Switch Mode

Chapter – 661

အခန်း (၆၆၁) ကောင်းကင်တာအိုနဲ့ ပေါင်းစပ်ခြင်း
ဒီအသက်ကြီးတဲ့ တာအိုကျင့်ကြံသူကို မြင်တဲ့အခါမှာတော့ ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ အသာဦးညွှတ်လိုက်ပါတယ် “လောကဦး ကောင်းကင်အရှင်သခင်… မင်္ဂလာပါ”
နန်းတော်ထဲမှာ ပေါ်လာတဲ့ အသက်ကြီးကြီး တာအိုကျင့်ကြံသူဟာ ချန်ကျောင်းတော် တည်ထောင်သူ တာအိုဘေးရဲ့ တပည့်ရင်းတစ်ယောက် ဖြစ်တဲ့ လောကဦး ကောင်းကင်အရှင်သခင်ပဲ ဖြစ်ပါတယ်။ လောကဦး ကောင်းကင်အရှင်သခင်ဟာ တာအိုဂိုဏ်းရဲ့ သုံးပါးအရှင်ထဲမှာ တစ်ပါးအပါအဝင်လည်း ဖြစ်ပါတယ်။
လောကဦး ကောင်းကင်အရှင်သခင်ဟာ ကောင်းကင်ကပ်ဘေး ဧကရာဇ်ကို စိုက်ကြည့်ပြီး မျက်နှာသေနဲ့ မေးလိုက်ပါတယ် “မင်း ဟန်ကျွယ်နဲ့ ဒီလောက်ကြာအောင် နေခဲ့တာ၊ ငါ့ကို ဘာပြောစရာရှိလဲ”
ကောင်းကင်ကပ်ဘေး ဧကရာဇ်က ပြန်ဖြေလိုက်ပါတယ် “စကားပြောရုံတင်ပါ”
“ကပ်ဘေးမျိုးနွယ်စုက ငရဲပြည်ကို တိုက်ခိုက်တာ ဘာလို့ ရပ်လိုက်တာလဲ”
“ကပ်ဘေးမျိုးနွယ်စုလည်း အားပြန်မွေးဖို့လိုတယ်၊ ကျွန်မတို့တွေ အချိန်အကြာကြီး မတိုက်ခိုက်နိုင်ဘူး”
“တကယ်လား”
“တကယ်လို့ လောကဦး ကောင်းကင်အရှင်သခင်က ကျွန်မကို မယုံကြည်ဘူးဆိုရင် ချန်ကျောင်းတော် တပည့်တွေလွှတ်ပြီး ကူညီနိုင်ပါတယ်”
ဒီတစ်ခါမှတော့ လောကဦး ကောင်းကင်အရှင်သခင်ဟာ ဘာမှပြန်မပြောတော့ပါဘူး။ ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ လောကဦး ကောင်းကင်အရှင်သခင်ကို စိတ်ထဲကနေ လှောင်ပြောင်လိုက်ပါတယ် ‘ငါ့ကိုများ လိုသလို အသုံးချလို့ရတဲ့ ရုပ်သေးလှံများ မှတ်နေလား’
လောကဦး ကောင်းကင်အရှင်သခင်က ကောင်းကင်ကပ်ဘေး ဧကရာဇ်ရဲ့ အတွေးကို ထိုးဖောက်မြင်ပုံပါပဲ “ဒီတစ်ခေါက် ကောင်းကင်တာအိုကို တိုက်ခိုက်တာက ငါတို့တွေ ကပ်ဘေးမျိုးနွယ်စုကို ပေးတဲ့ အခွင့်အရေးပဲ၊ မင်းတို့တွေ တန်ဖိုး မထားဘူးဆိုရင် ငါတို့တွေ တခြားမျိုးနွယ်စုကို ရှာလို့ရတယ်၊ မင်းတို့ ကပ်ဘေးမျိုးနွယ်စုက အဆုံးသတ် အပျက်အစီး နတ်ဘုံမှာ အင်အားကြီးတယ်ဆိုပေမဲ့ ပဋိပက္ခထဲမှာဆိုရင် ပဋိပက္ခနတ်ဘီလူးတွေ ဖန်တီးထားတဲ့ မျိုးနွယ်စုတွေကို ယှဉ်လို့မရဘူး၊ ငါ မင်းကို အမြဲတမ်း စောင့်ကြည့်နေမယ်” စကားဆုံးတာနဲ့ လောကဦး ကောင်းကင်အရှင်သခင်ဟာ ပျောက်ကွယ်သွားပါတယ်။
ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ လောကဦး ကောင်းကင်အရှင်သခင်ရဲ့ ခြိမ်းခြောက်မှုကို လုံးဝ ဂရုမစိုက်ပါဘူး။ အခုအချိန် ကောင်းကင်ကပ်ဘေး ဧကရာဇ်ရဲ့ နှလုံးသားထဲမှာ ဟန်ကျွယ်ပဲ ရှိပါတယ်။ ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ ဟန်ကျွယ်ရဲ့ စကားကို အကြွင်းမဲ့ နားထောင်မှာပါ။ ဟန်ကျွယ်က မဟာတာအိုပညာရှိနဲ့ တိုက်ခိုက်ခိုင်းရင်တောင် တုံ့ဆိုင်းနေမှာ မဟုတ်ပါဘူး။ ကောင်းကင်ကပ်ဘေး ဧကရာဇ်ဟာ သူ့နေရာကို ချဉ်းကပ်ပြီး ထိုင်ချလိုက်ပါတယ်။ အဲဒီနောက် စတင်ကျင့်ကြံအားထုတ်ပြီး ကောင်းကင်အရှင်ရွှမ်တုဆီက စကားပြန်ကို စောင့်ပါတယ်။
တစ်ချိန်တည်းမှာပဲ…
ကောင်းကင်အရှင်ရွှမ်တုဟာ တာအိုပညာရှိတွေ အားလုံးကို စုဝေးလိုက်ပါတယ်။ ဟန်ကျွယ်လည်း ရောက်လာပါတယ်။ ဟန်ကျွယ်ဟာ တာအိုပညာရှိတွေက ကောင်းကင်ကပ်ဘေး ဧကရာဇ်ကို မယုံကြည်ရင် ကူပြောပေးဖို့ ရောက်လာတာပါ။ စကြဝဠာခန်းမထဲမှာ ကောင်းကင်အရှင်ရွှမ်တုက ကောင်းကင်ကပ်ဘေး ဧကရာဇ်ရဲ့ စကားတွေကို ပြန်ပြောပြလိုက်ပါတယ်။
“ကပ်ဘေးမျိုးနွယ်စုက ငရဲပြည်ထဲကို ဝင်ချင်တယ်၊ နောက်ပြီး သူတို့က ငရဲပြည်တစ်ဝက်ကိုလည်း လိုချင်သေးတယ်” တောင်ဘက်စွန်း ကောင်းကင်အရှင်ဟာ မျက်မှောင်ကြုတ်ပြီး ဒေါသထွက်သွားပါတယ်။
တခြားတာအိုပညာရှိတွေလည်း ပဟေဠိ ဖြစ်သွားကြပါတယ်။
ဟန်ကျွယ်က ပြောလိုက်ပါတယ် “ကြည့်ရတာ ကပ်ဘေးမျိုးနွယ်စုက မဟာတာအိုပညာရှိ ထိန်းချုပ်တာကို မခံချင်တဲ့ပုံပဲ၊ ဒါကြောင့် သူတို့တွေ သက်ရှိလောကကို မတိုက်ခိုက်တာ ဖြစ်လိမ့်မယ်၊ ငါတို့တွေ သူတို့ တောင်းဆိုတာကို သဘောတူလို့ရတယ်၊ အခု ငရဲပြည်က သူတို့လက်ထဲမှာ၊ တိုက်ပွဲ အခြေအနေကို ကြည့်ရင် ကပ်ဘေးမျိုးနွယ်စုက နောက်ဆုတ်နေတယ်”
ချုံရှီလိုင်က ချက်ချင်းပဲ ပြောလိုက်ပါတယ် “ဒီလိုဆိုမှတော့ သူတို့တောင်းဆိုတာကို သဘောတူပြီး ဘယ်လိုဆက်ဖြစ်မလဲ ကြည့်ရအောင်”
“တာအိုရောင်းရင်းဟန် ပြောတာ အဓိပ္ပာယ်ရှိတယ်” ကောင်းကင်အရှင်ဝူဖာကလည်း ထောက်ခံပါတယ်။
ဂိုဏ်းချုပ်တျန်ကျွယ်က ပြောလိုက်ပါတယ် “ငါလည်း သဘောတူတယ်”
“ဂိုဏ်းချုပ် မှန်တယ်” လီတောက်ခုံးကလည်း ဟန်ကျွယ်ဘက်ကပါပဲ။
ရှီတုတောက်ကတော့ ဟန်ကျွယ်အဆိုကို သဘောတူတဲ့ တာအိုပညာရှိတွေကို တွေးတွေးဆဆနဲ့ အကဲခတ်လိုက်ပါတယ်။ ဧကရာဇ်ရှောင်ကတော့ မျက်လုံးကျဉ်းပြီး အတွေးနက်သွားပါတယ်။ ကောင်းကင်အရှင်ရွှမ်တုဟာ ဟန်ကျွယ်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပါတယ်။
ဟန်ကျွယ်ကတော့ မျက်နှာထားခပ်တည်တည်နဲ့ သံသယ အဝင်ခံရမှာကို မကြောက်ပါဘူး။ ဘာပဲဖြစ်ဖြစ် လက်ရှိ ကောင်းကင်တာအိုက ဟန်ကျွယ်ရဲ့ လက်ထဲမှာပါ။ ကောင်းကင်အရှင်ရွှမ်တုသာ ပါးနပ်တဲ့လူဆိုရင် သူ့ကို ဆန့်ကျင်မှာ မဟုတ်ပါဘူး။
“ဒီလိုဆိုမှတော့ ငါတို့တွေ ကပ်ဘေးမျိုးနွယ်စုရဲ့ တောင်းဆိုချက်ကို အရင်ဆုံး သဘောတူပြီး ကပ်ဘေးမျိုးနွယ်စုက ဘယ်လိုစွမ်းဆောင်မလဲဆိုတာ ကြည့်ကြတာပေါ့” ကောင်းကင်အရှင်ရွှမ်တုက တွေးတွေးဆဆနဲ့ ပြောလိုက်ပါတယ်။ တခြား တာအိုပညာရှိတွေက မကန့်ကွက်တဲ့အတွက် စကားဝိုင်းဟာ ဒီမှာတင် အဆုံးသတ်သွားပါတယ်။
ဟန်ကျွယ် ပြန်ဖို့ ပြင်လိုက်စဉ်မှာပဲ ဖန်းလျန်ရဲ့ အသံလွှင့်စကားကို ကြားလိုက်ရပါတယ် “ဆရာဘိုးဘိုး… ကျွန်တော်ရဲ့ ကောင်းကင်တာအို နန်းတော်မှာ စကား ခဏလောက် ပြောလို့ရမလား”
ဟန်ကျွယ် ကောင်းကင်တာအို နန်းတော်ထဲကို ဝင်လိုက်တဲ့အခါမှာ ဖန်းလျန်ကို တွေ့လိုက်ရပါတယ်။ ကောင်းကင်တာအို နန်းတော်ရဲ့ ကန့်သတ်စည်းက ဟန်ကျွယ်အပေါ်ကို မသက်ရောက်နိုင်ပါဘူး။ ဒါကိုကြည့်ပြီး ဖန်းလျန်ဟာ ရင်တုန်သွားပါတယ် ‘ဆရာဘိုးဘိုးက ဘယ်လောက်တောင် စွမ်းနေပြီလဲ’
ဟန်ကျွယ်က လွတ်လပ် တာအိုပညာရှိဆိုတာကို လူတိုင်းသိပါတယ်။ ဒါပေမဲ့ ဟန်ကျွယ်ရဲ့ စွမ်းအားကြီးလာမှုအလျင်က အတော်ကြောက်ဖို့ ကောင်းတယ်ဆိုတာကို တာအိုပညာရှိတွေပဲ သိကြပါတယ်။
ဟန်ကျွယ်ဟာ ဖန်းလျန်ကို စိုက်ကြည့်ပြီး ဖန်းလျန် စကားစလာတာကို စောင့်ပါတယ်။ ဖန်းလျန်က မေးလိုက်ပါတယ် “ဆရာဘိုးဘိုး… ကိုယ့်သဘောနဲ့ကိုယ် စကားပြောတာ ရှားတယ်၊ ကောင်းကင်ကပ်ဘေး ဧကရာဇ် ပျောက်သွားတာက ဆရာဘိုးဘိုးနဲ့ ပတ်သက်နေတာလား…”
“အဲဒါ အရေးကြီးလို့လား”
“အရေးကြီးတာပေါ့၊ ကပ်ဘေးမျိုးနွယ်စုသာ ကောင်းကင်တာအိုထဲမှာ နေထိုင်မယ်ဆိုရင် မကြာခင်မှာ ကောင်းကင်တာအိုထဲ ရောက်သွားလိမ့်မယ်၊ အဲဒီအချိန်ကျရင် ကောင်းကင်ကပ်ဘေး ဧကရာဇ်က ကပ်ဘေးမျိုးနွယ်စုရဲ့ ကောင်းကင်တာအို ကံတရား အထောက်အပံ့ကို အသုံးပြုပြီး ကောင်းကင်တာအိုပညာရှိ ဖြစ်လာနိုင်တယ်”
ဟန်ကျွယ်က ပြန်မဖြေပါဘူး။ ဖန်းလျန်က ဆက်ပြောပါတယ် “ဆရာဘိုးဘိုး… ကျွန်တော် တခြားတာအိုပညာရှိတွေ အကူအညီနဲ့ ဖန်တီးရှင် ကျောက်စိမ်းပြားကို ရှာတွေ့ပြီ၊ တစ်ခုခုမဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ ကျွန်တော် တစ်ချိန်တည်းမှာ တာအိုနဲ့ ကောင်းကင်တာအို စိတ်ဝိညာဉ် နှစ်ခုစလုံးကို ပေါင်းစပ်ဖို့ ပြင်ဆင်ထားတယ်”
ဟန်ကျွယ်က မေးလိုက်ပါတယ် “တာအိုပေါင်းစပ်မှုနဲ့ ကောင်းကင်တာအို ပေါင်းစပ်မှုပြီးရင် ဘာအကျိုးကျေးဇူးတွေ ရမှာလဲ”
“တာအိုဘိုးဘေးရဲ့ တာအိုပေါင်းစပ်မှုနဲ့ မတူတာက ကျွန်‌တော် ပန်ကူးကို အတုယူပြီး ကောင်းကင်တာအို အသွင် ပြောင်းလဲဖို့ ဆုံးဖြတ်ထားတယ်၊ ကျွန်တော် ကောင်းကင်တာအို နယ်မြေကို တိုးချဲ့ပြီး ကောင်းကင်တာအို အင်အားကြီးမားလာအောင် ကူညီမယ်” ဖန်းလျန်က အလေးအနက် ပြောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် “တာအိုဘိုးဘေးက မင်းကို ဒီလိုလုပ်ခိုင်းတာလား”
“မဟုတ်ပါဘူး၊ ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်ပါ”
“မင်းတွေးနေတာတွေက တာအိုဘိုးဘေးရဲ့ ပယောဂ မပါဘူးဆိုတာကို မင်း ဘယ်လိုသိလဲ၊ မင်းက တာအိုဘိုးဘေး အသွင်ပြောင်းပြီးတာတောင် ကောင်းကင်တာအိုနဲ့ ထပ်ပေါင်းစပ်ဖို့ ကြိုးစားတယ်၊ ဘယ်လိုပဲကြည့်ကြည့် မင်းမှာ ဘာအကျိုးအမြတ်မှ မရှိဘူး၊ မင်းက တာအိုဘိုးဘေးအတွက် လမ်းဖောက်ပေးနေတာ” ဟန်ကျွယ်ဟာ ဖန်းလျန်ကို ဖျောင်းဖျလိုက်ပါတယ်။ ဖန်းလျန်ရဲ့ လမ်းက ပိုပိုပြီး ကောက်လာပါတယ်။
ဖန်းလျန်က တိတ်ဆိတ်ဂိုဏ်းကို သစ္စာဖောက်သွားပုံပေါ်ပေမဲ့ ဟန်ကျွယ်ကိုရော တိတ်ဆိတ်ဂိုဏ်းကိုရော တစ်ခါမှ ပစ်မှတ်ထားပြီး မတိုက်ခိုက်ခဲ့ပါဘူး။ ဖန်းလျန်က တိတ်ဆိတ်ဂိုဏ်းနဲ့ ရန်သူတွေ ဖြစ်မလာတာကြောင့် တိတ်ဆိတ်ဂိုဏ်းကနေ ထွက်သွားတယ်လို့ပဲ ပြောလို့ရပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ဟန်ကျွယ်ဟာ ဖန်းလျန်ကို ကူညီချင်ပါသေးတယ်။ ဖန်းလျန်ဟာ ဟန်ကျွယ်ရဲ့ စကားကြောင့် တိတ်ဆိတ်သွားပါတယ်။
“မင်း သေချာစဉ်းစား၊ မင်း ဘာကို လိုချင်တာလဲ၊ မင်းက တာအိုဘိုးဘေးရဲ့ စိတ်ဆန္ဒ ကျေနပ်အောင်ပဲ လုပ်ပေးချင်တာလား၊ ဒါဆို မင်းက ဘာလဲ၊ ဖန်းလျန်ရော ဟုတ်သေးရဲ့လား” ဟန်ကျွယ်ဟာ စကားဆုံးတာနဲ့ ကောင်းကင်တာအို နန်းတော်ထဲက‌နေ ထွက်ခွာသွားပါတယ်။
ဖန်းလျန်ဟာ မျက်မှောင်ကြုတ်ရင်း ကျန်နေခဲ့ပါတယ်။ ဟန်ကျွယ်ရဲ့ စကားက ဖန်းလျန်ရဲ့ နှလုံးသားကိုသာမက စိတ်ဝိညာဉ်ကိုပါ ထိသွားပါတယ်။ ဖန်းလျန်ဟာ ရုတ်တရက် အိပ်မက်ထဲကနေ နိုးထသွားသလို ခံစားလိုက်ရပါတယ် ‘ငါ ဘာတွေ လုပ်နေတာလဲ’
တောင်ထိပ်တစ်ရာ အင်မော်တယ်မြစ်ကို ပြန်ရောက်ပြီးနောက် ဟန်ကျွယ်ဟာ ကောင်းကင်လျှို့ဝှက်ချက် တွက်ချက်မှု လုပ်ဆောင်ချက်ကို ချက်ချင်း အသုံးပြုလိုက်ပါတယ် “ဖန်းလျန်ရဲ့ တာအိုပေါင်းစပ်မှုပြီးရင် ကောင်းကင်တာအိုက ဘယ်လိုဖြစ်လာမှာလဲ”
[သက်တမ်း ၁၀ ဘီလီယံ ကုန်ဆုံးပါမည်။ ဆက်လက် တွက်ချက်လိုပါသလား။]
ဆက်တွက်မယ်။
ဟန်ကျွယ်ဟာ ပုံရိပ်ယောင်ထဲ ဝင်သွားပါတယ်။
ဟန်ကျွယ် မျက်လုံး ပြန်ဖွင့်လိုက်တဲ့အခါ ကောင်းကင်ဘုံ ၃၃ ဘုံ အပြင်ဘက် ရောက်နေတာကို တွေ့လိုက်ရပါတယ်။ အထက်က တောက်ပနေတဲ့ အလင်းရောင်ဟာ ကောင်းကင်ဘုံ ၃၃ ဘုံလုံးကို လင်းထိန်စေပါတယ်။ ဟန်ကျွယ်ဟာ စကြဝဠာခန်းမရှေ့မှာ တာအိုပညာရှိတွေ မတ်တတ်ရပ်ပြီး အပေါ်ကို မော့ကြည့်နေတာ တွေ့လိုက်ရပါတယ်။ ဟန်ကျွယ်လည်း အပေါ်ကို မော့ကြည့်လိုက်တဲ့အခါ တောက်ပတဲ့ အလင်းရောင်ရဲ့ အလယ်မှာ ရုပ်သွင်တစ်ခုကို တွေ့လိုက်ရပါတယ်။
ဖန်းလျန်။ ဖန်းလျန်က တာအိုပေါင်းစပ်တဲ့ ဖြစ်စဉ်ကို လုပ်ဆောင်နေတာပါ။
ကျယ်ပြောတဲ့ ဖိအားတစ်ခု ဆင်းသက်လာပါတယ်။ ဒီ‌ရောင်ဝါက လွတ်လပ် တာအိုပညာရှိအဆင့်ထက် မြင့်မားပါတယ်။ ဟန်ကျွယ်ဟာ မျက်စိကို ကျဉ်းလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖန်းလျန်ရဲ့ ရုပ်သွင်က ပြောင်းလဲသွားလို့ပါပဲ ‘တစ်ခုခုတော့ မှားနေပြီ’
“တာအိုဘိုးဘေး မင်္ဂလာပါ” တာအိုပညာရှိတွေဟာ ရုတ်တရက် တညီတညာတည်း အော်ဟစ်ပြီး စိတ်လှုပ်ရှားတဲ့မျက်နှာနဲ့ ဒူးထောက်လိုက်ကြပါတယ်။ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ်။
“ငါမရှိတဲ့ အတောအတွင်းမှာ ကောင်းကင်တာအိုကို မင်းတို့တွေ ကာကွယ်ခဲ့တယ်၊ မင်းတို့တွေ ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ခဲ့တယ်၊ ငါ တကယ်ပဲ ဝမ်းသာမိတယ်” ရှေးကျတဲ့အသံ တစ်သံ ထွက်ပေါ်လာပါတယ်။ ဒီအသံက ဖန်းလျန်ရဲ့ အသံ မဟုတ်တော့ပါဘူး။
တာအိုဘိုးဘေးရဲ့အသံပါ။
‘တာအိုဘိုးဘေး အစစ်လား… ဘာတွေ ဖြစ်ကုန်တာလဲ၊ ဖန်းလျန်က တကယ်ကြီး အသုံးချခံ ကိရိယာတစ်ခုလား…’ ဟန်ကျွယ်ဟာ မျက်မှောင်ပိုကြုတ်သွားပါတယ်။ ဟန်ကျွယ်ဟာ တာအိုဘိုးဘေးနဲ့ ပတ်သက်ပြီး ဘာတစ်ခုကိုမှ တွက်ချက်လို့ မရပါဘူး။ ဒီတစ်ကြိမ် ဟန်ကျွယ် တွက်ချက်တာက ဖန်းလျန်ကိုပါ။ ဒါပေမဲ့ အခု ကြည့်ရသလောက်တော့ တာအိုဘိုးဘေးကိုပဲ တိုက်ရိုက်တွက်ချက်လို့ မရတာ ဖြစ်နိုင်ပါတယ်။
သူနဲ့ ကံတရား ဆက်စပ်မှု အများကြီးရှိတဲ့ တည်ရှိမှုကို ရှာတွေ့မယ်ဆိုရင် ဟန်ကျွယ်ဟာ တာအိုဘိုးဘေးကို တွက်ချက်နိုင်မှာပါ။ ဒါပေမဲ့ ဒီတွက်ချက်မှုက တာအိုဘိုးဘေးရဲ့ ကြီးမားလှတဲ့ ကံတရားထဲက အပိုင်းအစတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။ ဒီအချိန်မှာပဲ တောက်ပတဲ့ အလင်းရောင်ဟာ ရုတ်တရက် ကျယ်ပြန့်ပြီး ကောင်းကင်ဘုံ ၃၃ ဘုံလုံးကို လွှမ်းခြုံသွားပါတယ်။
“တာအိုဘိုးဘေး… ဘိုးဘေးက ဘာလိုချင်တာလဲ” ကောင်းကင်အရှင်ရွှမ်တုက ကြောက်လန့်တကြား မေးလိုက်ပါတယ်။
ဟန်ကျွယ် လှည့်ကြည့်လိုက်တဲ့အခါ တာအိုပညာရှိတွေရဲ့ ဓမ္မစွမ်းအားက သူတို့ခန္ဓာကိုယ်ကနေ စုပ်ယူခံလိုက်ရတာကို တွေ့လိုက်ရပါတယ်။ အဲဒီနောက် ဘုန်းတန်ခိုးကြီးမားတဲ့ တာအိုဘိုးဘေး ပေါ်လာပါတယ် “ငါ ကောင်းကင်တာအိုက ပဋိပက္ခတစ်ခုလုံးကို သိမ်းပိုက်တာ မြင်ချင်တယ်၊ ငါ တောင်းပန်ပါတယ်၊ ဒါပေမဲ့ ဒီနေ့ကစပြီး ကောင်းကင်တာအိုမှာ တာအိုပညာရှိတွေ မရှိတော့ဘူး” တာအိုဘိုးဘေးရဲ့ အသံဟာ ခံစားချက်မဲ့ကာ လုံးဝကို တည်ငြိမ်နေပါတယ်။
ပုံရိပ်ယောင် အဆုံးသတ်သွားပါတယ်။ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး မျက်မှောင်ကြုတ်သွားပါတယ်။ ဖန်းလျန်က သူထင်ထားသလိုပဲ တာအိုဘိုးဘေး ဖြားယောင်းတာကို ခံထားရတဲ့ နယ်ရုပ်တစ်ရုပ် ဖြစ်နေပါတယ်။
‘ကြည့်ရတာ တာအိုဘိုးဘေးမှာ လောကဦး ကောင်းကင်ထောင်နဲ့ ဆင်တူတဲ့ နည်းလမ်းတစ်ခု ရှိနေပုံပဲ၊ မဖြစ်ဘူး… ငါက ကောင်းကင်တာအိုကို အေးချမ်းအောင် မနည်းကြိုးစားထားရတာ၊ တာအိုဘိုးဘေး ဖျက်ဆီးတာကို မခံနိုင်ဘူး…’
တာအိုဘိုးဘေး ပြန်ရှင်လာရင် ကောင်းကင်တာအိုက ဟန်ကျွယ်အတွက် အရင်လို လုံခြုံတော့မှာ မဟုတ်ပါဘူး။
မြန်မာပြည် ငြိမ်းချမ်းပါစေ။

Comment

Leave a Reply

Options

not work with dark mode
Reset