Chapter – 39
လင်းနွိုင်သည် လိုရင်းတိုရှင်းပြောတတ်သူဖြစ်သည်။ သူမအသံမှာ ပါးပြီး အားပျော့ကာ အသံအနေအထားမှာ တိုးသည်။
ချူဖုန်းသည် တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေကာ သူမကို ညစာလာစားရန် ဖိတ်ခေါ်လိုက်သည်။
လင်းနွိုင်သည် တစ်ခဏတာ ငြိမ်သွားပြီးနောက် ရိုးရှင်းစွာ “ကောင်းပြီ” ဟု ပြန်ဖြေသည်။ ထို့နောက် သူမ ဘာမျှဆက်မပြောပဲ ရုတ်တရက်ဖုန်းချလိုက်သည်။
ချူဖုန်းသည် ရုတ်ချည်းဆန်မှုကြောင့် လန့်သွားသည်။ သူသည် ဖုန်းထဲမှနေ၍ အကြောင်းအရာအချို့ကို ပြောချင်သေးသော်လည်း နောင်တရစွာဖြင့် သူဘာမှ မပြောလိုက်ခင် ဖုန်းပြောဆိုမှု အဆုံးသတ်သွားသည်။
သူက ဟိုအမျိုးသမီးအကြောင်း ပြောလိုခြင်းဖြစ်သည်။ သူမ ဘယ်သူဆိုတာ သိလိုသည်။ ထိုအဖြေများကို လင်းနွိုင်ထံမှ ကြားလိုပြီး လတ်တလော သူ့ပတ်ဝန်းကျင်တွင် ဖြစ်ပျက်လျက်ရှိသည့် ကိစ္စအကြောင်း ပြောပြလိုသည်။ သို့သော် ထိုအကြောင်းအရာတစ်ခုမျှ မပြောလိုက်နိုင်ခင် ဖုန်းချသွားသည်။ သူလည်း ပြန်မခေါ်လိုက်ချေ။
အကယ်၍ နောက်နေ့တွေ့ဖြစ်ခဲ့လျှင် ထိုအချိန်မှ သူသိလိုသည်များကို မေးရန် ချန်ထားခြင်း ဖြစ်နိုင်သည်။
“ဘာလား…”
ချူဖုန်းသည် နွားဝါချရေးထားသော စာကြောင်းကို တွေ့လိုက်သည်။ သူ လန့်သွားသည်။ “ရှားပါးမြေကြီးမှုန်၊ လျှို့ဝှက်သွေးနဲ့ ရောနှောနေတယ်”
စာကြောင်းမှာ တိုသော်လည်း လိုရင်းရောက်သည်၊ ထိုစာသားကြောင့် ချူဖုန်းမေးစရာများ ရှိလာသည်။ “အဲ့တာတွေက ရိုးရိုးကျောက်တွေမဟုတ်ဘူးလား” သူတွေးလိုက်သည်။ “ဒီ ‘ရှားပါးမြေကြီးမှုန်’ က ဘယ်ကဟာလဲ”
ပြီးတော့ သွေးဟုတ်လား၊ ဘယ်သတ္တဝါရဲ့ သွေးလဲ?
ချူဖုန်း အံ့သြနေသည်။ စူးစမ်းသိလိုစိတ်က သူ့ကို နွားဝါအနားချဥ်းကပ်၍ မေးခွန်းများ မေးစေသည်။
နွားဝါ ရှင်းပြလေသည်၊ ထိုကျောက်တုံးအပိုင်းအစများသည် အစက သွေးရောနေသည့် မြေကြီးမှုန်များဖြစ်သည်၊ သို့သော် အချိန်ကြာလာ၍ နောက်ဆုံးတွင် နတ်သွေးအနှစ်သာရပျောက်ဆုံးသွားကာ ကျန်ခဲ့သည့်မြေမှုန်များ စုပေါင်းပြီး အတုံးကြီးဖြစ်လာပြီး ကျောက်တုံးသေတ္တာထဲတွင် အတူစုပေါင်းထည့်ထားခြင်းဖြစ်သည်။
“ဒါဆို အဲ့သွေးက မြင့်မြတ်တဲ့သက်ရှိရဲ့သွေးလား” ချူဖုန်းသည် အရာအားလုံး နားလည်ရန်အတွက် အသေးစိပ်သိအောင်လုပ်လေသည်။
နွားဝါက ထိုနတ်သွေးက အစွမ်းအစထက်သန်ပြီး ဆန်းကြယ်၍ တွေ့ရန်ခက်ခဲသည့် သက်ရှိတစ်ကောင်၏ သွေးဖြစ်ကြောင်း ပြောသည်။ သို့သော် ထိုသက်ရှိမှာ ဘယ်လောက်အားပြင်းပြီး အစွမ်းထက်ကြောင်း မည်သူမျှ ခန့်မှန်းမရချေ။
ဤအကြောင်းသိသွားသည့် ချူဖုန်းသည် ကျောက်အပိုင်းအစကို ကောက်လိုက်ပြီးနောက် သူ၏ ဆန်းကြယ်သော လက်ဝှေ့ထိုးနည်းပုံစံဖြင့် ထိုကျောက်များကို အမှုန့်ဖြစ်အောင် ချေလိုက်သည်။ ထို့နောက် ထိုအမှုန့်များကို သူ့ပါးစပ်ဖြင့် မြည်းကြည့်သည်။
“ထွီး”
ချူဖုန်းသည် တစ်စက္ကန့်မျှ မတုန့်ဆိုင်းပဲ ထိုအမှုန့်ကို ထွေးထုတ်လိုက်သည်။ သွေးအရသာမခံစားရပါ၊ သူ့လျှာကို ချက်ချင်း ထုံကြဥ်သွားစေသည့် ခါးသက်မှုအရသာသာ ရှိသည်။
သို့သော် နွားဝါကြည့်ရသည်မှာ တွေဝေနေပုံပေါ်သည်။ သူသည် ချူဖုန်း ခါးသီးနေသည်ကို စိတ်မဝင်စားချေ။ သူ့ရှေ့ခွာဖြင့် ကိုင်ထားသည့် ကျောက်တုံးသေတ္တာကိုသာ တစ်စိုက်မတ်မတ် စိုက်ကြည့်နေသည်။
“သတိရှိစမ်း” ချူဖုန်းသည် နွားဝါရှေ့တွင် သူ့လက်ကို ဝှေ့ယမ်းပြသည်။
နောက်ဆုံးတော့ နွားဝါသည် ပြန်လည် စိတ်စုစည်းလိုက်နိုင်သည်။ သူ့ရှေ့ခွာများဖြင့် ကျောက်တုံးသေတ္တာကို တီးကာ ခေါက်ကာလုပ်ရင်း တစ်ခုခုရှာနေသဖွယ် ရှိသည်။ သူ့မျက်လုံးထဲတွင် ထိုသေတ္တာမှာ သာမန်အပြင်ပန်းအသွင်အပြင်ထက် တစ်ခုခုထူးခြားနေသည်။
ချုံပြောရလျှင် ထိုသေတ္တာတွင် တစ်ချိန်က မြင့်မြတ်သောသက်ရှိတစ်ကောင်၏ သွေးရှိဖူးသည်။ ဤအချက်တစ်ခုတည်းနဲ့တင် ဒါသည် ထူးခြားအံ့သြသင့်ဖွယ်ကောင်းကြောင်း ပြသလျက်ရှိသည်။
ဘွန်း!
အဆုံးတွင် နွားဝါသည် သူ၏ နွားနတ်ဆိုးလက်ဝှေ့ထိုးနည်းပုံစံကို သုံးပြီး ကျောက်တုံးသေတ္တာကို အားပြင်းပြင်းဖြင့် ထိုးလိုက်သည်။ သေတ္တာမှာ လေထဲလွင့်ပြီးနောက် ခြံဝင်းနံရံကို ဖောက်ထွက်သွားကာ ကွန်ကရစ်နံရံပေါ်တွင် အပေါက်အကြီးကြီး ဖြစ်သွားစေသည်။
“မင်းဘာလုပ်နေတာလဲ” ချူဖုန်းသည် ဒေါသထွက်သွားသည်။
သူ့အပြစ်သူသိသော အပြုံးဖြင့် နွားပေါက်သည် ချူဖုန်းနောက်လိုက်ပြီး ခြံဝင်းအပြင်ဘက်၌ ကျောက်တုံးသေတ္တာကို သွားကြည့်သည်။
သေတ္တာမှာ ဘာမျှမဖြစ်သွားချေ။ အစင်းရာတစ်ရာ၊ အချိုင့်တစ်ခုမျှ မထင်ချေ။
နွားဝါသည် မကျေနပ်သေးချေ။ မျက်နှာပေါ်တွင် ပြုံးစိစိအပြုံးဖြင့် နွားပေါက်သည် သူ့ရှေ့ခြေထောက်ဖြင့် သေတ္တာပေါ်သို့ အားပြင်းပြင်းဖြင့် ရိုက်ချပစ်လိုက်သည်။ နွားပေါက်မှာ ထိုကျောက်တုံးသေတ္တာပေါ်တွင် အစင်းရာမထင်မချင်း ရပ်မည့်ပုံမပေါ်ချေ။
သို့သော် ဆက်တိုက်ထုရိုက်မှုမှာ သေတ္တာအပေါ် ဘာမှ သက်ရောက်မှုမရှိချေ။
နွားဝါသည် စိတ်တိုကာ သူ့နွားသွားများကို အံကြိတ်လိုက်သည်။ သေတ္တာကို ရိုက်ခြင်းမှာ သေတ္တာထိခိုက်ပျက်စီးသည်ထက် နွားဝါက ပို၍ ထိခိုက်ပုံရသည်။ ချူဖုန်းသည် ပထမဆုံးအကြိမ် နွားဝါ နာကျင်သည်ကို တွေ့ဖူးခြင်းဖြစ်သည်။
“မင်းခံသင့်တယ်” ချူဖုန်း လှောင်ရယ်လေသည်။
နွားဝါသည် သူရှုံးနိမ့်မှုကို လက်မခံချေ။ နွားပေါက်က ထိုသေတ္တာသည် လျှို့ဝှက်ယန္တရားတစ်ခုခုဖြင့် တပ်ဆင်ထားရမည်ဟု ယူဆသည်။ ထိုသေတ္တာမှာ တစ်ချိန်က မြင့်မြတ်သောသက်ရှိတစ်ကောင်၏ ပိုင်ဆိုင်မှုဖြစ်ခဲ့သည်ဖြစ်၍ မသိသေးသည့် လျှို့ဝှက်ချက်များ ရှိကောင်းရှိနိုင်သည်။
ချူဖုန်းသည် ပါးစပ်အနည်းငယ်ဟကာ ပါးစပ်ထောင့်တစ်ဖက်မှ မသိမသာ အပေါ်တက်လျက်ရှိသည်။ သူက ထိုသေတ္တာ၏ လျှို့ဝှက်ချက်မှာ အစေ့များဖြစ်သည်ဟု ပြောပြချင်သော်လည်း သူငြိမ်နေလိုက်သည်။ ချူဖုန်းသည် သူချစ်ရသော အစေ့များကို နွားပေါက်က သူ့ဟာအဖြစ် လုယူသွားမည်ကို မလိုလားချေ။
သို့သော် သေချာသည်မှာ သူသည် နွားဝါကို အထင်သေးမိသည်ဖြစ်သည်။
ထိုသေတ္တာထံမှ ဘာမျှ ရှာဖွေတွေ့ရှိခြင်း မရှိသဖြင့် နွားပေါက်သည် ရုတ်တရက်ဆိုသလို ထိုအစေ့၃စေ့၏ တည်ရှိမှုကို သတိရသွားသည်။
ထို့နောက် မျက်စိတစ်မှိတ်အတွင်း နွားဝါသည် မျက်စိရှေ့မှ ပျောက်သွားကာ ပန်းများစိုက်ပျိုးထားသည့် ခြံဝင်းအတွင်းသို့ ပြေးသွားသည်။
“သေစမ်း” ချူဖုန်းသည် အလျင်အမြန် နွားပေါက်နောက် ပြေးလိုက်သွားသည်။
ထင်ထားသည့်အတိုင်း နွားပေါက်၏ တစ်မူထူးခြားသော ဉာဏ်ရည်က သေတ္တာနှင့် ချူဖုန်းရှာတွေ့ထားသည့် အစေ့များအား ဆက်စပ်တွေးမိစေသည်။ ချူဖုန်း ခြံဝင်းတွင်းသို့ ရောက်လာချိန်တွင် နွားပေါက်သည် ပန်းခြံရှေ့တွင် ရပ်ပြီး သေချာလေ့လာစူးစမ်းလျက်ရှိသည်။ နွားပေါက်၏မျက်နှာပေါ်ရှိ အပြုံးမှာ အစေ့အညှောင့်ပေါက်ခြင်းမှ ကာဆီးထားသော ပေါင်းပင်များကို ဆွဲနှုတ်လိုစိတ်မည်မျှပြင်းပြကြောင်း ပြသသည်။
“ရပ်၊ ငါ့အပင်တွေကို မလုပ်နဲ့၊ အဲ့နားမှာ ပေါင်းပင်ထားထားတာက အစေ့အညှောင့်ပေါက်လာတဲ့အခါ မသိသာအောင်လို့” ချူဖုန်း အော်ပြောလိုက်သည်။
နွားဝါသည် သဘောတူညီမှုဖြင့် ခေါင်းငြိမ့်ပြသည်။ သူ့မျက်နှာပေါ်တွင် သတိမူသောအကြည့် ချက်ချင်းပေါ်ထွက်လာသည်။ သူသည် ချူဖုန်းကို လက်ညှိုးထိုးကာ အစေ့များကို မတော်တဆထိခိုက်ပျက်စီးအောင် လုပ်မိမည်စိုး၍ ပန်းခြံမှ ဝေးဝေးနေရန် သတိပေးလိုက်သည်။
ချူဖုန်းသည် နွားဝါ၏ အပြုအမူများကြောင့် လုံးဝ စကားမဲ့သွားသည်။
အစတွင် ထိုအစေ့များ၏ အသုံးဝင်မှုကို ငြင်းပယ်ခဲ့သူမှာ ထိုမောက်မာရိုင်းစိုင်းသည့် နွားပေါက်ဖြစ်သည်။ ပထမဆုံးသူအပင်စိုက်တုန်းက နွားပေါက်ထံမှ လှောင်ပြောင်မှုကို လက်ခံခဲ့ရသည်။ ယခုမှ သူသည် ထိုအစေ့များ၏ တန်ဖိုးကို သိလာကာ ထိုအစေ့များကို သူပိုင်ဆိုင်ကြောင်း လာလုသည်။
“ဘာပဲ ထွက်လာထွက်လာ ဒါ ငါ့ဟာပဲ” နွားဝါသည် မြေကြီးပေါ်တွင် ရေးလိုက်သည်။
“လဲသေလိုက်လေ” ချူဖုန်းသည် နွားပေါက်ကို ဘေးသို့တွန်းထုတ်ကာ သူ့အစေ့များကို မထိရန် သတိပေးလိုက်သည်။
သို့သော် နွားပေါက်သည် တစ်ခါမျှ နားလည်အောင်ပြောပြလို့ရသည် မဟုတ်ချေ။ သူသည် ချူဖုန်း၏စကားများကို ဂရုမစိုက်ပဲ ကန့်ကွက်သည့်အနေဖြင့် အော်မြည်လိုက်သည်။ သူကလည်း ချူဖုန်းကို သတိပေးလိုက်သည်၊ အကယ်၍ သူသာ ထိုအစေ့များကို မပိုင်ဆိုင်ရလျှင် တစ်ရက်ရက်တွင် ထိုအစေ့များကို အကုန်စားပစ်မည်ဟု ဆိုသည်။
ညအချိန်ရောက်လာသည်နှင့်အမျှ အေးချမ်းသာယာလာသည်။ ညကောင်းကင်တွင် ကြယ်များလင်းလက်တောက်ပနေသည်၊ ရေကဲ့သို့ ကြည်လင်သည့် လရောင်မှာလည်း ထိန်ထိန်လင်းကာ ညအမှောင်ကို သူ့အလင်းဖျော့ဖျော့ဖြင့် စိုးမိုးထားသည်။
သာယာသည့်လရောင်အောက်တွင် ချူဖုန်းသည် ထုံးစံအတိုင်း လက်ဝှေ့ထိုးနည်းပုံစံကို လေ့ကျင့်လျက်ရှိသည်။ သူအသစ်တတ်မြောက်ထားသော အကွက်များကို တစိုက်မတ်မတ် မလေ့ကျင့်ပဲ ဖြတ်သန်းသည့်ရက် တစ်ရက်မှ မရှိပါ။
သိပ်မကြာခင် ပုံစံအားလုံးလေ့ကျင့်ပြီးသွားသည်။ ချူဖုန်းသည် သူ့အခန်းပြန်ကာ ဖုန်းဖွင့်ကြည့်သည်။ တိုင်ဟန်တောင်တန်းတွင် ဖြစ်ပျက်လျက်ရှိသည့် ဆင့်ကဲပြောင်းလဲပြီးသူများကြားက တိုက်ပွဲအကြောင်းသတင်းခေါင်းစဥ်များဖြင့် ပြည့်နှက်နေသည်။ တူညီသည့် လူမှုကွန်ရက်ကို အသုံးပြုသူများထဲမှ တစ်ယောက်ဖြစ်သော ချူဖုန်းသည်လည်း ထိုကြမ်းကြုတ်သော တိုက်ပွဲများ၏ဖြစ်စဥ်ကို စိတ်ဝင်စားလျက်ရှိသည်။
“ဒိမ်ဒီဇီဝဆေးဝါးလုပ်ငန်းစု အမှုဆောင်အကြီးအကဲတွေက တိုင်ဟန်တောင်တန်းဆီ ထွက်လာနေပြီ၊ မနက်ဖြန် ရောက်ရှိမယ်လို့ သိရပါတယ်”
ထိုသတင်းထူးခေါင်းစဥ်အောက်တွင် ရှည်လျားသောသုံးသပ်ချက်ရေးထားသည့် သတင်းဆောင်းပါးတစ်ခု တက်လာသည်၊ အတိုချုပ်ပြောရလျှင် အသေးစိတ်ရေးထားသောသုံးသပ်ချက်တစ်ခုလုံးမှ သေချာသောအချက်တစ်ခုကို ပြောပြလိုက်သည်၊ ထိုဆန်းကြယ်သောအသီးကို လုပ်ငန်းစုက ပိုင်ဆိုင်ပြီးပြီဖြစ်သည်ဟု ဆိုသည်။ အင်အားကြီးသော ကုမ္ပဏီအတွက် သေချာပေါက် အောင်မြင်လိမ့်မည်ဖြစ်သည်။
အကယ်၍ ဤသတင်းအမှန်သာဆိုလျှင် ဘယ်သူက လုယူရဲသေးသလဲ။
အချို့ဆောင်းပါးများကလည်း ကုမ္ပဏီတွင် ငွေတောင်ပံတည်ရှိမှုသည် သေစေသည့်သေနတ်အမြောက်များဖြင့် ပစ်သော်လည်း ကုမ္ပဏီ၏တိုးတက်မှုအတွက် ဘာမျှထိခိုက်မှုမရှိကြောင်းဖြစ်သည်ဟု ရေးသားကြသည်။
အခုနောက်ပိုင်း ကမ္တာပေါ်တွင် ဆင့်ကဲပြောင်းလဲပြီးသူအရေအတွက် အလွန်အကျွံတိုးပွားလာကြောင်း သတင်းများလည်း တွေ့ရသည်။ အကြမ်းဖျင်းခန့်မှန်းချက်အရ အနည်းဆုံး အယောက်၁သန်းရှိမည်ဟု သိရသည်။
ထိုသူများကြားတွင် ကမ္ဘာ့အင်အားအကြီးဆုံးတိုက်ခိုက်သူအရေအတွက်လည်း အများအပြားတိုးပွားလာကြောင်း သိရသည်။
ပစ်ရမစ်ထိပ်ဆုံးတွင် အမြဲရပ်တည်နေသော သဘာဝလွန်အစွမ်းပိုင်ဆိုင်သည့်၄ယောက်မှအပ တိုက်ခိုက်နိုင်စွမ်းအပေါ်မူတည်ပြီး ဆင့်ကဲပြောင်းလဲပြီးသူများကို နံပါတ်၁ မှ ၁၀၀ အထိ အဆင့်ခွဲခြားသော စာရင်းအသစ်ပေါ်ပေါက်လာသည်။ ထိုအယောက်၁၀၀အား “ကမ္ဘာပေါ်ရှိ သေစေနိုင်ဆုံးသောသတ္တဝါများ” ဟု ခေါင်းစဥ်တပ်ကြသည်။ တစ်ကမ္ဘာလုံးမှာ အိုလံပစ်တောင်၏ အကြီးစားဗားရှင်းဖြစ်လာသည်။
ချူဖုန်းသည် ထိုစာရင်းကို သေချာဖတ်ကြည့်ရာ လူ၁၀ယောက်သာ စာရင်းသွင်းထားသေးသည်။ ဆင့်ကဲပြောင်းလဲပြီးသူအရေအတွက် အလွန်အကျွံများပြားလာသည့်အတွက် တိကျသေချာသောစာရင်းကောက်ယူမပြီးသေးသည်မှာ နားလည်နိုင်သော ကိစ္စဖြစ်သည်။ စာရင်းထဲတွင် တိုက်ခိုက်စွမ်းရည်ကောင်းသူများအဖြစ် လူသိများသူများကိုသာ ထည့်သွင်းထားသည်။
စာရင်းပေါ်ရှိ ဆင့်ကဲပြောင်းလဲပြီးသူတစ်ယောက်တွင် အခြားကမ္ဘာမှအစွမ်းအား ပိုင်ဆိုင်ထားသကဲ့သို့ ၆မီတာမြင့်သည့် ရွှေရောင်ဧရာမလူသားအဖြစ် ပြောင်းလဲနိုင်သည်။ သူ့အသားအရေမှာ ကျည်ကာဖြစ်ပြီး မထိုးဖောက်နိုင်ချေ။
အချို့က သူသည် ငွေတောင်ပံနှင့် အခြား၃ယောက်လုံးကိုတောင် အသာလေး အနိုင်ပိုင်းနိုင်သည်ဟု တစ်စုံတစ်ယောက်က အတို့အထောင် လုပ်သေးသည်။
ဧရာမကြီးက သူကိုယ်တိုင် မိုးကြိုးကို စိန်ခေါ်ကြောင်း ကြေညာလိုက်သည်။
“သူက ကျောကျွင်းထက် ပိုသန်စွမ်းတယ်” ချူဖုန်း မှတ်ချက်ပြုလေသည်။ သူတို့၂ယောက်လုံးတွင် ဧရာမခန္ဓာကိုယ်ပိုင်ဆိုင်ကြသော်လည်း သတင်းတွင်ပြောထားသောသူမှာ သိသိသာသာ ပို၍ အင်အားကြီးသည်။
ထို့နောက် နောက်ထပ်သတင်းတစ်ခုမှာ ချူဖုန်း၏အာရုံကို ဖမ်းစားသွားသည်။
“ဘောဓိဇီဝမျိုးရိုးဗီဇ အဆိုပြုချက် : အချီကြီးရမှ အိမ်ပြန်မယ်၊ မိုးကြိုးပါ တိုက်ပွဲမှာ ပါဝင်လိမ့်မယ်”
ဒါသည် အင်တာနက်ပေါ်တွင် ပွက်လောအရိုက်ခတ်ဆုံးသတင်းဖြစ်သည်။ မိုးကြိုးပါဝင်ဆင်နွှဲခြင်းက စီးပွားရေးပြိုင်ဖက်၂ဦးကြားတွင် စစ်ခင်းလိုက်သလိုဖြစ်သည်။ ထိုအသီးက သူတို့ထိပ်တိုက်တွေ့ဆုံရလောက်အောင် အဖိုးတန်ပါသလား။ ဤတိုက်ပွဲပြီးဆုံးသွားသည့်အခါ လူမှုအဆင့်အတန်းတစ်ခုလုံး၏ အဆင့်မှာ ပြန်လည်အသစ်ဖြစ်လာနိုင်မလား။ ဤမေးခွန်းများအား မည်သူမျှ မဖြေနိုင်ချေ။
ချူဖုန်းသည် များပြားလှသော သတင်းဆောင်းပါးများအား ဆက်လက်ကြည့်ရှုလေသည်။ တိုင်ဟန်တောင်တန်းရှိ အသီးသည် အနည်းဆုံး ဆင့်ကဲပြောင်းလဲပြီးသူအယောက်ထောင်ပေါင်းချီကို တိုက်ပွဲတွင်ပါဝင်စေပြီး အသီးအတွက် တိုက်ခိုက်လုယူကြလိမ့်မည်ဟု အများက သုံးသပ်ကြသည်။
ချုံပြောရလျှင် ထိုအသီးသည် အလွန်အာရုံဖမ်းစားလွန်း၍ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။
အပင်များ အထူးသဖြင့် သစ်ပင်များမှ အသီးများသည် သာမန်လူကို ငွေတောင်ပံ၊ မိုးကြိုး၊ မီးဝိညာဥ်နှင့် ကျားဖြူကဲ့သို့ အင်အားကြီးလာအောင် လုပ်ပေးနိုင်သည်။
အချို့ဆင့်ကဲပြောင်းလဲပြီးသူများက သူတို့၏အစွမ်းကို ထပ်တိုးရယူလိုပြီး ထိပ်တန်း၄ယောက်နေရာကို အစားထိုးနိုင်သည့် ဒုတိယအခွင့်အရေးကို ရလိုသည်။
“သတိရှိကြစမ်းပါ လူသားတို့ရယ်” တစ်စုံတစ်ယောက်က အသီးအပေါ်တပ်မက်ကြသော လူတို့၏စွဲမက်မှုအား အပုပ်ချပြောသည်။ “အဲ့အသီးကိုစားလိုက်ရုံနဲ့ ဒီလူမှုအဖွဲ့အစည်းကြီးကို စိုးမိုးနိုင်မယ်လို့ ထင်နေတာလား၊ ရယ်စရာပဲ”
“အသီးက သူတို့ရှိပြီးသား အစွမ်းကိုပဲ အထောက်အကူပြုပေးတာ၊ သူ့အသုံးဝင်မှုက နည်းနည်းလေး၊ အဲ့အသီးစားရင် အစွမ်းတွေ ရလာမယ်လို့ ယုံတယ့်ကောင်တွေအကုန် အရူးတွေပဲ”
တစ်ချိန်တည်းမှာပင် ငွေတောင်ပံနှင့် ဆင့်ကဲပြောင်းလဲပြီးသူတစ်စု တိုက်ခိုက်သည့် ဗီဒီယိုမှာ အင်တာနက်ပေါ်တွင် တက်လာသည်။ ချက်ချင်းဆိုသလို အငြင်းအခုံများ ဖြစ်လာသည်။
ဗီဒီယိုထဲတွင် ငွေရောင်ဆံပင်နှင့် လူငယ်တစ်ယောက်ရှိသည်။ ဆံပင်မှာ ခါးထိ ဖြန့်ကာချထားသည်။ သူ့မျက်လုံးများမှာလည်း ငွေရောင်ဖြင့် တောက်ပလျက်ရှိသည်။ ထိုလူသည် နတ်ဘုရားတစ်ပါး ကိုယ်ယောင်ပြခြင်းဖြစ်သည်။ သူ့ကိုယ်ပေါ်ရှိ အပေါက်တိုင်းမှာ နတ်ဆန်ခြင်းနှင့် သန့်စင်မှုတို့ ထွက်ပေါ်နေသည်။
ဗီဒီယိုမှာ တိုက်ပွဲဖြစ်နေသည့် မြင်ကွင်းကို ရိုက်ပြထားသည်။ ဆင့်ကဲပြောင်းလဲပြီးသူ၁၀ယောက်က သူ့ကို စိန်ခေါ်ပေမယ့် အားလုံးအသက်ဆုံးရှုံးသွားသည်။ တိုက်ပွဲမှာ မျက်စိတစ်မှိတ်အတွင်း ပြီးသွားပြီး ငွေတောင်ပံမှာ အပန်းမကြီး၊ လွယ်ကူပုံဖြင့် သူ့လက်မောင်းဝှေ့ယမ်းပြသည်။
“သူအရမ်း မိုက်တာပဲ” မိန်းကလေးအင်တာနက်သုံးသူများမှာ သဘောကျ၍ အော်နေကြသည်။
အထူးသဖြင့် ဗီဒီယို၏ အနောက်နားတွင် ရွှေဓားတစ်စုံကို ကိုင်ထားသော ဆင့်ကဲပြောင်းလဲပြီးသူတစ်ယောက်သည် သူ့အရှုံးကို လက်မခံနိုင်ပုံပေါ်သည်။ သူ၏ဓားများဖြင့် ငွေတောင်ပံဆီ အတင့်ရဲတိုက်ခိုက်သည်။ ဓားသွားမှာ ငွေတောင်ပံ၏ ပခုံးပေါ်သို့ ကျသွားသော်လည်း ထိုဓားမှာ ချက်ချင်းဆိုသလို ၂ပိုင်းကျိုးသွားကာ အသုံးမဲ့သွားသည်။
ဗီဒီယိုမှာ ဤနေရာတွင် ပြီးဆုံးသွားသည်။
ထိုဗီဒီယိုသည် အမြန်ပျံ့နှံ့သွားပြီး လူသန်းပေါင်းချီက သူတို့၏ အံ့သြမှုနှင့် ငွေတောင်ပံ၏ နတ်ဘုရားအစွမ်းအစကို လေးစားကြောင်း ဖော်ပြကြသည်။ လူများက ပျော်ရွှင်၍ အားပေးကြပြီး ဤကဲ့သို့သော အကြောင်းအရာများ ထပ်တင်ပေးရန် တောင်းဆိုကြသည်။
ငွေတောင်ပံတွင် ပြီးပြည့်စုံသော အသွင်အပြင်ရှိသည်။ သူ့ရုပ်ချောမှုကို အားလုံးက သဘောတူကြသည်။ သူ၏ ကျက်သရေရှိသော အပြုအမူနှင့် ဟန်ပန်အမူအရာတို့မှာ နတ်ဘုရားတစ်ပါးကဲ့သို့ ထင်ယောင်စေပြီး ပို၍ ဆန်းကြယ်ကြောက်မက်ဖွယ်ကောင်းစေသည်။
ငွေတောင်ပံအကြောင်း အားလုံးပြောဆိုကြခြင်းမှာ တစ်ညတာသာ ရှိသေးသည်။ သူ့အသွင်အပြင်၊ အမူအရာနှင့် အံ့သြဖွယ်အစွမ်းတို့မှာ ခံ့ညားပြီး ထူးခြားဆန်းကြယ်ကြောင်း ပြသလျက်ရှိသည်။ မိန်းကလေးငယ်များ၏ မျက်လုံးထဲတွင် သူသည် ပြီးပြည့်စုံသော ယောက်ျားတစ်ယောက်ဖြစ်သည်။
ချူဖုန်းမျက်နှာတွင် အင်မတန်လေးနက်သောအကြည့် ပေါ်ထွက်လာသည်။ ဖိအားများသည်ဟု သူခံစားရသည်၊ ဒီ့ထက်ပို၍ ကြိုးစားရန် လိုအပ်ကြောင်း သိသွားသည်။
“သူ့ကြည့်ရတာ ထူးဆန်းတဲ့ လက်ဝှေ့ထိုးနည်းပုံစံကို တတ်ကျွမ်းပုံရတယ်၊ ဒိမ်ဒီဇီဝဆေးဝါးလုပ်ငန်းစုက ကျွမ်းကျင်သူတစ်ဦးဦးကို ခေါ်ပြီး သူ့ကို သင်ပေးနေတာများလား” ချူဖုန်း သံသယရှိသည်။
နောက်တစ်နေ့တွင် လင်းနွိုင်သည် အချိန်ကွက်တိရောက်လာသည်။ သူမသည် သူ့ကို ဖုန်းခေါ်ကာ တစ်ယောက်ယောက်က သူ့ကို လာခေါ်မည်ဖြစ်ကြောင်း အသိပေးလိုက်သည်။
အပိုင်း ၃၉ ပြီး၏။