်းကင်ကပ်ဘေး ဧကရာဇ်ကို မတိုက်ခိုက်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို ဖိတ်ခေါ်ခဲ့တာက ကောင်းကင်ကပ်ဘေး ဧကရာဇ် မဟုတ်ဘဲ လောကဦး ကောင်းကင်အရှင်သခင် ဖြစ်နေလို့ပါပဲ။
“နတ်ဒေါင်းအရှင် တကယ်တော့ ကောင်းကင်တာအိုထဲ ဝင်တာက အလားအလာ မရှိတာ မဟုတ်ဘူး၊ လက်ရှိ ကောင်းကင်တာအိုက အရင် ကောင်းကင်တာအိုနဲ့ လုံးဝ မတူတော့ဘူး” ကောင်းကင်ကပ်ဘေး ဧကရာဇ်က အဓိပ္ပာယ်ရှိရှိ ပြောလိုက်ပါတယ်။ နတ်ဒေါင်းအရှင်ဟာ ကောင်းကင်ကပ်ဘေး ဧကရာဇ်ကို စူးစိုက်ကြည့်ပြီးနောက် လှည့်ထွက်ကာ အမှောင်ထုထဲမှာ ပျောက်ကွယ်သွားပါတယ်။
ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ ဂရုမစိုက်ဘဲ မျက်လုံးမှိတ်ကာ ဆက်ကျင့်ကြံပါတယ်။ နတ်ဒေါင်းအရှင်သာ သူမကို သတ်ချင်တယ်ဆိုရင် သူမ အကောင်းဆုံး ကြိုးစားပြီး စောင့်ကြပ်တောင် အသုံးဝင်မှာ မဟုတ်ပါဘူး။
နှစ် ၁,၄၀၀ ကုန်ဆုံးသွားပါတယ်။
[လောကဦး ကောင်းကင်ထောင်သည် အကျဉ်းသားကို အောင်မြင်စွာ ကျွန်ပြုလိုက်ပါပြီ။]
[ဖန်းလျန်သည် သင့်အပေါ် အကောင်းမြင်စိတ် ရှိသွားပါပြီ။ လက်ရှိ မျက်နှာသာပေးမှု: အမြင့်ဆုံး။]
ဟန်ကျွယ်ဟာ မျက်လုံးဖွင့်ပြီး ဖန်းလျန်ကို ကြည့်လိုက်ပါတယ်။ ဖန်းလျန်ကလည်း မျက်လုံးပွင့်လာပါပြီ။
ဖန်းလျန်ဟာ ချက်ချင်း ဒူးထောက်ပြီး အစေခံတစ်ယောက်လို တလေးတစား ဦးညွှတ်လိုက်ပါတယ်။ ဖန်းလျန်ကို ဒီလိုမြင်ရတဲ့အခါမှာတော့ ဟန်ကျွယ်ရဲ့ နှလုံးသားထဲမှာ တဆစ်ဆစ် ကိုက်သွားပါတယ်။ ဟန်ကျွယ်ဟာ သူ့ဘေးနားက လူတွေကို လောကဦး ကောင်းကင်ထောင်ထဲ ပစ်မထည့်ချင်ပါဘူး။ ဒါပေမဲ့ ဖန်းလျန်က လမ်းမှားကို ရောက်ပြီး တာအိုဘိုးဘေးအတွက် သူ့ကိုယ်သူတောင် စတေးချင်နေမှတော့ ဟန်ကျွယ်လည်း ရွေးချယ်စရာ မရှိပါဘူး။
ဟန်ကျွယ်လည်း မေးလိုက်ပါတယ် “မင်း တာအိုပေါင်းစပ်တဲ့ ဖြစ်စဉ်ကို လုပ်ဆောင်နေတုန်းလား”
“ကျွန်တော် ဆရာဘိုးဘိုးရဲ့ စီစဉ်မှုကို နာခံပါ့မယ်”
“အဲဒါဆို မလုပ်တော့နဲ့”
“ဟုတ်ကဲ့”
စက်ရုပ်လို ဖြစ်သွားတဲ့ ဖန်းလျန်ကို ကြည့်ပြီး ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ဟာ တာအိုဘိုးဘေးရဲ့ မုန်းတီးမှု သတိပေးချက်ကို လက်ခံရရှိခြင်း မရှိပါဘူး။ ကြည့်ရတာ တာအိုဘိုးဘေးက ဖန်းလျန်ကို သိပ်ပြီး ဂရုမစိုက်ပုံပါပဲ။ ဒါမှမဟုတ် တာအိုဘိုးဘေးက အန္တရာယ်တောထဲ ရောက်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ဖန်းလျန်လိုမျိုး နယ်ရုပ်တွေ အများကြီးရှိတာလည်း ဖြစ်နိုင်ပါတယ်။
ဟန်ကျွယ်က မေးလိုက်ပါတယ် “တာအိုဘိုးဘေးက မင်းကို တာအိုနဲ့ပေါင်းစပ်ခိုင်းတာလား”
ဖန်းလျန်ဟာ‌ ခေါင်းခါပြီး ခေါင်းညိတ်လိုက်ပါတယ် “ကျွန်တော်လည်း သေချာမသိဘူး၊ ဒါပေမဲ့ အခုပြန်တွေးကြည့်တော့ တာအိုနဲ့ ပေါင်းစပ်ချင်တဲ့ ကျွန်တော်ရဲ့ ဆန္ဒက ရူးလွန်းတယ်၊ ရည်ရွယ်ချက်လည်း မရှိသလို အကြောင်းပြချက်လည်း မရှိဘူး”
ဖန်းလျန်ဟာ ငယ်ရွယ်စဉ်ကတည်းက အထီးကျန်ခဲ့ပါတယ်။ ဟန်ကျွယ် တပည့်ဖြစ်လာပြီးနောက် အန္တရာယ်အများကြီးကို ကြုံတွေ့ခဲ့ရပေမဲ့ အမြဲတမ်း ရှင်သန်နိုင်ခဲ့ပါတယ်။ ဖန်းလျန်ရဲ့ ဘဝက ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေသာ ရှိပြီး ခါးသီးတာ လက်စားချေတာတွေ မရှိပါဘူး။
ဖန်းလျန်ဟာ တွေးလေလေ ဇဝေဇဝါ ဖြစ်လေလေပါပဲ ‘ငါ ဘာဖြစ်နေတာလဲ’ ဖန်းလျန်ဟာ တာအိုဘိုးဘေးကို တော်တော် ကြောက်သွားပါတယ်။ မသိမသာနဲ့ ဒီလိုမျိုး ဖြစ်လာခဲ့တယ် မဟုတ်ပါလား။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ပြန်သွားပြီး အရင်လိုပဲ ကောင်းကင်တာအိုကို ဆက်ကာကွယ်ချည်၊ တာအိုပေါင်းစပ်တာကို မလုပ်တော့နဲ့၊ ဒီအတောအတွင်း ငါတို့ကြားမှာ ဖြစ်ပျက်ခဲ့တာကိုလည်း ဘယ်သူ့ကိုမှ မပြောနဲ့”
“နာလည်ပါပြီ”
ဖန်းလျန်ဟာ မတ်တတ်ရပ်ပြီး ဦးညွှတ်လိုက်ပါတယ်။ ဟန်ကျွယ်ဟာ လက်ဝှေ့ယမ်းပြီး ဖန်းလျန်ကို အပြင်ဘက် ပို့လိုက်ပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ အကြောဆန့်လိုက်ပါတယ် ‘ငါ ကောင်းကင်တာအိုနဲ့ တာအိုပညာရှိတွေရဲ့ အနာဂတ်ကို ထပ်ကယ်တင်လိုက်ပြန်ပြီ’ ဟန်ကျွယ်ဟာ သူက အရမ်းမြင့်မြတ်တယ်လို့ ခံစားလိုက်ရပါတယ်။ သူက နောက်ကွယ်ကနေ အရာအားလုံးကို ကယ်တင်နေတာ မဟုတ်ပါလား။
ဟန်ကျွယ်ဟာ ကောင်းကင်တာအိုရဲ့ အနန္တကမ္ဘာကို ကြည့်လိုက်ပါတယ်။ နှစ်တွေကြာပြီ ဖြစ်တဲ့အတွက် စစ်ပွဲကလည်း ပြီးဆုံးသွားတာ ကြာပါပြီ။ ကပ်ဘေးမျိုးနွယ်စု၊ မိုးကောင်းကင်မျိုးနွယ်စုနဲ့ သရဲနတ်တွေဟာ ငရဲပြည်ကို သုံးပိုင်းပိုင်းပြီး အုပ်ချုပ်ကြပါတယ်။ ဧကရီဟုတ်ထို၊ ဂျိရှင်းရှန်၊ ရန်ထျန်တုန်းနဲ့ စုချီလည်း သူတို့နေရာကိုသူတို့ ပြန်ပြီး ပြန်လည်မွေးဖွားခြင်း စက်ဝန်းကို အစီအစဉ်တကျ ပြန်ဖြစ်အောင် ကြိုးစားဆောင်ရွက်နေကြပါတယ်။
ငရဲပြည်ရဲ့ အပြင်ဘက်မှာ လေလွင့်နေတဲ့ သရဲတွေက အများကြီးမလို့ အချိန်တိုအတွင်း ရှင်းလင်းဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အကျဉ်းချုပ်ရရင် ငြိမ်းချမ်းမှု ပြန်ပေါ်လာပါတယ်။ ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ကို ရုတ်တရက် တွေးမိလိုက်ပါတယ်။ နတ်ဒေါင်းအရှင်ဟာ ကပ်ဘေးမျိုးနွယ်စုရဲ့ မြို့ထဲမှာရှိနေပြီး အခုထိ ထွက်သွားမဲ့ အရိပ်အယောင် မမြင်ရသေးပါဘူး။
‘ကပ်ဘေးမျိုးနွယ်စုက အညံ့ခံပြီးပြီပဲ၊ ဒီကောင်က ဘာလိုချင်နေတာလဲ’ ဟန်ကျွယ်ဟာ နတ်ဒေါင်းအရှင်ကို အမှောင်သခင်ကြီးပုံရိပ်နဲ့ အိပ်မက်ထဲ သွားလည်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အိပ်မက်နယ်မြေက အရင်အတိုင်း နွေဦးဝါ အထက်မှာပါ။ နတ်‌ဒေါင်းအရှင်ဟာ မျက်လုံးဖွင့်လိုက်တဲ့အခါမှာ အမှောင်သခင်ကြီးကို တွေ့လိုက်ရတဲ့အတွက် မအံ့ဩဘဲ မေးလိုက်ပါတယ် “အမှောင်သခင်ကြီး… ငါ့ကို ဘယ်တော့ တိုက်ခိုက်မှာလဲ”
“ငါက ဘာဖြစ်လို့ မင်းကို တိုက်ခိုက်ရမှာလဲ၊ ငါသာ တစ်ယောက်ယောက်ကို သတ်ချင်ရင် ဒီလိုမျိုး ဆက်သွယ်မနေဘူး၊ တစ်ခါတည်း တိုက်ခိုက်လိုက်ပြီ”
“အို… ဒါဆို ခင်ဗျားက ဘာလိုချင်တာလဲ”
“ငါ့လက်အောက်ဝင်ပြီး ငါ့ယုံကြည်သူ ဖြစ်လာချည်၊ ငါ မင်းကို ကျင့်ကြံမှုထိပ်ဆုံးဆီ ရောက်အောင် ခေါ်သွားပေးမယ်၊ ငါက မင်းအရည်အချင်းနဲ့ သန်မာမှုကို တန်ဖိုးထားတယ်၊ ငါက မင်းကို အမြင့်ကြီး တွေးထားလို့ မသတ်ချင်တာ၊ ငါ့ရဲ့ လမ်းညွှန်မှုအောက်မှာ မင်းက ပဋိပက္ခနတ်မင်းနဲ့ တာအိုဘိုးဘေးကိုတောင် ဖိနှိပ်နိုင်လိမ့်မယ်” ဟန်ကျွယ်ဟာ အမှန်တရားတစ်ခုကို ပြောနေသလိုမျိုး ပြတ်သားစွာ ပြောလိုက်ပါတယ်။
နတ်ဒေါင်းအရှင်က အထင်အမြင်သေးစွာ ပြောလိုက်ပါတယ် “မင်းက ငါ့ကို ဘာမဟုတ်တဲ့ စကားတွေနဲ့ စည်းရုံးချင်တာလား၊ အရင်အတိုင်းပဲ၊ မင်း ငါ့ကို မင်းလက်အောက်ငယ်သား ဖြစ်စေချင်ရင် အရင်ဆုံး ငါ့ကို အနိုင်ယူ၊ ကျင့်ကြံမှုအဆင့် ကွာခြားတယ်ဆိုတာက ငါ့အမြင်မှာ အနှောင်အဖွဲ့တစ်ခုပဲ၊ အနှောင်အဖွဲ့ဆိုရင် ချိုးဖျက်လို့ရတာချည်းပဲ၊ မင်းရဲ့ ကျင့်ကြံမှုက ငါ့ထက် သာချင်ရင် သာမယ်၊ ဒါပေမဲ့ ငါက ရှုံးမှာ မဟုတ်ဘူး”
‘တော်တော် ယုံကြည်မှု ရှိတာပဲ၊ ဒီကောင်က ငါတွေ့ဖူးသမျှ လူတွေထဲမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အရှိဆုံးပဲ’
ဟန်ကျွယ်က မေးလိုက်ပါတယ် “ဒါဆို မင်းဆိုလိုချင်တာက အဆင့်တူရင် မင်းက ပြိုင်ဘက်ကင်းတယ်ပေါ့”
နတ်‌ဒေါင်းအရှင်က ဂုဏ်ယူဝင့်ကြွားစွာ ပြန်ဖြေပါတယ် “ဟုတ်တယ်”
“ဒါဆို မင်းကို အနိုင်ယူဖို့ မင်းနဲ့အဆင့်တူတဲ့ တပည့်တစ်ယောက်ကို လွှတ်လိုက်မယ်ဆိုရင်ရော…”
“မဖြစ်နိုင်ဘူး”
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset