Chapter – 146
“မောက်မာမှု”
“ငါတို့အားလုံးမှာ သြဇာရှိကြတာပဲ။ ငါ့ဘက်က ဘာမှ စမလုပ်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ လူကဲ့ရဲ့စရာ ဖြစ်မှာ စိုးလို့ပဲ . . .”
ရဲရှောင်သည် ပြောလက်စ စကားအား ခဏတာ ရပ်တန့်လိုက်သည်။ ထို့နောက် မြင်းရိုက်ကြာပွတ်အား ကိုင်စွဲလျက် လိချန်ဇီ ရှိရာသို့ ခပ်ဖြည်းဖြည်းပင် လျှောက်သွားလိုက်ကာ မချိတင်ကဲ ပြုံးလိုက်ရင်း –
“လိချန်ဇီ . . . မင်းရဲ့အဖိုးက လက်ယာအမတ်မင်း၊ ငါ့အဖေကတော့ မြောက်ပိုင်း စစ်သူကြီး၊ နောက်ပြီး ဒီမျိုးမစစ်ကောင်ရဲ့ အဖေတုကတော့ ဘဏ္ဍာရေးအမတ်မင်းလေ။ ဟုတ်တယ်မလား . . .”
“ငါတို့အားလုံး ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမယ် ပြဿနာမလုပ်ဘူး ဆိုရင် ဘာမှဖြစ်လာစရာအကြောင်း မရှိဘူး . . .”
ရဲရှောင်သည် လိချန်ဇီအား မော့ကြည့်လိုက်ရင်း အထင်သေးသော အကြည့်ဖြင့် –
“ဒါပေမဲ့ တစ်ယောက်ယောက်က ကိုယ့်မျိုးနွယ်ရဲ့ သြဇာအာဏာနဲ့ ပါဝါသုံးပြီး ဖြဲခြောက်ကြေး ဆိုရင် ဒီချန်နိုင်ငံတော်ကြီး တစ်ခုလုံးမှာ ငါ့အနေနဲ့ ဘယ်သူ့ကို ကြောက်စရာ လိုမလဲ မင်းစဉ်းစားမိရဲ့လား၊ ဘယ်သူ့ကိုများ ကြောက်နေရဦးမှာလဲ၊ ဘာကိုများ ဂရုစိုက်နေရဦးမှာလဲ . . .”
ရဲရှောင်၏ စူးရှလှသည့် အကြည့်များကြောင့် လိချန်ဇီသည် မျက်နှာချင်းမဆိုင်ရဲတော့ဘဲ နောက်သို့ တစ်လှမ်းဆုတ်လိုက်ကာ –
“ရဲရှောင် . . . မင်းကိုယ်မင်း ဘာထင်နေတာလဲကွ။ အေး ငါသတိပေးလိုက်မယ်။ မင်း ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးမနေနဲ့ . . .”
ရဲရှောင် ခနဲ့တဲ့တဲ့လေသံဖြင့် –
“ငါ့ကိုငါ အထင်ကြီးနေတယ်လို့ မင်းက ထင်နေတယ်ပေါ့ . . .”
“အေး မင်းသိအောင် ပြောလိုက်မယ်။ ငါ့မှာ အကျင့်တစ်ခု ရှိတယ်။ ကြမ်းသင့်တဲ့ နေရာမှာ ကြမ်းရမှာပဲ . . .”
ထို့နောက် ရဲရှောင်သည် တစ်ဖက်အဖွဲ့မှ လူများအား ဝေ့ကြည့်လိုက်ရင်း –
“ကောင်းပြီလေ . . . ဘယ်ကိစ္စမှာမဆို တန်ပြန်သက်ရောက်မှုဆိုတာရှိတယ်။ မင်းတို့မျိုးနွယ်က ပိုပြီး အာဏာရှိတယ်လို့ ခံယူနေကြလို့ ငါတို့ကို လာစော်ကားဝံ့တာပေါ့လေ။ ငါကလည်း ဘယ်တော့မှ နောက်ကြောင်းပြန်လှည့်မှာ မဟုတ်ဘူး။ အေး မင်းပြောသလို ငါက ကိုယ့်ကိုကိုယ် အထင်ကြီးနေတယ် ။ အဲ့ဒီအတွက် မင်းကဘာဖြစ်ချင်လို့လဲ . . .”
ထို့နောက် ရဲရှောင်သည် မြေပြင်ထက်တွင် အော်ဟစ်နေသည့် ဂျန်တိုင်စုအား လက်ညှိးထိုးပြလိုက်ရင်း –
“မင်းတို့ စော်ကားတာထက်ကို ငါဆိုတဲ့ကောင်က ပိုစော်ကားပြမယ်။ မင်းတို့ကို ဒီလိုလုပ်ဖို့ အကြောင်းပြချက်လည်း မလိုဘူး . . . မင်းတို့ကမှ အကျင့်သိက္ခာ မရှိတာ ငါကလည်း ရှိနေစရာ မလိုတော့ဘူး . . .”
ထို့နောက် လိချန်ဇီအား ပြုံးပြလိုက်ရင်း –
“လိချန်ဇီ . . . ငါအခု ဂျန်တိုင်စုကိုလည်း ရိုက်ပြီးသွားပြီ။ ငါမင်းကိုရော ရိုက်ရဲလား မရိုက်ရဲဘူးလား ဆိုတာကို ခန့်မှန်းကြည့်ပါလား၊ လုပ်စမ်းပါ၊ ငါလုပ်ရဲလား မလုပ်ရဲဘူးလား . . .”
လိချန်ဇီသည် ဂျန်တိုင်စုအား လှမ်းကြည့်လိုက်ရင်း တုန်လှုပ်သွားမိသည်။ ထို့နောက် နောက်သို့ ဆုတ်လိုက်ရင်း ဒေါသတကြီးဖြင့် –
“ငါမခန့်မှန်းတတ်ဘူး . . .”
ထိုစကားကပင် သူ၏ သွေးကြောင်မှုကို ပြသလိုက်သလိုပင်။
ထိုလူရှုပ်လူပွေလေးများ ခေါ်လာကြသည့် လူငယ်များသည်လည်း တိတ်တဆိတ်သာ စောင့်ကြည့် နေကြ၏။ အသံပင် မထွက်ရဲကြချေ။ သူတို့ရှေ့ရှိ ရထားလုံးထဲမှ အိမ်တော်ထိန်းကြီး ထွက်လာမည်ကို လည်း စိုးရိမ်နေကြလေသည်။
ဆောင်ဂျုထံမှ အန္တရာယ်ရှိသော အငွေ့အသက်များ ထွက်ပေါ်နေသည်ကို သိုင်းပညာ အနည်းအပါး နားလည်တတ်ကျွမ်းသော လူငယ်အချို့မှ ရိပ်မိနေကြသည်။
ဆောင်ဂျုသည် ရထားလုံးအတွင်းတွင် ထိုင်နေသော်လည်း သူ၏ ဒေါသများသည် ဟန်မဆောင်နိုင်လောက်အောင်ပင် အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။
ဆောင်ဂျုသည် သူတို့အား သတ်ပစ်ရန်အတွက်ပင် ဝန်လေးနေမည် မဟုတ်ကြောင်းကိုလည်း သိကြပေသည်။
ဆောင်ဂျုအတွက်တော့ တာဝန်ကျ ရဲမက်အစောင့်များသည် စာဖွဲ့စရာ အနေအထားမဟုတ်ချေ။ အဆိုပါ အစောင့်များသည် အဆင့်နိမ့် မင်းမှုထမ်းများသာ ဖြစ်ပြီး စစ်သူကြီးအား လေးစားမှုကြောင့် သူ့ဘက်ကိုပင် ပါဝင်လာနိုင်ပေသည်။
ထို့အပြင် ဆောင်ဂျုသည် စစ်သူကြီးအိမ်တော်၏ အကြီးအကဲသဘော ဖြစ်နေသဖြင့် မည်သူမျှ လွန်ဆန်ဝံ့မည် မဟုတ်ပေ။
ထိုအချိန် ဇုဝူကျီနှင့် လန်လန့်လန့်တို့သည်လည်း တုန်လှုပ်နေကြသည်။
ရဲရှောင် ယခုကဲ့သို့ အပြုအမူမျိုး လုပ်လိမ့်မည်ဟု မထင်ထားခဲ့မိကြချေ။ ထို့ပြင် သွေးအေးအေးဖြင့် လုပ်ရဲကိုင်ရဲ ရှိနေသည်ကိုလည်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြပေသည်။
သို့သော် သူတို့၏ စိတ်ထဲတွင်မူ အကျေနပ်ကြီး ကျေနပ်နေကြသည်။
ယခင်ကဆိုလျှင် သူတို့နှစ်ဦးသည် ပြဿနာများနှင့်ကြုံတွေ့ရလျှင် ထိပ်တိုက်ရင်မဆိုင်ဘဲ အမြဲလိုလို ရှောင်ထွက်သွားခဲ့ကြသည်ချည်းပင်။ အဘယ်ကြောင့်ဆိုသော် ပြဿနာများ ဖြစ်မည်ကို စိုးရိမ်မိ၍ဖြစ်သည်။ ထို့ကြောင့်ပင် တစ်ဖက်မှ ပို၍ပို၍ အတင့်ရဲလာကြခြင်း ဖြစ်၏။
ယခုအခါတွင်မူ နားလည် သဘောပေါက်သွားကြပြီ ဖြစ်သည်။
(သူတို့က ဘာကြောက်စရာ ရှိလို့လဲ။ ငါတို့ဘက်က နောက်ဆုတ်လေလေ ရှေ့တိုးလာလေလေ ဖြစ်မှာပဲ။ ငါတို့ဘက်က တိုးမှ သူတို့ နောက်ဆုတ်မှာ . . . ငါတို့အားလုံးက အင်အားကြီး မျိုးနွယ်စုရဲ့ ဂျူနီယာတွေပဲ၊ သူတို့ရဲ့ မျိုးနွယ်က ငါတို့လောက်တောင် အသုံးမဝင်တာ။ ငါတို့က ဘာအတွက်များ တုန့်ဆိုင်းနေရဦးမှာလဲ၊ ဘာတွေ ကြောက်နေရဦးမှာလဲ . . .
နှစ်ဖက်လုံး အထိနာရုံကလွဲပြီး ဘာများ ထပ်ဖြစ်စရာ အကြောင်းရှိဦးမှာလဲ၊ ငါတို့ နာကျင်သလို သူတို့လည်း နာကျင်မှာပဲဟာ . . .)
ဆောင်ဂျုမှာ ရဲရှောင်၏ အပြုအမူများကို လွန်စွာ သဘောကျနေလေ၏။
(ငါ့တူက တယ်ဟုတ်ပါလား . . . တကယ်ပဲ ငါ့အစ်ကိုရဲ့ သား ပီသပါပေတယ် . . . သူအခု လုပ်နေတဲ့ အပြုအမူတွေက တော်တော်ကြီး ကျေနပ်စရာ ကောင်းတယ်။ ကျေနပ်တယ်ကွာ . . . မောက်မာသလို ဖြစ်ပေမဲ့ မောက်မာတယ်ဆိုတာ မောက်မာနိုင်စွမ်းရှိမှ မောက်မာနိုင်တာ၊ ဝ ရှိမှ ဝိလုပ်နိုင်တာ။ ဒီလိုမှ မဟုတ်ရင် လူအထင်သေးခံစရာ ဖြစ်နေဦးမှာပဲ . . .)
ရဲရှောင်၏ အပြုအမူများသည် အနည်းငယ် မောက်မာသလို ဖြစ်နေလေသည်။
“ကောင်းတယ် . . . တကယ့်ကို အပီအပြင်ပဲ . . . ငါသဘောကျတယ်ကွာ ဟားဟား . . .”
ဆောင်ဂျု တစ်ကိုယ်တည်း ရေရွတ်နေမိသည်။
(အခု အရင်ပြဿနာတွေ အကုန်လုံးကို သူလုပ်ခဲ့တယ် ဆိုတာ သေချာသွားပြီ။ ဟိုကောင်တွေ ကတော့ သူသတ်ရင် သေမှာပဲ . . .)
ဆောင်ဂျု တွေးမိပြန်၏။
(အာ . . . ငါအခုမှ သတိရတယ်။ အိမ်ရှေ့မင်းသား သူ့ကို လုပ်ကြံတုန်းက အိမ်ရှေ့မင်းသားကို သတ်မယ်ဆိုတာ နောက်နေတာ မဟုတ်ဘူးပဲ . . .)
ထိုအချက်ကို စဉ်းစားမိသောအခါ အလွန်ရဲရင့်သည့် လူတစ်ဦး ဖြစ်သည့်တိုင် တုန်လှုပ်သွားမိသည်။
(ဒီလို ကိစ္စမျိုး မဖြစ်လာပါစေနဲ့လို့ ဆုတောင်းရမှာပဲ။ ဒီလိုမှ မဟုတ်ရင် မိုးပြိုတာထက် ဆိုးကုန် လိမ့်မယ် . . .)
ရဲရှောင်သည် ရန်သူများ၏ အလယ်တွင် ရှိနေသော်လည်း ရဲရှောင် သွားသည်နှင့် အားလုံးမှာ ကြောက်ရွံ့စွာဖြင့် ဖယ်ပေးကြမည်မှာ အသေအချာပါပင်။
ရဲရှောင်လည်း ဇူဝူကျီအား လှမ်း၍ ပြုံးပြလိုက်ပြီး –
“လူဆိုးကို လူဆိုးလိုပဲ တုန့်ပြန်ရတယ်၊ ဘယ်တော့မှ လမ်းမှန်ပေါ်ရောက်စေတဲ့ နည်းတွေက အလုပ်မဖြစ်ဘူး . . .”
ဇူဝူကျီ ခေါင်းညိတ်ပြလိုက်သည်။ လန်လန့်လန့်လည်း လက်မထောင်ပြလိုက်ပြီး –
“တော်တော်ကောင်းတဲ့ အတွေးအခေါ်ပဲ . . . မိုးထက်တောင် မြင့်မားတဲ့ အတွေးအခေါ် . . .”
ရဲရှောင် လိချန်ဇီအား ကြည့်လိုက်ရင်း –
“မင်းတို့ ငါ့ကို လာရှုပ်ချင်ကြသေးလား . . .”
လိချန်ဇီသည် ချမ်းသာသော မျိုးရိုးမှ ပေါက်ဖွားလာသည့် လူငယ်တစ်ဦး ဖြစ်ပြီး ယခုကဲ့သို့ သွေးထွက်သံယို မြင်ကွင်းမျိုး တစ်ခါမှ မမြင်တွေ့ခဲ့ဖူးချေ။ သူ၏မျက်နှာတစ်ခုလုံးသည် သွေးမရှိတော့သကဲ့သို့ ဖြူဖတ်ဖြူရော်ဖြစ်နေသော်လည်း ခေါင်းမာချင်ယောင်ဆောင်နေပါသေးသည်။
“ရဲရှောင် . . . ငါတို့ ဇာတ်လမ်း မပြီးသေးပါဘူး။ သိပ်ပြီးလည်း ပျော်မနေစမ်းပါနဲ့ . . .”
ရဲရှောင်လည်း ရယ်မောလိုက်ရင်းဖြင့် မြင်းအား လက်ဖြင့် ပုတ်လိုက်သည်။ ထို့နောက် လေထဲတွင် ကြာပွတ်ကို ယမ်း၍ –
“ငါတို့ မပြီးသေးဘူး ဆိုတာ ဘာကို ဆိုလိုချင်တာလဲ။ ငါစောင့်နေပါ့မယ်ကွာ . . . ကဲကဲ သွားကြစို့ဟေ့ . . .”
ရဲရှောင်သည် စုယဲ့ယွဲ့ ထိုင်နေသည့် မြင်း၏ ဇက်ကြိုးကို ဆွဲကာ လိချန်ဇီ ရှိရာသို့ မျက်နှာမူ၍ လျှောက်သွားလိုက်သည်။ ထို့နောက် လိချန်ဇီအား လှောင်ပြုံးပြုံးရင်း တစ်ချက်ကြည့်လိုက်၏။
လိချန်ဇီလည်း ကမန်းကတမ်းပင် ကြောက်ရွံ့ဟန်ဖြင့် ဘေးသို့ ဖယ်ပေးလိုက်သည်။
ရဲရှောင်သည် တည်ကြည်သော အမူအယာဖြင့် သူ့အဖွဲ့အား ရှေ့ဆုံးမှ ဦးဆောင်၍ လူငယ်များရှိရာဘက်သို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ မည်သူမျှ သူ့အား မတားဝင့်ချေ။
လူငယ်များ အားလုံးသည် စိတ်ရှုပ်ထွေးလျက်လည်း ရှိကြသည်။
မြေပြင်ပေါ်တွင် လူးလှိမ့်၍ အော်ဟစ်နေသော ဂျန်တိုင်စုကို ကြည့်ရသည်မှာလည်း သွေးပျက် ဖွယ်ရာပါပင်။
ရဲရှောင်သည် ထိုလူအုပ်ကို ဖြတ်သွားပြီးသောအခါ ရုတ်တရက် ရပ်တန့်လိုက်ပြီး နောက်သို့ လှည့်မကြည့်ဘဲ –
“တစ်ခု ကျန်သေးတယ်။ ငါနဲ့ စေ့စပ်ထားတဲ့ ငါ့သတို့သမီးကို ရိုင်းစိုင်းတဲ့ အကြည့်မျိုးနဲ့ ကြည့်တဲ့ ဘယ်သူမဆို ဂျန်တိုင်စုလို ဖြစ်အောင် လုပ်ပေးမယ် . . .”
ထို့နောက် သူသည် ကြာပွတ်ကို ဝေ့ယမ်း၍ ရိုက်ချလိုက်ပြန်သည်။ သူ၏ ရိုက်ချက်သည် လူအုပ်ကြားတွင် ပုန်းနေသည့် ဝမ်ရှောင်နန် ရှိရာသို့ တည့်တည့်ပင် ထိမှန်သွားရပါတော့သည်။
ဝမ်ရှောင်နန်လည်း ထိတ်လန့်တကြား အော်ဟစ်သွားပြီး သူ့နဖူးမှ ဗိုက်နားထိတိုင်အောင် ကြာပွတ်ရာ ထင်ကျန်သွားရလေ၏။ အသားစများ ပဲ့ထွက်ကာဖြင့် အလွန်ကို အရုပ်ဆိုးသွားလေသည်။
ရဲရှောင်မှ –
“အဲဒီမှာ နမူနာ ကြည့်ထားကြ . . .”
ထို့နောက် ရဲရှောင်လည်း မြင်းအား ကြာပွတ်ဖြင့် ရိုက်လိုက်ရင်း မြင်ကွင်းမှ ပျောက်ကွယ်သွားကြ ပါတော့သည်။
နဂိုက မြေပြင်တွင် အော်ဟစ်နေသူ တစ်ဦးသာ ရှိရာမှ ယခုအခါ ဝမ်ရှောင်နန်ပါ ထပ်တိုးသွားပြီ ဖြစ်သည်။
လူရှုပ်လူပွေလေးများ အားလုံးသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေလျက် ရှိကြပြီး မျက်နှာများသည်လည်း ဖြူရော်ရော် ဖြစ်နေကြလေ၏။ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ရင်း မြေပြင်တွင် အော်ဟစ်နေသော နှစ်ယောက်ဆိုသို့ အကြည့်ရောက်သွားကြပြန်သည်။ ထိုမှတဖန် ရဲရှောင်တို့ ထွက်သွားရာဘက်သို့လည်း အကြည့်ရောက်သွားပြန်ပြီး စိတ်ထဲနှလုံးသားထဲမှကို ကြောက်ရွံ့ နေကြလေ၏။
(ဒါ . . . ရဲရှောင်ရော ဟုတ်ရဲ့လား . . .)
(ဘာလို့ ဒီလောက်ထိ ကြောက်စရာ ကောင်းနေရတာလဲ . . .)
ရဲရှောင် ထွက်သွားပြီးနောက် လိချန်ဇီ၏ မျက်နှာသည် ရဲတက်လာပြီး သူ့နားရှိ အဖော်များအား –
“အသုံးမကျတဲ့ ကောင်တွေ၊ မင်းတို့ကို ခေါ်လာတာ ပွဲကြည့်ခိုင်းမလို့ မဟုတ်ဘူးဟ။ ငါအနိုင်ကျင့်ခံနေရပြီလေ၊ မင်းတို့က ရပ်ပြီး ကြည့်နေနိုင်ကြတယ်ပေါ့။ မင်းတို့ကို ပေးခဲ့ကျွေးခဲ့တာတွေက အလကားပဲ . . .”
အပေါင်းအဖော်များသည်လည်း ခေါင်းငုံ့၍သာ နားထောင်နေကြသည်။
(မင်းကတော့ ပြောလိုက်တာ လွယ်လွယ်လေး၊ ငါတို့သာ တစ်ခုခုလုပ်ခဲ့ရင် သေတာကြာပြီ။ မြေပေါ်မှာ လဲနေတဲ့ ကောင်လိုတော့ မဖြစ်ချင်ဘူးကွာ . . .)
(ငါတို့ရဲ့ မိသားစုကို ငါတို့ အသက်ရှင်နေသ၍ ပေးကမ်းကျွေးမွေးနိုင်တယ်။ မင်းအတွက်နဲ့ ငါတို့ သေသွားခဲ့ရင် ငါတို့မိသားစုတွေ ငတ်လိမ့်မယ်။ မင်းအတွက်က ဘယ်သူက ဒီလောက်ထိ စတေးခံမယ်များ ထင်နေတာလဲ . . .)
(ငါတို့ကိုများ အသုံးမကျဘူးတဲ့၊ မင်းက လက်ယာအမတ်မင်းရဲ့ သားမဟုတ်ဘူးလား၊ မင်းကမှ ပိုပြီး အသုံးမကျတဲ့ကောင် . . .)
လိချန်ဇီလည်း ပို၍ပို၍ စိတ်တိုလာပုံပင်။
“သွားကြစမ်း . . . ခွေးမသားတွေ။ ငါဒီလောက်ထိ စော်ကားခံနေရတဲ့ အသုံးမကျတဲ့ကောင်တွေက ဒီတိုင်း ကြည့်နေနိုင်ကြတယ်။ မင်းတို့ကို ဘယ်လောက်ထိ သင်ပေးနေရဦးမှာလဲ . . .”
သူ၏ မျက်နှာသည်လည်း မည်းမှောင်နေ၏။ မြင်းပေါ်သို့ တက်လိုက်ပြီး မာန်ပါပါ ကျယ်လောင်သော အသံကြီးဖြင့် –
“ရဲရှောင် . . . မင်းဒီနေ့ ငါ့ကို စော်ကားခဲ့တယ်။ ဒီကိစ္စကို ငါဘယ်တော့မှ မမေ့ဘူး၊ စောင့်ကြည့်နေစမ်းပါ . . .”
လိချန်ဇီမှ ရဲရှောင် မရှိတော့မှ အော်ဟစ်နေသည်ကိုကြည့်ရင်း သူ့အဖွဲ့၏ စိတ်ထဲတွင် –
(ဒီကောင့်နောက် လိုက်ပြီး ရဲရှောင်ကို စော်ကားဖို့ကို စဉ်းစားသင့်ပြီ။ ငါတို့တွေ သူ့ထက် သတ္တိရှိတဲ့ လူတစ်ယောက်ပေါ် မှီခိုတာမှ ကောင်းဦးမယ်၊ သေချာတာတော့ ရဲရှောင်ရဲ့ လက်သီးက သူ့ထက် မာလောက်တယ် . . .)
ထိုကဲ့သို့ပင် စဉ်းစားနေကြပါတော့သည် . . .။